Thursday, February 4, 2016

ကျွန်တော်နားလည်မိသော ပညာရေး

Maung Kyaw

ကျွန်တော်တို့ ဆီမှာ ပညာရေးအကြောင်းပြောကြပြီဟေ့ဆိုလျင် ပညာရေးစနစ်မကောင်း၊ ပြုပြင်ရန်လိုကြောင်း လူတိုင်းပြောဆိုနေကြသည့် ကိစ္စဖြစ်ပါသည်။ မှန်ပါသည်။ ပြင်ရန်လိုအပ်သည်မှာတော့ အမှန်ပင်ဖြစ်သည်။ ဒီနေရာတွင် ကျွန်တော် စဉ်းစားမိသည့်ကိစ္စတစ်ခုမှာ ကျင့်သုံးခဲ့ပြီးသည့် ပညာရေးစနစ် များသည်ကော အမှန်တကယ် အသက်ဝင်ခဲ့ပါသလား၊ ထိထိရောက်ရောက်ကျင့်သုံးနိုင်ခဲ့ပါသလား ဟူသည့် မေးခွန်းဖြစ်သည်။

#
သင်ရိုးညွှန်းတန်းကိစ္စ။ ကျွန်တော်တို့ ဆီတွင် နှိုင်းယှဉ်လေ့လာစရာ နိုင်ငံပေါင်းများစွာရှိပါသည်။ အတော်များများ ကိုယ့်ထက် သာနေသည့် နိုင်ငံချည်း ဖြစ်သည်။ အတုယူစရာများစွာရှိပါသည်။ ဒါ့ကြောင့် သင်ရိုးညွှန်းတန်း အဆင့်မှီရန်မှာ အင်မတန် ခက်ခဲလှသည့် ကိစ္စမဟုတ်ပါ။ အတုယူဖွယ်နိုင်ငံများမှ Up to date ကို လေ့လာပြီး ကိုယ့်နိုင်ငံ၏ ယဉ်ကျေးမှု လားရာအတိုင်း ဖြည့်တန်ဖြည့် ဖြုတ်တန်ဖြုတ်လိုက်ယုံသာ။ ဒါကို ခက်ခဲနေသည်ဟုဆိုလျင် အတော်ညံ့သည်ဟုပင် သတ်မှတ်ရမည်။
#
သင်ကြားနည်းစနစ်ကိစ္စ။ ကလေးဗဟိုပြုသင်ကြားနည်းစနစ်ကို ပြောနေကြပါပြီ။ ကောင်းပါသည်။ အောင်မြင်ရန်သာလိုသည်။ အလွတ်ကျက်ပညာရေး အလိုမရှိဟုဆိုသည်။ ဤသို့ဆိုလျင်လည်း စကားလုံးကို ကျွန်တော်အပြည့်အဝ လက်မခံပါ။ တစ်ချို့နေရာတွင် အလွတ်မကျက်လို့ မရသည့် ပညာရပ်များရှိသည်။ ဇီဝဗေဒဘာသာမှ ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်များကို အလွတ်မကျက်လို့ ဘယ်လိုလုပ်မည်နည်း။ ဓာတုဗေဒ အီကွေးရှင်းများကို အလွတ်မကျက်လို့ မည်သို့ လုပ်မည်နည်း။ မြန်မာစာ ခက်ဆစ်အဖွင့်များကို အလွတ်မကျက်လို့ မည်သို့လုပ်မည်နည်း။ အမှန်က (၏) နှင့် (သည်) လွဲလျင် အမှတ်မပေး ဆိုသည့် တဖက်စွန်းရောက်မှုများ၊ စာကြောင်း ရှေ့နောက် လွဲလျင် အမှတ်မရသည့် ကိစ္စများ၊ သင်္ချာတွက်နည်းစနစ် မတူလျင် အဖြေမှန်လျင်လည်း အမှတ်မပေးဆိုသည့် ကိစ္စများ၊ မြန်မာစာလို၊ ဇီဝဗေဒလို့ ဘသာရပ်ဆိုင်ရာ စကားလုံးမှလွဲ၍ နားလည်သလို ပြန်ရေးနိုင်သည့် ကိစ္စများကို အမှတ်ပေးစဉ်းမျဉ်းထဲက အတိုင်းမဟုတ်လျင် အမှတ်မပေးသည့် တစ်လွဲဖြစ်နေသည့်ကိစ္စများကိုအဓိကထား ဖြေရှင်းရန်လိုခြင်းဖြစ်သည်။
