နောက်ဆုံးထွက်သက်တိုင် …
Tin Nyunt
ဝန်ကြီးဌာနအချို့က အစိုးရမလွှဲပြောင်းမီ နိုင်ငံပိုင်ပစ္စည်းတွေကို အလျင်စလို ခိုး (ဆောရီး စီမံခန့်ခွဲ) နေဆိုတဲ့ အဆိုကို မနေ့က ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်ခင်စန်းလှိုင် အဆိုတင်သွင်းပါ တယ်။

တိုက်တိုက်ဆိုင်ဆိုင် မနေ့က နေပြည်တော်ပြန် မိတ်ဆွေတစ်ယောက်က
“သိပ်ပြီး ဝမ်းနည်းစရာ ကောင်းတယ်ဗျာ။ ဝန်ကြီးဌာနတွေက ထွက်သွားရတော့ မယ်ဆိုတော့ ခန်းဆီး လိုက်ကာတွေကအစ ဘာမှ မကျန်အောင်ဖြုတ်ယူသွားကြတာ။ ပိုဆိုးတာက ကားတွေမှာ ပြင်ဆင်စရိတ်တွေ ပေးထားတာတွေကို အားလုံးထုတ်သုံး သွားကြတာပဲ။ ကားတွေကိုလည်း ပြင်တယ်သာဆိုတယ် အစုတ်အပြတ် တွေအတိုင်း ထားခဲ့ကြတာ။ စိတ်ဓာတ်တွေ အောက်တန်းကျလိုက်ကြတာဗျာ” လို့ရင်ဖွင့်ပါတယ်။
အစိုးရဟောင်းနဲ့ အစိုးရသစ် အလွှဲအပြောင်းမှာ တိကျတဲ့ ဥပဒေ ထုတ်ပြန်ထားတာ မရှိဘူးဆိုတာကို အခွင့် ကောင်းယူပြီး နောက်ဆုံး ထွက်ချိန်အထိ လိုက်ကာကအစ ခိုးတဲ့စိတ်ဓာတ်တွေကတော့ ဘယ်ကျောင်းဆင်း၊ ဘယ်ကျောင်းထွက်၊ ဘယ်ဥကပေါက်တာတွေလဲလို့ မေးရမလိုတောင် ဖြစ်နေပြီ။
ရှိသေးသဗျ။ မနေ့က မူးယစ်ဆေး တိုက်ဖျက်ရေး အရေးကြီး အဆိုကို သက်ဆိုင်ရာဝန်ကြီးတွေ လာရောက် ရှင်းလင်းပါလို့ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကို ဖိတ်ကြားခဲ့ပါတယ်။ ဝန်ကြီးဌာန (၁၃) ခုကို ဖိတ်ခဲ့တယ် လို့ဆိုပါတယ်။ အဲဒီဝန်ကြီးဌာနတွေ လွှတ်တော်မှာ လာရောက်ဖြေရှင်းခြင်းမပြုပါဘူး။
ဆိုလိုချင်တာက “မင်းတို့ အစိုးရသစ် ငါတို့ သောက်ဂရုစိုက်စရာ မလိုဘူး” ဆိုတဲ့ သဘောနဲ့ပေါ့။
မူးယစ်ဆေးဝါးကိစ္စလောက် အရေးကြီးတာ ရှိသေးသလားဗျာ။ ခုလည်း မူးယစ်ဆေးစိုက်ခင်းတွေ ဖျက်ဆီးဖို့ သွားတဲ့ ပြည်သူတွေကို သောင်းကျန်းသူတွေက တိုက်ခိုက်လို့ သေသူတွေသေ၊ ဒဏ်ရာရသူတွေရ ဖြစ်နေရ ပြန်ပြီ။
မူးယစ်ဆေးတိုက်ဖျက်တဲ့အလုပ်ဟာ ပြည်သူတွေ ပူးပေါင်းဖို့လိုတာမှန်ပါတယ်။ ဒါပေမဲ့ လက်ရှိ တာဝန်ယူနေရသေးတဲ့ အစိုးရမှာ အာဏာမလွှဲပြောင်းမီအထိ တာဝန်ရှိသပေါ့။
မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ချမ်းသာလာကြတဲ့ သူတွေကတော့ အစိုးရသစ်ရဲ ဗွေဆော်ဦး အရေးယူဆောင် ရွက်ချက်ဟာ အရှိုက်ထိုးသလိုဖြစ်မှာ သေချာတယ်။ ဘာကြောင့်လည်းဆိုတော့ ညောင်မြစ်တူးလိုက်ရင် ပုတ်သင်ဥတွေ ပေါ် လာတော့မှာ ဖြစ်နေလို့ပါပဲ။
မူးယစ်ဆေးတိုက်ဖျက်ရေး၊ ဖျက်ဆီးရေးတွေကို အစိုးရကတောင် တက်ကြွစွာ လုပ်ဆောင်ရမယ့် နေရာမှာ ပြေးဟေ့ … ပြေးကြ … ငါတို့ တားပေးထားမယ်ဆိုတာမျိုးနဲ့ သေချင်ရင်သွား ငါတို့မတားတော့ဘူးဆိုတဲ့ အပေါက်မျိုးကို ချိုးခိုင်းထားတာကို အစိုးရလို့ သတ်မှတ်ရမှာလားဗျာ။
၂၆.၂.၂၀၁၆

0 comments:
Post a Comment