Tuesday, December 4, 2012

““ဆင်နင်း၍ သေသွားသည့်တိုင် ....““


by Linn Yaung on Tuesday, December 4, 2012 at 1:02am ·


ရန်ကုန်တိုင်းက တိုက်ကြီးမြို့နယ်ဘက်က ရွာလေးတစ်ရွာမှာ လေးနှစ်သားကလေးလေးတစ်ယောက်ကို တောဆင်ရိုင်းတစ်ကောင်က နင်းခြေသတ်ဖြတ်သွားပါသတဲ့။
အဲဒီသတင်းလေး ဖတ်ရတော့ ပုံပြင်လေးတစ်ပုဒ်က ခေါင်းထဲကို ရောက်လာပါလေရော..။

---------------------------------------------------------------

တစ်ခါက ယာထဲမှာ တဲထိုးပြီး နေထိုင်တဲ့ ညားခါစ တောင်သူလင်မယားနှစ်ယောက်ရှိပါတယ်။
သိတဲ့အတိုင်း ချစ်စခင်စ ကြင်နာစဆိုတော့ သိပ်ပြီး ကြည်နူးနေကြတဲ့အချိန်ပေါ့လေ။ မိန်းမလုပ်သူကလည်း ချက်လိုက်ပြုတ်လိုက်၊ လင်ဖြစ်သူကို ကူညီလိုက်၊ ယောက်ျားဖြစ်သူကလည်း မိန်းမနားကပ်လိုက် လယ်ထွန်ယာချေတောင်သူအလုပ်တွေ ကြိုးစားလိုက်နဲ့ သိပ်ပျော်စရာဖြစ်နေမှာပေါ့။

ဒါပေမယ့် ထင်မထားတဲ့ အလှည့်အပြောင်းတစ်ခုက သူတို့ဘ၀ထဲကိုဝင်လာတယ်။ ဒီအဖြစ်အပျက်က တွေးကြည့်ရင် ရယ်စရာကောင်းပါတယ်။
ဘာမှ မဟုတ်တဲ့ ပြဿနာလေးက စခဲ့တာပါပဲ။
တစ်နေ့တော့ မိန်းမအိမ်မှာ ကျန်ခဲ့တုန်း ယောကျာ်းဖြစ်သူက ယာထဲမှာ လယ်ထွန်ပါတယ်။ အဲဒီမှာ သူ လူအရိုးခေါင်းတစ်လုံးကို တွေ့ခဲ့တယ်။
တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဘာမှ မပါတဲ့ လူရိုးခေါင်းခွံသက်သက်ပါပဲ။ ထူးခြားတာက အဲဒီအရိုးခေါင်းပေါ်မှာ ထွင်းထားတဲ့ စာပါ။
အရိုးခေါင်းပေါ်မှာ တစ်စုံတစ်ယောက်က စာတစ်ကြောင်းရေးထားပါတယ်။ အဲဒါက ဘာလဲဆိုတော့....
“ဆင်နင်း၍ သေသည့်တိုင်အောင်......” တဲ့..။

ယာသမား အရမ်းစိတ်ဝင်စားသွားပါတယ်။ ဒီစာကို ဘယ်သူရေးသလဲ..။
သေတဲ့လူက ဘယ်သူလဲ။ ကျားလား။ မလား။ လူကြီးလား။ လူငယ်လား။
စာရဲ့ အဓိပယ်က ဘာလဲ။
“ဆင် နင်း၍ သေသည့်တိုင်အောင်... ချစ်နေမယ်လို့ ပြောချင်တာလား..”
“ဆင် နင်း၍ သေသည့်တိုင်အောင် .. အငြိုးမပြေဘူးလို့ ကြိမ်းဝါးတာလား..”
ဒီ အရိုးခေါင်းရဲ့ နောက်ခံဇာတ်လမ်းဟာ ဆွတ်ပျံ့ကြည်နူးစရာတစ်ခုလား..
ကြေကွဲ ဆို့နင့်စရာလား...
ဒါမှ မဟုတ် သံဝေဂယူချင်စရာ ဇာတ်နာတစ်ပုဒ်လား... အငြိုးအတေးပြင်းထန်တဲ့ လူသတ်မှုတစ်ခုလား.. ။
ဒီစာဟာ ငယ်ငယ်ရွယ်ရွယ်မှာ ဆင်နင်းခံလိုက်ရတဲ့ ချစ်သူအတွက် လွမ်းမောတသစွာ မော်ကွန်းတင်ခဲ့တာလား....
အသက်ကြီးတဲ့ ဇနီးမောင်နှံနှစ်ဖော်က တစ်ယောက်ယောက်အတွက် ကျန်ရစ်သောအချစ်ကြီးသူကြီးက သစ္စာနှံခဲ့တာလား။