#
ရီပို့ ကတ်ပေါ်မှ လိမ်ညာမှုများ။ ကျောင်းသားတစ်ဦး၏ ပညာရေးမှတ်တမ်း ဖြစ်သည့် ရီပို့ ကတ်ပေါ်တွင် လိမ်နေခဲ့သည်မှာ ကြာပါပြီ။ စာပေ၊ ဂီတ၊ အနုပညာ၊ အားကစား၊ ပရဟိတ၊ ပူပေါင်းလုပ်ဆောင်မှု၊ အကျင့်စာရိတ္တ စသည့် ကဏ္ဍများခွဲ၍ ဂရိတ်ဒင် ပေးနေခဲ့သည်မှာကြာပါပြီ။ ဆရာ၊ ဆရာမများ ကြည့်ကောင်းအောင်သာ ဖြည့်ပေးနေကြပြီး၊ ကျောင်းသားများ အမှန်တကယ် ဆောင်ရွက်ကြပါသလား။ တိုးတက်နေသည့် နိုင်ငံများတွင် လေ့လာကြည့်ပါ။ မည်သည့်နိုင်ငံမှ စာမှစာဆိုသည့် တစ်လမ်းသွားပညာရေးမရှိ။ ကျောင်းသားတိုင်း အနည်းဆုံး တူရိယာတီးခတ်နည်းတစ်ခုခု၊ အားကစားတစ်ခုခု မယူမနေရ ဖြစ်သည်။ တကယ်လည်း လုပ်ရသည်။ မြန်မာနိုင်ငံတွင်တော့ စာရွက်ပေါ်တွင်သာရှိသည်။ လူငယ်များ၏ အနိုင်အရှုံးကို တည်ငြိမ်စွာလက်ခံတတ်မှု၊ ပတ်ဝန်းကျင်အပေါ်တုံပြန်ပုံ၊ မိမိကိုယ်ကို ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု စသည့် မြောက်များစွာသော စာသင်ခန်းထဲတွင် သင်ကြား၍မရသည်များကို အားကစားခန်းမက သင်ကြားပေးပါသည်။ စိတ်နှလုံး နူးညံ့သိမ်မွေ့မှု၊ ယဉ်ကျေးမှု၊ အကောင်းမြင်စိတ်ဓာတ်၊ အနုပညာကိုမြတ်နိုး တန်ဖိုးထားမှု စသည့် စာသင်ခန်းထဲမှ ဖတ်စာအုပ်မှ သင်ပေး၍ မရသော ကိစ္စများကို ကလေးများ အနုပညာဆောင်ရွက်နေရင်း သင်ယူရပါသည်။ ဤကဏ္ဍ တွေအားလုံးပေါင်းစပ် သင်ကြားပြီးမှသာ ကျွန်တော်တို့ အမြဲကြားနေရသည့် ဗလငါးတန် ဖွံ့ဖြိုးသည့် လူငယ်များဖြစ်လာခြင်းဖြစ်သည်။
#
ဤကိစ္စများသည် ကျောင်းသားများ၏ ရီပို့ ကဒ် ထဲတွင်သာ ရှိခဲ့သည်မှာ ကြာပါပြီ။ ကျွန်တော်တို့ဆီမှာ ကျောင်းသားတစ်ယောက် အားကစားလုပ်နေလျင်၊ တူရိယာတစ်ခုခုသင်ယူနေလျင် အနာဂတ်တွင်သုံးစားမရတော့မည့် ပုံစံမျိုးသာ မိဘ၊ဆရာ အသိုင်းအဝိုင်းမှ အများစုတုံ့ပြန်ခံရပါသည်။ Professional လုပ်စားရန်မဆိုလိုပါ။ လူပြောများသည့် သင်ထောက်ကူ ဆိုသည်မှာ ဤကဏ္ဍများပါဝင်ပါသည်။ ကျောင်းများတွင်အမြဲပိတ်ထားသည့် Multi Media Class Room များကိုချည်း ဆိုလိုခြင်းမဟုတ်ပါ။ ဟုတ်မဟုတ် မိမိကိုယ်ကို မညာတန်း မေးခွန်းထုတ်၍ ဖြေကြည့်စေချင်သည်။ အပြစ်တင်နေခြင်းမဟုတ်ဘဲ လက်တွေ့အမှန်အတရားများကို ထောက်ပြနေခြင်းဖြစ်ပါသည်။ ဤကိစ္စသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် စွဲခိုင်ခဲ့သော အယူအဆဖြစ်သည်။
