Thursday, December 6, 2012

တိုက်စားခြင်းခံလေလွင့်ရွက်ဝါ


by မိုးကြာညို မိုး on Thursday, December 6, 2012 at 9:55am 


“ဟာ.... ဖွားဖွားကလဲ ဒီမှာ ဟင်းတွေမှောက်ကျကုန်ပြီ.. ကိုကိုထွဋ်ကို အားနာစရာ... ဆောရီးနော်
ကိုကိုထွဋ်... ဖွားဖွားက လက်တွေတုန်နေတော့ ... အို.. မဟုတ်သေးပါဘူး.. ဖေဖေ.. ကိုကိုထွဋ်ကို
အ၀တ်လဲဖို့ တစ်ခုခုလုပ်ပေးပါဦး.. မေမေရာ ဖွားဖွားကို တ၀ိုင်းတည်းမကျွေးပါနဲ့တော့.. ဧည့်သည်
ကို အားနာစရာကောင်းလှပြီ..
ဟင်းချိုခပ် ဟင်းချိုမှောက်ကျ.. မမှီတဲ့ ဟင်းဆိုလဲ မစားပါနဲ့လား၊
အခုတော့ သူမမှီမကမ်းယူလို့ ကိုကိုထွဋ်ပေါ်ကို ဟင်းတွေမှောက်ကျကုန်ပြီ”
 -
ဖွားရီရီရင်ထဲမှာတော့

မြေးလေးရယ်.. ဖွားဖွားမှ မြေးတို့ပြင်ဆင်ထားတဲ့ အသားဟင်းတွေ အရွက်သုပ်တွေ အကြော်တွေ
မ၀ါးနိုင်တာ.. အဖွားဝါးနိုင်တာဆိုလို့ ဒီဟင်းချိုလေးပဲရှိလို့ပါကွယ်.. မြေးလေးကို အရှက်ရအောင်
လုပ်ဖို့ မရည်ရွယ်ပါဘူး... မြေးရဲ့ ကောင်လေးကိုလဲ ဟင်းတွေပေကျံပါစေလို့ စိတ်မကူးပါဘူးကွယ်

-
(Google မှ ကူးယူပါသည်။)

နှစ်တစ်နှစ်ကုန်ဆုံးခါနီး ၁၁လပိုင်း ၁၂လပိုင်းသို့ ရောက်လေတိုင်း အဖွား ဒေါ်ရီရီတစ်ယောက်
သကြားလုံးလေးတွေ၊ ချောကလက်လေးတွေ၊ လက်ကိုင်ပုဝါလေးတွေ၊ ရင်ထိုးလှလှလေးတွေ
ခိုးခိုးဝယ်ရတာ ဆယ်စုနှစ်တစ်ဝက်ကျော်တောင်ရှိခဲ့ပြီ။ ခရစ္စမတ်ကျရင် ဟိုမြေးလေးများ
လာမလား၊ ဒီမြေးလေးများလာမလား၊ မြေးလေးတွေရဲ့ သူငယ်ချင်းတွေများ ပါလာဦးမလားဆိုပြီး
အဖွားရီရီငယ်ငယ်တုန်းကကြိုက်တတ်ဖူးတဲ့ စားစရာတွေ၊ ပစ္စည်းပစ္စယတွေ ၀ယ်စုနေရတာပေါ့။

