Thursday, December 20, 2012

ကျွန်တို့အားလုံး၏ အဓိကရန်သူ

December 20, 2012 Home,

ကျွန်တော်သည် ငယ်စဉ်ကတည်း က စာဖတ်လျှင် မိမိနှစ်သက်သဘောကျ သည့် အချက်အလက်၊အဆိုအမိန့်တို့ အားတွေ့ရှိပါက မှတ်စုစာအုပ်လေးထဲတွင် ယူထားလေ့ရှိသည်။ဤသည်မှာလည်း ဆရာသမားကောင်းတို့၏ လမ်းညွှန်မှု ဖြစ့် ဤအကျင့်စရိုက်ကောင်းလေးစွဲနေ ခဲ့ခြင်းဖြစ်သည်။

တစ်ခါတစ်ရံတွင် စာ အုပ်ဟောင်းများကို ရှင်းလင်းရင်း ထိုထို သော မှတ်စုအဟောင်းလေးများကို ပြန် ဖတ်မိသည်။ပြန်ဖတ်မိလေတိုင်းလည်း အတွေးသစ်၊ခံစားမှုအသစ်တို့ဖြစ်ပေါ်ရ သည်။ ယခုလည်း (၁၀.၁၀.၁၀) နေ့ထုတ် “ပြည်သူ့ခေတ်” ဂျာနယ်မှကူးယူ ထားသော Joke လေးတစ်ပုဒ်ကိုပြန်ဖတ် မိသဖြင့် တစ်ကိုယ်တည်းပြုံးမိရသည်။ ထို Joke လေးမှာ—
လာဘ်ပေးတာမဟုတ်ဘူး
တရားမ၀င်လုပ်ငန်းများနှင့်ကြီးထွားချမ်းသာနေသူတစ်ဦးသည် အာဏာရ နိုင်ငံရေးသမားတစ်ဦးထံသွား၍ မော်တော် ကားတစ်စီးလာဘ်ထိုးသည့် အနေနှင့်ပေးလေသည်။ထိုအခါ နိုင်ငံရေးသမားက ပြန်ပြောလိုက်သည်။
“မင်း အခုလိုလာပေးတာကို ငါလက် မခံနိုင်ဘူး၊ဒါက လာဘ်ထိုးတာပဲကွ။”
“မဟုတ်ပါဘူးခင်ဗျာ၊ကျွန်တော်က လူကြီးမင်းအတွက် ဒီမော်တော်ကားကို ဒေါ်လာ(၂၀)နဲ့လာရောင်းတာပါ။”
“ဟုတ်လား ဒီလိုဆိုရင်တစ်စီးမဟုတ် ဘူး။နှစ်စီးလိုချင်တယ်။”
အထက်ပါ ဟာသလေးသည် ပြုံးစ ရာလည်းကောင်းပါသည်။ရယ်စရာလည်း ကောင်းပါသည် ပြီးတော့ (ဆရာဦးအောင် သင်းပြောသလို) မောစရာလည်းကောင်း လှပါသည်။
ယင်းဟာသလေးသည် အကျင့်သီ လချွတ်ခြုံကျသော နိုင်ငံရေးသမားအချို့ အား ရည်ရွယ်၍ ထေ့ထားသော၊ကလိထား၊ရိထားသော ဟာသလေးဖြစ်ပါသည်။ ကျွန်တော်တို့၏ လူမှုအဖွဲ့အစည်း၌ လာဘ်ပေးလာဘ်ယူတို့ ရန်သူ”ဟူသော ဆောင်ပုဒ်သည် လှပခံ့ညား၍အဓိပ္ပာယ် ကျယ်ဝန်းလှပါသည်။“လာဘ်ပေးလာဘ် တောင်း မိတ်ဆွေကောင်း” ဟူ၍မရှိပါ။ သို့သော် ကျန်ခဲ့လေသော အတိတ်ကာလ များကို ပြန်ကြည့်လျှင် ကျွန်တော်တို့နိုင်ငံ ၌ “လာဘ်ပေးလာဘ်တောင်းမိတ်ဆွေ ကောင်း”ဖြစ်ခဲ့သည်။လာဘ်ပေးခြင်းကို