Sunday, December 23, 2012

“အေးမေတ္တာ သို့ပေတဲ့ မပျက်ပေါင်ရှင်”


by Soe Min on Sunday, December 23, 2012 at 6:58am 

          မအေးမိကတော့ သူ့အပေါ်မှာ ဆိုးချင်သလိုဆိုး၊ သွမ်းချင်သလိုသွမ်း၊ နှမ်းစေ့ကလေးမျှတောင် မေတ္တာမပျက်နိုင်ပါဘူးတဲ့။ ဖဲရိုက်တာ မြင်းလောင်းတာတွေ မကလို့ သည့်ထက် ဆယ်ဆပိုဆိုးလည်း သူ့ချစ်သူကို စိတ်ထဲက အသည်းရောအူရောကို ချစ်ခင်တယ်ဆိုပဲ။ အကြောင်းကတော့ သူ့အချစ်ဟာ လိုအင်ဆန္ဒ၊ မျှော်ကိုးတမ်းတခြင်းကင်းတဲ့ တကယ့်မေတ္တာစိတ်ကို အရင်းခံထားတဲ့အတွက်ကြောင့်ပါတဲ့။ တယ်လည်း ပြောတတ်လိုက်တဲ့ သူငယ်မကွယ်။ တို့လည်းပဲ သူ့ကိုအားကျမခံ သိကြားမင်းဖျက်တောင် မပျက်တဲ့ မေတ္တာအရင်းခံစိတ်ထားကလေးကို ကြော်ငြာဝင်ရဦးတော့မှာပေါ့။ ဆရာဝန်တွေနဲ့ တို့မေကြီးနဲ့ အကြားမှာ အကြီးအကျယ် Clash ဖြစ်သွားပြီ။ Conflict ဖြစ်ကုန်ပြီ။ စသည်ဖြင့် အထင်မှားအမြင်မှား ဖြစ်ကုန်တဲ့သူတွေ သိအောင် ပြောရရင်တော့ တို့သားအမိတွေကြားမှာ ဘာအကျိတ်အခဲမှ မရှိပါဘူး။
တို့ကြားမှာထားတဲ့ ဆက်ဆံရေးကလည်း မေတ္တာအရင်းခံတဲ့စိတ်ထားနဲ့မို့ သကြားမင်းမကလို့ ထန်းလျက်မင်းကြီးပဲ လာဖျက်ဖျက် ဘယ်မှာပျက်ရိုးထုံးစံရှိပါ့မလဲဗျာ။ တယ်ပလီတဲ့ မောင်စံဖား။ ရှုံ့ချည်နှပ်ချည် အလီလီနဲ့။ ဟိုတနေ့ကပဲ စတေးတပ်စ်တင် ဖွထားတာ သူ့လက်ချက်မဟုတ်လို့ ဘယ်သူတုန်း။ အခုချိန်ကျမှ သမ္မတရုံးကြေငြာချက်လို ရုပ်သိမ်းလို့ ရမလား။ အဟုတ်ပြောတာပါဗျာ။ မယုံရင် အဲဒီစတေးတပ်စ် အစအဆုံး ပြန်ရေးပြပါ့မယ်။ “ဆရာဝန်ဆိုတာကတော့ အသက်မွေးမှုတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရေးသမားဆိုတာကရော အသက်မွေးမှုတစ်ခုလို့ ပြောလို့ရပါသလား။ ဘယ်သူတွေက ပိုချမ်းသာမလဲတော့ မသိပါဘူး။ ဒါပေမယ့် လူကြီး ဆုံးမစကားမို့ နာခံပါတယ်။ တခါတရံမှာ အမှန်တရားဟာ လူကြားလို့ မကောင်းပါဘူး။” အဲဒီအတိုင်း အတိအကျပါပဲ။ အဲဒီစကားဟာ အစအဆုံးမပါပဲ လိုချင်သလို