ရောဂါ ရှာဖွေခြင်းနှင့် ကုထုံး စဉ်းစားခြင်း
by Ko Htike on Thursday, December 6, 2012 at 11:18am
မြန်မာပြည်ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ်လေးမျက်နှာလုံးကို လက်ညှိုးထိုးကြည့် ... ပြဿနာက ဘယ်အရပ်မှာမှ မလွတ်ဘူး။ အရှေ့မှာ ရှမ်း လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေက အပြီးတိုင် မငြိမ်းသေးဘူး။ အနောက်မှာတော့ ရခိုင်ပြည်က ပြဿနာ။ တောင်ဘက်မှာ ကရင် လက်နက်ကိုင် အရေးနဲ့ မြောက်ဘက်မှာတော့ တနှစ်ကျော်ကြာ ကချင်ပြည်နယ်က ပြည်တွင်းစစ်။ အလယ်မှာဆို လက်ပံတောင်းတောင် ကိစ္စ။
ဒါတွေက လက်ရှိမှာ .. ကြီးမား ထင်ရှားတဲ့ ပြဿနာတွေကိုပဲ ညွှန်းကြည့်မိတာ။ အခြား ပြဿနာတွေ ဖြစ်တဲ့ တိုင်းရင်းသား ရေးရာ ကိစ္စ၊ လယ်သိမ်း၊ ယာသိမ်း၊ အလုပ်သမားရေးရာ၊ ရာဇဝတ်မှု၊ ဆင်းရဲမွဲတေမှု၊ ၊ လာဘ်စားမှု၊ လျှပ်စစ် ဓါတ်အား မလုံလောက်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ တရားဥပဒေရေးရာ ယိုယွင်းမှု၊ ကျန်းမားရေး၊ ပညာရေး .. စတာတွေ ထည့်တွေးလိုက်ရင် မနည်းလှဘူး။
လူမှုရေးပိုင်းကြည့်ဦးမလား။ လူကုန်ကူးမှု အန္တရာယ်၊ မူးယစ်ဆေးဝါးနဲ့ နောက်ဆက်တွဲ ပြဿနာ၊ ကူးဆက်ရောဂါ အန္တရာယ်၊ .. လူငယ်တွေနဲ့ ကမ္ဘာ့အရှေ့ အနောက် ယဉ်ကျေးမှု ကူးဆက်တဲ့ ပြဿနာ၊ အလွယ်လိုက် အကျင့်ပျက်တာကို အထင်ကြီးလေ့ရှိတဲ့ အတွေးအခေါ် တချို့၊ အနှစ် (၂၀) ကျော် အကြောက်တရား လွှမ်းမိုးခံရမှုရဲ့ နောက်ဆက်တွဲ .. လူသားအချင်းချင်း ယုံကြည်မှု ပြဿနာနဲ့ တချို့သော အတ္တ ရှေ့တန်းတင်မှု ပြဿနာ၊ ဘာသာရေး အစွန်းရောက်မှု အတွေးအခေါ် တချို့၊ ဦးနှောက် ယိုစီးမှု အရေးကိစ္စ၊ ပြည်ပနဲ့ မြို့ပေါ်ဒေသတွေမှာ အလုပ် လုပ်နိုင်တဲ့ အသက်ငယ်ရွယ်သူတွေ စီးပွားရှာနေရပြီး အမျိုးသမီး၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေပဲ များလာနေတဲ့ တောနယ်ဘက်က အလုပ် လုပ်နိုင်သူအရည်အတွက် ကျဆင်းလာနေမှု ပြဿနာ၊ ပြည်ပရောက် မြန်မာ အလုပ်သမားတွေရဲ့ လုပ်ကိုင်၊ နေထိုင် စားသောက်မှုအပါအဝင် အလုပ်သမား အခွင့်အရေး၊ လူအခွင့်အရေး ချိုးဖေါက်ခံရမှု ပြဿနာ၊ အဲဒါတွေနဲ့ တဆက်တည်း .. တရားမဝင် ငွေလွှဲမှုနဲ့ ငွေကြေး ခဝါချမှု ပြဿနာ၊ သက်ကြီးရွယ်အို၊ မိဘမဲ့ ကလေးတွေနဲ့ မသန်စွမ်းသူများကို စောင့်ရှောက်မှု အားနည်းတဲ့ ပြဿနာ၊ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးမားတဲ့ ပြဿနာ၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနဲ့ မကြာခင် ဖြစ်လာတော့မယ့် မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားမှု ပြဿနာ၊ စစ်ပွဲတွေကြောင့် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည် စခန်းတွေမှာ ရက်ပိုင်း လပိုင်းကနေ .. ဆယ်စုနှစ်နဲ့ ချီပြီး နေထိုင်နေရသူတွေရဲ့ အရေးနဲ့ .. အဲဒီလူတွေရဲ့ သားသမီး မျိုးဆက်တွေ ကြုံလာရမယ့် ပြဿနာ ... စတာတွေ .. အများကြီးပဲ။
ဒါတွေတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ အခု မဖြစ်သေးပေမယ့်.. ရှေ့ဆက်ပြီး ဖြစ်လာနိုင်မယ့် .. ပြဿနာတွေကလည်း ရှိသေးတယ်။ ဥပမာ .. ပေါက်ကွဲခါနီး မီးတောင် တစ်ခုက ချော်ရည် တချို့ ထွက်လာပြီးမှာ ခဏ ပြန်ငြိမ်သွားသလို ဖြစ်နေပေမယ့် .. မကြာခင်မှာ ပေါက်ကွဲထွက်လာနိုင်တဲ့ ဧရာဝတီ မြစ်ဆုံပြဿနာ။ ဒါ့အပြင် ကမ္ဘာ့ နိုင်ငံအသီးသီးကနေ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာရင် .. ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တဲ့ ကျွမ်းကျင် အလုပ်သမား ရှားပါးမှုနဲ့ ခွဲခြား ဆက်ဆံခံရနိုင်မှု၊ မသိမသာရော သိသိသာသာပါ ချိုးဖေါက်ခံရတော့မယ် အလုပ်သမား အခွင့်အရေးအတွက် ကာကွယ်ပေးနိုင်မှု၊ စီးပွားရေး နဲ့ အတူ အခုထက် ကြမ်းကြမ်းတမ်းတမ်း ရောပါဝင်လာရောက်မယ့် .. အနောက်ယဉ်ကျေးမှုနဲ့ မြန်မာ့ ယဉ်ကျေးမှု ထိခိုက်မိမဲ့ ပြဿနာ။ ဒါတွေအပြင် .. အရင်က ဆိုးမွေတွေ ဖြစ်ပြီး လူသူ မသိသေးတဲ့ အခြားသော ပြဿနာမျိုးစုံ၊ ဥပမာ .. ဓါတ်ငွေ့ပိုက်လိုင်း၊ မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံ ကားလမ်း၊ မြန်မာနိုင်ငံ အနောက်ဘက် ပင်လယ် ထွက်ပေါက်အတွက် ... ဖေါက်လုပ်လာနိုင်မယ့် ရထားလမ်း ကိစ္စ ... ဒါ့အပြင် ကျွန်တော်တို့ မှန်းကြည့်လို့ မရနိုင်တဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာ အသစ်တွေပါ ပေါင်းလိုက်ရင် စာရင်းအတော်ရှည်သွားလိမ့်မယ်။ အခုတောင် စာရင်းက မနည်းလှဘူး။
တချို့က ဒါတွေ အားလုံးဟာ နိုင်ငံရေး ပြဿနာကို အခြေခံပြီး ဖြစ်လာတာကြောင့် အဲဒီ နိုင်ငံရေး ပြဿနာကို ဖြေရှင်းလိုက်ရင် အားလုံး ပြေလည်သွားလိမ့်မယ်လို့ အပေါ်ယံ ပြောဆိုတာတွေလည်း ကြားရပါတယ်။ အချို့ကလည်း စီးပွားရေး ကောင်းလာရင် ပြေလည်သွားလိမ့်မယ်လို့ ယူဆသူတွေရှိသလို ... တိုင်းရင်းသား တန်းတူအခွင့်အရေး ရလာရင် ပြေလည်သွားလိမ့်မယ်လို့ အမြင်နဲ့ ပြောနေသူတွေလည်း ရှိပါတယ်။
