Tuesday, December 4, 2012

အင်တာနက် ခရီးကြမ်း (အပိုင်း ၂၁)


by May Thandar Win on Tuesday, December 4, 2012 at 12:44am 

                                                             Marc Andreessen

အရာအားလုံး ပင့်ကူအိမ်ကွန်ရက်ကြောင့် အပြောင်းလဲကြီး ပြောင်းလဲမယ်လို့ တော်တော်များများက ခန့်မှန်း ပြောဆိုကြပေမယ့် တကယ်တမ်းအဲဒါကို ပိုပြီးပံ့ပိုးပေးလိုက်တာကတော့ အရင်က ကန့်သတ်ထားတဲ့ ဥပဒေတွေ ပြောင်းလဲသွားလို့ပါပဲ။


၁၉၉၂ ခုနှစ်မတိုင်ခင်အထိ ဂျွန် ဟာ အင်တာနက်ဈေးကွက်နဲ့ ပတ်သတ်ပြီး သိပ်လေးလေးနက်နက်မရှိလှပါ ဘူး။ ဘာလို့လည်းဆိုရင် အမေရိကားမှာ ကွန်ရက်ဟာ အစိုးရကပဲ သူတို့အသုံးပြုဖို့ အကုန်ကျခံလုပ်ထားတဲ့ အတွက် ပုဂ္ဂလိက ကို စီးပွားဖြစ် အမြတ်ယူပြီးလုပ်တဲ့အလုပ်မျိုးတွေ ခွင့်မပြုပါဘူး။ ဒါပေမယ့် အဲဒါဟာ ၁၉၉၂ ခုနှစ်မှာ သမ္မတ ဘုရှ် က အင်တာနက် ကွန်ရက်နဲ့ပတ်သတ်တဲ့လုပ်ငန်းတွေကို စီးပွားဖြစ် လုပ်ကိုင်ခွင့်ပေးတဲ့ ဥပဒေတစ်ခုကို အတည်ပြုလက်မှတ်ပေးလိုက်ပြီးတဲ့နောက် အရာရာဟာ ပြောင်းလဲကုန်ပါတော့တယ်။

မကြာခင်မှာပဲ ၀က်ဘ်ကိုအခြေခံတဲ့စီးပွားရေးလုပ်ငန်းသစ်တွေ အလျှိုလျှို ပေါ်ထွက်လာပါတော့တယ်။ တစ် ကမ္ဘာလုံးမှာရှိသမျှ သတင်းစာတွေရဲ့ စီးပွားရေးစာမျက်နှာတွေမှာ အဲဒီအကြောင်းဟာ ခေတ်အစားဆုံး ဆွေး နွေးစရာ၊ ဖောပြစရာ ခေါင်းစဉ်တစ်ခုဖြစ်လာပါတော့တယ်။ အားလုံးဟာ ဒီပေါ်ပြူလာဖြစ်လွန်းလှတဲ့ ၀က်ဘ် ကို အမှီပြုပြီး ဒေါ်လာဘီလျှံချီပြီးဝင်အောင် စီးပွားရေးလုပ်လို့ရမယ်ဆိုတာကိုတော့ သိနေကြပေမယ့် မာ့အန်ဒရီ ဆန် မတိုင်ခင်အထိ အင်တာနက်စီးပွားရေးကနေ ငွေဒီလောက်များများရှာဖို့ ဘယ်လိုလုပ်ငန်းမျိုး လုပ်ရမယ်ဆို တာကိုတော့ ရေရေရာရ­­­ာ မစဉ်းစားမိကြသေးပါဘူး။   

