အမှားများကို အမြန်ဆုံး ရပ်တန့် ပြုပြင်ရေး...
by ပြည်သူ့ခေတ် on Monday, December 24, 2012 at 8:42pm ·
၂၀၁၂ နှစ်ကုန်ခါနီးမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြဿနာများကို တည်မှီပြီး ပြည်သူလူထုကြားမှာ မေးခွန်းများ ရှိလာခဲ့ပါသည်။ မေးခွန်းများထဲက တစ်ခုကတော့ “တပ်မတော် အပါအ၀င် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများသည် အဖွဲ့အစည်းအနေဖြင့် သီးခြား စီးပွားရေးလုပ်ငန်းများ လုပ်ကြတာ သင့်လျော်ပါရဲ့လား” ဟူ၍ ဖြစ်သည်။
အစိုးရ၀န်ထမ်းဆိုတာ၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်။ နိုင်ငံတော်အတွက် ဆိုင်ရာဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန် အလို့ငှာ ပြည်သူ့ ဘဏ္ဍာငွေထဲမှ လစာပေးပြီး အလုပ်တာဝန်များ ပေးထားတာဖြစ်ပါသည်။ သည်ဝန်ထမ်းများ၏ တာဝန်က မိမိ ဌာနမှ ပြည်သူ့တာဝန်များကို ထမ်းရွက် အလုပ်လုပ်ကြရန် ဖြစ်သည်။
ဒီမိုကရေစီခေတ်သစ်ကို တကယ်ပဲ ဦးတည် ချီတက်ကြတော့မည်ဆိုလျှင် တိုင်းပြည် တာဝန်ယူ ထားကြသူများ ဆိုင်ရာဆိုင်ရာ တာဝန်ကျေကြဖို့ လိုပါလိမ့်မည်။ အစိုးရအဆက်ဆက်က ပြည်သူ လူထုကို အမြဲ တိုက်တွန်းနေတာတစ်ခုရှိပါသည်။ ဥပဒေကို လိုက်နာတတ်သော၊ ပြည်သူ့ တာဝန်ကျေသော ပြည်သူများ ဖြစ်ကြဖို့ဟူ၍ ဖြစ်၏။ ဒီလိုပဲဖြစ်ပါလိမ့်မည်။ အစိုးရကလည်း အစိုးရတာဝန်ကျေဖို့လိုပါမည်။ နိုင်ငံရေးသမားက နိုင်ငံရေးသမား တာဝန်ကျေရပါလိမ့်မည်။ စီးပွားရေးသမားကလည်း စီးပွားရေးအလုပ်လုပ်၊ တပ်မတော်သားက တပ်မတော်သား အလုပ်လုပ်။ သည်လိုပဲ ဖြစ်ရပါလိမ့်မည်။
မြန်မာနိုင်ငံက ပြည်တွင်းစစ်ကို အကြောင်းပြုပြီး တပ်မတော်၏ အခန်းကဏ္ဍက တဖြည်းဖြည်းချင်း ကြီးထွားလာခဲ့တာ ဖြစ်သည်။ သည်လိုနှင့် စစ်ရေး၊ ကာကွယ်ရေးကဏ္ဍမှာသာမက၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကဏ္ဍများတွင်ပါ တပ်မတော်က လွှမ်းမိုးလာခဲ့သည်။ နောက်တော့ မီဒီယာနှင့် လူထု ဆက်သွယ်ရေး၊ နောက်တော့ ပြည်ထဲရေး၊ နောက်တော့ စီးပွားရေး၊ နောက်တော့ ပညာရေး၊ ကျန်းမာရေး၊ စက်မှုလက်မှု၊ လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်း၊ ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအား၊ ဆက်သွယ်ရေး၊ တယ်လီဖုန်း စာတိုက်နှင့် ကြေးနန်း....