ဖြတ်တောက်ချောက်တွန်းထားပါတယ်ဆိုတဲ့ စကားတပိုင်းတစနဲ့တောင် ဘယ်နေရာမှာ ကဏ္ဍကောစဖြစ်နေပါသလဲ။ သူပြောတဲ့စကား မဟုတ်ဘူးလို့ အဓိပ္ပါယ် မပေါက်သလို ဒီလိုမပြောနဲ့ မုန်းလိုက်မယ် လို့လည်း ပြောရာမရောက်ပါဘူး။   အဖြူနဲ့မတူတိုင်း အမည်းဖြစ်မသွားဘူးဆိုတာ မြင်သာအောင် ဥပမာပေးချင်လို့ပါ။ သူ့အောက်က ရှည်လျားထွေပြားလှစွာသော မှတ်ချက်တွေကို တစ်ခုမှ ဖျက်လည်းမဖျက် တုန့်လည်း မတုန့်ပြန်ထားတာကတော့ အဲဒီအကြောင်းကို အခုလိုနုတ်စ်ရေးတင်မလို့ စဉ်းစားထားတဲ့အတွက်ပါ။ ရေးချင်ပြောချင်တဲ့ အကြောင်းအရာကတော့ “ကျေပါနော် အမေစုရယ်။ ဘွာတေး ဘွာတေး။ အာဘွား အာဘွား။” မဟုတ်ပါဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲခြင်းဆိုတဲ့ အကြောင်းအရာတစ်ခုပါ။ ခေါင်းထဲရောက်နေတာ တော်တော်ကြာပါပြီ။
          သူပြောတဲ့စကားထဲမှာ စိတ်ဆိုးစရာ မပါပါဘူး။ ဖြတ်တောက်ထားတဲ့ စကားထဲမှာကို မပါတာ။ ကိုယ်ကိုယ်တိုင်လည်း ကျောင်းဆရာတစ်ယောက်အနေနဲ့ရော စီနီယာဆရာဝန်တစ်ယောက်အနေနဲ့ရော အငယ်တွေက ကျောင်းပြီးရင် အလုပ်ဝင်ရမလားမေးတဲ့အခါ ဒီစကားနဲ့ပဲ ဖြေနေကျပါ။ ဟိုးရှေ့ကရေးခဲ့တဲ့ နုတ်စ်တွေထဲမှာလည်း အခါခါ ပြောခဲ့ပြီးသားပါ။ ဒါပေမယ့် မသိချင်ယောင်ဆောင်ထားတဲ့ အချက်တစ်ချက်ကိုတော့ ဆင်အိပ်ရာ ဆိတ်နှိုးလိုက်သလို ခံစားလိုက်ရတယ်။ ငွေနောက်လိုက်နေတဲ့ဆရာဝန်တွေ ရှိမရှိဆိုတာ အပြင်ကလူတွေထက် သည်လောကထဲမှာ ကျင်လည်နေရတဲ့ ကိုယ်တွေက အသိဆုံးပါပဲ။ ဒါပေမယ့် သိတိုင်းလျှောက်ပြောလို့တော့ ဘယ်ဖြစ်မလဲ။ ကိုယ်ချင်းကိုယ်ချင်းကြားမှာ စောင့်ထိန်းအပ်သောကျင့်ဝတ် ဆိုတာက ရှိသေးတယ်။ သူ့စကားကို အထအနကောက်ပြီး စာမျက်နှာပေါ် တင်ပေးတဲ့သူတွေမှာတော့ သဘောထားက အဲသလောက် မရိုးဖြောင့်ပါဘူး။ ဓါးက နှစ်ဘက်သွားဓါးဖြစ်တဲ့အပြင် အနှောင့်ရော အသွားရော မလွတ်ဘူး။ ဒီအခါမှာ ကိုယ်က မပြောပဲ ရေငုံနှုတ်ပိတ်နေပြန်ရင် မှတ်ပလားကွ ဆရာဝန်တွေ။ ဘွားတော်နှိပ်ကွပ်မှ ၀ပ်ဆင်းသွားတယ် ဖြစ်ဦးမယ်။ ခွန်းတုန့်မခံ ချေပပြန်ရင်လည်း မေစုဂုဏော အနန္တောတွေက ၀ိုင်းဗျင်းကြဦးမယ်။ တကယ်တော့ မစဉ်းမစား စိတ်လိုက်မာန်ပါ တင်ထားတဲ့ စတေးတပ်စ် မဟုတ်ပါဘူး။ သေသေချာချာ စဉ်းစဉ်းစားစားနဲ့ ဟိုဘက်မရောက် သည်ဘက်မရောက် အဓိပ္ပါယ်ပေါက်အောင် ရေးပြီးတင်လိုက်ပါတယ်။ ပြီးရင် အောက်မှာ ဘယ်သူတွေ ဘယ်လိုကွန်မန့်ဝင်ပေးသလဲဆိုတာကို စောင့်ကြည့်တဲ့အခါ လူမမြင်ဖူးသော အမည်မဖော်လိုသူလှထုံတို့ရဲ့ အောက်ဖဲများကိုလည်း လှစ်ကနဲ တွေ့လိုက်ရပါတယ်။ တခါတုန်းကပြောဖူးတဲ့ မြန်မာစကားကို မြန်မာတွေ သဘောပေါက်အောင်ရေးရတာ ဘယ်လောက်ခက်သလဲဆိုတာ သက်သေပါပဲ။ စတေးတပ်စ်ရဲ့ဆိုလိုရင်း အနှစ်ချုပ်ကတော့ “ဟုတ်တော့ဟုတ်တယ်လေ။ ဒါပေမယ့် မပြောသင့်ဘူးပေါ့။” လို့ သံခိပ်ပေးပါမယ်။  
          ဖေ့စ်ဘုတ်ပေါ်မှာ နုတ်စ်ရေးသက် နှစ်နှစ်ကျော်လာတဲ့အခါလူတော်တော်များများဟာ စာရှည်ရှည်ကို အစအဆုံးဖတ်ဖို့ အချိန်မပေးနိုင်မှန်း သဘောပေါက်လာပါတယ်။ ဖတ်ပြီးတွေးယူရမယ့်စာမျိုးဆိုရင် အလုပ်ရှုပ်ရတဲ့အထဲ ခေါင်းရှုပ်မခံနိုင်သေးလို့ အားမှဖတ်မယ် ထုံးတို့ထားရတာပါ။ အပေါ်ယံကလေးရှပ်ပြီး ဖတ်တဲ့အခါ စကားလုံးတွေနဲ့လျှံသွားရော။ စာဖတ်ရှန်းလို့ကတော့ ဘာပြောကောင်းမလဲ။ အဲဒီတော့ ရေးရာတခြား ပေါက်ရာတလွဲတွေ ဖြစ်ကုန်တာ ရိုးတောင်နေပြီ။ ကိုယ်ရေးနေတဲ့ ပေါရာဏတွေကတော့ ခက်ဆစ်မပေးပဲ စာဖတ်သက်နုသူတွေ နားလည်နိုင်ဖို့ မရှိပါဘူး။ ဘန်းစကားတွေကျပြန်တော့ ဘီးကျဲကြီးတွေက ဝေးပြန်တယ်။ အဲသလိုနဲ့ ကိုယ်ပေးတဲ့မတ်စိ ဖတ်တဲ့သူတွေရမရ မှတ်ချက်တွေ လိုက်လိုက်ဖတ်မိတဲ့အခါမှာ ကိုယ့်လူမျိုးတွေရဲ့ ဒီမိုကရေစီနဲ့ပတ်သက်ရင် ဒုံးဝေးနေတဲ့အချက်ကို သွားတွေ့ပါတယ်။ ကျွန်တော်တို့လူမျိုးဟာ လွတ်လပ်စွာ သဘောထားကွဲလွဲတဲ့နေရာမှာ အင်မတန် အားနည်းပါတယ်။ ကိုယ်ပြောတဲ့စကားကို အငြင်းပွားမယ့်သူတွေ့ရင် “ဒီကောင် ဘာကောင်လဲ။ သေသွားချင်လို့လား။ ငါ့လောက်လည်း