“ မြောင်းထဲ နှင့် စင်မြင့် ၊ နေရာ နှင့် ကျင့်စဉ် ”
ခုရက်ပိုင်း ဟောပြောပွဲခရီးစဉ်တွေမှာ အဓိက
အကြောင်းအရာကတော့ လူငယ်ထုအရေး ပါပဲ။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မှ ကရင်ပြည်နယ်
မြ၀တီမြို့။ ထိုမှသည် ဧရာဝတီရဲ့ ပုသိမ်၊ ငသိုင်း
ချောင်း၊ အသုတ် စသဖြင့် ဟောပြောပွဲတိုင်းမှာ
လူငယ်တွေရဲ့ကဏ္ဍကို သတိထားမိပါတယ်။
ယခင်ထက်ပိုနားမျက်စိပွင့်အောင် ပြီးတော့
ပြောနိုင်ဆိုနိုင်အောင် အားထုတ်နေကြချိန်မို့
လူငယ်တွေရဲ့ခွန်အားပြည့်စိုက်ထုတ်မှုတွေကို
မြင်ရတာ အားတက်စရာပါပဲ။

ပုသိမ်မြို့ဆိုရင် ကျောင်းသားသမဂ္ဂများအားကောင်း
ပါတယ်။ မြို့လူထုကလည်း နောက်ခံရပ်တည်
ထားတော့ ဘယ်သူမဆို လေးစားခံ့ညားရအောင်
အင်အားရှိနေတာပါ။ ယနေ့လူငယ်တွေဟာ သူတို့
ရှေ့က မျိုးဆက် ဟောင်းတွေနဲ့ ဟန်ချက်ညီအောင်
စဉ်းစားတတ်ကြပါပြီ။ မျိုးဆက်ဟောင်းဆိုတာ
အတွေ့အကြုံပိုရှိစမြဲမို့ အားကောင်း မောင်းသန်
မျိုးဆက်သစ်နဲ့ အချိုးကျပေါင်းစပ်ရစမြဲပါ။ ဗိုလ်ချုပ်
အောင်ဆန်း(၁၀၁)နှစ်ပြည့်ပွဲတွေ ကျင်းပ ပုံကို
ကြည့်ပါဦး။ ပျော်ပွဲရွှင်ပွဲပုံမဖြစ်စေရပဲ အနှစ်အသား
ပါတဲ့ အထိမ်းအမှတ်ပွဲ ဖြစ်အောင် ဂရုဓမ္မပြုကြပါတယ်။
.
ပုသိမ်မှာ ဟောပြောပွဲကို င၀န်မြစ်ကမ်းမှာပဲ လုပ်
ပါတယ်။ “ မြို့တော်ခန်းမ”ရှိပေမယ့် မြစ်ကမ်း
ဘေးဟာ မြို့လူထုအတွက် လွတ်လပ်ကျယ်ပြောပြီး
သက်တောင့်သက်သာရှိနေမှုမှာ အားသန်တယ်လို့
ဆိုပါတယ်။ ပွဲညမှာတော့ “ ကာတွန်းမီးပုံး”တွေပါ
တထိန်ထိန်ထွန်းညှိပြီး ကြိုနေတာ၊ ကဗျာရွတ်သံ
တွေနဲ့ တင့်တယ်လှပါတယ်။ ယခင်က မီးပုံးထွန်း
ချိန်ဆို ဗျောက်အိုးသံနဲ့ပဲ တွဲသိခဲ့တာ၊ ခုတော့
ဗျောက်သံထက် ကဗျာရွတ်သံက ကျက်သရေ ပိုရှိ
တယ်လို့ ကျနော့်စိတ်ထဲ ရေရွတ်မိပါတော့တယ်။
.
မြို့တိုင်းနယ်တိုင်းမှာ အခါအားလျော်စွာ ကျင်းပကြ
ရတဲ့ ပွဲတွေအတွက် လူကြီးလူငယ်တွေ စဉ်းစားပုံ
ပြောင်းလာကြပါပြီ။ ခုလိုအရေးကြီးတဲ့ အကူး
အပြောင်းကာလအတွက် တကယ့်လိုအပ်ချက်က
ဘာလဲ။ ကြည့်ချင်ပွဲတွေ လောက်နဲ့ အရပ်မခံတော့
ပါဘူး။ ပွဲပြီး အိပ်ရေးပျက်၊ အမှိုက်ပွ ကျန်တာမျိုးက
ရှောင်ချင်ကြပါပြီတဲ့။ လူငယ်တွေရဲ့ အားသာချက်က
အချိန်ရယ်၊ ခွန်အားရယ် ပိုရှိကြတာပါပဲ။ ဒီနှစ်ချက်ကို
အဖိုးတန်အောင် သုံးနိုင်ဖို့က အတွေးအခေါ်နဲ့ ဥာဏ်
ပညာလို့ မှတ်ယူကြပါတယ်။
.
