Thursday, December 20, 2012

ဘာသာလွတ် တစ်ယောက်ရဲ့ ဥဒါန်း

by Zay Ya on Thursday, December 20, 2012 at 3:20am 

အောက်က စာဟာ အကိုတစ်ယောက် ဂရု(ပ်) တစ်ခုမှာ တင်တဲ့ စာပါ။ စာကြောင်းတိုင်း အဆိုတိုင်း အားလုံးကို သဘောတူမတူ မပြောလိုသေးဘူး။ အများစု မှာတော့ ကျနော် တစ်ထပ်တည်း ရှိတယ်။

"ဘာသာလွတ်" ဆိုတဲ့ ဝေါဟာရကို ဒီ အကိုဆီမှာ ကျနော် စတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီ ဝေါဟာရကိုပဲ  ကျနော် ဆွဲယူ သုံးနှုန်းခဲ့တယ်။ ယခင်က "ဘာသာမဲ့" ဆိုတဲ့ စကားနဲ့ မိမိ ကိုယ်ကိုယ် သုံးခဲ့ဖူးတယ်။ ဒါပေမယ့် ဘဝင်မကျဘူး။ မကြိုက်ဘူး။ ဘာလို့ ဆို ကျနော် ဘာသာမဲ့ မဟုတ်လို့ပဲ။ ဒါဆို ဘာသာရှိ လားလို့ မေးပြန်ရင်လည်း မဟုတ်ပြန်ဘူး။  အဲ့လိုနဲ့ မြန်မာပြန် ဝေါဟာရ မသိဘဲ - မိမိကိုယ်ကိုယ် ခေါင်းစဉ်မဲ့ စကားမဲ့ ထား ထားခဲ့တယ်။ အဲ့နားကို နည်းနည်း ရှင်းရင် - ကျနော့ အတွက် ဘာသာရေး ဟာ "Religionless Religion" ပဲ။ ဘယ်ဘဝ၊ ဘယ်ရှင်သန်မှုမှ- Religion အပေါ် မှီတွယ်မနေဘူး။ ခေါင်းစဉ် တံဆိပ် နဲ့ လူသား သတ္တဝါဟာ ရှင်သန်နေတာ မဟုတ်ဘူး။
ဘဝဟာ ဘဝအတိုင်း ရှင်သန် နေတာသာ ဖြစ်တယ်။ ဒါ့ကြောင့် ကျနော့ အနေနဲ့ - Religion ထက် Religious ဖြစ်မှုကို ရည်သန်ပါတယ်။ ကျနော် ဆိုလိုချင်တဲ့ ဘာသာလွတ်ဟာ အဲ့ အတွင်းမှာ အကျုံးဝင်တယ်။

အခု ဒီအကိုရဲ့ - သူယူဆတဲ့"ဘာသာလွတ်" ဆိုတဲ့ စကား - နိဒါန်းကို ဒီ အကို ကိုယ်တိုင်ပဲ ရှင်းထားတာ ကို တွေ့ပါလိမ့်မယ်။ အကိုရဲ့ အမြင် ကို တန်ဖိုးထား၊ လေးစားလျက် - ကျနော် ခွင့်တောင်းယူပြီး ဒီ note မှာပဲ သိမ်းလိုက်တယ်။ ကျနော့ မိတ်ဆက် ကတော့ - ဒီလောက်ပဲ။

