စွမ်းအင်ဆိုင်ရာ အမျိုးသားမူဝါဒ National Energy Policy
Win Kyaw
နိုင်ငံတိုင်းသည် စွမ်းအင်စနစ်များ၏ သဘောသဘာဝအရ လိုအပ်ချက်အတိုင်းအတာကို လက်ခံသဘော ပေါက်ပြီးနောက်၊ မိမိနိုင်ငံအတွင်း တည်ရှိသော စွမ်းအင်သယံဇာတ အခြေအမြစ် အပေါ်မူတည်၍ ပြည်သူအများ သိသာစေရန်နှင့် စိတ်ကူးပေါက်သလို တစ်ဖက်သတ်ဆုံးဖြတ်မှုများ ကင်းရှင်းစေရန်၊ မိမိနိုင်ငံ၏ စွမ်းအင် အကောင်အထည်ဖော်မှုဆိုင်ရာ မဟာဗျူဟာများကို တိကျစွာ ပြဋ္ဌာန်း သင့်သည်။ အဆိုပါမူဝါဒများသည် ကမ္ဘာ တစ်ဝန်း ဖန်လုံအိမ် ဓာတ်ငွေ့လျော့ချရေး ဘောင်အတွင်းကဖြစ်ရန်လိုအပ်ပြီး စွမ်းအင်ဆိုင်ရာ စီမံရေးတွင် စီးပွားရေး၊ လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော စဉ်ဆက်မပြတ်ရှင်သန်မှု အချက် (၃)ချက်ကို ထည့်သွင်း ထားရန် လိုအပ်ပါသည်။ အမျိုးသားစွမ်းအင်မူဝါဒများတွင် မြေယာအသုံးချခြင်း၊ သဘာဝပတ်ဝန်းကျင် ဦးစားပေးမှု၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဦးတည်ချက်များနှင့် စီးပွားရေး တိုးတက်မှု ဦးတည်ချက်များ ပါဝင်သော မဟာဗျူဟာအကဲဖြတ်ခြင်းများ ပါဝင်သင့်သည်။
အဆိုပါ မူဝါဒဘောင်များအတွင်းမှ စွမ်းအင်ထုတ်လုပ်မှု ရွေးချယ်ပိုင်ခွင့် (Energy option) အမျိုးမျိုးတို့ အကြား စဉ်ဆက်မပြတ်ရှင်သန်မှုအပေါ် စိစစ်သည့် အဓိကစံများကို အောက်ဖော်ပြပါအတိုင်း သတ်မှတ်ထားသည်။

- လိုအပ်ချက်အပေါ် ထုတ်လုပ်ပေးနိုင်မှုနှင့် လိုအပ်ချက်ဘက်တွင် စွမ်းရည်မြင့်မားမှု။
ယင်းအစီအမံသည် နိုင်ငံအစိုးရများက သတ်မှတ်ဆောင်ရွက် ရမည့် ပထမဦးဆုံး စံတစ်ရပ် ဖြစ်သည်။ စွမ်းအင်ထုတ်လုပ်ပေးနိုင်သည့် ဘက် (Supply Side) နှင့် လိုအပ်ချက်ဘက် (Demand Side) တို့၏ စွမ်းရည်မြင့်မားမှု အရည်အသွေးများ၊ စီးပွားရေးအရ တွက်ခြေကိုက်မှုနှင့် နည်းလမ်းများ၏ သဘာဝကျမှုနှင့် တူညီသောရလာဒ် များ ဆောင်ကျဉ်းပေးနိုင်မှုတို့ကို စိစစ်ရန် ဖြစ်သည်။
- သယံဇာတပြုန်းတီးခြင်းနည်းလမ်းများကို ဆန်းစစ်ခြင်း။
ဤအချက်သည် မျိုးဆက်များအကြား သာတူညီမျှမှု ဖြစ်သည်။ မူသေဖြစ်သော သယံဇာတများကို သုံးစွဲပစ်ခြင်းသည် နောင်မျိုးဆက်တို့ အပေါ် ကုန်ကျမှုများကို လွှဲပြောင်းပေးခြင်းဖြစ်သည်။ ပေါများနေသော သယံဇာတများကို အသုံးပြုသော စီမံကိန်းများကို ပြုန်းတီးလုဖြစ်နေသော သယံဇာတ ကို သုံးစွဲခြင်းထက် ပို၍ဦးစားပေးသင့် သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲသည့် နည်းလမ်းသည် မူသေ သယံဇာတကို သုံးစွဲခြင်း မဟုတ်ပေ။
- စွမ်းအင်ပြန်ဖော်နှုန်း Energy Payback Ratio အရ နည်းလမ်းများကို ဆန်းစစ်ခြင်း။
ပြန်လည်ပြည့်ဖြိုးမြဲ သယံဇာတတို့သည် တည်ဆောက်ရေး ကာလတွင်သာ စွမ်းအင်သုံးစွဲရန် လိုအပ်၍၊ ရုပ်ကြွင်းလောင်စာသုံးစွမ်းအင် ထုတ်လုပ်မှုသည် တူးဖော်ထုတ်လုပ်ခြင်း၊ သယ်ပို့ခြင်း နှင့် ပြုပြင်ဆောင်ရွက်ခြင်းမှစ၍ စွမ်းအင်ကို အသုံးပြုရသည်။