မတတ်ပဲနဲ့။  ကိုင်ထည့်လိုက်ရရင် နာတော့မယ်။” အဲသလိုတွေးပါတယ်။ နည်းနည်းသိလေ။ နည်းနည်းတွေးလေ။ များများသိလေ များများပိုတွေးလေ။ စာတွေဘာတွေရေးနေတဲ့ ဆရာကြီးတွေဖြစ်ပြီဆိုရင်တော့ ဘာပြောကောင်းမတုန်း။ လူ၏အကြိုက် ဆယ်ခါလိုက်လည်း ဆိုတဲ့လင်္ကာလေးသာ အရကျက်ထား။ အဲဒါလေးနဲ့ ဖြေသိမ့်ယူရမှာ။ “ဒင်းဦးနှောက်ကလေး တစ်ထွာတစ်မိုက်နဲ့များ။ ၀ါးနုက ၀ါးရင့်ကို လာပတ်ချင်လို့ရမလား” ဆို ခြောက်ညင်အကြီးကြီးကပ်ပြီး ကြုံတိုင်းနှိပ်ကွပ်ရော။
          လူတစ်ကိုယ် အကြိုက်တစ်မျိုးရှိရတဲ့အထဲမှာ ကိုယ်နဲ့အကြိုက်မတူတိုင်း ရန်သူကြီးအဖြစ် သဘောထားနေလို့ မဖြစ်ပါဘူး။  အမေစုကိုချစ်တဲ့သူတိုင်း အဘစိန်နဲ့ ရန်သူဖြစ်ရမှာလား။ ဘကြီးအောင်နဲ့ မခေါ်ရတော့ဘူးလား။ အပေါ်မှာ သူတို့ချင်းတောင် တည့်အောင်ပေါင်းနေမှ ကိုယ့်အောက်မှာ လာမထိနဲ့ဂါမဏိ ဖြစ်နေတာ မကောင်းပါဘူး။ ကိုယ်ကြည့်လို့မရတဲ့သူနဲ့ ပေါင်းနေလို့၊ ကိုယ်အပုပ်ချသလို လိုက်အပုပ်မချလို့ ဒီကောင် ငါ့အပေါ် သစ္စာဖောက်တယ်လို့ ယူဆတာလည်း သဘောထား သေးသိမ်ရာရောက်တယ်လေ။ လူတိုင်းဟာ ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်ရှိတယ်ဆိုမှတော့ ကိုယ်နဲ့ သဘောထားချင်းတိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ သူထင်ရာသူပြောမှာပေါ့။ တခြားသူတစ်ယောက်ယောက်ကို မထိခိုက်သရွေ့ အဲဒါ သူ့အခွင့်အရေးပဲ။ စစ်အာဏာရှင်အစိုးရပါလို့ ခေါင်းစဉ်တပ်ထားတဲ့သူတွေတောင်မှ သူတို့ကို ထိခိုက်ပုတ်ခတ်ပြောလာရင် မသိချင်ယောင်ဆောင်နေကြတဲ့အချိန်မှာ ကိုယ်ကအတိုက်အခံ နံမယ်တပ်ထားလျက်သားနဲ့ ကိုယ်နဲ့ဆန့်ကျင်ဘက်လာမပြောနဲ့။   ဆွမ်းကြီးလောင်းပလိုက်မယ်ဆိုတဲ့ စိတ်ရှိနေရင် ဘယ်သူက အာဏာရှင်ပိုဆန်သလဲ စဉ်းစားစရာ ဖြစ်လာမှာပေါ့။ အမှားအမှန်ဆိုတာ အပြောထက် အလုပ်ရလပ်ကသာ ပိုသိသာထင်ရှားတာမို့ အားအားယားယား ငါးလားဖားလား ၀ါသနာပါလို့သာ ငြင်းနေကြတာပါ။ အချိန်က အဖြေပေးလာတဲ့အခါ လိမ်လို့မှမရပဲ။