ပင် လက်ဖက်ရည်ဖိုးပေးသည်”ဟူ၍ လည်းကောင်း၊သာမန်ထက်များပြားသော ကိန်းဂဏန်းဖြစ်ပါက “ကန်တော့သည်” “မွေးနေ့လက်ဆောင်ပေးသည်” စသည်ဖြင့် အမည်ပြောင်းလဲခေါ်ဝေါ်ကြသည်။မည် သို့ပင်ဆိုစေ၊အမှန်ကတော့ မိမိကိစ္စ၊မိမိ ရည်မှန်းချက်၊မိမိအကျိုးစီးပွားအတွက် ငါးစာချကျွေးခြင်း၊တစ်နည်းအားဖြင့်“ရင်း” လိုက်ခြင်း၊သို့တည်းမဟုတ်“လာဘ်ပေး ခြင်း”ပင်ဖြစ်သည်။လာဘ်ပေးသူက သူ၏ ကိုယ်ကျိုးကိစ္စအတွက် စိတ်ထဲက စေတ နာမပါသော်လည်း ဟန်ဆောင်အပြုံးကို မျက်နှာဖုံစွပ်ကာ ရိုကျိုးလေဟန်။ကျေး ဇူးတင်လေဟန်ဖြင့် ပေးလေသည်။ထိုသူ ၏ စိတ်ထဲ၌မူ မည်သို့ရှိမည်ကို တွေး ကြည့်နိုင်ပါသည်။ပေးချင်သည်ဖြစ်စေ၊ မပေးချင်သည်ဖြစ်စေ၊သဒ္ဓါသည်ဖြစ်စေ၊ မသဒ္ဓါသည်ဖြစ်စေလာဘ်ယူ သူကလည်း မိန့်မိန့်ကြီးပြုံးကာ ဥပဒေကို လက်တစ် လုံးခြားပြု၍ဈေးရောင်းဈေးဝယ်ဆန်ဆန်၊ အလုပ်သဘောဆန်ဆန်ယူခြင်း၊သီလ၀န္တ ပုဂ်္ဂိုလ်ကြီးပမာ အကန်တော့ခံခြင်း၊အမှု ကို ပြုကြလေသည်။ဤသို့သော အပြု အမူ၊အပေးအယူတို့မှာ ကာလကြာသော အခါ လူ့အဖွဲ့အစည်း၏ ထုံးစံတစ်ရပ်၊ ယဉ်ကျေးမှုတစ်ရပ်ပမာဖြစ်လာရပါတော့ သည်။လာဘ်ပေးလာဘ်ယူခြင်းသည် ဘာမှအဆန်းတကြယ်မဟုတ်သော အစဉ် အလာတစ်ခုပမာဖြစ်လာခဲ့သည်။
လာဘ်ယူပြီးမှ ဆောင်ရွက်ပေးလေ့ ရှိတာ၊အမိန့်ချမှတ်အတည်ပြုပေးလေ့ရှိ သော ပုဂ်္ဂိုလ်ကြီးငယ်တို့သည် မိမမျှော် လင့်ထားသော လာဘ်ငွေ၊တံစိုးလက် ဆောင် မရလေသောအခါများတွင် စိတ် လိုလက်ရဖြောင့်မတ်မှန်ကန်စွာ လုပ်ဆောင် ပေးလိုစိတ်မရှိတော့ပေ။(ဥပမာပေးရ လျှင်)လာဘ်မျှော်သော ပုဂ်္ဂိုလ်ကြီးငယ် တို့သည် “နတ်”ထက်ပင်ဆိုးဝါးလှသည်။ ကျွေးနေကျ၊တင်မြှောက်ပသနေကျ လာဘ်လာဘတို့ မရလေသောအခါ၊ ပညာပြခြင်း၊အချိန်ဆွဲကြန့်ကြာစေခြင်း၊ ဆိုးကျိုးများဖြစ်ပေါ်စေခြင်းစသည်ဖြင့် အမျိုးမျိုးဒုက္ခပေးကာ(“နတ်”စကားနှင့်ပြော ရပါလျှင်”)“ကိုင်”ပါလေတော့သည်။ မသိ နားမလည်၍သော်လည်းကောင်း၊မပေး လို၍သော်လည်းကောင်း လာဘ်လာဘ၊ တံစိုးလက်ဆောင်မပေးမိသော ပုဂ်္ဂိုလ်သည် ထိုအခါမှ “ကိုင်”မှန်း (ပညာပြနေမှန်း) သိလေသောအခါ အရှင်ကြီးတို့ ကျေနပ် ခွင့်လွှတ်၍ “အကိုင်”ရပ်စေရန် (မိမိကိစ္စ အမြန်ပြီးမြောက်အောင်မြင်စေရန်)လာဘ် ပေးရလေတော့သည်။ ထိုအခါ လာဘ် ငွေယူသော ပုဂ်္ဂိုလ်ကြီးငယ်တို့သည် အခက် အခဲများကိုဖြေလျော့ပေးကာ “ဘယ့်နှယ် ရှိစ၊ မှတ်ပြီလား” ဟူသော အပြုံးမျိုးဖြင့် ကူညီဆောင်ရွက်ပေးကြလေသည်။
ကျွန်တော် န၀မတန်းကျောင်းသား ဘ၀က လ.၀.ကရုံးတွင် မှတ်ပုံတင်သွား လုပ်ပါသည်။မှတ်ပုံတင်အမြန်ရရေးအ တွက် အနည်းအပါးပေးရသည်ဟု သိထား သော်လည်း ကျွန်တော်မပေးတတ်ပါ။ပေးရန်လည်းမရှိပါ။ထိုအခါ ကျွန်တော့် မှတ်ပုံတင်ကိစ္စဆောင်ရွက်ပေးရသော ပုဂ်္ဂိုလ်သည် ကျွန်တော့အား သားသမီး ချင်းကိုယ်ချင်းမစာနာဘဲ အမျိုးမျိုးအဖုံ ဖုံပညာပြပါလေတော့သည်။နေ့ရွှေ့ည ရွှေ့နှင့်(၁၀)ကြိမ်ထက်မနည်း ကျွန်တော့ အား ချိန်းဆိုပါသည်။ချိန်းဆိုတိုင်းလည်း ကျွန်တော်သည် အချိန်တိတိကျကျဖြင့် ရောက်အောင်သွားပါသည်။ကျွန်တော့် စိတ်ထဲမှလည်း “ဒီမှတ်ပုံတင်ကို မရရ အောင်ယူမယ်”ဟူသော စိတ်ဖြင့်ကိုယ့် ကိုယ်ကို အားပေးပါသည်။ နေပူကြီးထဲ လည်းသွားပါသည် မိုးတွေတအုန်းအုန်း ရွာနေလည်း ကျွန်တော်သွားပါသည်။ ကြာသော် ထိုပုဂ်္ဂိုလ်သည် နွားချိုအား နို့ညှစ်မရမှန်းသိသွားပုံရလေသည်။ သူ့ စားပွဲတွင် လက်နှစ်ဖက်ဖြင့်မေးကိုထောက် ကာ ကျွန်တော့်အား စိတ်လျော့သွားလေ ဟန်ဖြင့် အတန်ကြာစူးစိုက်ကြည့်ပြီးလျှင် စားပွဲထဲ၌ အဆင်သင့်ရှိနေသော ကျွန်တော့်မှတ်ပုံတင်ကိုထုတ်ပေးပါသည်။ ကျွန်တော်လည်း “ကျေးဇူးတင်ပါတယ် ဦးရယ်”ဟု ရိုရိုသေသေပြောကာ နှုတ် ဆက်ထွက်ခဲ့ပါသည်။ ကျွန်တော့်နောက် ကျောပြင်ကိုကြည့်ပြီးလျှင် “ဘယ်လိုသတ္တ ၀ါလေးလဲဟ”ဟု ထိုပုဂ်္ဂိုလ်တွေးနေမည် လားတော့မသိပါ။