- ဇေယျ -
---------------------------------
ဘာသာလွတ် တစ်ယောက် ရဲ့ ဥဒါန်း   -- by - ကိုအောင်ကျော်မိုး
=========================
ဒီနေ့ ကမ္ဘာကြီး ရဲ့ နေရာ အနှံ့အပြားမှာ ရော အွန်လိုင်းစာမျက်နှာ တွေ မှာ ပါ ဘာသာရေး ကို အခြေခံတဲ့ မုန်းတီးမှု တွေ သတ်ဖြတ်မှုတွေ အစဉ်တစိုက် ကြား နေရတဲ့ အခါမှာ ဘာသာတရား ဆို တဲ့ အရာကို စိတ်ကုန်လာတဲ့ လူသားတွေ မနည်းမနောပါပဲ။ လူ့ ငြိမ်းချမ်းရေး ကို ဆောင်ပါ့မယ်လို့ အာမခံ ထားတဲ့ ဘာသာတရား ကို အခြေခံပြီးတော့ လူတွေ အချင်းချင်းမုန်းတီးကြရတာ တိုက်ခိုက်သတ်ဖြတ်နေရတာ တွေ ကို မြင်နေရတော့ တော်တော်လဲ တရားကျမိပါရဲ့။ ငိုအားထက်ရယ်အားသန် စေတဲ့ ဘာသာရေး တွေ ပါလား။ ဘာသာတရား တွေ က အတ္တ ကို ပယ်ခွာဖို့ ပရ ကို ချစ်ဖို့ အကျိုးဆောင်ဖို့ သွန်သင်ကြပေမဲ့ လက်တွေ့ မှာ တော့ ဘာသာရေးယုံကြည်မှု တွေ ဟာ အုပ်စုဖွဲ့ အတ္တစွဲ တွေ ကို ကြီးထွားစေပြီးတော့ ဘာသာရေးအုပ်စု အချင်းချင်း မုန်းတီးမှု တွေ ကို ပဲ ဖြစ်ပွား စေနေ တာ ကို တွေ့ နေ ရပါတယ်။ ဘာသာတရား တွေ က ဘယ်လောက်ပဲ ဖြူစင်မွန်မြတ် ပါစေ..အဆိပ်သင့် နေတဲ့ လူ့ နှလုံးသားတွေ ထဲ ထည့်လိုက်တဲ့ အခါ အချင်းချင်း ခွဲခြား မြင်ဖို့ မုန်းတီးရန်ရှာ ကြဖို့ အတွက် ပဲ ဖြစ်လာ ကြပါတယ်။ သည်းခံခြင်း ကို တွင်တွင် ဟော နေ တဲ့ ဘာသာတရားတွေ က မိမိ ကိုလာထိ ရင် မီးပွင့်သွာစေရမယ် ဆိုတာမျိုး တွေ ဖြစ်လာ ပြန် ပါသေး တယ်။

ဒီလို နဲ့ ပဲ ဘာသာရေး အဆောက်အအုံတွေ ကို စိတ်ပျက်ငြီးငွေ့ လာနေရာ က နေ ရိုးရိုးလေး ဘာသာလွတ်သူ တစ်ယောက် ဖြစ်ခဲ့ တယ်။

ဘာသာလွတ် ဆို တော့ တစ်ချို့ က ဘာသာမဲ့ လို့ ထင် ကောင်းထင်ကြလိမ့်မယ်။ တစ်ကယ်တော့ ဘာသာလွတ် ဆို တာ ဘာသာမဲ့ တော့ မဟုတ်ဘူး။ ဘာသာလွတ်သူ က ဘာသာမဲ့ သူ နဲ့ နည်းနည်းမဟုတ်ပဲ များများကြီး ကွာ ပါတယ်။ ဘာသာမဲ့ ဆို တာ Non-Religious Irreligious Anti-Religious စတဲ့ အင်္ဂလိပ်ဝေါဟာရတွေ နဲ့ ဖေါ်ပြကြတယ်။ ဘာသာမဲ့ ဆိုတဲ့ စကားလုံးမှာ ပါတဲ့ ((မဲ့)) ဆို တာ မရှိခြင်း ချွတ်ယွင်းခြင်း ဆိုတဲ့ အနက်တွေ ပါလေတော့ ဘာသာမဲ့ ဆိုတာ ဘာသာရှိသူတွေ က နှိမ်ချခေါ်ဝေါ်တဲ့ အသုံးအနှုန်းလို ဖြစ်နေပါရဲ့။ ပညာမဲ့ ဥစ္စာမဲ့ ဆွေမဲ့မျိုးမဲ့ အိုးမဲ့ အိမ်မဲ့ စ သဖြင့် မကောင်း တဲ့ အဓိပ္ပါယ်တွေ နဲ့ သုံးနှုန်းကြတယ်။ တကယ်တော့ ဘာသာမဲ့ တွေ ဟာ ဘာသာရေး နဲ့ သဘာဝလွန် တန်ခိုးတွေ အပေါ် ယုံကြည်မှု ကင်းမဲ့ နေသူတွေ ဖြစ်ပြီးတော့ သူတို့ လောက အမြင် က သဘာဝတ္ထ၀ါဒ (Naturalism) ဖြစ်ပြီး သူတို့ ဘ၀ အမြင် က လူသားဝါဒ (Humanism) ဖြစ်ပါတယ်။