။ ဆိုရလျှင် ရှိသမျှသော ကဏ္ဍအားလုံးမှာ တပ်မတော် ခေါင်းဆောင်များကသာ ခေါင်းဆောင်မှုပေးခဲ့တာ ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်၏ လမ်းစဉ်အမွေများ ဖြစ်ပါလိမ့်မည်။ တပ်မတော် ခေါင်းဆောင်များ စစ်ယူနီဖောင်းချွတ်ပြီး ပါတီခေါင်းဆောင်များ အဖြစ် တဖြည်းဖြည်းချင်း လွှမ်းမိုးလာခဲ့တာလည်း ဖြစ်သည်။ တို့လုပ်နိုင်တယ်၊ တို့ ကောင်းကောင်း လုပ်နိုင်တယ်ဟု ကြွေးကြော် လုပ်ကိုင်လာရင်းနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးညွှန်းကိန်းက ပေါ်လာသည်။ သည်လိုနှင့် ပြည်သူ လူထု၏ အထွေထွေ အကျပ်အတည်းများကို တော်လှန်သည့် ၁၉၈၈ ပြည်သူ့ အုံကြွမှုကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်သည်။ အရေးတော်ပုံအပြီးမှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီး လမ်းစဉ်ပါတီ၏ အမွေကို ဆက်ခံကာ တိုင်းပြည်၏ ကဏ္ဍအသီးသီးမှာ တပ်မတော်ခေါင်းဆောင်များကပဲ ဆက်လက် တာဝန်ယူခဲ့ကြတာ ယနေ့ အထိပဲဟု ဆိုရပါမည်။
၂၀၁၀ အစိုးရအပြောင်းအလဲဖြစ်ပြီး၊ တပ်မတော်ခေါင်းဆောင်များ စစ်ယူနီဖောင်းချွတ်ကာ နိုင်ငံရေး ခေါင်းဆောင်များအဖြစ် ပြောင်းလဲလာခဲ့ကြသည်။ အစိုးရသစ်၏ အားသာချက် တစ်ခုက အမျိုးသား ဒီမိုကရေစီခေါင်းဆောင်များအဖြစ် တစိုက်မတ်မတ် ရပ်တည်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မင်းကိုနိုင်၊ ကိုကိုကြီးတို့၏ ၈၈ မျိုးဆက် ကျောင်းသားများတို့နှင့် စေ့စပ် ဆွေးနွေးကာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တက်လာခဲ့ခြင်း ဖြစ်ပါသည်။ ယနေ့အချိန်တွင် ၁၉၈၈ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီး၏ အောင်ပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်ရာ လမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိလာခဲ့ပြီ။ ဒီမိုကရေစီလမ်းကြောင်း ဆိုသော်လည်း ခင်းပြီးသား မဟုတ်၊ ပြည်သူလူထုနှင့် နိုင်ငံရေးခေါင်းဆောင်များ အတူတကွ ဆက်လက် ဖောက်လုပ်ရဦးမည့် လမ်းကြောင်း ဖြစ်သည်။ သည်လို ကိုယ်တိုင်ဖောက်ပြီး ကိုယ်တိုင်လျှောက်ရမှာ ဖြစ်လာသည့်အတွက် နိုင်ငံသားများက နိုင်ငံ့အရေးမှာ ပါဝင် ပတ်သက်လာခဲ့ကြသည်။ ယခင်က လုပ်သမျှ ခံနေခဲ့ကြရသော ပြည်သူတို့သည် စီမံကိန်းများ၏ အတိမ်အနက်၊ အကျိုးအပြစ်များကို စေ့ငု ဆန်းစစ်လာကြသည်။ ပြည်သူတွေက နိုင်ငံအရေး ကိစ္စအားလုံးမှာ ပါဝင် ပတ်သက်လိုလာကြသည်။ ပါဝင် ပတ်သက်လာကြသော ပြည်သူလူထုက နယ်ပယ် အသီးသီး၊ ကဏ္ဍအသီးသီးရှိ အခြေအနေ အသီးသီးကို ဝေဖန် ဆန်းစစ်လာကြသည်။