လက်တွေ့မှာတော့ .. ပြဿနာ တစ်ခုဟာ စတင်ဖြစ်ပြီ ဆိုတာနဲ့ သူနဲ့ သက်ဆိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ၊ ဘေးထွက်ဆိုးကျိုး ပြဿနာ၊ မူရင်းပြဿနာဆိုပြီး ကွဲထွက်လာပါတယ်။ အဲဒီ ပြဿနာတွေဟာ တချို့က သီးခြားကို ဖြေရှင်းရတာမျိုး ဖြစ်လာပြီး ... အဲဒီ သီခြား ပြဿနာတွေကနေ .. နောက်ထပ် ဘေးထွက် ဆိုးကျိုးနဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဆင့်ကဲ ဖြစ်ပေါ်လေ့ရှိပါတယ်။ အင်္ဂလိပ်လိုကနေ မြန်မာလို တိုက်ရိုက် ဘာသာ ပြန်ရရင်တော့ နှင်းဘောလုံး အကျိုးသက်ရောက်မှု (snowball effect) ပေါ့။ လက်တဆုပ်စာလောက် နှင်းခဲဟာ သဘာဝ အတိုင်းပဲ ဖြစ်ဖြစ်၊ ကိုယ့်ဘာသာ လုံးပြီးပဲ ဖြစ်ဖြစ် ... အဲဒီ နှင်းဘောလုံးကို .. နှင်းတောထဲ လှိမ့်ပြီး တွန်းတာတို့၊ သဘာဝ အလျှောက် တောင်ဆောင်းကနေ ကျလာတာတို့မှာ .. နှင်းဘောလုံး အသေးလေးကနေ .. အချိန် ကြာလာတာနဲ့ အမျှ လမ်းတလျှောက် နှင်းတွေ ကပ်ပါလာပြီး ... နှင်းဘောလုံး အကြီးကြီး ဖြစ်လာတဲ့ အကျိုး သက်ရောက်မှုပေါ့။ မူလက သေးပေမယ့် ကြာလာတာနဲ့အမျှ ကြီးလာတာမျိုးတွေ .. ရှိလာသလို .. ဖိတ်စင်ခြင်း အကျိုးသက်ရောက်မှု (spillover effect) လိုမျိုး ... တစ်ခုကနေ နောက်တစ်ခုကို ထပ်ဆင့် ပွားလာတာတွေက .. အမြဲရှိနေတော့ .. ဖြစ်နေတာတွေရဲ့ မူရင်း ပြဿနာကို ပြေလည်အောင် ဖြေရှင်းလိုက်တာတောင် ပြဿနာတွေက ပြေလည်မှာ မဟုတ်ပါဘူး။
ဥပမာ .. တိုင်းရင်းသာ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ် အခွင့်အရေးအတွက် လက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်ရာကနေ ...တိုက်ရိုက်ဆိုးကျိုး ဖြစ်တဲ့ .. လူတွေ သေကြေမှု အရေး ကိစ္စ၊ ... နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် .. ဒေသတွင်း မတိုးတတ်မှု၊ ပြည်သူတွေ စစ်ဘေးဒဏ်ခံရပြီး ကြောက်လန့်နေရမှု၊ တရားဥပဒေ စိုးမိုးရေး အားနည်းမှု ... စတာတွေ ဖြစ်လာပါတယ်။ ဘေးထွက် ဆိုးကျိုးအနေနဲ့ကတော့ ရွာပုန်း ရွာရှောင်၊ နယ်စပ် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ၊ မိဘမဲ့ ကလေးတွေ၊ နိုင်ငံပျောက်သွားတဲ့ ကလေးတွေ ... စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာပါတယ်။ အဲဒီတော့ မူရင်း တိုင်းရင်းသား တန်းတူ ညီမျှရေးနဲ့ ဖက်ဒရယ် အခွင့်အရေးကို ရပြီဆိုရင်တောင် .. ပြဿနာတွေက ပြီးမသွားပါဘူး။ ဒေသတွင်း မတိုးတတ်မှုကို ဖြေရှင်းရမယ့် ကိစ္စ၊ လက်နက်တွေ ပြန့်ကျဲနေမှုကြောင့် ဒေသခံတွေ လုံခြုံရေး အန္တရာယ်၊ မြေမြှုပ်မိုင်း၊ မိဘမဲ့ ကလေးသူငယ် အရေး၊ ဒုက္ခသည် စခန်းတွေက မြန်မာပြည်သားတွေ ပြည်တွင်း ပြန်လာရေး၊ အလုပ်အကိုင် ရရှိရေး ... စတဲ့ ပြဿနာ ပေါင်းစုံက .. ဖက်ဒရယ်မှုရရှိမှုနဲ့ အတူတူ တပြိုင်နက်မှာ ပြေလည်သွားဖို့ မရှိပါဘူး။ သီးခြားစီ အချိန် အတိုင်းအတာ တစ်ခုအထိ ကျန်ရှိနေဦးမှာ ဖြစ်ပြီး .. အဲဒါတွေကို မဖြေရှင်းနိုင်ရင် ... နောက်ဆက်တွဲ ပြဿနာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ အခု