ယာသမားယောက်ျားမှာ တွေးစရာတွေ အများကြီးဖြစ်သွားတယ်။
သူ ဒါကို မတွေးပဲ မနေနိုင်ဘူး။ စဉ်းစားရတာ ထမင်းမေ့..ဟင်းမေ့... မိန်းမကိုတောင် မေ့လို့။ 
လယ်ထွန်ရတာတောင် မဖြောင့်တာနဲ့ ဆက်မထွန်နိုင်ဘူး။ အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ အရိုးခေါင်းကြီးကိုင်ပြီးတော့ တွေးနေတာ။
သေတဲ့သူက ဘယ်သူလဲ.. ရေးတဲ့သူက ဘယ်သူလဲ.. ဘာအဓိပယ်လဲ..။
“ဆင်နင်း၍ သေသည့်တိုင်အောင် ..ဘာဖြစ်မှာလဲပေါ့....”

သူ မိန်းမ ယာထဲကို လိုက်လာတယ်။ အရင်လိုပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ စကားတွေ ဖောင်ဖွဲ့ပြောပြီး ယောကျာ်းကို လုပ်ကူဖို့ ပြင်ဆင်တယ်။
ဒါပေမယ့် ဒီနေ့ သူ့ယောက်ျား မူမမှန်ဘူး။ အရင်လို တက်တက်ကြွကြွ မရှိဘူး။ စကားပြောရင် အင်းတစ်လုံး...အဲတစ်လုံးနဲ့ ငေးငေးမှိုင်မှိုင်ဖြစ်နေတာကို သတိထားမိတယ်။
အဲဒီတော့ သူ့ကို တစ်ခုခုများ အလိုမကျသလား။ ညားခါစဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက်ကလည်း ကွဲကွဲပြားပြား မသိသေးဘူး။
မေးလဲ မမေးရဲဘူး။ ဖာသိဖာသာလေးပဲ မသိချင်ယောင်ဆောင်နေလိုက်တယ်။ ဘာဖြစ်နေတာလဲဆိုတောတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကဲခက်တာပေါ့လေ။
ယောကျာ်းကတော့ ငူငူငိုင်ငိုင်နဲ့ တွေးနေတုန်း။