- စီမံကိန်းဝင်အဆောက်အဦတို့၏ သက်တမ်းအပေါ် စီးပွားရေးတွက်ချေကိုက်မှုကို ဆန်းစစ်ခြင်း။
လျှပ်စစ်ဓာတ်အားပေးခြင်းလုပ်ငန်းသည် ရေရှည်လုပ်ငန်း တစ်ခုဖြစ်သဖြင့် စီမံကိန်းဝင် အဆောက်အဦတို့၏ သက်တမ်းရှည်ကြာမှု အပေါ် အလေးထားသင့်သည်။
- စီမံကိန်းသက်တမ်းအတွင်း သယံဇာတရရှိမှုနှင့် ဈေးနှုန်းတို့အပေါ် မူတည်၍ နည်းလမ်းများကို ဆန်းစစ်ခြင်း။
ရုပ်ကြွင်းလောင်စာများသည် လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ၏ သက်တမ်းအတွင်း သယံဇာတရရှိနိုင်မှု လျော့နည်းသွားနိုင် သကဲ့သို့ ဈေးနှုန်းများ မြှင့်တက်လာနိုင်သည်။ ရေအားလျှပ်စစ် စက်ရုံများအနေနှင့် မိုးခေါင်သည့်ကာလများတွင်သာ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်။
- နည်းပညာသင့်လျော်မှု၊ စွမ်းရည်အဆင့်မြင့်မှုနှင့် ၀န်ဆောင်မှုများအပေါ် မူတည်၍ နည်းလမ်းများကို ဆန်းစစ်ခြင်း။
သယံဇာတတစ်ခုခု အသုံးပြုမှုမှ ထုတ်နုတ်ပေးနိုင်သည့် အကျိုးအမြတ်များ အများဆုံးရရှိရန် သင့်လျော်သော၊ သေချာပြီးသော နည်းပညာများသုံးစွဲရန် လိုပါသည်။ စွမ်းအင်ပြောင်းလဲမှု စွမ်းရည် အဆင့်မြင့်ခြင်း (Efficience of Conversion) ၊ ပြောင်းလွယ်ပြင်လွယ်ရှိခြင်း (Flexibility) နှင့် သေချာစိတ်ချမှု (Reliability) တို့အပေါ် နှိုင်းယှဉ်ရန် လိုအပ်သည်။ စုပေါင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ် (Energy Mix) သည် တစ်ဖက်စောင်းနင်းမဖြစ်၍ တည်ငြိမ်မှုရှိရန် အဓိကကျသည်။
- အပိုနှင့် ဘက်စုံအသုံးချမှု အကျိုးကျေးဇူးအပေါ်မူတည်၍ ဆန်းစစ်ခြင်း။
ရေအားလျှပ်စစ်စက်ရုံများ၏ ရေလှောင်ကန်ဖန်တီးခြင်းသည် အခြားမည်သည့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်တွင်မှ မရရှိနိုင်သော အခြားသော ဘက်စုံအသုံးပြုမှုကို ဖြစ်ပေါ်စေပါသည်။
- ဒေသခံလူအဖွဲ့အစည်းအား အလုပ်အကိုင်ရရှိခြင်း၊ နည်းပညာများ လွှဲပြောင်းရယူခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ချခြင်းအပေါ် မူတည်၍ ဆန်းစစ်ခြင်း။
စွမ်းအင်ဖွံ့ ဖြိုးမှုစီမံကိန်းအများအပြားသည် ဒေသခံများအား အလုပ်အကိုင် ရရှိစေပါသည်။ တည်ဆောက်ဆဲကာလနှင့် ဓာတ်အား ထုတ်လုပ်သည့် သက်တမ်းတစ်လျှောက်လုံး တိုက်ရိုက်နှင့် သွယ်ဝိုက်သော အလုပ်အကိုင် အခွင့်အလမ်းများကို ဖြစ်ပေါ်စေသည့် အပြင် ဒေသခံများ၏ ကျွမ်းကျင်မှု အခြေခံများကို မြှင့်တင်ပေးခြင်း၊ လုပ်ကိုင်နိုင်မှုစွမ်းရည် မြှင့်တင်ပေးခြင်းနှင့် နည်းပညာပြန့်ပွားခြင်း၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်သွားရန် လိုအပ်သည်။
- ကာဗွန်ထုတ်လွှတ်မှု အတိုင်းအဆနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအပေါ်မူတည်၍ ဆန်းစစ်ခြင်း။