ကိုယ်တိုင်လဲဆင်းဝယ်နိုင်တာမဟုတ်ပါဘူး။ အိမ်မှာ အ၀တ်လာလျှော်တဲ့ မမြတင်ကို မုန့်ဖိုးနည်းနည်း
ပေးပြီး ဘာကဘယ်နှခု၊ ဘာကဘယ်နှထည်၊ ဒါကတော့ ညည်းဖို့မုန့်ဖိုးဆိုပြီးတော့ ကိုယ့်ရှိတဲ့
ပိုက်ဆံလေးနဲ့ချင့်ချိန်ပြီး တတိတိဝယ်စုနေရတာပဲ။ အခုနေတဲ့ တိုက်ခန်း (အဖွားကတော့
စာကလေးအိမ်လို့ပြောတတ်တယ်) က ရန်ကုန်မြို့လယ်နဲ့ မနီးမဝေး ၆လွှာမှာ။ အသက် ၇၀ကျော်
ပြီးကတည်းက ဒူးကမကောင်းတော့။ ၆လွှာကို ဘယ်လိုမှ အတက်အဆင်းမလုပ်နိုင်တာကြာပြီ။
ဖြစ်ကာစ ကနေ လွန်ခဲ့တဲ့ ၇-၈နှစ်လောက်ထိ ခရစ္စမတ်နဲ့ အီစတာ (ရှင်ပြန်ထမြောက်တော်မူရာနေ့)
လောက်ပဲ ဘုရားကျောင်းသွားဖြစ်တော့တယ်။ အဲဒါလဲအတူနေတဲ့သားက ပွေ့တင်ပွေ့ချပေး
လို့သာပေါ့။ အဲ... အခုတော့ အဲဒီသားက စက်ရုံမှုးကြီးဆိုလားဖြစ်သွားပြီတဲ့။ ချွေးမကလဲ
သားမသွားနိုင်တဲ့ လူမှုရေးကိစ္စတွေ၊ နိုင်ငံခြားပို့ထားတဲ့ သားသမီးကိစ္စတွေလုံးပန်းနေရရှာတော့
အိမ်မှာရှိတယ်ရယ်ကို မရှိပါဘူးလေ။ ဒီတော့ သားရော ချွေးမရော အဖွားကို ဘယ်မှလိုက်မပို့နိုင်
ကြတော့ဘူးပေါ့။ ဒါပေမယ့် သားသမီးဝတ္တရားတော့ ကျေပွန်အောင်ကြိုးစားကြရှာပါတယ်။

မနက်မိုးလင်းရင် ဖွားရီရီအတွက် ရေနွေးစပ်ပြီးသား မျက်နှာသစ်ရေလေးနဲ့ အိုဗာတင်းတစ်ခွက်၊
ကြက်ဥတစ်လုံး၊ ကိတ်မုန့်နုနုလေးတစ်ချပ်ကတော့ အမြဲအိပ်ယာဘေးမှာ အဆင်သင့်ရှိပြီးသား။
အဲဒီအချိန် ချွေးမက သားရုံးသွားဖို့၊ ထမင်းချိုင့်ပြင်ဖို့၊ မီးဖိုထဲမှာ ချက်ပြုတ်နေပြီ။ ၁၁ နာရီဆို
ဟင်းချိုလေးနဲ့ အသားပြုတ်တပွဲ၊ ထမင်းတပွဲက အ၀တ်လျှော်တဲ့ ကောင်မလေး ပြင်ဆင်ပေးတယ်။
နေ့လည် ၂နာရီဆို အိုဗာတင်းနဲ့ ပေါင်မုန့်အနုစားလေး တစ်ခါစားရပြန်တယ်။ ညနေ၅ နာရီကျတော့
နေ့လည်ကလိုပဲ ဟင်းချိုနဲ့ အသားပြုတ်နဲ့ ညနေစာပေါ့။

သားကလဲ ရာထူးတွေကြီးလာလို့လားမသိပါဘူး။ အရင်လို အမေ့နဖူးလေးတောင် နမ်းပြီး
လာမနှုတ်ဆက်တာကြာလှပြီ။ မေမေနေကောင်းရဲ့လား။ ဘယ်သွားချင်လဲ။ ဆေးသောက်ပြီးပြီလား။
မေမေဆေးမသောက်ရသေးရင် သားတိုက်မယ်ဆိုတာမျိုးတွေ မကြားရတာကြာပေါ့။ ချွေးမကတော့
တခါတခါ လျှော်စရာအ၀တ်တွေ လာယူပေးလေရဲ့။ စကားပြောချင်ပေမယ့် သူတို့လေးတွေ
အလုပ်ရှုပ်ရှာတယ်မဟုတ်လားနော်။ တခါတုန်းက ချွေးမလေး အ၀တ်လျှော်စရာတွေလာယူတုန်း

သမီးရယ်.. မေမေ့ကို ကျမ်းစာလေးဖတ်ပြပါလားဟင်... မျက်မှန်ရှာမတွေ့လို့ပါ

ဆိုပြီးပြောတော့ သူ့ခမျာအလုပ်ရှုပ်တဲ့ကြားက မျက်မှန်ရအောင်ရှာပေးသွားပေမယ့် ကျမ်းစာတော့
ဖတ်မပြနိုင်ဘူး။

