Wednesday, December 12, 2012

တော်လှန်ရေးတိုင်း အချည်းအနှီး မဖြစ်ပါ။


by Ko Htike on Wednesday, December 12, 2012 at 8:14am ·

နိုင်ငံရေးအတွက် လူထု လှုပ်ရှားမှုတိုင်းက ရလဒ် ၂ ခုကို ဦးတည်နေလေ့ရှိတယ်။

ပထမ ရလဒ်ကို တိုက်ရိုက်ရလဒ် (explicit result) နဲ့ ဒုတိယ တစ်ခုကတော့ သွယ်ဝိုက်ရလဒ် (implicit result) လို့ မြင်မိပါတယ်။

လူထု လှုပ်ရှားမှုတိုင်းမှာ လူထုက လိုချင်တဲ့ တိုက်ရိုက် ရလဒ် (explicit result) က ဖိနှိပ်ခံရတာ၊ ငြင်းပယ်ခံရတာ၊ ဆန့်ကျင်ဘက် ရလဒ်ကို ရတာ .. တွေ ရှိပါတယ်။ အမြဲလိုလို လူထု ဆန္ဒကို တိုက်ရိုက် မရတတ်တာ များပါတယ်။


ဒုတိယ ရလဒ်ဖြစ်တဲ့ သွယ်ဝိုက် ရလဒ်ကတော့ အမြဲရှိပြီး .. သူ့ရလဒ်က မမြင်သာပေမယ့် အရေးကြီးတဲ့ ကဏ္ဍမှာ ရှိပါတယ်။ ဒါပေမယ့် တော်လှန်ရေးသမားတွေ .. အထူးသဖြင့် အစွန်းရောက် တော်လှန်ရေးသမားတွေ (radical revolutionists) တွေကတော့ သွယ်ဝိုက်ရလဒ်ကို စိတ်မဝင်စားသလို ...လက်တလောကာလအတွက်ဆိုရင် ငြင်းပယ်လေ့ရှိတာကိုလည်း တွေ့ပါတယ်။

ထင်ရှားတဲ့ ကမ္ဘာ့တော်လှန်ရေး လှုပ်ရှားမှုဖြစ်တဲ့ ပြင်သစ်တော်လှန်ရေးကို ကြည့်ရင် .. မြေရှင် ပဒေသရာဇ်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ခြယ်လှယ်တဲ့ အုပ်မှုကို တော်လှန်တဲ့ ဖြစ်ရပ်ပေမယ့် .. ရက်စက်မှု၊ သွေးချောင်းစီးမှု၊ တုန်လှုပ်စရာ ကောင်းမှုတွေနဲ့ ရင်ဆိုင်ရပြီး .. ပဒေသရာဇ်ကနေ .. အာဏာရှင် နပိုလီယံနဲ့ အာဏာရှင် စနစ်ကို မွေးထုတ်ပေးလိုက်တယ်။ ဒီတော့ ဖိနှိပ်တဲ့ ဘုရင်စနစ်ကနေ .. ဖိနှိပ်တဲ့ အာဏာရှင်ကို မွေးလိုက်တာပဲ။ သိသာတဲ့ရလဒ်က အများမျှော်လင့်သလို အကောင်းဘက် ဖြစ်မလာဘဲ .. နပိုလီယံနဲ့ အာဏာရှင် ရလဒ်ဖြစ်လာတယ်။ ပြောရရင် လိုချင်တဲ့ တိုက်ရိုက် ရလဒ်ကို အခြားပုံစံနဲ့ ငြင်းပယ်ခံရလိုက်တယ်။

ဒါပေမယ့် သွယ်ဝိုက် ရလဒ်ကတော့ ကမ္ဘာမှာ မြေရှင် ပဒေသရာဇ်စနစ်ရဲ့ အဆုံးသတ်မှု နိဒါန်းဖြစ်ခဲ့တယ်။ .. အာဏာဟာ ပြည်သူကြားထဲက လာတာ ဖြစ်ပြီး .. နိုင်ငံရေးလွတ်လပ်ခွင့်၊ တရားဥပဒေ၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီ ဖေါ်ဆောင်ရေး ... စတဲ့ ဒီနေ့ခေတ် လူ့အဖွဲ့အစည်း တစ်ခုလုံးက လူတိုင်းလောက်နီးနီး ယုံကြည် လုပ်ဆောင်နေကြတဲ့ .. လွှတ်လပ်သော အယူဝါဒ (Liberalism) ကို အစပြုပေးနိုင်ခဲ့ပြီး ... ကမ္ဘာ့နိုင်ငံရေး လမ်းစဉ်ကြီး တစ်ခုလုံးကို ထောင့်ချိုး ကွေ့ချနိုင်ခဲ့တယ်။

မြန်မာ့ သမိုင်းကို ကြည့်ရင်လည်း ... ၁၉၂၀ ကျောင်းသား သပိတ်ကြီး ပေါ်ပေါက်ခဲ့တယ်။ အဲဒီနောက် ဆရာစံ သူပုန်ကိစ္စ၊ ဒို့ဗမာ အစည်းအရုံး .. စသဖြင့် လူထု လှုပ်ရှားမှုတွေ ပေါ်ခဲ့တယ်။ တိုက်ရိုက် ရလဒ်ဖြစ်တဲ့ လိုချင်တာတွေ မရဘဲ .. ဖိနှိပ်၊ ဖြိုခွင်း၊ သတ်ဖြတ်မှုတွေ တစ်ခုပြီးရင်ဆိုင်ခဲ့ရတယ်။ ဆရာစံတို့ .. ဆရာတော် ဦးဥတ္တမတို့ ကျဆုံးခဲ့ရတယ်။ တော်လှန်ရေး မအောင်မြင်ဘူးပေါ့။