ဒါ့ကြောင့် ဘာပဲလုပ်လုပ်၊ ဘယ်ပွဲပဲ စီစဉ်စဉ် ဖျော်
ဖြေရေးဆိုတာထက်ပိုပြီး မြော်မြင်ရေးကို လိုလားလာ
ကြပါတယ်။ ဖျော်ဖြေရေးမှာတောင် သမိုင်းထဲက
တန်ဖိုးရှိရာများကို အနုပညာနဲ့ ပေါင်းစပ်တင်ဆက်
မှုမျိုး ပိုပြီး ခံတွင်းတွေ့လာကြတာပါ။
.
ခုလည်း ဟောပြောပွဲတွေမှာ ဓာတ်ပုံပြပွဲတွေ၊ ကဗျာ
ပန်းချီပြိုင်ပွဲလက်ရာတွေနဲ့ တွဲကြပါတယ်။ မြို့ခံတွေဟာ
ဟောပြောပွဲတခုကို နားထောင်ယုံသက်သက်မက
တော့ပါဘူး။ ဒေသခံတွေ (အထူးသဖြင့် လူငယ်တွေ)ရဲ့
တွေးခေါ်မြော်မြင်မှု အနုပညာတွေကို (ဧည့်သည်၊
ဟောပြောသူအပါအ၀င်) ပွဲလာသူအားလုံးရှေ့ မှတ်
ကျောက်တင်ခံနိုင်ဖို့ စမ်းသပ်လာကြပါပြီ။
.
ဟောပြောသူ၊ ဧည့်သည်တွေက နယ်ခံတွေရဲ့
ခေတ်သမိုင်းအပေါ် ၊ လူမှုပတ်ဝန်းကျင်အပေါ်
သဘောထားအာဘော်တွေပါတဲ့ စာပန်းချီ၊ ကဗျာ၊
ဓာတ်ပုံ အနုပညာတွေကို အကဲဖြတ်ပြီး အသိ
အမှတ်ပြုပေးရတာ နှစ်ဖက်အကျိုးရှိပါတယ်။
နယ်မြေတခုအကြောင်း သိခွင့်ရယုံမက ဒေသ
ခံတွေရဲ့ အတွေးအမြင်လက်ရာစုံကို အကဲခတ်
ခွင့်ရတာ အဖိုးတန်လှပါတယ်။
.
ယခင်ကဆို စာရေးဆရာ/ဟောပြောသူတွေဟာ
ဒေသတခုအကြောင်းသိချင်ရင် ဟောပြောပွဲ စီစဉ်
သူ၊ နီးစပ်သူ အချို့ကိုသာ မေးမှ သိရတာပါ။ (အဲဒါလဲ
သူတို့ ပြောသလောက်ပဲ ရမှာပေါ့။ ) ခုတော့ အလွှာ
ပေါင်းစုံက သိစရာပေါင်းစုံကို ခင်းကျင်းပြထားတာ
အားပါးတရ ယူရုံပါပဲ။ ဒါထူးခြား လာတဲ့ ပြောင်းလဲ
ချက်ပါ။ ကြိုဆိုပါရစေ။
.
လွန်ခဲ့တဲ့စစ်အစိုးရခေတ်က လူငယ်တွေဟာ
လောကကောင်းကျိုးကို လိုလားစိတ်ရှိသော်လည်း
လုပ်နည်း ကိုင်နည်း မသိခဲ့ကြတော့ စမ်းတ၀ါးဝါး
နိုင်ခဲ့ပါတယ်။ အခု ပြန်ပြောပြမယ့် ကာလဟာ
လူငယ်တွေစုပြီး အမှိုက်ကောက်တာတောင် ဘာ
ရည်ရွယ်ချက်နဲ့ကောက်သလဲ ၊ ဘယ်အဖွဲ့အစည်း
ကလဲ စသဖြင့် စစ်ဆေး မေးမြန်း ခံရတဲ့ ခေတ်ပါ။
လောကအကျိုးလုပ်ကြတယ်ဆိုရာမှာ စဉ်းစားကြ
တာက ရံပုံငွေ၊ ရုံးခန်းနေရာ စတာတွေ အခြေခံ
စဉ်းစားကြတော့ နဂိုကမှ ဖိအားများနေတဲ့လူငယ်
တွေအတွက် အစ အင်မတန်ခက်ပါတယ်။
.