“ဒီဆော့ထ်ဝဲက မကြာခင်မှာ အားလုံးကို ပြောင်းပစ်လိုက်တော့မှာကွ။ ဘာလို့လည်းဆိုရင် မကြာခင်မှာပဲ လူ တိုင်း ဒါကို သုံးကြတော့မှာမို့လို့ပဲ” ဆိုပြီး တစ်ရက်တော့ မာ့အန်ဒရီဆန် က ဂျွန်ဒူအာ ကို စိတ်အားထက်သန်စွာ ပြောပြပါတယ်။ ဂျွန့် အနေနဲ့တော့ ဒါမျိုးတွေကြားရတာ ရိုးနေပါပြီ။ ဘာလို့လည်းဆိုတော့ သူ့အလုပ်က ကုမ္ပဏီ အသစ်တွေအတွက် ငွေကြေးအရင်းအနှီး ရှာပေးရတဲ့အလုပ်ဆိုတော့ မကြာခဏဆိုသလို အဲဒီလို သန်းချီတန် တဲ့အိုင်ဒီယာတွေဆိုပြီး ယုံကြည့်မှုအပြည့်နဲ့ တလောကလုံးကပဲ သူတို့ အိုင်ဒီယာကြောင့် အကြီးအကျယ် ပြောင်းလဲတော့မှာလိုလို  အာဘောင်အာရင်းသန်သန်ပြောတတ်တဲ့ သူတွေကို ကြုံတွေ့နေကျပါ။ ဒါပေမယ့် မာ့ ပြောနေတဲ့အကြောင်းကတော့ အနည်းငယ် ကွဲပြားသလိုလိုပါပဲ။

မာ့ဟာ ၂၃ နှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် သူ့မှာ အခုလို ယုံကြည်မှုအပြည့်ရှိလောက်စရာ အကြောင်းပြချက် ကောင်းကောင်းရှိပါတယ်။ ဘာလို့လည်းဆိုရင် လွန်ခဲ့တဲ့ လအနည်းငယ် က မိုးဇက် လို့ခေါ်တဲ့ ပရိုဂရမ်တစ်ခု သူရေးဆွဲခဲ့တာ လအနည်းငယ်အတွင်း အဲဒီပရိုဂရမ်ကို သုံးစွဲတဲ့သူ ၂ သန်း လောက်ရှိနေပြီမို့လို့ပါ။
နည်းပညာလုပ်ငန်းတွေမှာ အရမ်းအလားအလာကောင်းတဲ့ ဈေးကွက်ရှိတယ်ဆိုတာကို နားလည်သဘော ပေါက်ဖို့ သိပ္ပံပညာရှင်ကြီးဖြစ်နေဖို့မလိုဘူး  ဆိုတာကို ဂျွန်အနေနဲ့လည်း လက်ခံထားပါတယ်။ အဲဒါကြောင့် လည်း မာ့ ကို လိုအပ်တဲ့ အရင်းအနှီးရှာပေးပြီး ငွေချေးဖို့ သူ စိတ်ချက်လက်ချဆုံးဖြတ်လိုက်ပါတော့တယ်။ တကယ်လည်းပဲ မာ့ ကုမ္ပဏီဟာ အမေရိကန်ရဲ့သမိုင်းမှာ တိုးတက်မှု အလျင်မြန်ဆုံးကုမ္ပဏီအဖြစ် စာရင်းဝင် သွားပါတော့တယ်။

ဂျွန်ဒူအာရဲ့ ရုံးခန်းကို မာ့ မ၀င်ခင် လွန်ခဲ့တဲ့ နှစ်နှစ်ကအထိ မာ့ဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ်ဆိုတဲ့ အကြံ မျိုးတွေးတောင် မတွေးမိသေးပါဘူး။ အဲဒီိတုန်းက ပုံမှန်ဝင်ငွေလေးတစ်ခုရဖို့အတွက် မာ့ဟာ  အရမ်းကိုပျင်းစရာ ကောင်းပြီး ၀င်ငွေလည်း နည်းလှတဲ့ အလုပ်လေးတစ်ခုမှာ စိတ်မပါလက်မပါ လုပ်နေရတာပါ။
အဲဒီအချိန်က မာ့ အလုပ်လုပ်နေတာ အီလီနွိုက်တက္ကသိုလ်မှာပါ။ အဲဒီမှာရှိတဲ့ ကွန်ပြူတာအကြီးကြီးတွေ အတွက် လိုအပ်တဲ့ ဆော့ထ်ဝဲတွေ ရေးဆွဲပေးရတာပါ။ အဲဒီကွန်ပြူတာကြီးတွေဟာ သိပ္ပံနဲ့ အင်ဂျင်နီယာပညာရပ် တွေမှာ ခက်ခဲနက်နဲလှတဲ့ ပြသနာတွေကို အဓိက ဖြေရှင်းပေးတဲ့ အလုပ်လုပ်ပါတယ်။ မာ့ ကတော့ အဲဒီ အလုပ် ကို စိတ်လည်းမ၀င်စားသလို သိပ်ပျင်းစရာကောင်းတယ်လို့လည်း ခံစားရပါတယ်။