အနောက်နိုင်ငံ မှာ တော့ ခြုံငုံမိတဲ့ ဝေါဟာရ အသစ်တွေ ထွက်လာ တယ်။ ဘာသာမဲ့ တွေ ကို Brights လို့ ခေါ်ကြပြီး ဘာသာရှိသူတွေ သဘာဝလွန် တန်ခိုးတွေ အပေါ် ယုံကြည်မှုရှိသူ တွေ ကို တော့ Supers တွေ လို့ ခေါ်ကြတယ်။ ဒီ ဝေါဟာရတွေ နဲ့ ပတ်သက်လို့ ဆက်ငြင်းကြခုန်ကြဆဲပဲ..။ ဘာသာမဲ့ တွေ က ကိုယ့်ကိုယ်ကို Bright လို့ ခေါ်တာ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော်များ ဖြစ်နေလေသလား ၀ိုင်း ဝေဖန်ကြပါတယ်။ ဘာသာမဲ့ တွေ ကပြန်ချေပ တာ က ဘာသာရှိသူတွေ သဘာဝလွန် တန်ခိုးတွေ အပေါ် ယုံကြည်မှုရှိသူ တွေ ကို Supers တွေ လို့ ခေါ် ထားတာ လဲ သူတို့တွေ ကို မနှိမ်ပဲ ဂုဏ်ပြုခေါ်ဝေါ်ထားတာ ဖြစ်တဲ့ အကြောင်း ပြန်ချေပ ပါတယ်။

ရှိစေတော့။ ဘာသာမဲ့ ပဲ ခေါ်ခေါ် Bright ပဲ ခေါ်ခေါ် သူတို့ ရဲ့ တူညီတဲ့ လောက အမြင် က သဘာဝတ္ထ၀ါဒ (Naturalism) ဖြစ်လို့ ဘာသာမဲ့ တွေ ဟာ လောက မှာ ဖြစ်ဖြစ်သမျှ အကြောင်းချင်းရာ တွေ ကို သဘာဝအခြေပြုရှင်းပြချက်တွေ (Naturalistic Explanations) တွေ ပဲ ပေးဖို့ ကြိုးစားပါတယ်။ သိပ္ပံပညာ နယ်ပယ် အသီးသီး က ဒီလို အသိတွေ ရှင်းလင်းချက်တွေ ရရှိနိုင်ဖို့ ကြိုးစားနေတာ ဖြစ်လို့ ဘာသာမဲ့တွေ ရဲ့ လောကအမြင် အခြေခံ ဟာ သိပ္ပံ တွေ့ ရှိချက် တွေ လို့ ပဲ ဆိုရ မှာ ဖြစ်တယ်။ တနည်းအားဖြင့် ဘာသာမဲ့တွေ ရဲ့ လောကအမြင်ဟာ သိပ္ပံနည်းကျ လူသားဝါဒ အမြင် Scientific Humanism ဖြစ်ပါတယ်။ အရာရာ မှာ သဘာဝလွန်တန်ခိုးတွေ နဲ့ အကြောင်းပြချက် တွေ ကို လက် မခံသူတွေ ပါပဲ။