နိုင်ငံတော်၏ အရေးကိစ္စများကို နိုင်ငံတော်သားများက သူ့ကဏ္ဍနှင့်သူ ပါဝင်ကာ တာဝန်ယူ ထမ်းဆောင်ကြဖို့ ဆိုသည်က ဖြစ်သင့်သည့် ကိစ္စဟု ထင်ရှားပြီးသားဖြစ်သည်။ နိုင်ငံတော်သားများ ပါဝင်ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းများ ဖန်တီးပေးခြင်းက နိုင်ငံရေးခေါင်းဆောင်များ၏ အရည်အချင်းပေါ်မှာ တည်တာ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်တို့၏ အရည်အချင်း မြင့်မားသည်ဆိုခြင်းမှာ ပြည်သူလူထု အင်အားနှင့်အတူ တိုင်းပြည် မြင့်မား တိုးတက်အောင် စွမ်းဆောင်နိုင်တာ ဖြစ်သည်။
ကြေးနီတောင်စီမံကိန်း အရေးပေါ်လာသောအခါ ပြည်သူလူထု၏ မေးခွန်းတစ်ခုမှာ စီးပွားရေးကို ဘယ်လိုလုပ်ကြမှာလဲ ဟူသော မေးခွန်းဖြစ်သည်။ တိုင်းပြည် တကယ်တမ်း တိုးတက်ဖွံ့ ဖြိုးဖို့ဆိုလျှင် အမျိုးသားအရင်းရှင်ငယ်များကို အားပေးရမှာ ဖြစ်သည်။ အကြီးစား စီးပွားရေးသမား ခရိုနီတွေနဲ့ချည်း တိုင်းပြည် ထူထောင်လို့မရ။ အလတ်တန်း၊ အငယ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီး မွေးဖွားပေးဖို့ လိုပါလိမ့်မည်။ သည်လို အငယ်တန်း စီးပွားရေးသမားတွေ အများကြီး ပေါ်ပေါက်ဖို့ ဆိုတာက မျှတသော တန်းတူညီမျှ အခွင့်အရေးရှိသော စီးပွားရေးစနစ်မျိုးမှသာ ဖြစ်ပါလိမ့်မည်။ ပါမစ်စီးပွားရေး၊ လုပ်ပိုင်ခွင့်စီးပွားရေး၊ လက်သိပ်ထိုးစီးပွားရေး၊ ပေါင်းစား စီးပွားရေးတို့နှင့် ဆက်လက် ခရီးသွားနေလို့ကတော့ တိုင်းပြည်ပြာပုံထဲက တက်လိမ့်ဦးမည်မဟုတ် ဆိုတာ သတိပြုသင့်နေပါပြီ။
အစိုးရနောက်ခံ စီးပွားရေး အဖွဲ့အစည်းများ၊ တပ်မတော်နောက်ခံ စီးပွားရေး အဖွဲ့အစည်းများ ရှိနေသရွေ့ အထက်ကဆိုခဲ့သလို တန်းတူမျှတ အခွင့်အရေးညီသည့် အလတ်တန်း အငယ်တန်း စီးပွားရေးသမားများ လွတ်လပ်စွာ ပြိုင်ဆိုင်မှုများ ရှိလာမည့် ၀န်းကျင် အာဝါသ ပေါ်ပေါက်လာဖို့ အလွန်ပဲ ခဲယဉ်းပါလိမ့်မည်။ သည်လို အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ကို လက်ဝါးကြီးအုပ်ထားသည့် စီးပွားရေးမျိုးနှင့် ပြည်သူလူထု သက်သာရာရစေမည့် စီးပွားရေးစနစ် မပေါ်ပေါက်နိုင်ပါ။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးပေါ်ပေါက်လာသည့်အခါတွင် တပ်မတော်နောက်ခံ ဦးပိုင်ကုမ်္ပဏီ၏ ပါဝင်ပတ်သက်မှုကို ပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိလာခဲ့ရသည်။ ပေါ်ပေါက်လာသမျှသော အနေအထားတို့အရ အဆိုပါ ကြေးနီတောင် စီမံကိန်းတစ်ခုလုံး၏ စီမံခန့်ခွဲ လုပ်ကိုင် ထုတ်လုပ်မှု