Saturday, February 20, 2016

#‎အခက်ခဲဆုံးကာလများကိုဖြတ်သန်းခြင်း‬ ‪#‎သရ၀ဏ်‬(ပြည်)

 

ကျွန်တော်သည် ပန်းခင်းလမ်းကို လျှောက်ခဲ့ရသူမဟုတ်။ ကျွန်တော့်ဘ၀တွင် အခက်အခဲများစွာကို ဖြတ်ကျော်လာခဲ့ဖူးပါသည်။ ကြုံခဲ့ဖူးသော အခက်အခဲများအနက် မေ့မရနိုင်လောက်အောင် ဆိုးရွားသောအဖြစ်မှာ ကျွန်တော့်အသက် ၁၂ နှစ်ခန့်တွင် သေလောက်သော ရောဂါဆိုးကြီးတစ်ခု ကပ်ငြိလာခြင်းဖြစ်ပေသည်။ ကျွန်တော်၏ ကလေးဘ၀ အပျော်များအားလုံး နိဂုံးချုပ်ရသည့် နေ့တစ်နေ့သို့ ရောက်လာ၏။

ထိုစဉ်က ကျွန်တော်သည် အသက် ၁၂ နှစ်။ ခြောက်တန်းအောင်၍ ခုနစ်တန်းတက်ရမည့်အချိန် ဖြစ်သည်။ ကျွန်တော်သည် ငယ်စဉ်ကပင် ဘောလုံးကန်တာ အလွန်ဝါသနာပါပါသည်။ ဘောလုံးလည်း အတော်ကျွမ်းကျင်စွာ ကန်တတ်ပါသည်။ ဒီဇင်ဘာလသို့ရောက်တိုင်း ဘောလုံးအသင်းဖွဲ့ကာ ကလေးဘောလုံးပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ပါသည်။ အားအားရှိလျှင် ရပ်ကွက်ထဲတွင် ဘောလုံးကန်တမ်းကစားနေကြပါသည်။ ထိုနေ့တွင် ကျွန်တော်သည် ခါတိုင်းနေ့များလိုပင် သူငယ်ချင်းများနှင့် ဘောလုံးကန်နေပါသည်။ သို့သော် နေလို့ မကောင်းပါ။ ကျွန်တော့်ခါးထဲကလိုလို၊ တင်ပါးထဲကလိုလို၊ အရိုးထဲကလိုလို အောင့်နေပါသည်။ ကျွန်တော်သည် မခံမရပ်နိုင်အောင် နာလာသဖြင့် ဘောလုံးဆက်မကစားတော့ဘဲ အိမ်သို့ ပြန်လာခဲ့ပါသည်။ အိမ်တွင် တစ်နေကုန် အိပ်နေပါသည်။
ထိုနေ့မှစကာကျွန်တော်သည် သက်သာလာသည်မရှိဘဲ တင်ပါးထဲမှ အောင့်အောင့်နေပါသည်။ ကျွန်တော့်အမေကိုလည်း ဖွင့်ပြောသဖြင့် အမေသည် ဘာလုပ်ရမလဲဆိုတာ အိမ်နားနီးချင်းများနှင့် ဖွင့်ဟတိုင်ပင်ပါသည်။ ထိုအခါ ကျွန်တော်တို့အိမ်နားမှာ ဂိတ်ထိုးသော ဆိုက်ကားဆရာကိုတင်ထွန်း ဆိုသူက သူသိသော အနှိပ်ဆရာတစ်ယောက်ရှိကြောင်း၊ ကျွန်တော်ခံစားနေရသော ဝေဒနာကို အနှိပ်ဆရာကောင်းကောင်းဖြင့် နှိပ်ချလိုက်လျှင် သေချာပေါက် ပျောက်ကင်းသက်သာသွားမည်ဖြစ်ကြောင်း မစားရ၀ခမန်း ပြောပါသည်။ ကျွန်တော့်တစ်သက်တာတွင် မိခင်ဖြစ်သူကို ကျေးဇူးအတင်ဆုံးအချက်မှာ စာပေဗဟုသုတရှိသောအမေသည် ဆိုက်ကားဆရာ ကိုတင်ထွန်းပြောတာကို လက်မခံဘဲ ကျွန်တော့်ကို အနှိပ်သည်နှင့် ကုသဖို့ ခါးခါးသီးသီး ငြင်းဆန်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုအစား အမေသည် ကျွန်တော့်ကို ဆရာဝန်နှင့်ပြဖို့ ကြိုးစားသည်။ ပိုက်ဆံမတတ်နိုင်သဖြင့် ကျောင်းသားများအတွက် အခမဲ့ဖွင့်လှစ်ထားသော ပြည်ဆေးရုံကြီးရှေ့ရှိ ကျောင်းသားဆေးခန်းကို သွားရောက်ပြသပါသည်။ (ယခုခေတ်တွင် ကျောင်းဆေးခန်းစနစ် မရှိတော့တာ ၀မ်းနည်းစရာ ဖြစ်သည်။)
ကျွန်တော်သည် မွေးဇာတာ မဟာဘုတ်အရ အင်္ဂါ မရဏဖွား ဖြစ်သည်။ မရဏဖွားဖြစ်သဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် သေလျှင် သေမည်။ မသေလျှင် အောင်မြင်ကျော်ကြားမည်ဟု ဗေဒင်ဆရာများက ဟောလေ့ရှိသည်။ ကျွန်တော်သည် အတိတ်ကံအရ ငယ်ငယ်ရွယ်ရွယ်နှင့် သေဖို့၊ ဒုက္ခိတဖြစ်ဖို့ ကံပါမလာဘူးထင်သည်။ ကျွန်တော့်မိခင်နှင့်အတူ ကျောင်းသားဆေးခန်းသို့ ရောက်သွားသောအခါ အင်မတန် တော်ပြီး အင်မတန် သဘောကောင်းသော ဆရာဝန်မတစ်ဦးနှင့် တွေ့ကြုံရ၏။ ထိုဆရာဝန်မှာ ဒေါက်တာဒေါ်သန်းဌေးဟု ခေါ်သည်။(ယခု ရွှေမင်းသားအကျိုးဆောင် ကုမ္ပဏီပိုင်ရှင် ကိုမြတ်သူဝင်း၏မိခင် ဖြစ်သည်။)
ဒေါက်တာဒေါ်သန်းဌေးသည် ထိုစဉ်က မိသားစုနှင့်အတူ ပြည်မြို့မှာ နေသည်။ သူက ကျွန်တော့်ရောဂါရာဇ၀င်ကို သေသေချာချာ မေးသည်။ ကျွန်တော်က လမ်းလျှောက်လျှင် တင်ပါးဆုံရိုးထဲမှ မခံမရပ်နိုင်အောင် အောင့်ကြောင်း၊ နာကျင်ကြောင်း ပြောပြသည်။ ဒေါက်တာဒေါ်သန်းဌေးသည် လက်တွေ့စမ်းသပ်ချင်သည်ဟု ဆိုပြီး ကျွန်တော့်ကို တစ်ကိုယ်လုံး အ၀တ်အစားများချွတ်စေကာ သူ့ရှေ့တွင် လမ်းလျှောက်ပြခိုင်းသည်။ ကျွန်တော်သည် ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း မျက်ရည်ပေါက်ပေါက်ကျကာ လမ်းလျှောက်ပြရသည်။ သူစိတ်ကျေနပ်အောင် လျှောက်ပြပြီးသောအခါ ဒေါက်တာဒေါ်သန်းဌေးသည် ပြည်ဆေးရုံ ဓာတ်မှန်ဌာနသို့သွားကာ ကျွန်တော့်အရိုးကို အခမဲ့ဓာတ်မှန်ရိုက်ခိုင်းသည်။
ဓာတ်မှန်ရလာသောအခါ ကျွန်တော့်ဓာတ်မှန်ကို ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ဓာတ်မှန်ဖတ်သောဌာနသို့ ပို့၍ ဓာတ်မှန်ဖတ်ခိုင်းရမည်။ ထိုအတွက် ဓာတ်မှန်ဖတ်ခ ကုန်ကျငွေအနည်းငယ်ကို တောင်းရာ မိခင်ကြီးက ပေးလိုက်သည်။ ကျွန်တော့်ကို သွေးစစ်ရန် သွေးလည်း ဖောက်ယူထားလိုက်ပြီး ဓာတ်ခွဲခန်းသို့ ပို့လိုက်သည်။ ထို့နောက် ကျွန်တော်တို့ အိမ်ပြန်လာခဲ့ကြ၏။