ဘာသာလွတ် ဆို တာ က ဘာသာမဲ့ သူ မဟုတ်ပဲ ဓမ္မသစ္စာတရား ကို လွတ်လပ်စွာ ရှာဖွေ ကျင့်သုံး ဆောက် တည်သူ ဖြစ် ပါတယ်။ ဘာသာလွတ်သူ ဆို တာ ဘယ် ဘာသာရေး ဂိုဏ်းဂဏ အဖွဲ့အစည်း ကို မှ ကိုယ်စား မပြု ပဲ သီးခြား ရပ်တည် ပြီး နေတဲ့ အတွက် သူ့ ကို ဘာသာရှိ လို့ သတ်မှတ်လို့ မရသလို ဘာသာမဲ့ လို့ လဲ ခေါ် မရပြန်ဘူး။ ဘာသာရှိ သူ နဲ့ ဘာသာလွတ်သူ တူညီချက် က တော့ လူသား မှာ ရုပ် သဘာဝလော က နဲ့ သိပ္ပံပညာလောကအမြင် တွေ ကို ကျော်လွန် နေတဲ့ လောကုတ္တရာ သစ္စာတရား တွေ ရှိ နေတယ် ဆို တာ ကို ယုံကြည်သက်ဝင် မှု ပါပဲ။ ဒီ ရှု ထောင့် က ကြည့် ရင် ဘာသာလွတ်သူ ဟာ ဘာသာရှိသူ လို ပဲ Supers တွေလို့ ခေါ်နိုင်တယ်။ ဘာသာလွတ်သူ ဟာ ဘာသာမဲ့ သူ လက်မခံနိုင်တဲ့ သဘာဝ လွန် စိတ်နယ်လွန် တွေ ကို လက်ခံယုံကြည်နိုင်သူ လဲ ဖြစ် ပါတယ်။

ဘာသာရှိ သူ နဲ့ ဘာသာလွတ်သူ တွေ အကြား ကွဲပြားခြား နားချက် က တော့ ဘာသာရှိ သူ အများစု ဟာ ဓမ္မသစ္စာတရား ကို ဘာသာတရား တစ်ခု ရဲ့ ဘောင်ထဲ မှာ ပဲ ကန့်သတ် ရှာဖွေ ကြပြီးတော့ ဘာသာရေး အင်စတီကျူးရှင်းတွေ ရဲ့ အာဏာသက်ရောက်မှု အောက်မှာ ပဲ ဘာသာရေး ကို ကျင့်သုံးကြ တယ်။ ဘာသာလွတ်သူ တွေကတော့ ဓမ္မသစ္စာတရား ကို ဘာသာတရား တစ်ခု ရဲ့ ဘောင်ထဲ မှာ ပဲ ကန့်သတ်ချုပ်နှောင် ထားလို့ မရ နိုင်ဘူး လို့ မြင် ကြပါတယ်။ ဓမ္မ (Truth) နဲ့ ဓမ္မတရား (Doctrine and Religion) တွေ ရဲ့ ပါးလွှာတဲ့ ခြားနားချက် ကို လဲ မြင်သူ တွေ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ဘာသာလွတ်သူ ဟာ ဘာသာရေး အင်စတီကျူးရှင်းတွေ ရဲ့ အာဏာသက်ရောက်မှု အောက်မှာ မနေပဲ သီးခြားရပ်တည် လို့ ဓမ္မသစ္စာတရား ကို လွတ်လပ်စွာ ရှာဖွေ ကျင့်သုံး ဆောက် တည်သူ ဖြစ် ပါတယ်။

----------------------------
ဘာသာလွတ်သူ တွေ ရဲ့ လက္ခဏာများ
=========================
ဘာသာလွတ်သူ တွေ ရဲ့ ထင်ရှားတဲ့ လက္ခဏာ တွေ ကို ကြည့် ရင် အောက် ပါ အတိုင်း တွေ့ ရမှာ ဖြစ် ပါတယ်။