အဲဒီလိုပဲ ဖြစ်နေတယ်..။ နောက်နေ့အထိ ပုံစံက မပြောင်းဘူး။
အဖြေက မရနိုင်ဘူး။ ယောကျာ်းက တွေးတုန်း။ မိန်းမကလည်း အကဲခပ်တုန်း။
အားရင် သူ့နားမကပ်တော့ဘူး။ အိမ်ရောက်ရင် အရိုးခေါင်းကို သေတ္တာထဲမှာထည့်။ သော့ခပ်။ အားရင် ထုတ်ပြီးစဉ်းစား။
ပုဆိုးနဲ့ ဖုံးထားတဲ့ အရိုးခေါင်းလေးယူပြီး အိမ်နဲ့ ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ ထိုင်တွေးနေတုန်း။
မိန်းမကိုလည်း မပြောဘူး။ မပြဘူး။
ဒီလိုနဲ့ ရက်ကို လ စားလာပြီ။ အိမ်ထောင်ရေးက အရင်လို သာသာယာယာ မဟုတ်တော့ဘူး။
ရှင်ဘာဖြစ်နေတာလဲလို့ ..ထုတ်မေးချင်တာလည်း ပါးစပ်ကိုယားနေပြီ။ ဒါပေမယ့် မမေးဘူး။
သူမကို လျှို့ဝှက်ထားပြီး ဒီလောက်ငူငူငိုင်ငိုင်ဖြစ်နေတဲ့ ကိစ္စက ပေါ့သေးသေးတော့ မဟုတ်နီုင်ဘူး။
ဒါ သူမနဲ့လည်း တစ်နည်းနည်းတော့ ပတ်သက်နေလိမ့်မယ်။
အဲဒါကြောင့်မို့သာ ကိုယ့် မိန်းမလုပ်တဲ့လူကိုတောင် ဘာမှ မပြောနိုင် မဆိုနိုင်တွေဖြစ်နေတာပေါ့။
ဒါက မိန်းမလုပ်တဲ့လူရဲ့ အတွေး။
လင်ကတော့ ဘာမှ မသိရှာဘူး။
“ဆင်နင်း၍ သေသည့်တိုင်အောင်... ” ဘာဖြစ်မှာလဲဆိုတာ .. အဖြေရှာကောင်းနေတုန်း။

ဒီလိုနဲ့ တစ်ရက်တော့ ယောက်ျား မြို့တတ်သွားတုန်း ..မိန်းမက စပ်စုပါလေရော။
သူမမြင်အောင်ဖွက်ပြီး သေတ္တာထဲကို သိမ်းသိမ်းသွားတဲ့ အထုတ်က ဘာတုန်း။
သိချင်တာပေါ့။ အဲဒါနဲ့ သော့ဖျက်ပြီး ကြည့်တော့....

လားလား..... အရိုးခေါင်းကြီး.. အရိုးခေါင်းကြီး...
သိတဲ့အတိုင်းပဲ ... မိန်းမဆိုတာမျိုးက ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားတာမဟုတ်ဘူး။
ကိုယ်ထင်ရာ မြင်ရာကို ငေါက်ခနဲ ကောက်ချက်ချတတ်တာမဟုတ်လား။

““ ဟင်.. မသာကောင်...
ငါကတော့ ချစ်လိုက်ရတာ.. သူ့အပေါ်ကို ယုံကြည့်လိုက်ရတာ...
အခုတော့ သူက သေသွားတဲ့ ရည်းစားဟောင်းကို လွမ်းနေတာပါ့လား..
ကြည့်စမ်း.. အရိုးခေါင်းပေါ်မှာ “ဆင်နင်း၍ သေသွားသည့်တိုင်....”လို့တောင် ရေးထားလိုက်သေးတယ်။
ဒီအရိုးခေါင်းရကတည်းက င့ါကို ရှိလေတဲ့ ငါးပိ ဖုတ်လေတယ်မထင်အောင် ပစ်ထားတာ ဒါကြောင့်ကိုးးး ..
ဒီရည်းစားဟောင်းရဲ့ အရိုးခေါင်းကြောင့်ကိုးး.....““

တွေးလေ ...တွေးလေ..စိတ်က နာလာလေပဲ..။
ယောကျာ်းကိုလည်း စိတ်နာတယ်။
သေတဲ့အထိ ဒုက္ခပေးနေတဲ့ ဒီကောင်မရဲ့ အရိုးခေါင်းကိုလည်း စိတ်နာတယ်။ ဖြစ်ချင်တာဖြစ်...
ဒေါသထွက်ထွက်နဲ့ အရိုးခေါင်းကို ယူပြီး ဆန်ထောင်းထဲ့ မောင်းထဲကို ထည့်ထောင်းပစ်လိုက်တာ..
မွမွကို ကြေပါလေရော။ ညက်ညက်ကို မှုန်ပါလေရော။