          နောက်တစ်ခု သိလာတာကတော့ ကိုယ့်ကို ဆဲဆိုအပုပ်ချတဲ့သူ မရှိသေးသရွေ့ ၀ါးလုံးခေါင်းထဲမှာ သာတဲ့လ ဘ၀က မတက်သေးဘူးလို့ မှတ်လိုက်ပါ။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ ဇာတ်စင်ရှေ့ဖျာချပ်ဝေထားတဲ့ ဆေးလိပ်သမလေးတွေကသာ အားနာပါးနာ ရှေ့တင်ချီးကျူးနေတာ ဖြစ်ပါလိမ့်မယ်။ ဘာလို့ဆိုတော့ လူသိများလာလေလေ၊ အကြိုက်ချင်းမတူလို့ ကိုယ့်ကြည့်မရတဲ့သူတွေ ပါလာလေလေ မဟုတ်လား။ (မယုံရင် လိုက်ကြည့်။ ဆန္ဒမဲရာခိုင်နှုန်း ၉၀% အထက်နဲ့ အနိုင်ရသွားတယ်ဆိုတဲ့ ရလပ်တွေဟာ အာဏာရှင်နိုင်ငံတွေမှာပဲ ရှိတယ်)။ ဘယ်သူကမှ အပြစ်ပြောမယ့်သူမရှိသေးဘူးဆိုတဲ့သဘောဟာ ကိုယ့်ကို ဘယ်သူမှ မသိသေးဘူး ဆိုတဲ့အဓိပ္ပါယ်ပါ။ အဲဒါကြောင့် ဘုမသိဘမသိလူတစ်ယောက်က အလကားနေရင်း ကိုယ့်ကိုလာဆဲနေရင် ငါတော့ ဆယ်လီဗျစ်တီ ဖြစ်ပဟဲ့ လို့ လက်ခမောင်းခတ်လိုက်စမ်းပါ။ (တချို့လူတွေများတော့ ဆဲတဲ့ အချွန်နဲ့မပေးတဲ့သူတွေတောင် အူတွေနာပြီး ရှေ့ဆက် မကျပ်နိုင်တော့လောက်အောင် ပေါက် သွားတာ မြင်ဖူးတယ်) ဒါကြောင့် အမြင်မတူတာ။ ဆန့်ကျင်ဘက်တွေ အငြင်းအခုန်ဖြစ်တာဟာ ကဲ့ရဲ့ရှုံ့ချစရာ မဟုတ်ပါဘူး။ တူညီဝတ်စုံဆိုတာ အထက်တန်းကျောင်းမှာနဲ့ ယိမ်းကတဲ့သူတွေအတွက်ပဲ ကောင်းတာ။ အစည်းအဝေးခန်းထဲ ဆင်တူတွေ ငုတ်တုတ်ထိုင်နေရင်တောင် တမျိုးကြီးဖြစ်နေတာ မတွေ့ဘူးလား။
         ဟိုးအရင်က မြင်ဖူးထားတဲ့ ဆဲနည်းတစ်ထောင် အာဂုံဆောင်ပြီး ပြစ်ပြစ်နှစ်နှစ် ကွန်မန့်တွေ ပေးတာထက်စာရင် အကြောင်းအရာတစ်ခုအပေါ်မှာ မတူတဲ့အမြင်တွေနဲ့ ထောင့်စုံအောင် ၀ိုင်းဝန်းဆွေးနွေးတာ ဒီမိုကရေစီရဲ့ အလေ့အကျင့်ကောင်းတစ်ခုလို့ မြင်ပါတယ်။ အတွေးဆိုတာ တစ်ဘက်တည်းတွေးရင် ချောင်ပိတ်မိပြီး ထွက်ပေါက်မတွေ့တော့ဘူး။ ထောင့်စေ့အောင် လှည့်ပတ်တွေးနိုင်မှ အဖြေတွေ့မှာပေါ့။ သူများတွေတော့ မသိဘူး။ ကိုယ့်အဖို့တော့ အပေါ်ကရေးတဲ့စာတွေ ပြန်ကောက်ကောက်ပြီး