ချိန်းသောရက်တွင် ကျွန်တော်တို့သည် ကျောင်းသားဆေးခန်းသို့ ပြန်သွား၏။ ဆရာဝန် ဒေါ်သန်းဌေးသည် ဓာတ်မှန်အဖြေစာရွက်ကို လက်ထဲတွင် ကိုင်ထားသည်။ ဓာတ်မှန်ဖတ်သော အဖြေစာရွက်ကလေးတွင် ကုန်းဘောင်ဓာတ်မှန်၊ ရွှေဘုံသာလမ်း၊ ရန်ကုန်မြို့ဟု ရေးထားတာကို ယခုထက်တိုင် မှတ်မိ၏။ ထို့ကြောင့် ယခုအခါ ကျွန်တော်သည် ရန်ကုန်၊ ရွှေဘုံသာလမ်းထဲသို့ ဖြတ်သွားရင်း ကုန်းဘောင်ဆေးခန်းဆိုတာတွေ့တိုင်း ငယ်ဘ၀ကို သတိရမိပါသည်။ ဒေါက်တာဒေါ်သန်းဌေးက ဤသို့ပြော၏ ။
“ကလေးက ကံကောင်းတယ်။ ဆေးရုံလာပြတာ နည်းနည်း နောက်ကျသွားရင် ကုလို့မရတော့ဘူး။ ကုလို့ရခဲ့ရင်တောင် တစ်သက်လုံး ခြေတစ်ဖက်နိမ့်ပြီး ဒုက္ခိတဘ၀ ရောက်သွားလိမ့်မယ်”
“ဘာရောဂါလဲ ဒေါက်တာ”ဟု ကျွန်တော့်အမေက မေးသည်။ ကလေးဘ၀ မှတ်ဉာဏ်တွင် မေ့မရမည့် ဒေါက်တာဒေါ်သန်းဌေး၏အဖြေက ထွက်လာသည်။
“ တော်တော်ရှားရှားပါးပါးရောဂါပဲ။ Bone T.B လို့ ခေါ်တယ်။ အရိုးတီဘီပေါ့။ တင်ပဆုံအရိုးထဲကို တီဘီပိုးဝင်သွားတာ။ အဆုတ်မှာဖြစ်တဲ့ တီဘီမဟုတ်ဘူး။ အဆုတ်က ကောင်းတယ်။ တော်တော်တော့ စိတ်ရှည်ရှည် ကုရလိမ့်မယ်။ လူနဲ့ ရောဂါက မမျှဘူး။ နေ့တိုင်း ဆေးထိုးရမယ်။ ခြောက်လလောက် နေ့တိုင်း ဆေးထိုးရမယ်။ ခြောက်လပြည့်ရင် တစ်ပတ်နှစ်ရက် ဆေးထိုးပြီး တစ်နှစ်၊ တစ်နှစ်ခွဲ လောက် ထပ်ကုရမယ်။ သောက်ဆေးလည်း နေ့တိုင်းသောက်ရမယ်။ မှန်မှန်လာနိုင်ပါ့မလား။ နှစ်နဲ့ချီပြီး ကုရမှာ”
အမေသည် မိနစ်အနည်းငယ် ဘာမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ် ငေးငိုင်နေ၏။ ကျွန်တော့်အတွက် ယူရမည့်တာဝန်မှာ အင်မတန် ကြီးမားလှသည်။ ထိုအချိန်က အမေသည် ခေါက်ဆွဲဆိုင်ကို ရပ်နားထားခါစဖြစ်ရာ ပြည်မြို့ဈေးကြီးတွင် ကုန်စိမ်းရောင်းပြီး မိသားစုဝမ်းရေးကို ဖြေရှင်းနေရပါသည်။ ထိုသို့ တစ်ဖက်မှ စီးပွားရှာနေရင်း ကျွန်တော့်ကို နေ့စဉ် ဆေးခန်းသို့ လိုက်ပို့ရမည့်တာဝန်က မသေးလှမှန်း အမေသည် ချိန်ဆနေပုံရသည်။ မိသားစုထဲတွင် အားလုံးမှာ ကျောင်းသားကျောင်းသူများ ဖြစ်သည်။ အဖေသည် သတင်းထောက်တစ်ယောက်အဖြစ် အမြဲတမ်း အပြင်သွား သတင်းလိုက်နေသည် ဖြစ်ရာ ကျွန်တော့်ကို နေ့စဉ်ရက်ဆက် အချိန်မှန်မှန် ဆေးခန်းပို့ဖို့ အရေးမှာ မဖြစ်နိုင်ဖို့ များနေလေသည်။