“ဒီလို ကွန်ပြူတာဧရာမကြီးတွေနဲ့လုပ်နေတဲ့နည်းက မကြာခင်မှာ တုန်းတော့မှာကွ။ ပြောရရင် သုံးကို မသုံးသင့် တော့တာ။ တစ်ကိုယ်ရည်သုံးကွန်ပြူတာတွေလည်း ထွက်နေပြီပဲလေ” လို့ဆိုပြီး သူ့သူငယ်ချင်း အဲရစ်ဘီနာ ကို မာ့က မကြာခဏ ပြောလေ့ရှိပါတယ်။   

မာ့ ဟာ ကွန်ပြူတာကြီးတွေအတွက် ပရိုဂရမ်တွေ ရေးဆွဲတဲ့တလျှောက်လုံး အချိန်ပြည့် အင်တာနက်နဲ့ပဲ ဂိမ်း တွေကစားလိုက် ဟိုဟိုဒီဒီကြည့်လိုက်နဲ့ပဲ အချိန်ဖြုန်းလေ့ရှိပါတယ်။ မာ့နဲ့သူ့သူငယ်ချင်းတွေဟာ အသစ်ထွက် လာတဲ့ world wide web ကို စွဲစွဲလန်းလန်းရှိလှပါတယ်။ တချိန်လုံး ဟိုကလိ ဒီကလိ ဟိုရှာ ဒီရှာလို့ မဆုံးပါဘူး ဒါပေမယ့် မာ့စိတ်ထဲမှာ ဒီ့ထက်ပိုကောင်းအောင် လုပ်လို့ရသေးတယ်ဆိုပြီး အားမလိုအားမရဖြစ်နေပါတယ်။ ၀က်ဘ်စာ မျက်နှာတွေဟာ ပုံတွေလည်းမပါဘဲကြည့်ရတာ တခါတလေ ပျင်းစရာကောင်းတယ်လို့ထင်ပါတယ်။ နောက်ပြီး browser တွေမှာလည်း တစ်ကိုယ်ရည်သုံးကွန်ပြူတာတွေလိုမျိုး interface မပါတဲ့အတွက် အမြဲတမ်း ညွှန် ကြားချက်တွေကို လက်ကွက်နဲ့စာတွေရိုက်ပြီးပြောနေရပါတယ်။

တစ်ကိုယ်ရည်သုံးကွန်ပြူတာတွေမှာ စခရင် ပေါ်မှာ နှိပ်စရာ button သင်္ကေတလေးတွေ၊ မီနျူး တွေ ရှိတဲ့ အတွက် သင်္ကေတွေ၊ စာလုံးတွေ၊ နံပါတ်ဆန်း ဆန်းတွေ ရိုက်ရိုက်ပြီးညွှန်ကြားချက်တွေပေးစရာမလိုတဲ့အတွက် တစ်ကိုယ်ရည်သုံးကွန်ပြူတာတွေဟာ သုံးစွဲ သူတိုင်းအတွက် လုပ်ရကိုင်ရ အတော်လွယ်ပါတယ်။

တစ်ညမှာတော့ တစ်ရေးနိုးအကြံပေါ်ဆိုသလိုပဲ မာ့ ဟာ ၀က်ဘ်နဲ့ပတ်သတ်ပြီး လုပ်ချင်တာတစ်ခုကို တွေးမိ လိုက်ပါတယ်။