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများသည် ကာဗွန် ထုတ်လွှတ်မှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့အလွန်နည်းပါးပါသည်။ ရုပ်ကြွင်းလောင်စာအသုံးပြုစွမ်းအင် စီမံကိန်းများသည် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လုပ်၍ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုအများဆုံးဖြစ်သည်။
- ကျယ်ဝန်းသော မြေနေရာအသုံးချမှု (Environment Footprint) အပေါ် မူတည်၍ ဆန်းစစ်ခြင်း။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများသည် အခြားသော ရုပ်ကြွင်းလောင်စာသုံး စွမ်းအင်ထုတ်လုပ်သည့် စီမံကိန်းများထက် ပတ်ဝန်းကျင်ခြေရာ (Environment footprint) ခေါ်သည့် စွမ်းအင် တစ်ယူနစ် ထုတ်လုပ်တိုင်း အသုံးချသည့်မြေနေရာအကျယ်အ၀န်း ကြီးမားတတ်ပါသည်။ မြေနေရာကျယ်ဝန်းသော စီမံကိန်းသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့ပါးသက်သာစေခြင်းဆောင်ရွက်ရန် ခက်ခဲတတ်သည်။
- စွန့်ပစ်ပစ္စည်းများ (လေ၊ ရေ၊ မြေထဲသို့ စွန့်ပစ်ခြင်း၊ ထုတ်လွှတ်ခြင်း) အပေါ် မူတည်၍ ဆန်းစစ်ခြင်း။
စွန့်ပစ်ပစ္စည်းများသည် ရုပ်ကြွင်းလောင်စာနှင့် အဏုမြူလောင်စာသုံး ဓာတ်အားပေးစီမံကိန်းများ၏ ပြဿနာများဖြစ်သည်။ တစ်ချို့ရုပ်ကြွင်းလောင်စာသုံးစက်ရုံများ၏ သေးငယ်သော “ပတ်ဝန်းကျင် ခြေရာ” ရှိသော်လည်း၊ လေထုအတွင်းသို့ ထုတ်လွှတ်သော ဓာတ်ငွေ့များကြောင့် အက်ဆစ်မိုးအသွင် နိုင်ငံနယ်နိမိတ်များ ကို ဖြတ်ကျော်နိုင်သည်။ ဖုန်မှုန့်များနှင့် အခြားဓာတ်ငွေ့များ လေထုအတွင်း သို့ ထုတ်လွှတ်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေပါ သည်။ ရေလှောင်ကန်အတွင်းသို့ အညစ်အကြေးများ စွန့်ပစ်ခြင်းနှင့် အဏုမြူဓာတ်ကြွ အကြွင်းအကျန်များ ထားသိုကုန်လှောင်ရုံများ က နောင်မျိုးဆက်သို့တိုင် ကုန်ကျစရိတ်များနှင့် သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူမှုကို လွှဲပြောင်းပေးနေသည်။
မူဝါဒများချမှတ်ရာတွင် အဓိကဦးတည်ချက်များသည် ဖွံ့ ဖြိုး တိုးတက်ပြီးသောနိုင်ငံတစ်ခုနှင့် ဖွံ့ ဖြိုး တိုးတက်ဆဲနိုင်ငံတစ်ခုအကြား ထပ်တူထပ်မျှ တူညီခြင်းမရှိသည်ကို သတိပြုရမည်။ ဖွံ့ ဖြိုး တိုးတက်ပြီး နိုင်ငံတစ်ခု၏ ဦးစားပေးမှုမှာ ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖြစ်သော် လည်း၊ ဖွံ့ ဖြိုးတိုးတက်မှု မရှိသေးသော နိုင်ငံတစ်ခု၏ ဦးစားပေးမှုမှာ လူမှု၊ စီးပွားဖွံ့ ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စသည်တို့ ဖြစ်နိုင်သည်။ IPCC ၊ ကျိုတိုပရိုတိုကောသည် ဖွံ့ ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ ဖြိုးဆဲနိုင်ငံများ နှင့် မဖွံ့ ဖြိုးသေးသောနိုင်ငံများ၏ ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချရေး ဂတိဂ၀တ်များကို ခွဲခြားထားပေးသည်ကို သတိပြုရမည် ဖြစ်သည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကမ္ဘာ့တစ်ဝန်း စွမ်းအင်စနစ်များ၏ စဉ်ဆက်မပြတ်ရှင်သန်မှုနှင့် ပတ်သက်၍ စွမ်းအင်အမျိုးအစားအလိုက် ဆန်းစစ်တင်ပြပြီးဖြစ်သည့်အပြင် စွမ်းအင်ထုတ်လုပ်မှု နည်းလမ်းများရွေးချယ်ရာတွင် အခြေခံသင့်သည့် အချက်များကို ဖော်ပြခဲ့ပြီးဖြစ်သည်။
သို့ဖြစ်၍ ကျွန်ုပ်တို့ ကမ္ဘာပေါ်တွင် လက်ရှိသုံးစွဲနေသည့် စွမ်းအင် စနစ်သည် စဉ်ဆက်မပြတ်ရှင်သန်သည့် စနစ်မဟုတ် ဆိုသည်မှာ ငြင်း၍မရ သည့်အချက် ဖြစ်ပေသည်။ ရုပ်ကြွင်းလောင်စာကို မီးလောင်ကျွမ်းစေ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ယနေ့ကမ္ဘာတစ်ဝန်း လူသား တို့ရင်ဆိုင်ဖြေရှင်းနေရသည့် ကမ္ဘာကြီး ပူနွေးလာမှု၏ အဓိက တရားခံ ဖြစ်နေသည်။ ကျွန်ုပ်တို့သည် သန့်စင်သော စွမ်းအင် တစ်မျိုး တည်းဖြင့် ကမ္ဘာ့ တစ်ဝန်း စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည်မှာ သေချာသောအချက် ဖြစ်ပါသည်။
ကမ္ဘာကြီး၏ လူဦးရေသည် (၂၀၁၁)ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် သန်းပေါင်း (၇၀၀၀)သို့ ရောက်ခဲ့ပြီးဖြစ်သည်။ ထိုသို့ တိုးပွားလာသော ကမ္ဘာ့လူသားများအတွက် စွမ်းအင်လိုအပ်မှုနှင့် စားနပ် ရိက္ခာ လိုအပ်မှုများကို ဖြည့်စည်းဆောင်ရွက်ရန် နိုင်ငံအစိုးရများသည် လူမှုစီးပွားဖွံ့ ဖြိုးမှုလုပ်ငန်းများကို မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရဦး မည် ဖြစ်သည်။
ထိုလူမှုစီးပွားဖွံ့ ဖြိုးမှုလုပ်ငန်းများအနက် အဓိက အကျဆုံးသော လုပ်ငန်းမှာ လျှပ်စစ်ဓာတ်အား လိုအပ် ချက်ကို လိုအပ်သလောက် ပြည့်ပြည့် ၀၀ ဖြည့်ဆည်းပေးရန်ဖြစ်သည်။ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်မရရှိသေးသည့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအတွက် လျှပ်စစ် ဓာတ်အားကို တိုးတက်ထုတ်လုပ်ကြရမည် ဖြစ်သည်။ သယံဇာတများ ယုတ်လျော့လာခြင်း နှင့် ထိုဖွံ့ ဖြိုးရေးလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင်စနစ် ထိခိုက်ဆုတ်ယုတ်လာခြင်းကို ရပ်တန့်စေပြီး၊ တစ်ချိန်တည်းမှာ လူသားအများစု၏ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် အဓိကကျသော လျှပ်စစ်ဓာတ်အား ဖွံ့ ဖြိုးမှုစီမံကိန်းများကို အကောင် အထည်ဖော်ရေးကိစ္စသည် နိုင်ငံအစိုးရတိုင်း ကြုံတွေ့နေ ရသော၊ ဖြေရှင်းရန်ခက်ခဲသော ပြဿနာတစ်ရပ်ပင်ဖြစ်ပါသည်။