“ကလေးက ကျောင်းဆက်တက်လို့ မဖြစ်လောက်ဘူးထင်တယ် ဒေါက်တာ”
“ဟုတ်တယ်။ ဒီနှစ်တစ်နှစ် ကျောင်းထွက်ရမယ်”
“ကျွန်မ တစ်ခုလောက် တောင်းဆိုပါရစေ ဒေါက်တာရယ်၊ တောင်းပန်တာဆိုရင် ပိုပြီးမှန်ပါလိမ့်မယ် ”
“ဟုတ်ကဲ့ ပြောပါ”
“ကျွန်မတို့က စီးပွားရေး အဆင်မပြေပါဘူး။ ဆေးခန်းက အခမဲ့ ဆေးကုပေးတယ်ဆိုပေမယ့် နေ့တိုင်း ဆေးခန်းကိုလာဖို့ စရိတ်က ရှိပါသေးတယ်။ ဆိုက်ကားခလည်း နေ့တိုင်းဆိုတော့ မတတ်နိုင်ပါဘူး။ အဲဒီတော့ သားကို ကျွန်မ စက်ဘီးနဲ့ခေါ်လာခဲ့ပါ့မယ်။ စက်ဘီးကလည်း ဆိုင်ကငှားစီးရမှာပါ။ တစ်နာရီတစ်ကျပ်ဆိုတော့ နေ့တိုင်း ကုန်ကျစရိတ် မတတ်နိုင်လို့ ပိုက်ဆံသက်သာအောင် တစ်နေ့ကို နာရီဝက် ငါးမူးဖိုးငှားပြီး လာခဲ့ပါမယ်။ အသွားအပြန် နာရီဝက်နဲ့ အချိန်မီအောင် ဒေါက်တာတို့ဆေးခန်းမှာ အဆင်အပြေဆုံးအချိန်ကို ပြောပါ။ ကျွန်မ အဲဒီအချိန်ရောက်အောင် နေ့တိုင်းလာပါ့မယ်။ အဲဒါတစ်ခုတော့ ကျွန်မကိုကူညီပါ”
ဒေါက်တာဒေါ်သန်းဌေးသည် ကျွန်တော်တို့ကို သနားသွားသည် ထင်ပါသည်။
“ ရပါတယ်။ ဒီလိုလုပ်ပါ။ ဆေးခန်းပိတ်ခါနီး နေ့လယ် သုံးနာရီ ဆိုရင် လူတော်တော်ရှင်းပါတယ်။ အဲဒီအချိန် လာနိုင်ရင် ကျွန်မတို့ အမြန်ဆုံး ဆေးထိုးပေးပါမယ်။ အဆင်ပြေအောင် လုပ်ပေးပါ့မယ်။ မှန်မှန်သာလာခဲ့ပါ။ ဒီဆေးက ပျက်လို့မရဘူး။ မှန်မှန်ထိုးရမယ်”
ယနေ့ခေတ်ကာလတွင် ပိုက်ဆံမပေးနိုင်သော လူနာကို ဆေးရုံဝန်ထမ်းများက မခြေမငံ ဆက်ဆံပြောဆိုသောကြောင့် လူနာမှာ ရှက်ကာ မိမိကိုယ်ကို သတ်သေသွားသော သတင်းကို ကြားရသောအခါ ကျွန်တော်ငယ်ငယ်က ကြုံတွေ့ခဲ့ရသော ပြည်မြို့ ကျောင်းသားလူငယ် ကျန်းမာရေး ဌာနမှ ဆရာဝန်၊ သူနာပြု၊ ကွန်ပေါင်ဒါ စသော ဆေးဝန်ထမ်းများ၏ သဘောထားပြည့်ဝမှုကို အံ့သြရလေသည်။
ထိုနေ့မှစကာ ကျွန်တော်သည် နေ့စဉ်နေ့တိုင်း မိခင်ကြီးနင်းသော စက်ဘီးနောက်ခုံမှ ထိုင်လိုက်ကာ စထရက်တိုမိုင်ဇင်ဟုခေါ်သော ဆေးကို မှန်မှန်အထိုးခံရလေသည်။ နေ့စဉ်ရက်ဆက် ဆေးထိုးခံရသဖြင့် ကျွန်တော့်တင်ပါးမှာ အပ်ရာတွေနှင့် ဗရပွဖြစ်နေလေသည်။ ဆေးထိုးအပ်ကို ထိုစဉ်မှစ၍ ကျွန်တော် ကြောက်သွားသည်မှာ ယခုထက်တိုင် နေမကောင်းလျှင် ဆေးခန်းသို့ မသွားချင်၊ ဆေးထိုးအပ်ကို မကြည့်ချင်၊ မမြင်ချင်၊ မခံစားနိုင်လောက်အောင် ဖြစ်သွားလေသည်။ ဆေးထိုးခံရသည်ထက် နာကျင်ခံစားရသော ဝေဒနာမှာ အမေ့နောက်မှလိုက်၍ စက်ဘီးစီးရခြင်း ဖြစ်သည်။ အမေသည် ကျွန်တော် နာကျင်မှုဝေဒနာ မခံစားရစေရန် ကယ်ရီယာတွင် ခေါင်းအုံးပါးပါးခု၍ ကျွန်တော့်ကို တင်ဆောင်လာပါသည်။ သို့သော် ဝေဒနာပြင်းထန်နေဆဲကာလဖြစ်သဖြင့် စက်ဘီးသည် ချိုင့်ခွက်ကလေးတစ်ခုထဲသို့ နည်းနည်းကျလိုက်သည်နှင့် နာကျင်လွန်းသဖြင့် အမလေး၊ အဘလေးတကာ လိုက်ပါလာရခြင်း ဖြစ်သည်။ အမေကလည်း တတ်နိုင်သမျှ စက်ဘီးကို ဖြည်းဖြည်းနင်းကာ ကျွန်တော် သိပ်ပြီးမနာကျင်အောင် (တစ်ဖက်ကလည်း စက်ဘီးငှားခ နာရီဝက်အတွင်း ၀င်အောင် ) နေ့စဉ် စိတ်မပျက် လက်မပျက် ကျွန်တော့်ကို ဆေးခန်းသို့ နှစ်ပေါက်အောင် ပို့ဆောင်ပေးခဲ့လေသည်။
ထိုနေ့မှစကာ ကျွန်တော်သည် လူမမာကြီးလုံးလုံး ဖြစ်သွားပေ၏။ မည်မျှတောင်ဆိုးသလဲဟူမူ ကျွန်တော်သည် ပက်လက်လှန် လဲလျောင်းနေရာမှ ညာဘက်သို့ ဖြစ်စေ၊ ဘယ်ဘက်သို့ဖြစ်စေ ကိုယ့်ဘာသာ တစ်ဘက်ဘက်သို့ မစောင်းနိုင်ပေ။ တင်ပါးဆုံရိုးထဲမှ နာကျင်လှသောကြောင့် ဖြစ်သည်။ လူအကူအတွဲပါမှ ကျွန်တော်သည် တစ်ဘက်သို့ စောင်းနိုင်၏။ အကူအတွဲဆိုသော်လည်း လူတိုင်းတွဲ၍ ထူ၍ရသည်မဟုတ်။ ကျွန်တော့်ရောဂါအထာကိုသိသူ ကျွန်တော့်မိခင်ကြီးတစ်ယောက်သာ ကျွန်တော့်ကို ထူ၍ရပါသည်။
ထိုအခြေအနေမျိုးဖြင့် စက်ဘီးတစ်စီး၏နောက်မှ ထိုင်လိုက်ရသော ကျွန်တော့်ဒုက္ခမှာ အလွန်ကြီးမားပါသည်။ သို့သော် ကျွန်တော်နှင့် အမေသည် ဘာတွေပဲကြုံလာသည်ဖြစ်စေ၊ မိုးရွာရွာ၊ နေပူပူ နေ့စဉ်မှန်မှန် ဆေးခန်းသို့သွားကာ ဆေးထိုးခဲ့ပါသည်။ ညစဉ်လည်း တီဘီဆေးများ သောက်ရသေးသည်မှာ ပဲလှော်စားသလို များပြားလှပါသည်။ ထိုခေတ် ထိုအချိန် ၁၉၈၀ ခန့်က ဆေးပညာသည် သိပ်ပြီး မထွန်းကားသေးသည်ဖြစ်ရာ ယခုခေတ်လို ဆေးအားလုံးကို တစ်မျိုးတည်းပေါင်းထားသော DOTS တို့ ဘာတို့လို အစွမ်းထက်ဆေးများလည်း မပေါ်သေးပါ။ စထရက်တိုမိုင်ဇင်ဆိုသော အလွန်ပြင်းထန်သည့် ထိုးဆေးကိုပင် နေ့စဉ်ထိုးရပါသည်။ ဆေးခဲဖြူဖြူ ၆ ခဲခန့်ကို ညစဉ်သောက်ရပါသည်။ ကျွန်တော်ဖြစ်သော ရောဂါမှာ အရိုးကို တီဘီပိုး လှိုက်စားခံရသည့် ရောဂါဆန်းဖြစ်ပြီး အခြားတီဘီရောဂါဝေဒနာရှင်များကဲ့သို့ ချောင်းဆိုးခြင်း၊ အဆုတ်မကောင်းခြင်း အလျဉ်းမရှိပါ။ အဆုတ်မှာ အလွန်ကောင်းပါသည်။ ချောင်းလည်း မဆိုးပါ။ တင်ပါးရိုးထဲမှ နာသည်မှတစ်ပါး အခြားရောဂါလက္ခဏာ မရှိပါ။
