Wednesday, December 19, 2012

ကျွန်တော်နှင့် ဘီစကစ်လက်ကျန်


by ရုပ် ဆိုး on Tuesday, August 7, 2012 at 1:32am ·


    မနက်ခင်းမိုးလင်း အိပ်ယာက အနိုးမှာ စာကြည့်စားပွဲလေးကိုကြည့်မိတယ် ။ မဆေးရသေးတဲ့ ကော်ဖီခွက် ၊ ဖုန်တက်နေတဲ့ ကီးဘုတ် ၊ ရှုပ်ပွ တဲ့ ရေးရာခြစ်ရာတွေနဲ့ စာရွက် တွေရယ် ခဲတံတစ်ချောင်းရယ် ၊ ဖတ်လက်စ ဆရာမြသန်းတင့်ရဲ့ တောင်သမန်အင်းမှာလေညှင်းဆော်တော့ စာအုပ်ရယ် ၊ တချက်စီသာ ကျန်နေတော့ တဲ့ ဘီစကစ်အိတ် လေး ၂ ထုပ်ရယ် ....


    စားပွဲ ခုံ အတော် ရှုပ် နေပြီ ရှင်းမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ ဘီစကစ်အိတ်လေး ၂ ထုပ်ကို လွှင့်ပစ်ဖို့ အပြင်ကိုယူအလာ သွားတိုက်နေတဲ့ အခန်းဖော် သူငယ်ချင်းနဲ့ တွေ့တယ် ။ သူငယ်ချင်းက လှမ်းပြောတယ်
"မောင်ကျောင်း ( ကျွန်တော့် နစ်ခ်နိမ်းတစ်ခု) ...မင်းက သောက်ရေခွက် ထဲ မှာ တင်ရေကျန်တာမဟုတ်ဘူးကွ ...မုန့်စားရင်လည်း ကျန်တာပဲ " တဲ့ ။ " အေး ...သူငယ်ချင်း " ဆိုပြီး
ကျွန်တော်သူ့ကို ပြုံးကြည့်လိုက် တယ် ... အဲဒီအခါ မှာ နားမလည်မှုတွေပြည့် နေတဲ့ သူ့ မျက်လုံးတစ်စုံက ကျွန်တော့် ကို ပြန်ကြည့်နေတယ် .... ဟုတ်တယ် .... ကျွန်တော်ကြည့်ခဲ့ဖူးတဲ့ မျက်ဝန်းတွေ နဲ့
သူကျွန်တော့်ကိုကြည့်နေတယ် ....။

    လွန်ခဲ့တဲ့ ၇ နှစ် အချိန်က ....။  
ရှေ့တန်းထွက်ဖို့ ကျွန်တော်ရယ် တပ်က နောင်တော်တစ်ယောက်ရယ် ဈေးဝယ်တူတူ ထွက်ခဲ့တယ် ။ ဈေးကိုရောက်တော့ တခြားလိုတဲ့ပစ္စည်းတွေ အားလုံး ဝယ်ပြီး နောင်တော်ကြီးက
တစ်ထုပ်ကို ၆ ချပ်ပါတဲ့ ဘီစကစ်လေး ၄ ထုပ် ကို ဝယ်နေတယ် ။ ကျွန်တော်  အမှတ်မထင်မေးလိုက်မိတယ် " အကိုကြီး ဘာလုပ်ဖို့လဲ " ။ နောင်တော် ကေ နပြန်ဖြေတယ်
" စားဖို့ပေါ့ ကွ" တဲ့ ။ "  အကိုကြီးကလည်း.... ကလေးကလား ဗျာ " ... လို့ ကျွန်တော်က ဆိုတော့ ။ " အေး..ညီလေး " ဆိုပြီး ကျွန်တော့်ကို ပြုံးကြည့်နေတယ် ။ ကျွန်တော်လည်း ပဲ နားမလည်နိုင်တဲ့
မျက်လုံးတွေ နဲ့ သူ့ကို သိမ်းကြုံး ကြည့်ပစ်လိုက်တယ် ...။ နောင်တော် ကတော့ အေးဆေး ပြုံးရုံလေးပါပဲ... ။