#
အကျိုးဆက်အားဖြင့် တခြားနိုင်ငံမှ လူငယ်များနှင့် အတန်းတူ အသက်တူ ယှဉ်ကြလျင် ကိုယ်ရည်ကိုယ်သွေး များစွာနိမ့်သော လူငယ်များဖြစ်လာကြရပါသည်။ လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးဟူသည် ဖတ်စာအုပ်ကို အလွတ်ပြန်နိုင်ခြင်းမဟုတ်ပါ။ ဦးနှောက်ထဲတွင်မှတ်သားထားသည်များကို ပါးစပ်မှ တဝေါဝေါရွတ်ဆိုနိုင်ခြင်း မဟုတ်ပါ။ အဝေးကြီးမကြည့်စေလိုပါ။ မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည့် လူငယ်တစ်ဦးနှင့် အရှေ့တောင်အာရှ၏ တိုးတက်နေသည့် နိုင်ငံများမှ ထိုအဆင့်အောင်မြင်ပြီး လူငယ်တစ်ဦး ၏ ကိုယ်ရည်ကိုယ်သွေး၊ ရင့်ကျက်တည်ငြိမ်မှု၊ ပတ်ဝန်းကျင်နှင့်ဝင်ဆံ့မှု၊ လူမှုဆက်ဆံရေး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု စသည်များကို ယှဉ်ကြည့်စေလိုပါသည်။ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသည့် လူငယ်များ ဤအချက်ကိုကောင်းစွာ သတိပြုမိကြမည်ဖြစ်ပါသည်။
#
ကျွန်တော်တို့ဆီမှ လူငယ်များ အမှန်တကယ်ပညာတတ်ရေးထက် အတန်းထဲတွင် အဆင့်ကောင်းရေး၊ အမှတ်များများရရှိရေးနှင့် အတန်းတစ်တန်းတက်သွားဖို့သာ အဓိကဦးတည်ချက်ဖြစ်သွားလေတော့သည်။ မိဘ၊ဆရာ၊ ကျောင်းသား နည်းလမ်းမျိုးစုံသုံးလာတော့သည်။ ဒီလောက်ဆိုလျင် ဖြန့်ကျက်တွေးလို့ ရပေပြီ။ ဤသို့ ဦးတည်နေခြင်းကြောင့်လည်း ဘွဲ့ရ စာမတတ်များ ပေါ်ထွန်းလာသည်။ အထူးအဆန်းမဟုတ်ပါ။ ဖောခြင်းသောခြင်း အအောင်ပေးခဲ့သည်လည်းပါသည်။ ဤကိစ္စတော့ အားလုံးသိပြီးဖြစ်၍ အထူးတလည် မပြောချင်တော့ပါ။ကျွန်တော်တို့ ငယ်ငယ်က ဘက်စုံထူးချွန်ဖြေရသည်။ ခေါင်းစဉ်ကတော့ ဘက်စုံထူးချွန်ဖြစ်သည်။ ဘာသာရပ်များကိုဖြေဆိုရပြီး ကျန်သည့်စာပေဂီတ၊ အားကစား၊ အနုပညာ အပိုင်းများတွင် အိပ်ထမတင် ၁၀ ခါ၊ ထိုင်ထ ၁၀ခါ၊ ဂီတပညာအတွက် ခြေချိုးပြ လက်ချိုးပြရခြင်းများဖြင့် ပြီးခဲ့ပါသည်။ အလွန်ကောင်းသည့် ဘက်စုံထူးချွန်ပညာရေးဖြစ်သည်။ ခုခေတ်တော့ ကျွန်တော်မသိတော့ပါ။ ဤပုံစံမျိုးဖြင့် မြန်မာ့အားကစား ကမ္ဘာကို မည်သို့လွှမ်းမည်နည်း။ မြန်မာနိုင်ငံထဲတွင်မှ မလွှမ်းသေးပါ။ မြန်မာ့ ဂီတ အနုပညာကို မည်သို့ ထိန်းသိမ်းမည်နည်း။
#
ကျူရှင်ကိစ္စ။ မပြောချင်ပါ။ ဤကိစ္စကို မတို့မထိချင်ပါ။ ကျွန်တော်ကြားဖူးသည့် ဟိုးယခင်က ကျူရှင်ဆိုသည်မှာ စာမလိုက်နိုင်သည့် ကျောင်းသားများ ယူသည့်ကိစ္စဖြစ်သည်။ နောက်ပိုင်းတွင်တော့ တဖြည်းဖြည်း ယဉ်ကျေးမှု တစ်ခုလိုဖြစ်လာခဲ့သည်။ ကျွန်တော်တို့ နိုင်ငံတွင် သူငယ်တန်းကလေးများမှစ၍ ကျောင်းသားအားလုံး ကျူရှင်ပြေးကြရလေသည်။ ကျောင်းသားများ၏ အပြစ်မဟုတ်သလို၊ ဆရာ၊ မိဘများ၏ အပြစ်လည်းမဟုတ်ပါ။ ကျွန်တော်တို့တွင်ရှိနေသည့် တစ်လမ်းသွားပညာရေးစိတ်အခံ၊ စနစ်နှင့် စီးပွားရေးကသာ ထိုသို့ ဖြစ်အောင်တွန်းတင်ခဲ့လေသည်။ ကျူရှင် မရှိသင့်ဟုမဆိုလိုပါ။ သို့သော် တက်မှရမည်၊ မတက်လျင် မရဟူသည့် တာဝန်ဝတ္တရား တစ်ခုအနေဖြင့်တော့ မရှိသင့်တာ အမှန်ပင်ဖြစ်ပါသည်။ ကျွန်တော်တို့ ဆီမှာက မူလတန်းမှစ၍ တက္ကသိုလ် အထိ တာဝန် ဝတ္တရားတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပေပြီ။ အစဉ်အလာတစ်ခုလိုပင်ဖြစ်နေခဲ့ပြီ။
#
တခြားနိုင်ငံများမှ လူငယ်ကလေးများ လူ့လောကကြီးအကြောင်းကို အပြင်စာအုပ်များ၊ အားကစား၊ အနုပညာဏ္ဍ များဖြင့် သင်ယူနေချိန်တွင် ကျွန်တော်တို့ လူငယ်ကလေးများ စာအုပ်ထူထူ ကျောပိုးအိပ်လေးလေးကြီးဖြင့် နေ့မအား ညမနား ကျူရှင်ပြေးကြရလေပြီ။ ၁ နှစ် ၂ နှစ်အတွင်းမှာကို ဒီလူငယ်နှစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေး အတော်ကွာခြားသွားလေပြီ။ အထူးသဖြင့် ၆ နှစ် ၇ နှစ်အရွယ် မူလတန်းကလေးများ ကျောပိုးအိပ်ကြီးကြီးလွယ်၍ ကျူရှင်ပြေးကြလေသည်။ တခြားနိုင်ငံများတွင် ဤအရွယ်ကလေးငယ်များကို စာမသင်ကြားပါ။ လူ့ကျင့်ဝတ်များ၊ ယဉ်ကျေးမှု၊ မိမိကိုယ်ကို တာဝန်ယူတတ်ရန်သာ သင်ကြားပေးနေလေသည်။ ကိုယ့်အမှိုက်ကိုယ်သိမ်းရန်၊ အမှိုက်ပုံးထဲထည့်ရန်၊ ကိုယ့်နေရာကိုယ်ရှင်းရန်၊ ပူးပေါင်းဆောင်ရွက်တတ်ရန်၊ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတတ်ရန် ဤအရွယ်များမှာ သင်ကြားပေးနှင့်ပြီးလေပြီ။ တန်ပြန်မနှစ်ကဖြစ်လိမ့်မည်။ မြန်မာနိုင်ငံ၏ Top Ten ဝင်ကျောင်းသူလေးတစ်ဦးကို အင်တာဗျူးတာကြည့်လိုက်မိသည်။ ကျောင်းတွင် မည်သို့ သင်ကြားလေ့ကျင့်ပေးလိုက်သည်ကို တစ်လုံးမှမကြားခဲ့ရ။ ဘယ်ကျူရှင်တွင် ဘယ်လိုသင်လိုက်သည်၊ ကျက်မှတ်သည်များကို ဂုဏ်ယူမဆုံး အာပေါင်အာရင်းသန်သန်ပြောသွားလေသည်။ အထက်ကအတွေးများ ခေါင်းထဲရောက်လာ၍ ကျွန်တော် အဆုံးထိရောက်အောင်ပင် နားမထောင်မိတော့ပါ။