ဒီလိုနဲ့ ယောက်ျားလုပ်တဲ့လူက မြို့က ပြန်လာတော့ .. အရင်လိုပဲ.. သေတ္တာဖွင့်ပြီး အရိုးခေါင်းကို ရှာတာပေါ့ ..။
မရှိတော့ဘူး...။
သူ တအံ့တအောနဲ့ မိန်းမကို မေးတာပေါ့။
မိန်းမ .. ဒီထဲက အရိုးခေါင်းကိုများ တွေ့မိသေးလား။
မင်း လွှင့်ပစ်လိုက်ပြီလားပေါ့။

အိမ်ရောက်ရောက်ချင်း အမောတောင် မဖြေနိုင်ပဲ ..သူ့ရည်းစားအရိုးခေါင်းကို မေးရသလားဆိုပြီး စိတ်နာနာနဲ့ မိန်းမကလည်း ပြန်အော်တာပေါ့။

“အဲဒီ....တော့ မယားခေါင်းကို ...မြင်ချင်သေးရင်.. ဆန်းထောင်းတဲ့ မောင်းထဲသွားကြည့်.. ဘာဖြစ်သွားလဲ ကျုပ်ကိုလာမမေးနဲ့““

ယောကျာ်းလဲ အူယားဖားလျားနဲ့ ဆန်ကြိတ်မောင်းထဲသွားကြည့်တော့ အရိုးခေါင်းက ညက်ညက်ကြေနေပြီ။
ပထမတော့ သူ့မိန်းမ ဘာလုပ်တာလဲ ကြောင်ပြီး တွေးလိုက်မိသေးတယ်။
နောက်တော့မှ သူလိုချင်တဲ့ အဖြေကို အခုမှ သိရပြီမို့ ၀မ်းသာအားရ ထ အော်တယ်။

“သြော်. ငါ့မှာတော့ ဆင်နင်း၍သေသည့်တိုင်အောင်.. ဘာများဖြစ်မလဲ စဉ်းစားလိုက်ရတာ.. လက်စသပ်တော့ ...
ဆင်နင်း၍ သေသည့်တိုင်အောင် .. ဆန်မောင်းထဲမှာ ညက်ညက်ကြေအောင် အထောင်းခံရတဲ့အထိ ကံဆိုးရှာသူ” ဖြစ်နေပါပေါ့လား”...တဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။

-----------------------------------------------
ကျွန်တော်တို့ လူမှုဝန်းကျင်မှာ ကံဆိုးသူတွေ.. ကံနိမ့်သူတွေဟာ သူတို့ ကြုံရတဲ့ ဒုက္ခကို ပြောစကားနဲ့ ဖော်ကျူးချင်ရင်...
“ငါ့ခေါင်းကိုတော့ ဆင်နင်းပြီဟေ့” လို့ တင်စားလေ့ရှိကြပါတယ်။
အထက်လူကြီးရဲ့ အကြိမ်းအဟောက်ကို ခံရတော့မယ်ဆိုရင်  “မင်းခေါင်းတော့ ဆင်နင်းခံရတော့မယ်..လို့ သတိပေးလေ့ရှိပါတယ်။
အဆိုးဆုံးအခြေအနေကို ဖော်ပြတဲ့သဘောပါ။ ပြဿနာအကြီးကြီးတတ်ပြီ။ ငါတော့ ကံဆိုးပြီ... မင်းတော့ ကံဆိုးပြီဆိုတဲ့သဘောပါ။
ဒါပေမယ့် တကယ်တမ်းမှာတော့ ဆင်နင်းခံလိုက်ရတာ အဆိုးဝါးဆုံး ကံဆိုးတာတော့ မဟုတ်သေးပါဘူး။
သူ့ထက် ဆိုးတဲ့သူကတော့ “ဆင်နင်း၍ သေသွားသည့်တိုင် အမှုန့်ဖြစ်အောင် အထောင်းခံရတဲ့သူ”ပါပဲ။

မိတ်ဆွေ..
အခု... သင့်ခေါင်းကို ဆင်နင်းခံရပြီလား..။ စိတ်မပျက်ပါနဲ့။
သင့်ထက် ကံဆိုးသူတွေ အများကြီးရှိပါသေးတယ်။ :P

------- လင်းရောင် --------

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...