    ဒီလို နဲ့ စစ်ဆင်ရေးထွက်ကြ ။ ရှေ့တန်းမှာ တပ် အလုပ်တွေ လုပ်ကြ နဲ့ ကျွန်တော်တို့ တပ် တာဝန်ကျတဲ့ ၄ လတာပြည့်သွားခဲ့တယ် ။ အနေဆင်းရဲ ၊ အစားဆင်းရဲ ၊ ငှက်ဖျားမိလာတာက လွဲလို့
ကျွန်တော် တိုက်ပွဲ အတွေ့ကြုံဆိုတာ မရခဲ့ဘူး ။ ရှေ့တန်း စခန်း ကနေတပ်အကိုအပြန်  လေလေးတဖြူးဖြူ နဲ့ သင်္ဘော ခေါင်းမိုးပေါ် ရောက်တော့ မှ... ကျွန်တော့် တပ်ခွဲ မှုးနောင်တော် က ဘီကစ်လေး ထုပ်လေးတွေ ဖောက်လို့
ကျွန်တော့် ကို " ညီလေး ...ရော့ " ဆိုပြီး ဘီစကစ် ၂ ချပ်လှမ်းပေးတယ် ။ သူနဲ့ အတူတူ တပ်ခွဲ ရုံးမှာ ပါလာတာ က ကျွန်တော်ရော ၊ သူရောအပါဝင် ၁၁ ယောက်ဆိုတော့ ဘီစကစ် ၄ ထုပ်မှာ ၂ ချပ်ပိုနေတယ် ။
အိပ်လေး ကို အသာခေါက်လို့ သူ ပက်အိပ်ထဲကို ပြန်သိမ်းလိုက်တယ် ။  " အကိုကြီး ... ဒီ ဘီစကစ်တွေက ကျွန်တော်တို့ ရှေ့တန်းထွက်ခါနီးတုန်းက ဝယ်လာတဲ့ ဘီစကစ်မဟုတ်ဘူးလား .. ဘာလို့ခုမှစားတာလဲ" ဆိုပြီး
ကျွန်တော်စပ်စပ် စုစု မေးမိတယ်  ။ ဘေး ဘက်ကို မျက်နှာလေး စောင်းလို့ သက်ပြင်း တချက် ရှုလိုက်တယ်....ပြီးတာနဲ့ စကားရှည်ကြီးကို ကျွန်တော့် ကို စပြောတော့တာတယ် ။
" အဲဒီ ဘီစကစ် ၄ ထုပ် ဟာ အကို နဲ့ အတူပါလာတဲ့ စစ်သည် ၁၁ ယောက်အတွက် သက်စောင့် စာ ပဲ ...ညီလေး ။   ရှေ့တန်း မှာ ထမင်းနပ် မှန်မှန်စားရပါမယ်လို့ ဘယ်သူမှ အာမ မခံ နိုင်သလို .... အဟာရပြတ်လောက်အောင်
အစာရေစာ မငတ်ပါဘူးလို့လည်း ဘယ်သူ မှအာမ မခံထားဘူး .... အဲလို အခြေနေ တွေ အတွက် သက်စောင့်စာ ဆိုတာ အမြဲ ထားရတယ်ညီလေး ....ခု ကို ဝယ်လာတဲ့ ဘီစကစ် ၂ ချပ်ဟာ ...
၃ ရက် အထက် ထမင်းငတ်တဲ့ခါ ထုတ်စားဖို့ပဲ .... ဘီစကစ် ၂ ချပ် ဟာ သာမာန်ချိန်မှာ မပြောပလောက်ပေမဲ့ ... တကယ်အာဟာရပြတ်လာတဲ့ ခါ ...အဲဒီဘီစကစ် ၂ ချပ်ဟာ အသက်ဆက်ရှင် ဖို့ အာဟာရပဲညီလေး .... ရဲဘော်တွေ
ဆရာတွေ ဟာ လုပ်စရာရှိရင် လုပ်မယ် ၊ တိုက်စရာရှိရင် တိုက်မယ် ... စစ်စည်း ကမ်း ကို ကောင်းစွာ လိုက်နာမယ်ဆိုရင် သူတို့ ဟာစစ်သားကောင်းပဲ .... စစ်ခေါင်းဆောင် လုပ်မဲ့ သူ တွေကတော့ အဲလောက်နဲ့ မလုံလောက်ဘူး ....
မမျှော်မှန်း နိုင်တဲ့ အခြေနေ တွေ အတွက် ပါ ပြင်ဆင်ထားရမယ် .... ခု အကိုတို့ စစ်ဆင်ရေးကာ လ ပြီးလို့ အကိုနဲ့ အတူ ပါလာတဲ့ စစ်သည်တွေလည်း ထမင်းမငတ် ခဲ့ လို့ ...ခု နောက်တန်း ကိုပြန်တဲ့ အချိန်မှာ
ဒီ မုန့် ၄ ထုပ် ကို ထုတ်ကျွေးတာ ပဲ ညီလေး "