#
ချုပ်ရလျင် စနစ်များ တစ်ခုပြီးတစ်ခု ပြောင်းခဲ့ကြပါသည်။ မြန်မာလိုပြောင်းလိုက် အင်္ဂလိပ်လိုပြောင်းလိုက် လုပ်ခဲ့ကြပြီးပြီ။ ဤကိစ္စအတွက် မျိုးချစ်စိတ်ပြင်းထန်မှုတွင် ဘယ်နိုင်ငံမှမမှီသည့် ဂျပန်နိုင်ငံ ဘာလုပ်နေသည်ကို ပညာရှင်များကြည့်ကြပါဟုသာပြောချင်သည်။ လွန်ခဲ့သော ၁၀ စုနှစ်တစ်ခုက အင်္ဂလိပ်စာကို သူမသာကိုယ်မသာ အခြေအနေရှိခဲ့သည့် ဂျပန်နိုင်ငံမှ လူငယ်များသည် ယခုအချိန်တွင် အင်္ဂလိပ်စာကို ဂျပန်သံပျောက်အောင်ပြောနိုင်ခဲ့လေပြီ။ ဂျပန်စာပေနှင့် ဘာသာစကားသည်လည်း ပျောက်ကွယ်သွားခြင်းမရှိပါ။ ကျွန်တော်အထင် စနစ်တွေတစ်ခုပြီးတစ်ခုသာပြောင်းနေသော်လည်း လုပ်ခဲ့ပြီးသည့် စနစ်များအားလုံးကိုလည်း ထိထိရောက်ရောက် ကျင့်သုံးနိုင်ခဲ့သည်ကို မတွေ့ရပါ။ စာရွက်ပေါ်တွင်သာ ရှိခဲ့ပါသည်။ တစ်လမ်းသွားပညာရေးကိစ္စအတွက် ကျောင်းသားတစ်ဦး၏ အရည်အချင်းသည် ရရှိလာသည့်အမှတ်ပေါင်းတစ်ခုတည်းပေါ်တွင်သာ တည်နေသမျှကာလပတ်လုံး၊ နှုတ်တိုက် အာဂုံဆောင်မှုတစ်ခုကိုသာ အားပေးနေသမျှကာလပတ်လုံး သူသူကိုယ်ကိုယ် မိဘ၊ဆရာ၊ကျောင်းသား အားလုံး စာတတ်ရန်မကြိုးစားကြတော့ဘဲ အမှတ်ကောင်းရရန်သာ ကြိုးစားပါလိမ့်မည်။ စာတတ်ခြင်းနှင့် အမှတ်ကောင်းခြင်း များစွာခြားနားပါသည်။ လက်တွေ့အမှန်တရားဖြစ်ပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး၏ ပညာရေးအပေါ်တွင် ထားရှိသော စိတ်အခံသည် များစွာအရေးကြီးပါသည်။ ကျွန်တော့်အထင် အများကြီးပြောင်းရန်ပင် မလိုပါ။ စာရွက်ပေါ်တွင်သာရှိနေသည့်ကိစ္စများ တကယ်ဖြစ်လာလျင်ကိုပင် အတော်အလုပ်ဖြစ်နေပြီ ဟုထင်ပါသည်။ လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုကို အဓိကထားရန်လိုပါသည်။ လူကြီးများသည် လူငယ်များထက် အတွေ့အကြုံ ပညာမြင့်မားကြပါသည်။ လူငယ်မျိုးဆက်အတွက် စေတနာရှိသည်ဆိုသည်မှာလည်း သံသယရှိရန်မလိုပါ။ ကမ္ဘာကြီးနှင့် ချိန်ထိုးစဉ်းစားတော်မူကြပါဟုသာ ရိုသေလေးစားစွာ မဝံ့မရဲ တင်ပြလိုက်ရပါတယ် ခင်ဗျား။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...