ကွန်မန့်ပေးတာထက်စာရင် အဲသလို မတူတဲ့အမြင်တွေရလာတဲ့အခါ အမှားအမှန်ပြန်တွေးယူပြီး နောက်ထပ်ရေးစရာ စာတစ်ပုဒ် ရပြန်ရော။ သူပြောနေတာ ဟုတ်နေရင်လည်း အကျိုးသင့်အကြောင်းသင့် လက်ခံလိုက်တယ်။ မဟုတ်ဘူးထင်ရင်လည်း ချက်နဲ့လက်နဲ့ ပြန်ရှင်းတယ်။ အဲဒါက ပိုအရသာရှိသလားလို့။ အခုလည်း တို့မေကြီးကို ပြန်စောဒကတက်လိုက်တာပဲ ရှိတယ်။ ရွှေမန်းတင်မောင်အသံလေးနဲ့ပြောရရင် မုန်းလို့ဟုတ်ဘူး။ မုန်းလို့ဟုတ်ဘူး။ မုန်းလို့ဟုတ်ဘူးကွယ် ပါ။
           တို့မေကြီးဘက်ကလည်း ကိုယ်တွေကို မေတ္တာပျက်လို့ ပြောတာ မဟုတ်မှန်း လုံးဝသံသယမရှိပါဘူး။ သူကိုယ်တိုင်လည်း ကိုယ်နဲ့တသဘောတည်းပါ။ သူ့ကိုဝိုင်းဝန်းမြှောက်ပင့်ပေးမယ့်သူတွေထက် မှန်မှန်ကန်ကန် အကြံပေးမယ့်သူတွေကို ပိုလိုချင်ပါတယ် လို့ အတိအလင်းပြောဖူးသားပဲ။ ဟုတ်တယ်လေ။ အရေးအကြောင်းဆို သူ့အနားမှာ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ယုံကြည်စိတ်ချရတဲ့သူတွေ လိုအပ်တာပေါ့။ “အမေရယ်။ အဲဒီထမီကြီးက ဒီပုဝါလေးနဲ့ မလိုက်ပါဘူး။ ဒီဝတ်စုံက ၀တ်ထားတာ နှစ်ခါရှိနေပြီ။” ဆိုတဲ့ အကြံဥာဏ်မျိုးပေး၊ ခါးလေးပေါ်နေတာ ဆွဲချပေးဖို့က တစ်ယောက်လောက်ရှိနေရင် တော်ရောပေါ့။ နတ်ဝင်သည်တွေ ထွက်သွားပြီဆိုလို့ ဘေးနားက ၀ိုင်းပွေ့ပြီး ငယ်ထိပ်ကလေး ယပ်ခတ်၊ ရှုဆေးဗူးလေး နှာဝတေ့ပေးမယ့်သူမျိုး လိုရင်လည်း တစ်ယောက်လောက်ဆို လုံလောက်ပါတယ်။ အဖြစ်အပျက်၊ အကြောင်းအရာ၊ အသွားအလာ၊ အပြောအဆိုတိုင်းကို အခါခပ်သိမ်း အမှားကင်းကင်း ချောချောမွေ့မွေ့ဖြစ်ဖို့အတွက်ကတော့ ခေါင်းတစ်ရာသားစားလည်း မလောက်တော့ဘူး။ အဲဒါကြောင့် သူ့အနားမှာ ရံနေတဲ့သူတွေကို ဘက်စုံထောင့်စုံအောင် တွေးတတ်တဲ့သူတွေ ဖြစ်စေချင်တယ်။ သစ္စာရှိရှိ အသက်ပေးပြီး ချစ်နေရုံနဲ့ အလုပ်မဖြစ်သေးဘူး။ ဦးနှောက်ကလေးတွေပါ ၀ိုင်းပေးထားဖို့ လိုမယ်လေ။ သူတစ်ယောက်တည်းနောက်မှာ အားလုံးလိုက်နေတာမျိုး မဟုတ်ပဲ အားလုံးရဲ့ထိပ်မှာ သူ့ကိုတင်ထားရမှာ လို့ တွေးမိပါတယ်။ ဒါတွေကတော့ မိချောင်းမင်းကြီးတွေကို ရေကင်းပြနေလို့ အလကားပါ။ ကိုယ့်ထက်သိတဲ့တတ်တဲ့သူတွေချည့်မှန်း အမြှောက်တစ်သိန်းနဲ့ ၀န်ခံပါတယ်။