ဘာသာလွတ်သူ တွေဟာ လောကုတ္တရာဝါဒီ တွေ ဖြစ်တယ်။ လောက ကို ကျော်လွန်တဲ့ စိတ်ပိုင်းဆိုင်ရာ နယ်မြေတွေ ကို လက်ခံသူတွေ ဖြစ်တယ်။ လူ ဟာ မိမိ ကျင့်ကြံအားထုတ်မှု နဲ့ သဘာဝနိယာမတွေ ကို ပေါင်းစပ်ပြီးတော့ စိတ်နှလုံး ရဲ့ အေးချမ်းငြိမ်သက်လွတ်မြောက်သန့်စင်မှု ကို ရနိုင်တယ် လို့ လက်ခံသူတွေ ဖြစ်တယ်။ ဘာသာရှိ တွေ မျှော်လင့်ယုံကြည်သော လောကုတ္တရာ တန်ဖိုးတွေ ကို နားလည် လက်ခံသူ ဖြစ်သော် လည်း သူဟာ လောကုတ္တရာဓမ္မ ကို ပုံစံခွက် အသေထဲ ထည့်မထားချင်သူ သာ ဖြစ်တယ်။ အမည် အမျိုးမျိုး နဲ့ ပညတ် ကြတဲ့ လောကုတ္တရာ ပန်းတိုင် အသီးသီး ကွဲပြားနေနိုင်မှု ကို လဲ လက်ခံ သူ ဖြစ် ပါတယ်။

ဘာသာလွတ်သူ တွေ ဟာ သစ္စာတရား ရဲ့ အနှစ်သာရအားဖြင့် တစ်ခုတည်း ဖြစ်မှု ကို ယုံကြည်တာ နဲ့ တစ်ချိန်တည်းမှာ သစ္စာတရား ရဲ့ ပေါ်လွင်ထင်ရှား လာတဲ့ ပုံသဏ္ဍာန် အမျိုးမျိုး ကို လဲ လက်ခံသူတွေ ဖြစ်တယ်။ ဓမ္မ (Truth) ရဲ့ အဒွယ ဖြစ်မှု သဘော=တစ်ခုတည်းသဘော နဲ့ ဓမ္မတရား (Doctrine and Religion) တွေ ရဲ့ ဗဟု သဘော ကို လက်ခံသူတွေ ဖြစ်တယ်။ ဘာသာလွတ်သူ ဟာ ဘာသာရေးဗဟုဝါဒီ ဖြစ်လို့ ဘာသာတရားတွေ အားလုံးဟာ အနှစ်သာရ အခြေခံ အားဖြင့် အတူတူ ပဲ ဖြစ်တယ် ဆို တဲ့ Perennialism ကို လက်မခံ ပါဘူး။ လက်ခံလို့လဲ မရနိုင်ကြောင်း သိသူ ဖြစ်တယ်။ ဘာသာတရား တွေ ရဲ့ ကွဲပြားခြားနားနေတဲ့ သစ္စာတရားတွေ ရဲ့ အလှ ကို ပဲ နှစ်သက်သူ ဖြစ် ပါတယ်။

ဘာသာလွတ်သူ တွေဟာ တစ်သီးပုဂ္ဂလ၀ါဒီတွေ (Individualists) တွေ ဖြစ်တယ်။ ပုဂ္ဂိုလ်သဘာဝ နဲ့ ဖြစ်တည်နေတဲ့ လူသားတစ်ဦးချင်းစီရဲ့ အတ္တဘ၀ နဲ့ အာဏာ ကို အမြင့်ဆုံးတန်ဖိုးထားသူတွေ ဖြစ်တယ်။ အဆုံးစွန်သော သစ္စာတရား ဟာ အုပ်စု ဂိုဏ်းဂဏ တွေ တရားရိပ်သာတွေ ဘာသာရေး အင်စတီကျူးရှင်း တွေ ရဲ့ အပ မှာ ပဲ ရှိတယ် လို့ ယုံကြည်သူတွေ ဖြစ်ကြတယ်။ သစ္စာတရား ကို ဟင်းချက်နည်း ချဉ်းကပ်မှု (Cooking Book Approach) နဲ့ ရှာဖွေ လို့ မရနိုင် ဘူးလို့ ယူဆသူ ဖြစ်ပါတယ်။ သစ္စာတရား ဟာ အတတ်ပညာ သဘော ထက် အနုပညာသဘော ပို ဆန်တယ် လို့ မြင်သူ ဖြစ်ပါတယ်။