ဒီမှာမေမေ့မျက်မှန်.. စာတွေအများကြီးဖတ်မနေနဲ့ဦး.. မျက်မှန်ပါဝါတိုးလို့ အသစ်လုပ်ရရင်
လွယ်တာမဟုတ်ဘူး

ဆိုတော့ မေမေအလိုက်သိရတာပေါ့။ ဟုတ်ပါတယ်။ ခမျာလေးတွေ မျက်မှန်ဖိုးကုန်ကျစရိတ်ရှိမယ်။
၆လွှာကနေ ဒီဒုက္ခိတကြီးကို သယ်ရပိုးရနဲ့ မျက်မှန်စမ်းဖို့ဆေးခန်းပြရဦးမယ်ဆိုတော့ သူပြောတာလဲ
မှန်ပါတယ်လေ။ မေမေက ချွေးမလေးနဲ့စကားပြောဖို့ အချိန်နည်းနည်းလေးယူချင်တာပဲ ရှိတာပါ။
ဒါတွေကို မတွက်မိလိုက်ပါဘူး။

ခရစ္စမတ်ဆိုတာ အဖွားရီရီအတွက်တော့ မျှော်လင့်ချက်ကြီးတစ်ခုဖြစ်ခဲ့တာ လွန်ခဲ့တဲ့ ၂နှစ်ထိပါပဲ။
နယ်ကသားသမီးမြေးမြစ်တွေလာကြ၊ ဘုရားဝတ်ပြုကြ၊ မိသားစုထမင်းဝိုင်းလေး ၂-၃ရက်တော့
ရှိနေတော့ ဖွား အတွက် တကယ့်ပျော်စရာအချိန်ပါပဲ။ အဲဒီနှစ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ဆိုရမလား?
ချို့ယွင်းလာတဲ့ အာရုံကြောတွေကြောင့်လား? ဘုရားသခင်ကိုပဲ အပြစ်ဖို့ရမလားမသိတော့ပါဘူး။
အတူနေသားရဲ့ သမီးအကြီးဆုံးအတွက် သတို့သားလောင်းကို ခရစ္စမတ်ညစာစားပွဲဖိတ်ခဲ့ကြတယ်လေ။

-

“ဟာ.... ဖွားဖွားကလဲ ဒီမှာ ဟင်းတွေမှောက်ကျကုန်ပြီ.. ကိုကိုထွဋ်ကို အားနာစရာ... ဆောရီးနော်
ကိုကိုထွဋ်... ဖွားဖွားက လက်တွေတုန်နေတော့ ... အို.. မဟုတ်သေးပါဘူး.. ဖေဖေ.. ကိုကိုထွဋ်ကို
အ၀တ်လဲဖို့ တစ်ခုခုလုပ်ပေးပါဦး.. မေမေရာ ဖွားဖွားကို တ၀ိုင်းတည်းမကျွေးပါနဲ့တော့.. ဧည့်သည်
ကို အားနာစရာကောင်းလှပြီ.. ဟင်းချိုခပ် ဟင်းချိုမှောက်ကျ.. မမှီတဲ့ ဟင်းဆိုလဲ မစားပါနဲ့လား၊
အခုတော့ သူမမှီမကမ်းယူလို့ ကိုကိုထွဋ်ပေါ်ကို ဟင်းတွေမှောက်ကျကုန်ပြီ”

-

ဖွားရီရီရင်ထဲမှာတော့

မြေးလေးရယ်.. ဖွားဖွားမှ မြေးတို့ပြင်ဆင်ထားတဲ့ အသားဟင်းတွေ အရွက်သုပ်တွေ အကြော်တွေ
မ၀ါးနိုင်တာ.. အဖွားဝါးနိုင်တာဆိုလို့ ဒီဟင်းချိုလေးပဲရှိလို့ပါကွယ်.. မြေးလေးကို အရှက်ရအောင်
လုပ်ဖို့ မရည်ရွယ်ပါဘူး... မြေးရဲ့ ကောင်လေးကိုလဲ ဟင်းတွေပေကျံပါစေလို့ စိတ်မကူးပါဘူးကွယ်