           ကြီးကြီးကျယ်ကျယ် ဇီးသီးတစ်စလှယ် ဘ၀င်လေဟပ်ပြီး စကားတွေကမြင့်လိုက်တာ။ မေစုတို့ ဘစိန်တို့ကကို မဆင်းတော့ဘူး။ တော်နေကြာ စိမ်းစိမ်းတွေပန်းနေမှဖြင့် ဒုက္ခိတပျားတုပ်နေပါဦးမယ်။ ကိုယ်နဲ့တန်ရာတန်ရာ ဆရာဝန်တန်းလေး ပြန်ဆင်းဦးမှပဲ။ ဘာပဲပြောပြော ဒီကိစ္စမှာ ဆရာဝန်လေးတွေ တော်တော်များများ ၀င်ဆွေးနွေးကြတာကိုတော့ ၀မ်းသာပါတယ်။ တစ်သက်လုံး ကျက်ကာမှတ်ကာ သင်ကြားလာရတဲ့ ဦးနှောက်ကို ငြင်းကာခုန်ကာ ကိုယ့်အတွေးအမြင်ကို ဖော်ထုတ်နိုင်ဖို့ နှိုးဆွပေးသလို မြင်မိတယ်။ သူများက တစ်ခုခုပြောလာဆိုလာတဲ့အခါ ကိုယ်လက်ရှိကျင်လည်နေရတဲ့ လုပ်ငန်းခွင်က ပကတိ အခြေအနေနဲ့ ပြန်သုံးသပ်ပြီး အကျိုးသင့်အကြောင်းသင့် ဆွေးနွေးတတ်လာတယ်။ ကိုယ့်ခံစားချက်ကို သူများတွေ နားလည်သဘောပေါက်လာအောင် ဘယ်လိုတွေးရရေးရသလဲ သဘောပေါက်လာတယ်။ ဘာကြောင့်ဘာကိုလုပ်ရတယ် မလုပ်ရဘူး ကိုယ်တိုင်နားလည်လာတယ်။ လမ်းလျှောက်တတ်စကလေးများ ယိုင်တိယိုင်ထိုးဖြစ်တာ လှောင်စရာ မဟုတ်သလို အားငယ်စရာလည်း မလိုဘူး။ သူ့အရွယ် သူ့အသိ သူ့ဖတ်အားမှတ်အားနဲ့ သည်လောက်ပဲ ရမှာပေါ့။ ကိုယ်လည်း အဲဒီအရွယ်တုန်းက အဲလောက်တောင် မရင့်ကျက်သေးဘူး။ အဲဒါကြောင့် သူတို့တတွေကို အတွေးအရေးတတ်သွားအောင် သင်ပြလေ့ကျင့်ပေးချင်ပါတယ်။ အပေါ်ကဟာကြီးတွေကတော့ ရေးမယ့်သာရေးနေတာ။ သူတို့လည်းဖတ်မှာမှ မဟုတ်ပဲ။ တချိန်ကျ ကိုယ့်အောက်ကလူငယ်တွေမို့လို့ ခေါင်းဆောင်တွေ ဖြစ်မလာဘူး ဘယ်ပြောလို့ရမလဲ။