ဘာသာလွတ်သူ တွေဟာ လွတ်လပ်စွာတွေးခေါ်ယူဆတတ်သူတွေ (Free Thinkers) တွေ ဖြစ်တယ်။ ဘာသာလွတ်သူ တစ်ယောက် ဖြစ်လာရခြင်း ကပဲ သူဟာ လွတ်လပ်စွာ တွေးခေါ်ယူဆ တတ်တာ ကြောင့် ပဲ ဖြစ် တယ်။ ဘာသာရှိ တွေ လို ဘာသာရေးအမှန်တရားတွေ ကို တရားသေ၀ါဒ အခြေခံဝါဒ တွေ နဲ့ မခံယူသူ လဲ ဖြစ်တယ်။ ဘာသာရေးကျမ်းဂန် တွေ ဟာ သမိုင်းရဲ့ ထုတ်ကုန်တွေ လူလုပ်စနစ် တွေ ဖြစ်လို့ ဒါတွေ ကို သတိနဲ့ ဝေဖန်ဆန်းစစ် ချဉ်းကပ်ဖို့ လို တယ်လို မြင်သူ ဖြစ်ပါတယ်။ တစ်ဖက်မှာ လဲ ဘာသာမဲ့ တွေ လို့ ရုပ်နယ်လွန် တန်ဖိုးမှန်သမျှ ကို လက်မခံချင် တဲ့ အစွန်းတရား ကို လဲ ဆန်းစစ်ရှောင်ကြဉ် ပါတယ်။ ဘာသာမဲ့ အများ အခြေပြု ကြတဲ့ သဘာဝသိပ္ပံပညာ ဆို တာ လဲ သူ့ အကန့်အသတ် နဲ့ သူ ရှိနေလို့ ဖြစ် ပါတယ်။ ဒီတော့ ဘာသာလွတ်သူ ဟာ ဘာသာရေးကျမ်းဂန် ပဲ ဖြစ်ဖြစ် သိပ္ပံပညာ ကို ပဲ ဖြစ်ဖြစ် မျက်စိမှိတ် တရားသေ မစွဲ ကိုင်တတ်သူ လို့ ဆိုချင် ရင် ဆိုနိုင် ပါတယ်။

ဘာသာလွတ်သူ တွေဟာ နိုင်ငံရေးအရ လစ်ဘရယ်ဝါဒီတွေ (Liberals) ဖြစ်တယ်။ ဘာသာလွတ်သူ ဟာ လွတ်လပ်ခြင်း ကို တန်ဖိုးထားသူ ဖြစ်လို့ မည်သည့် နိုင်ငံရေးအာဏာ ဘာသာရေးအာဏာ ဟူသမျှ ရဲ့ ဗဟိုထိန်းချုပ်မှု လက်ဝါးကြီးအုပ်မှု ကို မဆို လက်မခံလိုသူ ဖြစ်တယ်။ အင်စတီကျူးရှုင်း တွေ ရဲ့ တည်ရှိနေမှု ကို လက်ခံပေမဲ့ ပုဂ္ဂလလူသား ရဲ့ အခြေခံလွတ်လပ်ခွင့်တွေ နဲ့ လွတ်လပ်ခွင့် ဟန်ချက်ညီေ အာင် ထား သင့်တယ်လို့ လဲ မြင် ပါတယ်။

ဘာသာလွတ်သူ တွေဟာ ဘာသာရေးကဏ္ဍ ကို နိုင်ငံရေး နဲ့ တစ်သီးခြား ထားချင်တဲ့ ဆီကျူလာဝါဒီတွေ (Secularists) ဖြစ်တယ်။ ဒါကတော့ လစ်ဘရယ် ဖြစ်ခြင်း နဲ့ အတူ ပါလာ တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဘာသာရေး တွေ ဟာ အထွေအထွေ နိုင်ငံရေးရာ တွေ နဲ့ ကင်းရှုင်းစွာ နေဖို့ လို တယ် လို့ မြင် ပါတယ်။ နိုင်ငံရေးရာ ဆိုတာ လူမျိုးစုံ ဘာသာစုံ ယဉ်ကျေးမှုအစုံ ပါဝင်တဲ့ ပြည်သူ့ရေးရာ တွေ ကို စီမံခန့်ခွဲ ရတာ ဖြစ်လို့ နိုင်ငံရေး နယ်ပယ် ဟာ ဘာသာလွတ် ဖြစ်သင့်တာ အမှန်ပါပဲ။ နို့မဟုတ် ရင် ဘာသာရေး အုပ်စု တွေ အကြား ပဋိပက္ခ တွေ ကို ပို မိုကြီးထွား စေလို့ပါပဲ။