ဒါပေမယ့် သွယ်ဝိုက်ရလဒ်ဖြစ်တဲ့ အမျိုးသားရေး စိတ်ဓါတ် နိုးကြားမှု၊ လွတ်လပ်ရေး ရအောင် ယူဖို့ ဆုံးဖြတ်မှု .. စတဲ့ နိုင်ငံရေး အသိစိတ်ဓါတ်တွေ နိုးကြားခဲ့ရာကနေ .. မြန်မာပြည်ဟာ လွတ်လပ်ရေးကို အစောဆုံးရခဲ့တဲ့ နိုင်ငံတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ခဲ့တယ်။ မြန်မာ့ နိုင်ငံရေးနဲ့ လွတ်လပ်ရေး သမိုင်းကို အဲဒီ လူထု လှုပ်ရှားမှုတွေကနေ အစပြုပြီး ထောင့်ချိုးကွေ့ချနိုင်ခဲ့တယ်။

အဲဒီကနေ .. ၁၉၆၂ အာဏာသိမ်း အစိုးရပေါ်လာတယ်။ မှိုင်းရာပြည့်၊ ဦးသန့် အရေးအခင်းတွေကနေ .. ဖိနှပ်တဲ့ အာဏာရှင်ကို တော်လှန်တယ်။ ဖြိုခွင်းခံရတယ်။ တိုက်ရိုက် ရလဒ် မရခဲ့ဘူး။ ၁၉၈၈ မှာ တော်လှန်ရေး ဖြစ်တယ်။ တိုက်ရိုက် ရလဒ် တစိတ် တပိုင်းအဖြစ် .. အာဏာရှင် ဦးနေဝင်းကို .. နိုင်ငံရေး စင်မြင့်ကနေ ဖယ်ရှားနိုင်ခဲ့တယ်။ ဒါပေမယ့် တိုက်ရိုက် ရလဒ်အဖြစ်တော့ မပြည့်ဝခဲ့ဘူး။ အများသိကြတဲ့အတိုင်း နောက်ထပ် အာဏာရှင် စနစ်ကို အစပြုခဲ့တယ်။ ဒါပေမယ့် သွယ်ဝိုက် ရလဒ်တွေ အဖြစ် .. လူထုကြားထဲမှာ အာဏာရှင် စနစ်ကို တော်လှန်ဖို့နဲ့ လက်မခံလိုတဲ့ စိတ်ဓါတ်နဲ့ အာဏာရှင် အမြစ်ဖြူတ်ရေး ဦးတည်မှုရဲ့ အစပြု လှုပ်ရှားမှုတွေလို့ .. ဆိုလို့ရတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးက တောင်းဆိုချက်တွေ (ကျွန်တော်မှတ်မိသလောက်) တစ်ခုမှ မရခဲ့ဘူး။ တိုက်ရိုက်ရလဒ်က ဖိနှိပ် ဖြိုခွင်း၊ သတ်ဖြတ်၊ ထောင်ချတာနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ သွယ်ဝိုက်ရလဒ်ကတော့ .. အဲဒီ တောင်းဆိုချက်တွေထဲက တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ ဖမ်းဆီးခံ အကျဉ်းသားများ လွတ်မြောက်ရေး၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ... စတာတွေ ပေါ်လာဖို့ အစပြုတဲ့ လှုပ်ရှားမှု ဖြစ်တယ်ဆိုရင် ငြင်းလို့ ရနိုင်မယ် မထင်ဘူး။

အခုလည်း လက်ပံတောင်းတောင် ဆန္ဒပြပွဲကနေ ... သံဃာတွေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်၊ လူထု တောင်းဆိုချက် အကုန်လုံးကို တိုက်ရိုက် ရလဒ်အဖြစ် ရနိုင်ဖို့ မသေချာသေးပါဘူး။ ဒါပေမယ့် ... သွယ်ဝိုက်ရလဒ်အဖြစ် .. တရားလက်လွတ် ရင်းနှီးမြှုပ်နှံမှုတွေ နောင်ကာလတွေမှာ ဆက်မဖြစ်ဖို့၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မယ့် စီးပွားရေးတွေကို လက်တွန့်တာတွေ၊ .. ဦးပိုင် ကုမ္ပဏီက လက်ဝါးကြီးအုပ် .. လုပ်ချင်ရာ လုပ်ခဲ့တာတွေကို ပြည်သူတွေက သတိထားမိပြီး ... အချိန်ကာလ တစ်ခုမှာတော့ .. အဲဒီလို မတရားမှုတွေကို ရပ်တန့်သွားတာ၊ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နှင်းမှုတွေ မလုပ်တော့တာ ... စတာတွေကို ... အခု ဖြစ်နေတဲ့ လူထု လှုပ်ရှားမှုတွေကနေ ... သွယ်ဝိုက် ရလဒ်တွေအဖြစ် ရရှိသွားနိုင်ပါတယ်။ ဒါ့အပြင် .. ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ လူမှု လူ့အဖွဲ့အစည်းနဲ့ .. တိုးတက်တဲ့ နိုင်ငံအဖြစ် ရရှိဖို့ဟာ .. ယနေ့ လူထု လှုပ်ရှားမှုရဲ့ အစအဖြစ် ... သွယ်ဝိုက် ရလဒ်ကနေ အကျိုးကျေးဇူဒအဖြစ် ရရှိမယ်လို့ ယုံကြည်နေမိပါတယ်။

တော်လှန်ရေးတိုင်း အချည်းအနှီး မဖြစ်ပါ။

လေးစားစွာဖြင့်
ကိုထိုက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...