တစ်ခါက ရန်ကုန်မြို့ရှိ အစိုးရ ကျောင်းကြီးတစ်ကောင်းတွင် တာဝန်ကျ သော ကျွန်တော့်မိတ်ဆွေကျောင်းဆရာမတစ်ယောက်၏အဖြစ်အပျက်ကိုလည်း သတိရမိပါသည်။ ထိုဆရာမသည် ဌာန ဆိုင်ရာအကြီးအကဲပုဂ်္ဂိုလ်ကြီးတစ်ယောက် ၏ သမီးလေးအား အိမ်သို့သွား၍သီးသန့် စာသင်ပေးရသည်။သီတင်းကျွတ်လ၏ နေ့တစ်နေ့တွင် ဆရာမအား တပည့်မ လေးက မိဘများ၏ အစီအမံအရ မုန့်ပုံး ကို ဖွင့်ကြည့်လေသောအခါ ဆရာမမျက် လုံးပြူးသွားပါသည်။ အဘယ်ကြောင့်ဆို သော် ထိုဆရာမ၏တစ်သက်တာတွင် တစ်ခါမှ မကိုင်ခဲ့ဘူးသော များပြားလှ သည့် ငွေပမာဏအတိုင်းအတာကို ထိုမုန့်ပုံးထဲတွင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ရိုးသား၍ကြောက်တတ်သော ဆရာမသည် ချက်ခြင်းပင် ထိုအိမ်သို့ ဖုန်းဆက်၍ အကျိုးအကြောင်းပြောပြပါ သည်။ထိုအခါ ကလေး၏ မိခင်က မုန့် ပုံးမှားသွားကြောင်းပြောပြီးလျှင် မုန့်ပုံး အစစ်နှင့်လာ၍လဲလှယ်ပေးသွားပါသည်။ ဆရာမထံမှား၍ပါလာသော ငွေထည့် ထားသည့် မုန်ပုံးမှာ အခြားတစ်ဦးက ကန်တော့သွားသော မုန့်ပုံးဖြစ်ကြောင်း လည်း ဆရာမကို ထိုကျောင်းသူမိခင်က ပြောသွားပါသေးသည်။သည့်တော့ လာဘ်ပေးခြင်းဟူသော အကျည်းတန် သည့် ဝေါဟာရသည် “ကန်တော့ခြင်း” ဟူ၍လည်းကောင်း၊“လာဘ်ယူခြင်း”ဟူ သည့် ရုတ်ဆိုးဆိုးဝေါဟာရသည်လည်း “အကန်တော့ခံခြင်း”ဟူ၍လည်းကောင်း ပြောင်းလဲသွားသည်မှာ သတိပြုစရာ ကောင်းလှပါသည်။
ကိုယ်ကျင့်သီလနှင့်ပတ်သက်၍ “ပြည်သူ့ခေတ်”ဂျာနယ်၊အတွဲ(၂)အမှတ် (၉၈)မှ ဆရာ“မောင်ဝံသ”၏ ပြောချင်လွန်း လို့ ကဏ္ဍတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဟောင်း “ဦးနု”နှင့် ပတ်သက်၍ရေးသား ဖော်ပြချက်ကို သတိရမိသည်။ “ဦးနု”က ““ကျွန်တော်ဝန်ကြီးချုပ်ရာထူးက ထွက်ခွာ သွားချိန်မှာ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဥစ္စာ ပစ္စည်းတွေကို စစ်ဆေးပါ။ဝန်ကြီးချုပ် မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေငြာပါ။ကျွန်တော်ခံပါ့မယ်””ဟူ၍ ရဲရဲ ၀ံ့ဝံ့ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်ကို ဖတ်ရသဖြင့် ကျွန်ုပ် ဘိုးဘိုးအောင်သည် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း “ဦးနု”အား ကျောက်ထီတန္တုအလေးပြုမိသည်နှင့် အညီ နိုင်ငံတော်ဦးဆောင်ပိုင်းမှ ပုဂ်္ဂိုလ် မျာုး၏ ဓနဥစ္စာပိုင်ဆိုင်မှုများကို တိုင်း ပြည်သို့ကြေငြာအသိပေးရန် အဆိုလွှတ် တော်တွင် ရှုံးနိမ့်သွားရသည်ကိုလည်း အံ့သြစိတ်ပျက်မိပါ၏။