ဘာသာလွတ်သူ တွေဟာ ဘာသာရေး နယ်ပယ် နဲ့ ဒဿနပညာ နယ်ပယ် သိပ္ပံပညာနယ်ပယ် တွေ ကို တစ်သီးတစ်ခြားစီ အဖြစ် ရှုမြင်သူတွေ ဖြစ်တယ်။ အချို့သော ဘာသာရှိ တွေ ဟာ မိမိ ဘာသာတရား ကို သိပ္ပံပညာနဲ့ နှိုင်းယှဉ် ရုံ မက သိပ္ပံ နဲ့ ကိုက်တယ် ဆိုတဲ့ အကြောင်း ရှေ့နေလိုက်တတ် ပါတယ်။ အချို့ အစွန်းရောက်သူ တွေ ကတော့ ဘာသာရေး က တောင် ပို သာသလို ပြောတတ် ကြသေးတယ်။ ဒါတွေ အားလုံး ကို ဘာသာလွတ်သူ က ငြင်းဆို ပါတယ်။ ဘာသာရေး နဲ့ သိပ္ပံ သူ့စည်း ကိုယ့်စည်း နဲ့ နေကြဖို့ ကို ပဲ ဘာသာလွတ်သူ က လို လား ပါတယ်။

ဘာသာလွတ်သူ တွေဟာ လောကီဘ၀ နဲ့ လူမှုကိုယ်ကျင့်တရားတွေ ကို တန်ဖိုးထားတဲ့ လူသားဝါဒီတွေ (Humanists) တွေ လဲ ဖြစ်တယ်။ တနည်းပြော ရရင် ဘာသာရေးတန်ဖိုးတွေ နဲ့ လူသားတန်ဖိုး တွေ ကို မယုတ်မလွန် ချင့်ချိန်ခံယူသူ ပဲ ဖြစ်တယ်။ ဘာသာရေး အတွက် လူသားတန်ဖိုးတွေ ကို စတေးပစ် တာ ကို စက်ဆုပ်သူ လဲ ဖြစ်တယ်။ ဘာသာတရား တိုင်းဟာ လူသားဝါဒ နဲ့ လူ့ ဂုဏ်သိက္ခာ ကို တော့ တန်ဖိုးထားသင့်တယ် လို့ ဘာသာလွတ်သူ က မြင် ပါတယ်။

ဘာသာလွတ်သူ တွေ ဟာ လက်တွေ့အခြေပြုစဉ်းစားတဲ့ ပရက်ဂမာဝါဒီတွေ (Pragmatists) ဖြစ်တယ်။ ဆိုလိုတာ က ဘာသာရေး ဟာ စင်ပေါ်တင် ကိုးကွယ်ဖို့ ထက် လက်တွေ့ဘ၀ မှာ လူသားငြိမ်းချမ်းရေး လွတ်မြောက်မှု နဲ့ ကောင်းမြတ်ခြင်းတရားတွေ လောက မှာ ဖန်တီးဖို့ ကိရိယာ ပဲ လို့ မြင်တယ်။ အသုံးချ နိုင်မှု ကို ပို ဦးစား ပေးစဉ်းစာ ပါတယ်။ ဘာသာရှိသူတွေ နဲ့ ကွဲလွဲနေချက် ပဲ ဖြစ် ပါတယ်။ ဘာသာမဲ့ တွေ လို့ ဘာသာရေးဟာ အပို ဖြစ်တယ်လို့ လဲ ဘာသာလွတ် က မမြင် ပဲ ဘာသာရေး ကို ဘ၀အတွက် အသုံးဝင်တဲ့ အရာ အဖြစ်ခံယူ ပါတယ်။
.............................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...