စူ့ထက်စူ……(၃)
by Seaman Nayminthu on Monday, December 17, 2012 at 3:50am ·
ရန်ကုန်မြို့၊ ဗိုလ်တထောင်၊ လင်းစဒေါင်း ရှိ (……) တပ်မှာ ကျနော်နဲ့အတူ တာဝန်ကျတဲ့ သူငယ်ချင်း တယောက်။ မိသားစု စားဝတ်နေရေး အဆင်မပြေတော့ ဂျူတီအနားရတဲ့ ရက်တွေအတွင်း ဘတ်စ်ကား စပယ်ယာ (ယာဉ်နောက်လိုက်) အလုပ်ကို အချိန်ပိုင်း ဝင်လုပ်ပါတယ်။ သူနဲ့ရင်းနှီးတဲ့ ယာဉ်လိုင်းတခုမှာ သူ့မိတ်ဆွေ စပယ်ယာတွေထဲက အလုပ်မဆင်းနိုင်တဲ့ သူအတွက် အစားထိုး ဝင်လုပ်တဲ့သဘော။
ဒီနည်းနဲ့ သူ့မိသားစု အိမ်စရိတ်ကို တဖက်တလမ်း ဘေးပန်းဝင်ငွေလေး ရှာပေးရတာ။
ဖြစ်ချင်တော့ တနေ့မှာ သူလိုက်ပါလာတဲ့ ဘတ်စ်ကားပေါ် ကျနော်တို့တပ်က ဒုတပ်မှူး လိုက်ပါစီးနင်းလာလို့ သူ့ခမျာ ရှောင်ရင်းပုန်းရင်း နှလုံးတုန်ရင်ဖိုခဲ့ရပုံလေးကို နောက်တနေ့ နေ့လည် လက်ဖက်ရည်အတူသောက် ကြတဲ့အခါ ကျနော်တို့ကို ပြန်ဖောက်သည်ချ ပုံလေးက…
‘မနေ့က ဘတ်စကားလိုက်တုန်း ငါမြွေဖမ်းခံရတော့မလို့’
‘ဘယ်လိုဖြစ်လို့လဲ ဘဲဥတွေက စပယ်ယာလိုင်စင် စစ်လို့လား’
‘ဟုတ်ဘူး’
‘ဒါဆိုရင်…..’
‘ဒီလိုကွ… မှတ်တိုင်တခု အရောက်မှာ ငါ စပယ်ယာလိုက်တဲ့ကားပေါ်ကို ဒုတပ်မှူး ဗိုလ်ကြီး(…….) တက်လာတယ်။ ငါတာဝန်ယူရတာက နောက်ပေါက် သူတက်လာတာက ရှေ့ပေါက်ဆိုတော့ နည်းနည်း ကံကောင်းသွားတယ်။ ဒါပေမဲ့ သူက ကားရှေ့ပိုင်းမှာ ရပ်မနေဘဲ အလယ်ကိုရောက်အောင်တိုးလာတော့ ငါ့ကိုများ မြင်သွားလေမလား ရင်ခုံရတာပေါ့။ ဒါနဲ့ လျှာဦးထုပ်ကို ငိုက်ဆောင်းထားပြီး သူ့အရိပ်အခြေကို မျက်ခြေမပြတ် အကဲခတ်နေရတယ်။ သူ ငါ့ဘက်ကို မျက်နှာလှည့်လာရင် ပုန်းလို့ကွယ်လို့ ရအောင်လေ။ ကားခပိုက်ဆံကိုတော့ ရှေ့ပေါက်တာဝန်ယူတဲ့လူ တောင်းမှာမို့ ပူစရာမလိုဘူး။ သူက လူသိပ်မကျပ်ဘဲ ကားနောက်ဘက်ကို တဖြည်းဖြည်း တိုးဝင်လာတော့ ငါပိုပြီး အနေကျပ်လာတယ်။ ခရီးသည်တွေ ကားခပေးဖို့ အသံကျယ်ကျယ် မတောင်းရဲတော့ဘူး။ နီးစပ်ရာလူ လက်တို့ပြီး တောင်းရတယ်။ မှတ်တိုင်ရောက်ရင်လည်း အဆင်းအတက် အပေါက်ဝနားမှာ ရပ်ပြီးတော့ပဲ လိုက်မယ့်ခရီးသည်တွေကို ခြေဟန်လက်ဟန်ပြ ခေါ်ရ တာပေါ့။ ငါ့ သူ့ကိုပဲ တောက်လျှောက်အကဲခတ်နေရတာ။ သူကတော့ ဘယ်သိမလဲ။ ကားခပေးဖို့ သူ ၂၀ တန်တရွက် ထုတ်လိုက်ပြီး Hand Phone ကိုင်ထားတဲ့ လက်ထဲမှာညှပ်ပြီး ရင်ဘတ်မှာ ကပ်ထားတယ်။ ကားရှေ့ပိုင်း စပယ်ယာက သူ့ဆီရောက်မလာဘဲ သူနဲ့ ၁ ယောက်ကျော်လောက်က လူကိုပိုက်ဆံတောင်းပြီး ပြန်လှည့်သွားတယ်။ ကားနောက်ပိုင်းရောက်နေပြီဆိုတော့ ငါတောင်းထားမယ် အောက်မေ့လို့ နေမှာ။ ငါကလည်း သူ့အနား သီတောင်မသီရဲဘူး။ ဟိုစပယ်ယာ မတောင်းတော့ဘူးဆိုတာ သေချာသွားတော့ သူက ပိုက်ဆံ ၂၀ တန်ကို အိတ်ကပ်ထဲ ခပ်တည်တည်ပဲ ပြန်ထည့်လိုက်တယ်။ ငါ့မှာတော့ သူငါ့ကို မတွေ့အောင် ရွတ်လိုက်ရတဲ့ ဘုရားစာတွေ။ ကားပေါ်က သူဆင်းသွားမှဘဲ ဟင်းခနဲ သက်မချနိုင်တော့တယ်။ တကယ်ပဲကွာ။ စတီးကျချက်က ကမ်းကုန်တယ်…’
‘ဒါကတော့ကွာ ငါတို့လည်း တခါတလေ ပိုက်ဆံပြတ်သွားတဲ့အခါ လူကျပ်တဲ့ကားပေါ် စပယ်ယာအလစ် တက်၊ လူတွေကြားထဲ ဝင်ပုန်းပြီး ဘေထုဖူးတာပဲ…’
‘အဲဒါက ပိုက်ဆံမရှိလို့လုပ်တာ… ခုဟာက ပိုက်ဆံရှိလျက်နဲ့ မပေးချင်တာကွ’
‘မင်းက မတောင်းလို့နေမှာပေါ့.. ဒီလူက မတောင်းရင် ပေးရိုးထုံးစံမရှိဘူးကွ… ငါတောင် ဈေးဖိုးမှန်မှန်ရဖို့ ခဏခဏ သတိပေးနေရတာ..’ လို့ လူပျိုဆောင်စားရိပ်သာ အဝယ်တော် ဆရာစိန်က ဝင်ထောက်လိုက်သေး တယ်။
‘ကိုယ့်ဘေးကိုယ် မနည်းရှောင်တိမ်းနေရတာ.. ဆရာစိန်က လာကြပ်နေပြန်ပြီ’
‘ဒါပေမဲ့ မင်းလည်း ကံကောင်းခဲ့တယ်မလား’
‘အင်း.. အဲဒါတော့ ဟုတ်တယ်… သူသာ ငါ့ကိုတွေ့သွားခဲ့ရင် ဒီအချိန် မင်းတို့နဲ့ အတူရှိနေနိုင်မှာ မဟုတ်ဘူး’
‘အေးကွာ တပ်မှာလည်း ရဲဘော်တွေ ဘယ်လိုနေထိုင်စားသောက်နေကြတယ်.. သေချာ မမေးမြန်းဘူး.. ဆိုက်ကားမနင်းရ… ဟိုဟာမလုပ်ရ.. ဒီဟာမလုပ်ရ.. စည်းကမ်းချက်တွေ စွတ်ထုတ်နေတာပဲ’
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့နောက် လွှတ်တော်အမတ်စာရင်းတွေ ထုတ်ပြန်ကျေညာတဲ့အခါ တပ်မတော်က ခန့်အပ်လိုက်တဲ့ ပြည်သူ့လွှတ်တော် အမတ်စာရင်းထဲမှာ စောစောက ကျနော်ပြောခဲ့တဲ့ ဒုတပ်မှူး (ဗိုလ်မှူး အဆင့်ဖြင့်) ရဲ့ နာမည် ပါလာတာ တွေ့လိုက်ရလို့…. ကားစပယ်ယာလုပ်တဲ့ သူငယ်ချင်း ရဲ့ မျက်နှာကို တန်းခနဲ ပြေးမြင်ယောင်မိလိုက်သေးတယ်။
အင်း…… ဒီလိုလူမျိုးသာ …… ဖြစ်ခဲ့ရင်………..?
(တပ်မတော်သား လွှတ်တော်အမတ်အားလုံးကို ဆိုလိုခြင်းမဟုတ်ပါ .. အဲဒီထဲက ကျနေယ်သိခဲ့ဖူးသူ တယောက်ရဲ့ အတွင်းစိတ်ကို ခြေရာခံ ဆဝါးကြည့်လိုက်ခြင်းမျှသာ….)
ပြုံးရုံလေးပဲ ပြုံးလိုက်ပါ…..။
နေမင်းသူ
၁၇-၁၂-၂၀၁၂
0 comments:
Post a Comment