မန္တလေးမြို့၊ သံလျက်မှော် အနောက်ရပ်ကွက်က
လူငယ်တွေရဲ့ နမူနာကို ကြည့်ကြရအောင်။ အဲဒီ
ရပ်ကွက်ဟာ ရေမြောင်းတွေ ပိတ်ဆို့နေလို့ နှစ်တိုင်း
ရေမြုပ်ပါတယ်။ စည်ပင်ကလည်း မြောင်းမဖော်နိုင်၊
အမှိုက် သိမ်းတဲ့ အမှိုက်ကားရှိတယ်ဆိုတာတောင်
မေ့နေကြတယ်။ လူတွေကလည်း လွယ်လွယ်နဲ့
မြောင်းထဲ အမှိုက်စွန့်။ အဆိုးသံသရာလည်နေချိန်
အဲဒီလိုအခြေအနေမျိုးမှာ ရပ်ကွက်လူငယ်တွေဟာ
ခါးတောင်းမြှောင်အောင် ကျိုက်သူကျိုက်၊ ဘောင်း
ဘီတို လဲသူလဲပြီး မြောင်းထဲဆင်းပြီး အမှိုက်တွေ
ရှင်းကြပါတယ်။
.
ဒါကို အပတ်စဉ်ဥပုသ်နေ့တိုင်း ၀တ္တရားအနေနဲ့
ခံယူပြီး အစဉ်အလာကောင်းတခုကို စခဲ့ကြတာပါ။
ဒါပေမယ့် အမှိုက်ရှင်းတာက တရက်၊ အမှိုက်ပစ်
တာက ခုနှစ်ရက်ဆိုတော့ အပြုနဲ့အဖျက် အား
မမျှခဲ့ပါဘူး။ ဒါနဲ့ စည်ပင်ကို သွားပြောကြတဲ့အခါ
စာရွက်ထဲမှာတော့ အမှိုက်ကားက နေ့စဉ် အဲဒီ
ရပ်ကွက်ကို ရောက်ပါတယ်တဲ့။ လက်တွေ့မှာ
မရောက်ခဲ့တော့ လူငယ်တွေက အခုလိုတောင်း
ဆိုပါတယ်။ အမှိုက်ကားသာ နေ့စဉ် ရောက်အောင်
လွှတ်ပေးစမ်းပါ၊ အမှိုက်တွေကိုလည်း ကားထဲအထိ
ထည့်ပေးမယ်။ အမှိုက်ကားလာရမယ့် လမ်းကြောင်း
ကိုလည်း ကူဆွဲပေးပါ မယ်တဲ့။ ရပ်ကွက်သန့်ရှင်းရေး
အတွက် စည်ပင်က ယူရမယ့်တာဝန်ကို လူငယ်တွေ
အဲဒီလို ဦးဆောင်တာဝန်ခံ လုပ်ပြကြတဲ့အခါ
ရပ်ကွက်လူထုကလည်း လူငယ်တွေရဲ့ စိတ်စေတနဲ့
တာဝန် ယူတတ်မှုအပေါ် စာနာအသိအမှတ်ပြုပြီး
အမှိုက်တွေကို စနစ်တကျ စွန့်ခြင်းဖြင့် ကူညီကြ
ပါတယ်။
.
စည်ပင်အမှိုက်သိမ်းကား ရောက်ခဲ့တယ်ဆိုတာ အဲဒီ
ရပ်ကွက်လူငယ်တွေက သက်သေခံလက်မှတ် ထိုး
ပေးမှ ဌာနကလည်း အမှိုက်ကားတကယ်ရောက်ခဲ့
တယ်ဆိုတာ အတည်ပြုပါသတဲ့။ဆယ်စုနှစ်နှင့်ချီပြီး
ရေမြောင်း ပိတ်ဆို့ ရေမြုပ်ခဲ့ရတဲ့ရပ်ကွက်ဟာ အဲဒီ
နှစ်ကစပြီး သန့်ရှင်းသော ရပ်ကွက်၊ ကျန်းမာရေးနဲ့
ညီညွတ်သော ၀န်းကျင်အဖြစ် ပြောင်းခဲ့ပါပြီ။
.