-

ဒီလိုနဲ့ ဖွားဖွားရီရီတစ်ယောက် မိသားစုထမင်းဝိုင်းနဲ့ဝေးခဲ့ရတာလဲ ကြာပါပြီ။ ဖွားကို မိသားစု
ထမင်းဝိုင်းကဖယ်ထုတ်ခဲ့တဲ့ မြေးမနဲ့မြေးသားမက်တို့ မင်္ဂလာဆောင်ကို ဖွားဖွားရီ မလိုက်ရပါဘူး။
ပွေ့ပေးသယ်ပေးမယ့်သူ မရှိသလို မြေးတို့ ဇနီးမောင်နှံကလဲ ဖွားကို မလာစေချင်ဘူးထင်ပါရဲ့။
မြေးလေးတို့လင်မယားလဲ စင်္ကာပူကိုထွက်သွားတာ နှစ်ခါတောင်လည်တော့မယ်ထင်တယ်။
အဲဒီမြေးမလေးအောက် မြေးယောက်ျားလေး နှစ်ယောက်လည်း နိုင်ငံခြားမှာ အလုပ်လုပ်ရင်း
စာဆက်သင်ကြတယ်ဆိုပဲ။ တကယ်တော့ ဒီမြေးလေး ၃ ယောက်ကို တခြားမြေးတွေထက်
ဖွားဖွားရီ အချစ်ပိုခဲ့ပါတယ်။ သူတို့လေးတွေမွေးကတည်းက ကိုယ့်လက်ပေါ်ကြီးကြတာကိုး။
အိမ်ကိုဖုန်းလာတဲ့အသံကြားတိုင်း သူတို့လေးတွေ ဖုန်းဆက်တာများလား။ ဖွားဖွားနဲ့စကားပြော
ချင်တယ်လို့အခေါ်ခိုင်းလေလိမ့်မလားဆိုပြီး မျှော်နေမိတာ ကလေးတွေသိမှသိကြပါလေစကွယ်။

-

“မေမေ... ဆီးသွားချင်တယ်ဆို သမီးကိုခေါ်လို့ ဘယ်နှခါပြောရမလဲဟင်... ကြည့်ပါဦး...
စောင်တွေရော အိပ်ယာခင်းတွေရော လျှော်ရတော့မယ်... အ၀တ်လျှော်တဲ့သူကို ဒါတွေလျှော်ခိုင်းရင်
အနည်းဆုံးတစ်ထောင်လောက်ပိုပေးရတာ မေမေမသိဘူးနော်... သမီးတို့ရှာနေဖွေနေတာ
ဒီလိုအပိုတွေကုန်ဖို့မဟုတ်ဘူး.. နောက်တခါဆို သမီးကို ခေါ်ဖြစ်အောင်ခေါ်ပါ။ ဒီလိုချည်းပဲ
လုပ်နေလို့ကတော့ မလျှော်ပေးတော့ဘူး.. ဒီအတိုင်းပဲထားလိုက်တော့မှာ... စိတ်ညစ်ပါတယ်”

-

“ကိုကိုရေ.. ကိုကို့မေမေက တော်တော်ပြောရဆိုရခက်တာပဲ... သူလုပ်လို့ သားငယ်ပို့လိုက်တဲ့
ကော်ဇောမှာလဲ မိုင်လိုတွေပေလိုပေ.... အပေါ့သွားတာလဲ စည်းမရှိကမ်းမရှိ.. ခင်ဘယ်လိုလုပ်ရမလဲ..
ဒီကြားထဲ သမီးရေ စာဖတ်ပြပါဦး။ ကျမ်းစာလေးတပိုဒ်လောက်ဖတ်ပေးပါဦး နဲ့ .. စားစရာသောက်စရာ
သူ့အချိန်နဲ့သူ... ဆရာဝန်ဆိုလဲ နှစ်ပါတ်တစ်ခါ... ဒီလောက်ပြည့်ပြည့်စုံစုံထားပေးတာတောင်မှ
ဘာလေးဖြစ်ဖြစ် သမီးရေ သမီးရေနဲ့ ခင်တော်တော်စိတ်ညစ်လာပြီ... မေ့တတ်တာလဲ လွန်ရော
ဘာပြောပြော အမှတ်အသားကိုမရှိဘူး.. တစ်ခါနှစ်ခါမေးရင် ဖြေနိုင်သေးရဲ့... သုံးလေးငါးခါ ဖြစ်လာတော့
ဒီကလဲ အားယားနေတာမဟုတ်ဘူး။ လူမှုရေးကိစ္စတွေ၊ ကလေးတွေကိစ္စတွေနဲ့ သွားရလာရသေးတာ။
အနောက်နိုင်ငံတွေလို လူအိုရုံသွားပို့ပြီး ပိုက်ဆံပေးပြီး ထားလို့ရရင် ထားချင်ပါရဲ့... တကတည်းတော်...
လမ်းဘေးမှာ သူ့အရွယ်တွေ တောင်းစားနေရတာ တပုံကြီး... ဘယ်သူက ချေးကလူ သေးကလူ
လုပ်ပေးနေလို့လဲ”