လက်ပံတောင်းတောင် ကိစ္စကို ကြည့်ရင်လည်း .. ပထမတော့ လယ်ယာမြေ သိမ်းခံရမှု၊ လယ်ယာမြေ ဖျက်ဆီးခံရမှုလောက်ကနေ စလိုက်တာ ... အခု .. သံဃာတွေကို တောင်းပန်၊ ကြေးနီး စီမံကိန်း ရပ်တန့်ရေး၊ ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရေးတွေ အထိ ဖြစ်လာပါတယ်။ သိမ်းခံ၊ ဖျက်ခံရတဲ့ လယ်တကွက်ကို လျှော်ကြေးငွေ သိန်းရာချီပေးပြီး ဖြေရှင်းပေးလိုက်ရင်တောင်... နောက်ဆက်တွဲ ကိစ္စတွေက မပြေလည်တော့ပါဘူး။ ပြဿနာ ပုံစံသက်သက်နဲ့ သီးခြား ရပ်တည်လာပါတော့တယ်။
ကဲဗျာ ... ဒီလောက် များနေတဲ့ ပြဿနာတွေ ရှိနေတဲ့ မြန်မာနိုင်ငံကြီးမှာ ... မြန်မာနိုင်ငံသားတွေ ဖြစ်ကြတဲ့ .. ကျွန်တော်တို့ ... ခင်ဗျားတို့တွေ .. ပြဿနာ တစ်ခုခြင်းဆီအတွက် ဘယ်နေရာကနေ .. ပြဿနာဖြေရှင်းရေးမှာ ဘယ်လောက် တာဝန်ယူနိုင်ကြမလဲ ..... ။ သေချာတာကတော့ ... နိုင်ငံရေး ခေါင်းဆောင်၊ လူထု ခေါင်းဆောင် စတဲ့ တစ်ဦးခြင်း တစ်ယောက်ခြင်း အခြားသော လူမှုအဖွဲ့အစည်းတွေ ... စတဲ့ တဖွဲ့ခြင်းကတော့ .. ပြဿနာတွေကို ချက်ခြင်းပျောက်သွားအောင် ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ လည်း ပြဿနာတွေကို ပြေလည်အောင် ... ဦးဆောင်မလုပ်နိုင်ရင်တောင်မှ .. ပြေလည်ရေး ကူညီပံ့ပိုးတာလုပ်လို့ရပါတယ်။ ဒါ့အပြင် .. တိုင်းပြည်ရဲ့ ပိုမိုကြီမားတဲ့ အကျိုးကို မျှော်ကြည့်ပြီး ...စိတ်ခံစားမှုနဲ့ ဖြစ်သင့်တာကို ချိန်ထိုးကြည့်ပြီး မှန်မှန်ကန်ကန် တွေးခေါ် လုပ်ကိုင် ဆောင်ရွက်နိုင်တာ၊ ... နောက်ဆက်တွဲ ပြဿနာတွေကို လျော့ချတဲ့ လုပ်ငန်းတွေမှာ ... တတပ်တအား ပါဝင်ဆောင်ရွက်တာတွေကို .. အခုကတည်းက နိုင်သလောက် စလုပ်မယ်ဆိုရင် .. ကျွန်တော်တို့ ချစ်တဲ့ တိုင်းပြည်က အချိန်တိုအတွင်းမှာ ... ရောဂါ ဒဏ်ရာတွေ သက်သာလာမှာ ဖြစ်ပါတယ်လို့ ယုံကြည်မိပါတယ် ...။ ပြဿနာတွေဟာ တစ်ဦး တစ်ယောက်တည်းကနေ ကိုင်တွယ် ဆောင်ရွက် ဖြေရှင်းနိုင်မှုရဲ့ ဘောင်ကို ကျော်လွန်သွားခဲ့လို့ပါပဲ။
ဒီအတွက် ... ကျွန်တော်တို့ အဆင်သင့်ဖြစ်နေကြပြီလား ... ။ စာဖတ်သူရော ..... ။
လေးစားစွာဖြင့်
ကိုထိုက်
စားသာတွေက ရမ်းကိုရှုပ်နေတယ် ကျွန်တော်အတွက်တော့ပေါ့
ReplyDeleteကျန်တဲ့လူတွေတော့မသိဘူး
ဒါဘေမယ် ကျွန်တော်အဘိုပြောခဲ့ဒါတခုတော့ရှိတယ် နောင်တချိန်မှာ တပါးသော် (မင်းအုပ်စိုးလေးမယ်)ပြီးမှာ မြန်မာပြည်ကြီးဟာ သာယာကြီးပွားလေးမယ်လို ပြောခဲ့တယ်
ကျွန်တော် သဘောက တော့မြန်မာတိုင်းရင်းသာတွေ စိတ်ဓာတ်
မမှန်လိုကြလိုပါ...(ဒါတွေက ဘယ်သူတွေနဲ့သက်ဆိုက်လည်
တော့မသိဘူး) ပညာရှိများ စဉ်စားကြည်ကြပါ...လေးစားစွားဖြစ် (မီုးအောင်)moeaung986@gmail.com