မုဒိမ်းကောင်ကို သေဒဏ်ပေးမလား
မြန်မာနိုင်ငံမှာ ကလေးသူငယ်မုဒိမ်းမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးများလာနေပါတယ်။ အသက်ငယ်လွန်းသူတွေကို ဆွေမျိုးအရင်းအခြာတွေက ကျူးလွန်မှုတွေကိုလည်း အံ့သြဖွယ် တွေ့ရပါတယ်။ နိုင်ငံတွင်းမှာ တရားဥပဒေစိုးမိုးမှုကလည်း အားနည်းတဲ့အတွက် ပြစ်မှုကျူးလွန်သူတွေကို တရားသူကြီးတွေက ချမှတ်တဲ့ ထောင်ဒဏ်တွေဟာ နည်းလွန်းတဲ့အပြင် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း ပြန်ပြန်ပါနေလေတော့ မုဒိမ်းကောင်တွေအတွက် အားသာချက်လို့ ဖြစ်နေပါတယ်။ ``ကလေးသူငယ်မုဒိမ်းမှုတွေကို ဘယ်လိုတားဆီးကာကွယ်မလဲ`` ဒီဘိတ်ကို ရန်ကုန်မှာ ဖေဖော်ဝါရီ ၂၀ က တင်ဆက်ခဲ့ပါတယ်။
ဦးဆောင်ဆွေးနွေးသူတွေက ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ Peace & Justic Law Firm မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး၊ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်း၊ Colorful Girls မှ နန့်သဇင်မင်း၊ Save the Childern ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ် ဌာနမှူး ဒေါ်သန္တာကျော်တို့ ဖြစ်ပါတယ်။
အရှက်မဲ့သူနဲ့ စိတ်ရောဂါ
လောကပါလတရားနှစ်ပါးဖြစ်တဲ့ အရှက်၊ အကြောက်မဲ့လို့ မုဒိမ်းမှုတွေကို ကျူးလွန်ကြတာဖြစ်ပြီး သူတို့ဟာ အမျိုးသမီးအခွင့်အရေးရော ကလေးအခွင့်အရေးကိုပါ ထိပါးသူတွေ ဖြစ်တယ်လို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်တဲ့ မုဒိမ်းမှုအရေအတွက်ထက် ပြင်ပမှာ တကယ်ဖြစ်နေတဲ့ အရေအတွက်က ပိုများနိုင်ပါတယ်လို့ သူက ဖြည့်စွက်ပါတယ်။
ကလေးကိုမှ လိင်ဆက်ဆံလိုတဲ့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုရှိနေတဲ့ မုဒိမ်းသမားနဲ့ အခြေအနေဖန်တီးမှုကြောင့် သိက္ခာမထိန်းနိုင်ဘဲ ကျူးလွန်သူ မုဒိမ်းသမား နှစ်မျိုးရှိတယ်လို့ ဦးအောင်မျိုးမင်းက မုဒိမ်းသမားတွေကို သရုပ်ခွဲပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် မုဒိမ်းမှုကျူးလွန်သူတွေကိုတော့ ထိရောက်စွာ အရေးယူရမယ်လို့ သူက ပြောပါတယ်။
ကျူးလွန်ခံရသူတွေဟာ ကျူးလွန်သူကို ထိရောက်စွာ အရေးယူနိုင်ဖို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ လိုအပ်သလို အဲဒီလို ပြောဆိုလာရဲအောင်လည်း ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးထားရမယ်လို့ နန့်သဇင်မင်းက ပြောပါတယ်။ တရားဥပဒေစိုးမိုးရေး ဘက်တော်သားတွေဖြစ်တဲ့ ရဲ၊ ဥပဒေအရာရှိနဲ့ တရားသူကြီးတွေက နားလည်စွာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပညာပေးရမယ်၊ သူတို့ဟာ အမျိုးသမီးတွေ ဖြစ်နေရင်တော့ ကျူးလွန်ခံရသူ အမျိုးသမီးငယ်အတွက် ပိုကောင်းပါတယ်လို့ သူက ဖြည့်စွက်ပါတယ်။