အရပ်ရပ်မှာ တရုတ်နိုင်ငံ ၀မ်ပေါင် ကုမ်္ပဏီကသာ တာဝန်ယူ လုပ်ကိုင်နေတာကို တွေ့ရသည်။ ကြေးနီတောင် စီမံကိန်း၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်တွင် ပြည်တွင်းဖက်စပ်ကုမ်္ပဏီ၏ အခန်းကဏ္ဍမှာ ပါဝင်လွှမ်းမိုး ဆောင်ရွက်သည်ထက် လုပ်ပိုင်ခွင့်ရအောင် လုပ်နိုင်သည့် အချက်က အဓိကဖြစ်နေသည်။ လုပ်ပိုင်ခွင့်ရရှိသည့် အချက်တစ်ခုတည်းနှင့် စီမံကိန်း၏ အကျိုးအမြတ်များကို ခွဲဝေရရှိသည့် သဘောဖြစ်နေသည်။
မြန်မာနိုင်ငံမှာက သည်လို ပါမစ်စီးပွားရေး၊ လုပ်ပိုင်ခွင့် စီးပွားရေးတို့ တွင်ကျယ်ခဲ့သည်မှာ နှစ်ပေါင်း များစွာ ရှိနေခဲ့ပြီ ဖြစ်သည်။ မတူသည့် အခွင့်အရေးပေါ် မူတည်၍ အခွင့်ထူးခံစီးပွားရေးက အနှစ်လေးငါးဆယ် ရှိလာခဲ့တာ ဖြစ်သည့်အတွက် အတော်ပင် အသားကျနေခဲ့ပြီ။ အထူးသဖြင့် လွန်ခဲ့သော အနှစ် နှစ်ဆယ် ကျော်မှာ အခွင့်ထူးခံ စီးပွားရေးစနစ်က အလွန်အကျွံကြီးထွားလာခဲ့တာဖြစ်သည်။ ဒါကို ပြန်လည် ဆန်းစစ်ပြီး ရပ်တန့် ပြောင်းလဲဖို့ နည်းလမ်းများ ရှာဖွေ ဖော်ထုတ် လုပ်ဆောင်ရပါမည်။ ဒါဟာ လက်ရှိ အစိုးရအဖွဲ့ အပါအ၀င် အာဏာရနိုင်ငံရေး ခေါင်းဆောင်များအတွက် တကယ့်နိုင်ငံရေးဖြစ်ပါသည်။ တိုင်းပြည်နှင့် ပြည်သူ လူထု၏ ရေရှည် အကျိုးစီးပွားအတွက် အမြော်အမြင်ကြီးသော အမြင်ဖြင့် ပြောင်းလဲသင့်တာ ပြောင်းလဲ၊ ပြုပြင်သင့်တာ ပြုပြင်ရမည့် အချိန်ဖြစ်သည်။ ခေတ်အဆက်ဆက် ပျက်စီးယိုယွင်းခဲ့သော၊ အောက်တန်း နောက်တန်းကျခဲ့သော တိုင်းပြည်၏ ချို့ယွင်းခဲ့မှုများ အားလုံးကို ပြန်လည် အဖတ်ဆယ်ဖို့က လက်ရှိ ခေါင်းဆောင်များ၏ တာဝန်ပဲ ဖြစ်သည်။ အစဉ်အဆက် တည်တံ့ ကြီးထွားလာခဲ့သည့် အမှားများကို ချက်ချင်း ရပ်ဆိုင်းပြီး၊ အမှန်ပြင်ရမှာက လက်ရှိ ခေါင်းဆောင်များ၏ တာဝန်ပဲ ဖြစ်သည်။ ခက်ခဲမည်၊ ရင်ဆိုင်ရမှာတွေက အများကြီးရှိပါလိမ့်မည်။ ဒါကိုပဲ အောင်မြင်အောင် လုပ်ရမည့်အချိန်ဖြစ်သည်။ နှစ်ပေါင်းများစွာ အခြေခိုင် နေပြီဖြစ်သော အဆောက်အအုံ အမှားများကို ဖြေရှင်းဖို့ဆိုတာ အလွန်ပင် ကြီးမားသော စိန်ခေါ်မှုတွေ ရှိပါလိမ့်မည်။ သို့သော်လည်း တိုင်းပြည်အကျိုးကို ရှေးရှုသည်ဆိုလျှင် လုပ်ကိုလုပ်ရမည့်အလုပ် ဖြစ်သည်။ မကြာမီ လာတော့မည့် နှစ်သစ်အတွက် ချမှတ်ရမည့် နှစ်သစ် အဓိဋ္ဌာန်မှာ မလိုလားအပ်သော အမှားများကို အမြန်ဆုံး ရပ်တန့် ပြုပြင်ရေး ဖြစ်ပါလိမ့်မည်။
ပြည်သူ့ခေတ် အယ်ဒီတာ
(၂၄ ဒီဇင်ဘာ ၂၀၁၂)
0 comments:
Post a Comment