ကျွန်တော်သည် နေ့စဉ်ပင် အိပ်နေရသည်က များပါသည်။ တစ်ခါတစ်ရံတွင် ခေါင်းအုံးများခုကာ ပက်လက်ကုလားထိုင်တွင် ထိုင်ရပါသည်။ ကျောင်းလည်းမနေရတော့ဘဲ တစ်နှစ်ဆေးခွင့်တင်ကာ ကျောင်းထွက်လိုက်ရပါသည်။ ကျွန်တော့်စိတ်ကို အထိခိုက်ဆုံးသောအချိန်မှာ နံနက်၉ နာရီခန့် အဖြူအစိမ်းဝတ်ကျောင်းသား ကျောင်းသူများ အိမ်ရှေ့မှ ဖြတ်သွားချိန်နှင့် ညနေကျောင်းဆင်း၍ ပြန်လာကြချိန်ဖြစ်သည်။ ကျွန်တော်သည် အဖြူအစိမ်းများကို မြင်သည်နှင့် ကိုယ်ကျောင်းမတက်နိုင်သော အဖြစ်ကို အလိုလို ၀မ်းနည်းလာမိသည်။ ရသေ့စိတ်ဖြေအဖြစ် ကျွန်တော်နှင့် ခုနစ်တန်းအတူ တက်နေသော အိမ်နီးနားချင်းဖြစ်သူ ကိုဇော်ဆိုသည့် ကျောင်းသားကို အိမ်ရှေ့မှ စောင့်မျှော်ကြည့်နေကာ သူလာသည်နှင့် “ဇော်ဇော်ရေ လာပါဦးကွ၊ ဒီနေ့ဘာသင်သလဲ” ဟု မေးကာ သူ့စာအုပ်များကို လှန်လှောကြည့်ရှုမိပါသည်။ သူ့စာအုပ်များထဲမှ ကျောင်းစာများအားလုံးသည် ကျွန်တော့်အတွက် ဖတ်ကြည့်တာနှင့် အားလုံးနားလည်နေသည်။ အထွေအထူး ရှင်းပြစရာပင် မလိုပေ။ ကျွန်တော် ကျောင်းစာအုပ်များကို ထိုသို့ ကြည့်နေသည်ကို အမေသည် စိတ်ကောင်းပုံမရ။ ပါးစပ်မှတော့ ဖွင့်ဟ၍ မတားမြစ်။ ကြာတော့ ကျွန်တော်လည်း လက်လျှော့လိုက်ကာ ကိုဇော်ကိုလည်းခေါ်၍ စာအုပ်များကို လှန်လှောမကြည့်တော့ပြီ။ ရှေ့နှစ်ခါ ငါနေကောင်းလာမှပဲ ကျောင်းပြန်တက်တော့မည်ဟု အားခဲထားလိုက်ပါသည်။
ဤသို့ဖြင့် ခြောက်လကြာသွားသောအခါ ကျွန်တော့်အခြေအနေသည် အနည်းငယ် တိုးတက်လာ၏။ ဟိုနားသည်နား လမ်းလျှောက်နိုင်လာသည်။ တင်ပါးဆုံအရိုးထဲမှလည်း သိပ်မနာတော့။ သို့သော် ရောဂါမှာ အရှင်းမပျောက်သေးသဖြင့် တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် ဆေးဆက်ထိုးရသည်။ သောက်ဆေးကတော့ နေ့တိုင်းသောက်ရသည်။