“လောလောဆယ် ၀က်ဘ် ဟာ သိပ္ပံပညာရှင်တွေ၊ သုတေသနသမားတွေအတွက်ပဲအသုံးဝင်သလိုဖြစ်နေ တယ်။ ၀က်ဘ်ကိုသုံးနိုင်တာ အပြင်လူတွေအနေနဲ့ဆို ကွန်ပြူတာ ပရိုဂရမ်မာ သမားတွေလောက်ပဲရှိတယ်။ အမှန်ဆိုရင် ဒီ့ထက် ပိုပြီး လူတိုင်းသုံးနိုင်အောင်လုပ်လို့ရတယ်”  လို့ မာ့ က သူ့သူငယ်ချင်းတွေကို ပြောလိုက်ပါ တယ်။

“ဘယ်လိုမျိုးလုပ်မှာလဲ”

မာ့။   ။ “၀က်ဘ် မှာလိုနေတာ လူတွေရဲ့ မျက်နှာလို နှာခေါင်း မျက်လုံး ပါးစပ် အဲလိုမျိုး feature တွေလိုနေ တာကွ။ အခုဟာက ပြောင်ရှင်းကြီးလေ..။ လူတိုင်း အလွယ်တကူ သုံးလို့ရအောင် တစ်ကိုယ်ရည်သုံးကွန်ပြူတာ ပရိုဂရမ် တွေလိုမျိုး browser ကို ငါလုပ်ရမယ်”

“လိုလို့လားကွ.. အခုလည်း အင်တာနက် ဘယ်လိုသုံးရတယ်ဆိုတာ ငါတို့သိနေတာပဲလေ” လို့ သူသူငယ်ချင်း တွေအားလုံးက ပြိုင်တူ ပြောကြပါတယ်။

မာ့။   ။ “အေး ဟုတ်တယ်.. ဒါပေမယ့် ငါတို့က ပရိုဂရမ်သမားတွေကိုးကွ သိမှာပေါ့။ ၀က်ဘ် က လောလော ဆယ်မှာ ငါတို့လိုပရိုဂရမ်သမားတွေအတွက်တော့ တူးလို့မကုန်နိုင်တဲ့ ရတနာတွင်းကြီးပဲ။ ဒါပေမယ့် သာမန်လူ တွေအတွက်တော့ ကြည့်စရာ ဘာမှ မရှိသေးဘူးလေ”

“မင်းဆိုလိုတဲ့ သာမန်လူ ဆိုတာ ဘယ်သူတွေလဲ”

မာ့။   ။“ငါဆိုလိုတာ သာမန် သူလိုငါလို ကွန်ပြူတာ အသိုင်းအ၀ိုင်းက မဟုတ်တဲ့ သူတွေပေါ့ကွ။ သူတို့အတွက် ကြည့်စရာ အနုပညာအကြောင်းအရာတွေ၊ စာပေ၊ ဂီတ၊ သတင်းတွေ လိုမျိုး ရှိသင့်တယ်လေ။ တကယ်လို့ လူတိုင်း သူတို့အိမ်မှာ အခုသုံးနေကြတဲ့ တစ်ကိုယ်ရည်သုံးကွန်ပြူတာတွေထဲက ဆော့ထ်ဝဲတွေလိုမျိုး browser ကို ငါတို့လုပ် နိုင်မယ်ဆိုရင် လုပ်လို့ရမယ့် စိတ်ဝင်စားစရာတွေ ၀က်ဘ် မှာ အများကြီးပဲကွ”  
___________________________________________________________________________________________________________________________