ဒီလူငယ်တွေ တကယ်အကျိုးရှိအလုပ်တွေ လုပ်နိုင်
စွမ်းရှိတယ်ဆိုတာ ရပ်ကွက် လူထုရဲ့ ယုံကြည်မှုကို
ရခဲ့ပြီမို့ နောက်ထပ်တိုးချဲ့ ဘာပဲလုပ်ချင်သည်ဖြစ်စေ
ရပ်ကွက်က အားပေးဖို့ အဆင်သင့် ဖြစ်လာခဲ့
ပါတယ်။ စာကြည့်တိုက်ဖွင့်ချင်သလား နေရာပေး
မယ်။ စာအုပ် စုပေးကြမယ်။ ရံပုံငွေ ထည့်ပေးမယ်
စသဖြင့် ကတိစကား အားပေးကူညီမှုတွေနဲ့ ရပ်ကွက်
စာကြည့်တိုက်လည်း ဘွားခနဲ ပေါ်လာသလို စာ
ကြည့်တိုက် ဖွင့်ပွဲ အမှတ်တရ စာပေဟောပြောပွဲ
လုပ်ချင်သလား ဖြစ်ရစေမယ် “ မင်းတို့သာ ဦးဆောင်
.. လိုအပ်ချက် ဖြည့်ဆည်းဖို့ ငါတို့တာဝန်ထား”
ဆိုတာက ရပ်မိရပ်ဖတွေရဲ့ လက်သုံးစကားတောင်
ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ နည်းမှန် လမ်းမှန်
ရွေးချယ်တင်မြှောက်ရတဲ့ ကိုယ်စားလှယ်၊ ခေါင်းဆောင်
ရွေးပွဲတွေမှန်သမျှ ရပ်ရွာလူထု စိတ်တိုင်းကျ အားကိုး
ယုံကြည်ရသူတွေသာ အောင်ပွဲခံခဲ့ရတာ နောက်ဆက်တွဲ
ရလဒ်ကောင်းတွေပါ။
.
စာကြည့်တိုက်အပါအ၀င် လူငယ်နှင့်ရပ်ရွာလူထုရဲ့
အောင်ပွဲတွေအတွက် ကျင်းပတဲ့ အခမ်းအနား ဟော
ပြောပွဲတွေမှာ စကားပြောခွင့်ရတဲ့အခါ ရံပုံငွေမရှိလို့၊
ရုံးခန်းနဲ့အဖွဲ့အစည်း မရှိလို့၊ ၊ ခေတ်က အခြေအနေ
မပေးလို့၊ စသဖြင့် ဆင်ခြေတွေကြား ခေါင်းပြားအောင်
အိပ်မနေပဲ ၊ ပိတ်ဆို့နေတဲ့ကြားက ခေါင်းထောင်ပြီး
ခေါင်းဆောင်နိုင်ခဲ့တဲ့အစဉ်အလာကောင်းကို အသိ
အမှတ်ပြုခဲ့သလို အခြားသူတွေသိအောင်လည်း
မျှဝေပေးမယ် ဆိုတဲ့ကတိအတိုင်း ယခုဆောင်းပါးကို
ရေးဖြစ်ပါတယ်။
.
ကျဉ်းမြောင်းတဲ့အခန်းထဲ လှောင်ပိတ်ခံရစဉ်၊ အမှန်
တရားကလည်း အိမ်နိမ့်စံဘ၀ ဖြစ်နေစဉ်က အပြင်
လောကကို အမှာစကားတခု ပါးဖူးပါတယ်။ “ လူဆိုတာ
ရောက်နေတဲ့နေရာထက်၊ ကျင့်နေတဲ့တရားပဲ အရေး
ကြီးတယ်။ ” လို့။
.
အခုဖြစ်ရပ်မှာလည်း လူငယ်တွေဟာ မြောင်းထဲ
ရောက်သွားတာလို့ ပြောချင်လည်း ပြောကြ လိမ့်မယ်။
သူတို့ ကိုယ်တိုင် အသိစိတ်နဲ့ ဆင်းသွားတာကိုး။
မြောင်းထဲမှာ ဘာလုပ်သလဲပဲ မေးရမှာပါ။ အမှိုက်
ရှင်းတယ်လေ။ သူတို့ကျင့်စဉ်နဲ့စိတ်စေတနာမှန်တော့
ရလဒ်အနေနဲ့ သန့်ရှင်းသော ရပ်ကွက်၊ ကျန်းမာသော
လူထုအဖြစ်ရခဲ့ပါတယ်။။ ဒါတင်မကပါဘူး ရပ်ရွာရဲ့
ယုံကြည်မှုဆိုတဲ့ အဖိုးမဖြတ်နိုင်သော ဆုလာဘ်
ကိုလည်း ရခဲ့တယ်မဟုတ်ပါလား။
.
လူတယောက်စင်ပေါ်ရောက်သွားပြီဆိုရင် ဟုတ်လှ
ပြီလို့ ဆိုကြ။
မြောင်းထဲရောက်သွားပြီဆိုရင် ဆိုးလှပြီလို့ မှတ်ယူ
ကြပေမယ့်
စင်ပေါ်ကနေ မဖွယ်မရာပြုတာထက်၊ မြောင်းထဲကနေ
အမှိုက်ရှင်းနေသူက တန်ဖိုးပိုရှိကြောင်း သူတို့ပြခဲ့
တယ်လို့ ခံစားရပါတယ်။
.
- #မင်းကိုနိုင်
.
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၄ မှ ]

0 comments:
Post a Comment