          ကျွန်တော်တို့လူမျိုးတွေဟာ လွတ်လပ်စွာကွဲလွဲရတဲ့နေရာမှာ ဘာဖြစ်လို့ အားနည်းရသလဲဆိုတော့ ကျွန်တော်တို့လူကြီးတွေက  အဲသလိုကွဲလွဲခွင့် မပေးလို့ပါ။ မိသားစုတစ်စု စားသောက်ဆိုင်သွားတယ်ဆိုပါစို့။ သား ဘာစားမလဲ။ သမီး ဘာစားချင်သလဲ။ ဘယ်တော့မှ မမေးဘူး။ သားက အရွက်မစားဘူး။ သမီးက ငါးအရိုးမထွင်တတ်ဘူး။ မေမေက အကုန်သိပြီးသား။ အဲဒါကြောင့် သားရောသမီးရော Mother’s choice နဲ့ပဲ ကြီးပြင်းရတယ်။ အဲဒီသြဇာဟာ သားသမီးတွေ အိမ်ထောင်ကျပြီးသွားတဲ့တိုင်အောင်လည်း အလျှော့မပေးချင်ဘူး။ “တသက်လုံး ဘယ်တုန်းက ခံပြောဖူးလို့လဲ။” ဆိုတာမျိုးနဲ့ ဗီတိုအာဏာသုံးချင်သေးတယ်။ မိဘစကား နားထောင်ငြား သံပြားကျောက်စောင်း ပုဇွန်အောင်း ဆိုတဲ့ဆိုရိုးနဲ့ ကြီးပြင်းကြရတာလေ။ မီးဆိုတာ ပူတတ်မှန်းတော့ ကိုယ့်ထက်အရင် ထမင်းစားတဲ့သူတွေက ပိုသိတာ မှန်ပါတယ်။ ကိုယ့်စိတ်မှာ ဘာကိုကြိုက်တယ်၊ ဘာကိုမကြိုက်ဘူးဆိုတာကတော့ ကိုယ်ကိုယ်တိုင် သေသေချာချာ မသိရင် ဒုက္ခရောက်လိမ့်မယ်ဗျ။  သတင်းနဲ့အချက်အလက်တွေက တမဟုတ်ချင်း ဖြတ်သန်းစီးဆင်းနေရတဲ့ အင်တာနက်ခေတ်ကြီးမှာဆိုတော့ ခပ်သိမ်းသော အကြားအမြင် အပေါင်းတို့ကိုလည်း ကိုယ်ပိုင်ဥာဏ်နဲ့ အမှားအမှန် ဆင်ခြင်သုံးသပ်နိုင်ဖို့လိုသေးတာလည်း အမှန်ပဲ။ မီဒီယာပါးဝနေတဲ့ ပြည်ပသတင်းဌာနကြီးတွေကနေ နှပ်ကြောင်းပေး၊ လိုရာဆွဲပြီး ကိုယ့်ဆီမှာ သတင်းဖန်တီးတာ မခံရဖို့၊ စတုတ္ထမဏ္ဍိုင်မျက်စိအောက်မှာ စစ်မြေပြင်သတင်းထောက်များပမာ ကျည်ကာဗုံးခို အကာအကွယ်ရဖို့၊ ကိုယ့်ဆီက ကံသုံးပါးစလုံးမှာ ဘာဖြစ်လို့ ဒိလိုလုပ်ရသလဲဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်ကလေးတွေနဲ့ လျှောက်လဲချက်ပေးနိုင်အောင်  အကျင့်လုပ်ယူကြတာပေါ့နော်။ နောက်ဆိုရင်တော့ ဆရာဝန်စာရေးဆရာတွေ တပုံကြီးထပ်ထွက်လာမှာ မြင်ယောင်ပါသေးဗျား။ ဒါထက် စကားမစပ် စာရေးတဲ့အလုပ်ကလည်း စီးပွားရှာချင်ရင် မလုပ်ရတဲ့အထဲ ပါတယ်ဗျ။ အဟုတ်ပြောတာ။ မယုံစမ်းကြည့်။ “ရှိပြီးဥစ္စာ ပျက်ကြောင်းတည်း” လို့ ငိုမသွားတော့ ပြောချင်တိုင်းပြော။  (မွှေချက်ကတော့ ကိုးလောက်ရှိသကွယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...