Save the Childern ရဲ့ ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး မြို့နယ် ၂၀ လေ့လာမှုမှာ တစ်နှစ်အတွင်း ကလေးသူငယ်တွေကို လိင်အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုပေါင်း ၁၀၁ မှု တွေ့ရတဲ့အတွက် ပျမ်းမျှတွက်ကြည့်ရင် တမြို့နယ် ငါးမှုနှုန်း တွေ့နေရလို့ ၃၃၀ မြို့နယ်ရှိတဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်ကို ကလေးသူငယ်ဆိုင်ရာ အဓမ္မပြုကျင့်မှုပေါင်း ၁၆၀၀ ကျော် နိုင်တယ်လို့ ဒေါ်သန္တာကျော်က တွက်ချက်ပြပါတယ်။ ဒါဟာ စိတ်ပူစရာ ကိန်းဂဏန်းတွေပါလို့ သူက ဖြည့်စွက်ပါတယ်။
တရားရုံးမှာ စာနာပါ
မုဒိမ်းမှုကို တရားရုံးမှာ စွဲချက်တင်တဲ့အခါ တရားဥပဒေစိုးမိုးရေး ဘက်တော်သားတွေဟာ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကလေးစိတ်ပညာနဲ့ ကလေးအကြောင်း နားလည်သူတွေဖြစ်ဖို့ လိုအပ်ပြီး၊ ယူနီဖောင်းတကားကားနဲ့ ခြိမ်းခြောက်တတ်သူမျိုးတွေ မဖြစ်ရဘူးလို့ ဦးအောင်မျိုးမင်းက သတိပေးပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဟာ မှန်ကန်၊ မျှတရပြီး မျက်နှာမလိုက်ရဘူး၊ ငွေများငွေနိုင် (ငွေများတရားနိုင်) ဖြစ်ရတာမျိုး မဟုတ်ရဘူးလို့ သူက ထောက်ပြပါတယ်။
တရားဥပဒေစိုးမိုးရေး ဘက်တော်သားတွေဖြစ်တဲ့ တရားသူကြီး၊ ဥပဒေအရာရှိနဲ့ ရဲတို့ဟာ အမျိုးသမီးတွေဖြစ်ရင် ပိုကောင်းပြီး ကျူးလွန်ခံရသူ အမျိုးသမီးငယ်အတွက် ထွက်ဆိုရတာ ပိုအဆင်ပြေတယ်လို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ အမျိုးသမီးတရားသူကြီးဆိုရင် ကျူးလွန်ခံရသူကို နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံပြီး အနားခေါ်လို့ အသေးစိတ် မေးမြန်းနိုင်တယ်လို့ သူက ဥပမာပေးပါတယ်။
မွန်ပြည်နယ်မှာ အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်ကို အိမ်နီချင်း အသက် ၇၀ အရွယ် အမျိုးသားကြီးက အဓမ္မပြုကျင့်တာကို မူလတရားရုံးက အဂတိလိုက်စားပြီး လွှတ်လိုက်လို့ ခရိုင်ရုံး (အထက်ရုံး) ကို အယူခံပြန်တက်ရတယ်၊ ကွမ်းခြံကုန်းမှာလည်း မသန်စွမ်းကလေးငယ်ကို အိမ်နီးချင်းက မတရားပြုကျင့်ပေမယ့် မအောင်မြင်ဘူး၊ ဒါကို တိုင်ကြားတော့ ကလေးက သူ့ကို နာမည်ဖျက်ပါတယ်ဆိုပြီး တန်ပြန်တရားစွဲခံနေရပါတယ်လို့ လက်တွေ့အခြေအနေတွေကို ဒေါ်သန္တာကျော်က ပြောပါတယ်။
အပျိုစင်ရောဂါနဲ့ ယဉ်ကျေးမှု
မြန်မာ့ယဉ်ကျေးမှုကလည်း လွဲနေတာတွေ ရှိတယ်၊ မိန်းကလေးက အနေအထိုင်မတတ်လို့ ဖြစ်တာဆိုပြီး ပြောတာမျိုးလည်း ရှိတယ်၊ အပြင်ထွက်မှ ကျူးလွန်ခံရတာမျိုး မဟုတ်ဘဲ အိမ်မှာနေရင်းနဲ့ ကျူးလွန်ခံရတာမျိုးတွေ ရှိတဲ့အပြင် လုံခြုံစွာ ၀တ်ရုံနေထိုင်တဲ့ သီလရှင်လေးတွေတောင် မုဒိမ်းကျင့် ခံရပါတယ်လို့ နန့်သဇင်မင်းက ပြောပါတယ်။
ကျူးလွန်ခံရသူဟာ ငွေလိုချင်လို့ လုပ်ကြံပြောဆိုပါတယ်ဆိုပြီး တန်ပြန်စွပ်စွဲတာတွေ ရှိသလို၊ အပျိုစင်ကို တန်ဖိုးထားတဲ့ လူ့အသိုင်းအ၀ိုင်းမျိုးဖြစ်လို့ ကျူးလွန်ခံရသူကိုလည်း တန်ဖိုးမရှိတော့သလို တုံ့ပြန်တာမျိုးတွေလည်း ရှိနေတတ်တယ်လို့ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။ ကျူးလွန်ခံရသူကို ဖွက်ထားရမယ်၊ ကလေးနာမည်နဲ့ ဓာတ်ပုံကို မီဒီယာတွေမှာ သတင်းရေးသား ဖော်ပြတာတွေ မလုပ်ရဘူး၊ မီဒီယာတွေဟာ ဒါကို မသိကြဘူးလို့ သူက ဆက်ပြောပါတယ်။
ကျူးလွန်ခံရသူတွေဟာ တချိန်မှာ ချစ်သူရှိလာနိုင်တယ်၊ အိမ်ထောင်ပြုလိမ့်မယ်၊ သတင်းမီဒီယာတွေမှာ သူတို့ပုံတွေ၊ နာမည်ရင်းတွေနဲ့ ပါခဲ့ဖူးရင် ကာယကံရှင်တွေအတွက် ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဒေါ်သန္တာကျော်ကလည်း ထောက်ပြပါတယ်။ လက်တွေ့လူမှုဝန်းကျင်မှာတော့ ကျူးလွန်ခံရသူတွေကို ဖေးမကူညီရမယ့်အစား လွဲမှားတဲ့ အယူအစွဲတွေနဲ့ အခြေခံပညာကျောင်းသူဆို ကျောင်းပြန်တက်ဖို့ ကျောင်းက လက်မခံတာမျိုးတောင် ရှိနေတယ်လို့ ဆိုးကျိုးဖြစ်နေပုံကို သူက ဖြည့်စွက်ပါတယ်။
အမျိုးသမီးငယ်ဟာ တကြိမ်မှာ အပျိုစင်ဘ၀ကို ဆုံးရှုံးလိုက်ရတဲ့ ကျုးလွန်ခံရမှုကို ကြုံရရင် အပျိုစင်ဖြစ်နေမှထက် သူဘာ (ဆက်) လုပ်နိုင်သလဲ၊ ဘာ (ဆက်) လုပ်နေသလဲ ဆိုတာကမှ တကယ့်တန်ဖိုးပါလို့ ပရိသတ် အမျိုးသမီးတစ်ဦးက ပါဝင်ဆွေးနွေးပါတယ်။ လူမရှိလို့၊ နှစ်ယောက်တည်းမို့၊ ညမှောင်နေလို့၊ အရက်မူးနေလို့ စသဖြင့် အခြေအနေကြောင့် ဆိုတာတွေဟာလည်း အကြောင်းပြချက်တွေပဲဖြစ်ပြီး တကယ်ကတော့ လုပ်လို့ရလို့ (လုပ်ချင်လို့) သာ လုပ်ကြတာဖြစ်တယ်၊ မူးနေလို့ ဖြစ်သွားတာဆိုရင် မူးနေတဲ့သူကို ချေးကျွေးကြည့်ပါ၊ မစားပါဘူးလို့ သူက ကွက်ကွက်ကွင်းကွင်း ပြောပြပါတယ်။
မုဒိမ်းကောင်ကို သေဒဏ်ပေးမလား
ရာဇသတ်ကြီးမှာတော့ ပုဒ်မ ၃၇၆ မုဒိမ်းမှု ကျူးလွန်သူကို တသက်တကျွန်းဒဏ် (ထောင်ဒဏ် အနှစ် ၂၀) ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ မုဒိမ်းမှုကျူးလွန်သူတိုင်းကို တသက်တကျွန်း ပြစ်ဒဏ်ပေးစေချင်ပြီး ကလေးသူငယ်ကို ကျူးလွန်ရင်တော့ သေဒဏ်ပေးစေချင်တယ်လို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ ကျူးလွန်သူထဲမှာ အသက် ၁၈ နှစ် မပြည့်သူလည်း ပါနိုင်တာမို့ အသက် ၁၈ ပြည့်ပြီးသူနဲ့ မပြည့်သူကို ခွဲခြားစဉ်းစားဖို့ လိုအပ်ပါတယ်လို့ ဒေါ်သန္တာကျော်က ထောက်ပြပါတယ်။
