သရုပ်ဆောင်
Tin Nyunt
ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်အတွက် အင်တာဗျူး လာဖြေကြတယ်။ လူငယ်သုံးယောက်ကို အတူတကွထိုင်ခိုင်း ထားပြီး အင်တာဗျူးတာပါ။ မိန်းကလေးကနှစ်ယောက်၊ ယောက်ျားလေးကတစ်ယောက်။
ပထမမိန်းကလေးကို အင်တာဗျူး စစ်မေးတဲ့သူက

“ကဲ … ကလေးမ မင်းအကြောင်းပြော” လို့ စမေးပါတယ်။ ပထမဆုံးက လေးမလေးက
“ကျွန်မ MBA နဲ့ ဘွဲ့ရပြီးပြီ။ ကျောင်းမှာတုန်းက အမှတ်တွေ အများကြီး၊ အဆင့်ကောင်းကောင်းနဲ့ အောင်ခဲ့ တယ်။ စီးပွားရေးဆိုင်ရာ အခြားလက်မှတ် နှစ်ခုလည်းရှိတယ်။ အချိန်ပိုင်း အလုပ်တွေ လိုက်လုပ်ရာမှာလည်း အလုပ်ရှင်တွေရဲ့ ထောက်ခံချက်ကောင်းကောင်းတွေရခဲ့တယ်။ ပါမောက္ခကြီး … ကိုယ်တိုင်က ကျွန်မကို ချီးကျူးထားတဲ့စာလည်းပါတယ်။ ပူးတွဲတင်ထားပါတယ်”
“တော်ပါပြီ ကလေးမ … နောက်တစ်ယောက်”
နောက်တစ်ယောက်ကလည်း ကောင်မလေးပဲ။ သူက
“ကျွန်မကတော့ ယခင် … ကုမ္ပဏီကြီးတစ်ခုမှာ အကြီးတန်း အုပ်ချုပ်ရေးမှူးတစ်ယောက်အဖြစ် တာဝန်ယူခဲ့ပါ တယ်။ ကျွန်မရဲ့ စွမ်းဆောင်ချက်တွေကို ပူးတွဲတင်ထားပါတယ်။ ကျောင်းပညာကတော့ မဟာဘွဲ့အထိ ရထား ပါတယ်။ ဒေါက်တာဘွဲ့တစ်ခုရဖို့ ကြိုးစားနေပါတယ်။ ကျွန်မအနေနဲ့ ဒီကုမ္ပဏီရဲ့ လုပ်ငန်းတွေနဲ့ စီမံအုပ်ချုပ်မှု တွေကို သဘောကျလို့ ပြောင်းလဲပြီး တာဝန်ထမ်းဖို့ လျှောက်ထားတာဖြစ်ပါတယ်”
“ဟုတ်ပါပြီ … နောက်တစ်ယောက်”
နောက်တစ်ယောက်ကတော့ ကောင်လေးတစ်ယောက်ပါ။ လူက သပ်သပ်ရပ်ရပ်ဝတ်ထားတယ်ဆိုပေမယ့် ကုပ်ကုပ်လေးနဲ့ မဝံ့မရဲ ထပြောတာ
“ကျွန်တော်က ကျောင်းပြီးအောင် မတက်ခဲ့ရဘူး။ အလုပ်က သရုပ်ဆောင်တစ်ယောက်ပါ”
“အိုး … သရုပ်ဆောင်တဲ့လား … စိတ်ဝင်စားသွားပြီ.. ဘယ်ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့သလဲ”
“ကျွန်တော် ငယ်ငယ်ကတည်းက သရုပ်ဆောင်ဖြစ်ခဲ့တာပါ။ ကျောင်းမသွားချင်တော့ အိမ်မှာ နေမကောင်း ချင်ဟန် သရုပ်ဆောင်ခဲ့တယ်။ ကျောင်းရောက်တော့လည်း စာမသင်ချင်တော့ နေမကောင်းဘူးဆိုပြီး အိပ်နေခဲ့ တယ်။ စာတွေကို နားမလည်ဘဲနဲ့ နားလည်ချင်ဟန်ဆောင်ခဲ့တယ်။ အိမ်ရောက်တော့လည်း ကျောင်းက သင်လိုက်သမျှ အားလုံးသိနေဟန်ဆောင်ရတယ်။ စာတွေကို ဟန်ဆောင်ပြီး အော်ကျက်ခဲ့ရတဲ့ အတတ်လည်း တတ်ခဲ့တယ်။ မိဘတွေက သူတို့ငွေကြေးတွေ အကုန်ခံပြီး ကျောင်းကောင်းကောင်းထားတယ်ဆိုတာကိုလည်း ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောခဲ့ရတယ်။ တကယ်တော့ ကျွန်တော် ဝါသနာပါတာက ဘောလုံးကန်ချင် တာ။ ဘောလုံးပွဲကြည့်နေရင် တီဗီလာပိတ်တတ်တဲ့ မိဘတွေကိုလည်း မျက်လုံးလေးမှေးပြီး အပြစ်ရှိဟန်ဆောင် ခဲ့ရတယ်။ ကျောင်းမှာ ဘိတ်ဆုံးကဖြစ်နေပေမယ့် အိမ်မှာတော့ ဘယ်လောက်တော်တယ်ဆိုတာ ဟန်ဆောင်ပြီး ပြောပြတဲ့ အတတ်လည်း ကျွန်တော်တတ်ခဲ့တယ်။ ဟုတ်ကဲ့ … ကျွန်တော်အခု အင်တာဗျူး လာဖြေဖို့လည်း လူတတ်ကြီးဟန်ဆောင်ပြီး မှန်ရှေ့မှာ အကြိမ်ကြိမ် လေ့ကျင့်ခဲ့ရတယ်။ ခုဝတ်လာတဲ့ အဝတ်အစားတွေက လည်း ကိုယ့်အဝတ်တွေမဟုတ်ဘူး။ ငှားဝတ်လာတာ။ ဟုတ်ကဲ့ … ကျွန်တော် သရုပ်ဆောင် တစ်ယောက်ပါ။ ဘာလုပ်လုပ် စိတ်ထဲက မပါပေမယ့် အကောင်းဆုံး သရုပ်ဆောင်တတ်ပါတယ်” လို့ပြောပြီး ထိုင်ချလိုက်တယ်။
အင်တာဗျူး စစ်ဆေးတဲ့သူတွေကို သူ့ကို ငေးစိုက်ကြည့်ပြီး စကားတောင် မပြောနိုင်တော့ဘူး။ အားလုံးကို မနက်ဖြန် အလုပ်ခေါ်စာရင်း ထုတ်ပေးမယ် လာကြည့်ကြလို့ ပြောပြီး အင်တာဗျူးကို သိမ်းလိုက်တယ်။
နောက်တစ်နေ့ အလုပ်ခေါ်တဲ့ အောင်စာရင်းမှာ ကောင်လေးတစ်ယောက်တည်းရဲ့ အမည်ကို ကပ်ထားတယ်။ ဆေးစစ်ဆေးမှုမှတ်တမ်းများ တင်ပြနိုင်လျှင် ချက်ချင်းအလုပ်ဝင်ရန်လို့လည်း မှတ်ချက်ပေးထားတယ်။
၂၆.၂.၂၀၁၆

0 comments:
Post a Comment