ကျွန်တော် မျက်လုံးလေး အဝိုင်းသားနဲ့ ငေးကြည့် နေမိတယ် ။ ပြီး ကာမှ ကျွန်တော် သတိ တချက် ပြန်ဝင်လာပြီး " ဒါဆို ... အခု အကို ကဘာလို့ ၂ ချပ် ကို ပြန်သိမ်းထားတာလဲ " လို့ ထပ် မေးမိပြန်တယ် ။

" စစ်ခေါင်းဆောင် အရာရှိ ဆိုတာ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ နာယက ပဲ ... နာယက ဂုဏ် ခြောက်ပါးရှိတယ် .... ထကြွ ၊ နိုးကြား ၊ သနား ၊ သည်းခံ ၊ ဝေဖန် ၊ ထောက်ရှု .. ဤခြောက်ခု ...ကျင့်မှု နာယက ...တဲ့ကွ
အဲဒီထဲက သည်းခံ ဆိုတဲ့စကား က တာအသွားဆုံးပဲ ....ချမ်းသာမှုကိုလည်း သည်းခံနိုင်ရမယ် ၊ ပင်ပန်းဆင်းရဲ မှုကိုလည်းသည်းခံ နိုင်ရမယ် ၊ ဆာလောင်မှုကိုလည်း သည်းခံ နိုင်ရမယ် ၊ စားချင်စိတ်ကိုလည်းသည်းခံနိုင်ရမယ်ညီလေး ...
အခု ဒီမုန့် ၂ ခုကို အကို စားလည်းစားချင်တယ် ... စားလိုက်လို့လည်းရပါတယ် ။ ဒါပေမဲ့ အကို ကုန်အောင်မစားဘူး ... ဒီဘီစကစ် ၂ ချပ်နည်းတူ ... ဘဝမှာလိုချင်စရာတွေ ... အတောမသတ် တပ်မက်ချင်စရာတွေ
တွေ့လာရဦးမယ် .... အဲဒီအခါကျရင်  ခေါင်းဆောင် လုပ်တဲ့သူဟာ မျက်နှာ လွှဲ လို့ ရဲရဲ ကြီး နေနိုင်ရမယ် ညီလေး " ။
သူ့စကား ဆုံး သွားသည်နှင့် ကျွန်တော် ပါးစပ်တွေ ဆွံ့ အသွားပါတော့တယ်  ။ အဲဒီအချိန်ကစလို့   အသားရေ မွဲခြောက်ခြောက် နှင့် စစ်အဝတ်အစား က စ ဖြစ်သလို ဝတ်လေ့ ဝတ်ထရှိသော ... အနေအေးဆေး သော
ကျွန်တော့ စီနီယာ ကို ကျွန်တော် စိတ်ထဲ မှကျိတ် ပြီး လေးစားမိခဲ့ပါတော့တယ် ။

    " လူတစ်ယောက်ကို ပြောင်းလဲဖို့ အချိန် တစက္ကန့်ပဲ လိုတယ် ... အဲဒီစက္ကန့်လေး ကို Golden Second လို့ခေါ် တယ်" ဆိုတဲ့  ဆရာ တာရာမင်းဝေ ရဲ့စကားလိုပဲ ... ကျွန်တော့်ရဲ့ အသိဥာဏ်ထဲမှာ ဖျက်ကနည်း လင်းလက်သွားခဲ့တယ် ။
အဲဒီ အချိန် က စလို့ ရေသောက်တိုင်း ခွက်ထဲမှာ ရေကျန်တဲ့ အကျင့် ၊ ထမင်းစားတိုင်း ပန်းကန်မှာ ကျန်တတ်တဲ့ အကျင့် တွေ ၊ ဘီစကစ်စားတိုင်း တချပ် တချပ် ကျန်တတ် တဲ့ ကျွန်တော့် အကျင့် တွေဟာ Second Nature လို စွဲ မြဲနေခဲ့ မိတော့တယ် ။
သြော် ......  ခုဆို ၇ နှစ်တောင် တိုင်ခဲ့ ပြီ ပဲ ....။


(ကျွန်တော်လေးစားခဲ့ရ တဲ့  စီနီယာ နောင်တော်ကြီး ဗိုလ်ကြီးထွန်းလွင် ကောင်းရာသုဂတိလားပါစေ )

(ရုပ်ဆိုး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...