ကမ္ဘာကြီးပူနွေးလာမှုကို ဖြစ်ပေါ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်သည့် ရုပ်ကြွင်း လောင်စာအခြေပြုသည့် အပူရှိန်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို လျော့ချရန်၊ အခြားနည်းလမ်းများ ဖြစ်သော အဏုမြူရောင်ခြည်ပြန့်လွင့်မှုကို စိုးရိမ်တကြီးဖြစ်နေကြသည့် ပြည်သူများ၏ ဆန္ဒကို ဆန့်ကျင်၍ အဏုမြူ လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကို ဆောင်ရွက်မည်လော (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိပါသည်ဟု အများပြည်သူများက ကန့်ကွက်နေသော ရေလှောင် ကန်သုံး ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ဆောင်ရွက်မည့်လော ဟူသည့် ဆုံးဖြတ်ချက်တစ်ခုခုကို ရွေးချယ်ဆုံးဖြတ်ရပေမည်။ ပညာရှင် တစ်ချို့က (စွမ်းအင်)လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို တစ်ဖက်တစ်လမ်း မှ လျော့ချသွားရန် နည်းလမ်း (၂)မျိုးကို တိုက်တွန်းလျက်ရှိသည်။ ယင်းတို့မှာ (၁) စွမ်းအင်ချွေတာသုံးစွဲရေး (Energy Conservation) နှင့် (၂) စွမ်းအင်စွမ်းရည်မြှင့်တင်ရေး (Energy Efficiency) စသည်တို့ ဖြစ်သည်။ စွမ်းအင်ချွေတာသုံးစွဲမှုသည် တိုးတက်ဖွံ့ ဖြိုးပြီး နိုင်ငံကြီးများတွင် လိုအပ်သည်ထက်ပို၍ရှိနေသော လူနေမှုအဆင့်အတန်းကို ထိန်းသိမ်း ညှိနှိုင်းရန် ဖြစ်သကဲ့သို့၊ အခြားဖွံ့ ဖြိုးဆဲနိုင်ငံများတွင်လည်း လူသား တစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှု အလေ့အထကို ကြိုတင်၍ ချွေတာ ရန် ပုံသွင်းထားရန် ဖြစ်ပါသည်။ အချို့ စွမ်းအင်ကို လုံးဝသုံးစွဲခွင့်မရသေး သည့် စွမ်းအင်ကို အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သေးသည့် ဖွံ့ ဖြိုးဆဲနိုင်ငံ များအနေဖြင့်မူ စွမ်းအင်ချွေတာ သုံးစွဲရန် ကိစ္စသည် ဆောင်ရွက်ရန် အံမ၀င်သေးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်ဟု အများကယူဆကြသည်။ ဒုတိယ အချက်ဖြစ်သည့် စွမ်းအင်စွမ်းရည် မြှင့်တင်ရေးသည် ငွေကြေး ကုန်ကျမှုများပြားသဖြင့် ဖွံ့ ဖြိုးပြီးနိုင်ငံအများကသာ ကျင့်သုံးဆောင်ရွက်နိုင် လိမ့်မည် ဖြစ်သည်။
သို့ဖြစ်၍ နိုင်ငံတိုင်း၏ ဆုံးဖြတ်ချက်ချမှတ်သူများသည် မိမိနိုင်ငံအတွင်း သယံဇာတတည်ရှိမှုအခြေအနေ နှင့် မိမိနိုင်ငံ၏ စွမ်းအင်ဆိုင်ရာမူဝါဒများ အပေါ်မူတည်၍၊ ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်ရမည့် ပြဿနာကြီး (၂)ရပ် ဖြစ် သည့် လူသားများ အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို လျော့ချရေးနှင့် ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချရေး တို့ကို ချိန်ခွင်လျှာညှိ၍ မိမိနိုင်ငံနှင့် ကမ္ဘာကြီးအတွက် ထိခိုက်မှုအနည်းဆုံးသော (စွမ်းအင်) လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နည်းလမ်းများအား စဉ်ဆက်မပြတ်ရှင်သန်နေမည့် ဖွံ့ ဖြိုး မှုဘောင်အတွင်းမှ ရွေးချယ်သွားရန် ဖြစ်ပါသည်။

0 comments:
Post a Comment