ကျွန်တော်သည် ငယ်ငယ်ရွယ်ရွယ် အသက် ၁၂ နှစ်အရွယ်တွင် သေလောက်သောရောဂါကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသောအခါ ရောဂါဒဏ်၊ အလွန်ပြင်းထန်သော စထရက်တိုမိုင်ဇင်ထိုးဆေးများဒဏ်ကြောင့် ကိုယ်ခန္ဓာသည် ကြီးထွားမှု တုံ့နှေးသွား၏။ ငယ်စဉ်က ပြည့်ပြည့်၀၀ရှိခဲ့သော ကိုယ်ခန္ဓာသည် ထိုစဉ်မှစကာ ကြုံလှီသေးကွေးသွား၏။ ထိုသို့ ခန္ဓာကိုယ် ဥပဓိရုပ် ပြောင်းလဲသွားသည်မှာ ယခုထက်တိုင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ငယ်စဉ်က ဓာတ်ပုံများကို ကြည့်လျှင် အသက် ၁၂ နှစ်အထိသည် လူတစ်ယောက်၊ အသက် ၁၂ နှစ်မှစကာ ယခုအထိသည် အခြားလူတစ်ယောက်၏ပုံဟု ဆိုရမတတ် ပြောင်းလဲသွားပါသည်။ မတူညီသော လူနှစ်ယောက်ကို ကြည့်မြင်ရသလို ဖြစ်နေပေသည်။
တဖြည်းဖြည်းနှင့် ကျွန်တော်သည် ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာပါသည်။ နောက်တစ်နှစ်တွင် ကျောင်းပြန်တက်နိုင်သည်။ ထိုစဉ်ကာလများက ကျွန်တော်သည် လူတောတိုးရမှာ ကြောက်နေသည်။ အလိုလို အားငယ်နေတတ်သည်။ ဆယ်တန်းမအောင်ခင်အထိ စိတ်ဓာတ်ကျသလိုလို၊ သိမ်ငယ်သလိုလို ဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်သောစိတ်ပင် တစ်ခါတစ်ရံ ဖြစ်မိလေသည်။ သို့သော် ကျွန်တော့်မိခင်က ကျွန်တော့်ကို အားပေးခဲ့၏။ စာပေက ကျွန်တော့်ဘ၀ကို ကယ်တင်ခဲ့သည်။ ဆရာကြီးပီမိုးနင်း ရေးသားသော စာအုပ်တစ်အုပ်ထဲမှ စာကြောင်းလေးတစ်ကြောင်းက ကျွန်တော့်ဘ၀ကို ပြောင်းလဲသွားစေခဲ့သည်။ ထိုစာသားမှာ အောက်ပါအတိုင်း ရှင်းရှင်းလေးရေးထားသည်။
“ ဒုက္ခငယ်ကလေးများကို ခံစားခြင်းဖြင့် ဒုက္ခကြီးများမှ လွတ်ကင်းနိုင်လေသည်။ ဒုက္ခငယ်ကလေးများမှာ စိတ်အလိုကို လွန်စွာ မလိုက်ခြင်းဖြစ်သည်။”
ထို့နောက်ပိုင်းမှစကာ ကျွန်တော်သည် တော်ရုံတန်ရုံ ဒုက္ခများကို ခံနိုင်ရည်ရှိလာသည်။ ဘ၀ရည်မှန်းချက်ပန်းတိုင်ကို မြင့်မြင့်ထားသည်။ သူတကာထက်ပို၍ ကြိုးစားအားထုတ်သည်။ ဆန္ဒနှင့် ၀ီရိယ ပြင်းထန်၍ ရည်မှန်းချက်ပန်းတိုင်ရှိသော လူတစ်ယောက်အတွက် ကြီးမားသော အခက်အခဲများ ကြုံလာရသည့်တိုင် ကြံ့ကြံ့ခံ၍ ကျော်လွှားရှေ့ဆက်နိုင်စမြဲပင် ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။
#သရ၀ဏ်(ပြည်)
(ဆရာသရ၀ဏ်(ပြည်)၏ အခက်ခဲဆုံးကာလများကိုဖြတ်သန်းခြင်းဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။)
Eternal Light Magazine
February 2016
‪#‎သူတို့ဘ၀‬၏မှတ်တိုင်များ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...