ကလေးသူငယ်မုဒိမ်းမှုတွေကို အမြင့်ဆုံး သေဒဏ်၊ ဒုတိယအနေနဲ့ တသက်တကျွန်း ပေးရမယ်၊ တခြားနည်းနဲ့ မဖြေရှင်းနိုင်ဘူးလို့ တရားလွှတ်တော်ရှေ့နေနဲ့ ပထမအကြိမ်လွှတ်တော်ရဲ့ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်က ရုပ်သံကနေ ပါဝင်ဆွေးနွေးပါတယ်။ မုဒိမ်းသမားတစ်ယောက်ကို သေဒဏ်ပေးခြင်းအားဖြင့် ကလေးနှစ်သောင်းကို ကာကွယ်နိုင်လိမ့်မယ်၊ ဒီလို သေဒဏ်ပေးနိုင်အောင် ပထမအကြိမ်လွှတ်တော်သက်တမ်းမှာ သူကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ဒုတိယအကြိမ်လွှတ်တော်က ဘာလုပ်နိုင်မလဲဆိုတာကို စောင့်ကြည့်နေမယ်လို့ သူက ဆက်ပြောပါတယ်။
လူ့အခွင့်အရေးရှုထောင့်က ပြောရင် လူတိုင်းဟာ အသက်ရှင်သန်ပိုင်ခွင့်ရှိတော့ သေဒဏ်တော့ မပေးသင့်ဘဲ ကလေးသူငယ်မုဒိမ်းကျင့်သူတွေကို အမြင့်ဆုံး ထောင်ဒဏ်တွေကို ပေးသင့်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ ကျူးလွန်သူတွေဟာ နောင်တရသလား၊ ပြင်ဆင်ချင်တဲ့ ဆန္ဒရှိသလား စသဖြင့် ထည့်သွင်းစဉ်းစားဖို့ လိုပြီး၊ ပြင်ဆင်ခွင့်ပေးသင့်တယ်လို့ ဒေါ်သန္တာကျော်က ထောက်ပြပါတယ်။ ကလေးသူငယ်မုဒိမ်းကျင့်သူကို အသက်ဆုံးတဲ့အထိ ပြန်မလွှတ်ဘဲ ထောင်ဒဏ်ပေးတာမျိုး လုပ်သင့်တယ်လို့ နန့်သဇင်မင်းက ပြောပါတယ်။
လက်တွေ့ကျကျ ချဉ်းကပ်ပါ
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို တန်ဖိုးထားမှုပုံစံက လွဲနေတော့ အပျိုစင်ရောဂါ ရှိနေကြပြီး၊ ကျူးလွန်ခံရသူတွေဟာ ရပ်ရွာပြောင်းပြေးရတယ်၊ သူ့အခွင့်အရေးကို မလေးစားကြတော့ဘဲ အပျိုစင် မဟုတ်တာနဲ့ဘဲ ပတ်ဝန်းကျင်ရဲ့ပြစ်တင်မှုတွေကို ခံရတော့မှာလားလို့ နန့်သဇင်မင်းက မေးခွန်းထုတ်ပါတယ်။ အမှန်တော့ အစိုးရက စပြီး ရပ်ရွာအသိုင်းအ၀ိုင်းနဲ့ အဖွဲ့အစည်းတွေက ကျူးလွန်ခံရသူဟာ လုံခြုံစိတ်ချရတဲ့ နေရာမှာ နေထိုင်နိုင်ဖို့ ဘယ်လိုဖန်တီးပေးမလဲ၊ စိတ်ပိုင်းရုပ်ပိုင်း မနာကျင် မထိခိုက်အောင် ဘယ်လို ကူညီဖေးမမလဲ၊ ဒါ့အပြင် နောက်ဆုံး အမျိုးသမီးတွေကို ခွဲခြားဆက်ဆံနေတဲ့ အစွဲတွေကို ပြောင်းလဲပေးရမယ်လို့ သူက သုံးသပ်ပါတယ်။