ကျွန်တော်တို့နိုင်ငံ၏ အတိတ်ကာလ များကိုပြန်ကြည့်လျှင် ရပ်ကွက်ကျေးရွာ အဆင့်မှသည် နိုင်ငံတော်အဆင့်အထိ နေရာဒေသဌာအတော်များများတွင် လာဘ်ပေးလာဘ်ယူမှုများ လွှမ်းမိုးခဲ့၍ ပြည်သူလူထုမှာ စိတ်၏ဆင်းရဲခြင်း၊ကိုယ် ၏ဆင်းရဲခြင်းတို့နှင့်ပိပြားကာ အကြောက် တရားဖြင့်နေခဲ့ကြရသည်။ငွေကြေးဓန၊ အရှိန်အ၀ါတို့အားကိုးဖြင့် ချယ်လှယ်နေ သော ခရိုနီကြီးများ၏ အကန်တော့ခံကာ တိုင်းပြည်အကျိုးရှိရေးထက် အကျိုးယုတ် စေမည့် စီမံကိန်းများကို မျက်စေ့မှိတ်ခွင့် ပြုလိုက်သဖြင့် နောက်ဆက်တွဲဆိုးကျိုး များ ယနေ့တိုင်(သို့မဟုတ်)အနာဂတ် ကာလတိုင် ကျွန်တော်တို့ဆက်၍ကြုံရ တွေ့ရခံစားကြရပေဦးမည်။
ယနေ့ ပွင့်လင်းမြင်သာလာသော ကာလတွင် တစ်ချိန်က တုံးအောက်ကဖား သူငယ်များပမာနေခဲ့ရသော ပြည်သူတို့ ၏ ရင်တွင်းဖြစ်အသံများ၊ရင်တွင်းဖြစ် ဆန္ဒများကို နေ့စဉ် ကျွန်တော်တို့တွေ့ မြင်၊ကြားသိနေရသည်မှာ စားပွဲအောက် ကလက်များ၊မုန့်ပုံးလှလှလေးမျာ၊မွေးနေ့ ပွဲ၊မင်္ဂလာပွဲအမည်ခံလာဘ်ပေးလာဘ်ယူ ပွဲကြီးများ၊အမည်ဝှက်ရှယ်ယာ၊မြိုးမြိုးမျက် မျက်များ၊နောက်ဖေးတံခါးပေါက်မှမြည် လာသော ဘဲလ်သံများ၏ နောက်ဆက် တွဲအခန်းဆက်ဇာတ်လမ်းရှည်များဖြစ် သည်ကိုလည်း မိဘပြည်သူများတွေးမိ လာကြပါပြီ သိရှိလာကြပါပြီ။
မည်သို့ပင်ဆိုစေ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိဘပြည်သူရှင်လူ အပေါင်းက “လာဘ်ပေးလာဘ်ယူမှုများ ကို ငါတို့အားလုံး၏ အဓိကရန်သူ”ဟု စွဲ ပိုက်မှတ်ယူနှလုံးမူကြလျှင်ဖြင့် ကျွန်တော် တို့နိုင်ငံ၏ အနာဂတ် အဟော ကောင်း လေစွဟုသာ။


ဘိုးဘိုးအောင်(မော်ကျွန်း)

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Hot News
2

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...