မာ့ ဟာ သူလုပ်မယ့် browser ကို မိုးဇက် (Mosaic) လို့ နာမည်ပေးလိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ သူငယ်ချင်း အဲရစ်ဘီနာ ကို သူ့ပရောဂျက်မှာ ပါဖို့ ခေါ်လိုက်ပါတယ်။ သူတို့ နှစ်ယောက်ဟာ အတော်တက်ညီလက်ညီ ရှိလှပါတယ်။ အဲရစ်က အလွန်တော်တဲ့ ပရိုဂရမ်သမားတစ်ယောက်ဖြစ်ပြီး မာ့ ကတော့ အိုင်ဒီယာကောင်း ကောင်းနဲ့ ပရောဂျက်တစ်ခုလုံး မြန်မြန်ဆန်ဆန်ပြီးအောင် လုပ်နိုင်စွမ်းရှိပါတယ်။

မာ့ဟာ တကယ်တော့ ဘုရားစူးအင်ဂျင်နီယာလို့ ပြောရင်ရပါတယ်။ ဘာလို့လဲဆိုရင် ကွန်ပြူတာမဟုတ်တဲ့ တစ်ခြားအရာတွေကို သူပိုစိတ်ဝင်စားလို့ပါပဲ။ အဲဒါကြောင့်လဲ သီချင်းတွေ၊ စာပေအနုပညာနဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေကို ရှာဖွေနိုင်မယ့် မိုးဇက် ဟာ လူတိုင်းစိတ်ဝင်စားမယ့် browser တစ်ခုဆိုတာ သူ ကြိုခန့် မှန်းမိပါတယ်။

မာ့နဲ့ အဲရစ်ဟာ မိုးဇက်ကို လနဲ့ချီပြီး နေ့နေ့ညည မနားတမ်း အကောင်အထည်ဖော်ကြပါတယ်။ တစ်ခါတလေ လေးရက်ဆက်တိုက်မအိပ်ဘဲ အလုပ်လုပ်ကြပြီး ပြီးမှ တစ်ရက်လုံး သိုးနေအောင်အိပ်ကြပါတယ်။









မိုးဇက် ကို အရင် browser တွေနဲ့မတူဘဲ ကွဲပြားသွားစေတဲ့ အဓိက အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က တော့ သုံးစွဲသူတွေအနေနဲ့ လင့်ခ် တွေဆီကိုသွားချင်တဲ့အခါမှာ အရင်က တင်မ်ဘာနာလီးစ် ရဲ့ browser တုန်း ကလို ညွှန်ကြားချက်တွေကို စာတွေနဲ့ ရိုက်ပြီး ပြောစရာမလိုတော့ပါဘူး။ အဲဒီအစား စာကြောင်းတွေကြားမှာ အရောင်ကွဲလေးတွေဖြစ်နေတဲ့ သို့မဟုတ် ပုံစံကွဲလေးတွေ ဖြစ်နေတဲ့ စာလုံးလေးတွေကို ထောက်ပြီး သွားလိုက် ရုံပါပဲ။ ဒုတိယအချက်ကတော့ အထူးခြားဆုံးပါပဲ.. မိုးဇက်ဟာ ရုပ်ပုံတွေကိုပါ ဖော်ပြပေးနိုင်တဲ့အတွက် သုံးစွဲသူ တွေအနေနဲ့ ရုပ်ပုံတွေကိုစာနဲ့အတူတွဲကြည့်လို့ရသွားပါတော့တယ်။
သုံးမိတဲ့ သူတိုင်းဟာ မိုးဇက် ကို သိပ်သဘောကျကြပါတယ်။ ဘာနဲ့တူသလဲဆိုရင် ရေဒီယိုကနေ ရုပ်မြင်သံ ကြားဖြစ်သွားသလိုမျိုးပါပဲ။ အရင်က စာတွေချည်းပဲ ကြည့်နေရာကနေ ပုံလေးတွေပါကြည့်မြင်ရတော့ လူတိုင်း အတွက် သဘောကျစရာဖြစ်သွားတာပါပဲ။






(အပိုင်း ၂၂ ဆက်ရန်)



မေသန္တာဝင်း



၂၀၁၂ ဒီဇင်ဘာ ၄ ရက်နေ့


နေ့လည် ၃ နာရီ ၀၄ မိနစ်




Ref: The Story of the Internet by Stephen Bryant

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...