ကလေးသူငယ်တွေ မုဒိမ်းကျင့်ခံရရင် ဖုံးထားတာက များနေကြတယ်၊ တကယ်တမ်းတော့ သတ္တိရှိရှိနဲ့ လုပ်ဆောင်သင့်တာ လုပ်ဆောင်ပါလို့ ဒေါ်သန္တာကျော်က အကြံပြုပါတယ်။ ဆွေမျိုးသားချင်းကပဲပြုကျင့်ကျင့် ဘယ်သူပဲပြုကျင့်ကျင့် ကလေးက ပြောလာရင်လည်း ယုံကြည်ပေးပြီး တရားဥပဒေရှေ့မှောက်မှာ ပြဿနာကို ရှင်းရမယ်၊ အဲဒီလို လုပ်ဆောင်နိုင်ဖို့ လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးကလည်း ကူညီအားပေးရမယ်လို့ သူက ပြောပါတယ်။ ကလေးကို တစ်ယောက်တည်း မထားသင့်သလို တခြားတစ်ယောက်နဲ့လည်း မထားသင့်ဘူး၊ ကလေးသူငယ်မုဒိမ်းမှုတွေကို ကြည့်တဲ့အခါ ကျူးလွန်သူ ၉၀ ရာခိုင်နှုန်းက ကလေးနဲ့သိသူတွေဖြစ်ပြီး၊ ၁၀ ရာခိုင်နှုန်းကသာ တစိမ်းဖြစ်လို့ အမျိုးအရင်းတွေလည်း မယုံရပါဘူးလို့ ဒေါ်သန္တာကျော်က သတိပေးပါတယ်။
ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ မိဘအုပ်ထိန်းသူမှာ အပြည့်အ၀ တာဝန်ရှိတယ်၊ ကလေးသူငယ်မုဒိမ်းမှုကို ကျူးလွန်သူတွေဟာ ရုပ်ရှင်ထဲက သမ္မတလူကြမ်းလို ရုပ်မျိုးတွေ မဟုတ်တာမို့ ပညာတတ်တွေနဲ့ ဆွေမျိုးတွေကိုလည်း မယုံပါနဲ့၊ အယုံလွယ်သူတွေနဲ့ လွယ်တဲ့တိုင်းပြည်တွေကို အခုနောက်ပိုင်း ကလေးသူငယ်နဲ့ လိင်ဆက်ဆံလိုသူတွေဟာ လိင်ပိုင်းဆိုင်ရာ ခရီးသွားအနေနဲ့ လာရောက်ကြတယ်၊ အဲဒီလိုဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေကို သင်ခန်းစာယူပါလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဒါ့အပြင် ယောက်ျားလေးတွေလည်း အဓမ္မပြုကျင့်ခံရနိုင်သလို လူကုန်ကူးတာလည်း ခံရနိုင်တာမို့ သမားရိုးကျ အယူအစွဲတွေကို ပြောင်းလဲပစ်ပါလို့ သူက အကြံပေးပါတယ်။
ကလေးငယ်တွေရဲ့ လိင်အင်္ဂါတွေကို ရင်းနှီးသူပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကြည့်တာ၊ ထိတာ၊ ကိုင်တွယ်တာတွေကို ခွင့်မပြုသင့်ဘူး၊ အဲဒီလို မလုပ်ဖို့ကိုလည်း ပညာပေးရမယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။ ကလေးမိဘတချို့ဟာ ကိုယ့်ကလေး (ယောက်ျားလေး၊ မိန်းကလေး) ကို ချစ်လို့ဆိုပြီး ကိုယ်လုံးတီးဓာတ်ပုံတွေရိုက်လို့ ဖေ့စ်ဘုတ်မှာ တင်နေတာကို တွေ့ရတယ်၊ အဲဒါတွေဟာလည်း မလုပ်သင့်ဘူးလို့ နန့်သဇင်မင်းက သတိပေးပါတယ်။
စီးပွားရေးအဆင်မပြေတဲ့ မိဘတချို့ကတော့ သမီးမိန်းကလေးကို သူတို့ကိုယ်တိုင် သူများအိမ်မှာ အိမ်ဖော်အဖြစ် ထားရတယ်၊ တကယ်တော့ သူများအိမ်ဖြစ်ဖြစ် အမျိုးအရင်းပဲဖြစ်ဖြစ် ဘယ်ယောက်ျားနဲ့မှ မထားတာက ကောင်းပါတယ်လို့ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။ နောက်ဆုံး မတတ်သာလို့ ကျူးလွန်ခံရပြီဆိုလည်း ငြိမ်မနေဘဲ ဥပဒေဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပါ၊ အကူအညီတောင်းခံပါလို့ သူက အကြံပေးပါတယ်။
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆။
ရန်ကုန်။
0 comments:
Post a Comment