-

“ကိုကို့မေမေကို ခင်တော့ ပြောကိုမပြောချင်တော့ဘူး.. တကယ်.. တကယ်.... အဲဒါတွေကြောင့်
ဘယ်သားသမီးမှ သူ့ကိုမခေါ်ထားချင်တာ.... မြေးတွေကိုဆိုလဲ ဘာတွေကျွေးမှန်းမသိ..
ကလေးတွေက သူ့ သကြားလုံးအရည်ပျော်တွေ၊ ချော့ကလက်မှိုတက်တွေ၊ လက်ကိုင်ပုဝါအစုတ်
တွေ စားတတ်သုံးတတ်မယ်များ မှတ်နေလားမသိဘူး... ဘယ်ကဘယ်လိုပိုက်ဆံတွေရပြီး
ဒါတွေကို ဘယ်သူ့များဝယ်ခိုင်းနေပါလိမ့်နော်... တကယ်စိတ်ပျက်ဖို့ ကောင်းတယ်....
ဒါနဲ့ ကိုကိုမီးခံသေတ္တာသော့တွေ ဘာတွေသေချာသိမ်းနော်.. ခင်က မေမေ့ကို မယုံလို့ ပြောတာ
မဟုတ်ဘူး... အိမ်မှာက သူတစ်ယောက်တည်းရှိချိန်.. အ၀တ်လျှော်တဲ့လူတွေ အိမ်သန့်ရှင်းရေး
လုပ်တဲ့လူတွေ ၀င်ထွက်နေတာ... မေမေ့ကို အန္တရာယ်ဖြစ်မှာစိုးလို့ပါ.. ဟင်းးဟင်းး”

-

မေမေမကြားလောက်ဘူးထင်လို့ သူတို့အခန်းထဲမှာ ပြောနေသမျှ မေမေအကုန်ကြားနေရတာပေါ့။
ချောင်းဆိုးချင်တာတောင် သားနဲ့သမီးတို့ကြားသွားပြီး ချောင်းနားထောင်တယ် ထင်မှာစိုးလို့
အတင်းမြိုသိပ်ကြိတ်မှိတ်အောင့်ထားလိုက်ပါပြီ။

-

သမီးနဲ့သားရေ.. မေမေ့ရင်ထဲမှာ ကလေးတို့ကို ပြောချင်တာတွေ အများကြီးပါကွယ်။

-

ဒါပေမယ့် သားတို့သမီးတို့ စိတ်မချမ်းသာမှာစိုးလို့ မေမေ မြိုချထားလိုက်ပါပြီ။

-

အခုတော့ ဖွားဖွားရီတစ်ယောက်

သကြားလုံးလေးတွေ

ချောကလက်လေးတွေ

လက်ကိုင်ပုဝါလေးတွေ

ရင်ထိုးလှလှလေးတွေ....... စုရင်း.........စုရင်း..............

မြေးလေးမြစ်လေးတွေကို မျှော်ရင်း........... မျှော်လင့်ရင်း........

သားသမီးမြေးမြစ်တွေအတွက် စက္ကန့်မလပ် ဆုတောင်းရင်း.............

ကောင်းကင်နိုင်ငံတော်ကို မြန်မြန်သွားခွင့်ရဖို့သာ ၀တ်ပြုရင်း.....................


-



ချစ်ခြင်းများစွာဖြင့်

မိုးကြာညို

(ချစ်သူငယ်ချင်း Mg Myatthu နဲ့ ညီ့ အတွက် မွေးနေ့လက်ဆောင်လေးပါ။
ရွှေမရှိ ငွေမရှိ လက်ဗလာသမားမို့လို့ တန်ဖိုးကြီးလက်ဆောင်တွေ မပေးနိုင်ပါဘူး။
အမှတ်တရ တွေးစရာ တစ်ခုခုရတယ်ဆိုရင်ပဲ မွေးနေ့လက်ဆောင်ကို လက်ခံတယ်လို့
မှတ်ယူပါရစေ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...