Tuesday, February 23, 2016

"တောသားလူလည်"

Thanlay Ko


ဒီတစ်ခေါက် ကျနော်ခွင့်ပြန်ပြီး စင်္ကာပူကိုပြန်မယ်ဆိုတော့ ကျနော့်သူငယ်ချင်းမိုးကြီးက စလုံးကို တစ်ခါမှ မရောက်ဖူးလို့ သူလည်းလိုက်လည်မယ်တဲ့။
ရတယ်ပေါ့ ခေါ်လာလိုက်တယ်။
ခေါ်လာရတာက ပြသနာမရှိပါဘူး။
လူက တောသားလူလည်ဆိုတော့ ဘာမှမသိပေမယ့် သိဟန်ဆောင်တတ်တာက ခက်နေတာ။

မန္တလေးလေဆိပ်ထဲအဝင် လုံခြုံရေးစက်ဖြတ်တော့ ခါးပတ်ပါဖြုတ်ရတယ်။
ခါးပတ်ဖြုတ်ရတာက ကျန်တဲ့လူတွေက ပြသနာမရှိပေမယ့် သူကျတော့ ပြသနာတက်ရောဗျို့။

ဒီကောင်က ပုံမကျပန်းမကျ စတိုင်ဘောင်းဘီပွပွကြီးဝတ်လာတာ။
မသိတဲ့လူကဆို ရှမ်းဘောင်းဘီကြီးဝတ်လာတယ် ထင်မှာ။
ပြီးတော့ ဘောင်းဘီက ခါးကြယ်သီးပြုတ်နေတာလေ
ခါးပတ်ပတ်ထားရင် ကိစ္စမရှိပေမယ့် ခါးပတ်ဖြုတ်လိုက်တော့ ကျွတ်ကျမှာစိုးလို့ လက်တစ်ဖက်နဲ့ ထိမ်းထားရတယ်။
သူ့စစ်တဲ့ရဲမေက သူ့ကိုမတ်မတ်ရပ်ခိုင်းပြီး လက်နှစ်ဖက်ကိုလည်း မြောက်ခိုင်းလိုက်ရော ဘောင်းဘီက ကွင်းလုံးပုံကျပါလေရော... ...
တော်သေးတာက အောက်ခံဘောင်းဘီက ဒူးလောက်ထိရှည်တဲ့ ဘောင်းဘီတို ဖြစ်နေလို့။
အသားကပ် အန်ဒါဝဲဆိုရင် ကြည့်ရဆိုးဘီ။
ရဲမေခမျာလည်း လည်ကြီးလိမ်ပြီး သူ့ မြန်မြန်သွားခိုင်းလိုက်ရှာတယ်။
လေယာဉ်ပေါ်ရောက်တော့လည်း ငြိမ်ငြိမ်မနေဘူး၊ ခေါင်းပေါ်က တွေ့သမျှခလုပ်လျှောက်နှိပ်တယ်။
လေယာဉ်မယ်ခေါ်တဲ့ ခလုပ်နှိပ်မိတော့ ဟိုကပြေးလာပြီး ဘာအလိုရှိပါသလဲ မေးတာပေါ့
ကိုယ့်မှာ လေယာဉ်မယ် ချောချောလေးကို အားနာလိုက်တာမှ "မှားနှိပ်မိတာပါ" ဆိုပြီး တောင်းပန်လွှတ်လိုက်ရတယ်။
လေယာဉ်တက်ပြီး တော်တော်လေးကြာတော့ ဆရာက အိမ်သာတက်ချင်တယ်ဆိုပြီး တစခန်းထလာပြန်ပါရော... ..
'ဟျောင့်... ငါ ဗိုက်နာတယ်ကွ၊ အိမ်သာတက်ချင်တယ်'
'တက်ချင် သွားတက်လေ... ဟိုးနောက်နားမှာ အိမ်သာတွေ ပါတယ်'
'ဟို... ဟိုလေ ငါ ပါချတဲ့ အီးအီးက လေထဲကနေ အောက်ကို ကျသွားတာလား ငင်'
'ဘာလို့လဲဟ'
'အော်... အောက်ကျသွားလို့ တစ်ယောက်ယောက် ခေါင်းပေါ်ကျသွားရင် အားနားစရာကြီးကွာ'
'ဟာ... နင့်မေကလွှား.... အောက်မကျပါဘူးကွ၊ ယာယီလှောင်တဲ့ လှောင်ကန်ပါပါတယ်။ လေဆိပ်ရောက်မှ ကားနဲ့လာစုပ်ယူသွားတာပါ'
'အေး.... အာ့ဆိုလည်း သွား ပါအုံးမယ်.... ဆိုပြီး ထသွားတယ်။
တော်တော်လေးကြာတော့ ချွေးသံရွဲရွဲနဲ့ ပြန်ရောက်လာပြီး ပွစိပွစိလုပ်နေရော
'ဟျောင့်... ဘာဖြစ်လာတာလဲ'
'အိမ်သာကလည်းကွာ မစွံပါဘူး'
'ဟမ်... ဘလိုဖြစ်လို့လည်း မသန့်လို့လား'
'သန့်တာက သန့်ပါတယ်၊ ဒါမယ့် ခြေနင်းပြားက သေးလွန်းတယ်ကွ'
'ငင်...'
'င့ါမှာ အောက်ပြုတ်မကျအောင် မနည်း ဆောင့်ကြောင့်ထိုင် ပါလိုက်ရတယ်'
'ဟာ... တေနာ... ဒါ ဗိုလ်ထိုင်အိမ်သာလို့ခေါ်တယ်၊ ဆောင့်ကြောင့်ထိုင်ပြီး ပါရတာ မဟုတ်ဘူးဟ၊ အဲ့ ခုံပေါ်ဖင်ထိုင်ချပြီး ပါရတာ'
'ငင်... ဟုတ်လား ထင်တော့ထင်သား... မန်းလေးက အိမ်သာတွေနဲ့ မတူပါဘူးလို့'
'လေတာပေါ့'
စင်္ကာပူလေဆိပ်ရောက်တော့ immigration မဖြတ်ခင် Toilet တွေ့လို့ ကျနော်က အပေါ့အပါးဝင်သွားတယ်။
သူကတော့ လေယာဉ်ပေါ်မှာ ချဲလာတာဆိုတော့ အပြင်ကနေပဲ စောင့်နေတယ်။
ကျနော်ထွက်လာတော့ သူကပြောတယ်... ...
'စင်္ကာပူနိုင်ငံ ဘယ်လောက်တိုးတက်တယ်ပြောပြော ကိုယ့်သားသမီးအပေါ် သံယောဇဉ်မထား လက်လွှတ်စပယ် လုပ်တာတော့ မမိုက်ဘူးကွ လေးကိုရ'
'ဟမ်... ဘာလို့ အဲလိုပြောတာလဲ၊ ခုမှ လေဆိပ်ထဲကတောင် မထွက်ရသေးဘူး မင်းက ဘာသိလို့ စလုံးတွေကို ဝေဖန်နေတာလဲ'
'ဟိုမှာ ကြည့်လေ...'
သူပြတာကို ကြည့်လိုက်တော့... ...
'Baby Changing Room'... ဆိုတဲ့ ဆိုင်းဘုတ်လေး လှမ်းမြင်တယ်။
သူက ဆက်ပြောတယ်... ...
'ရုပ်ဝတ္တုပစ္စည်းတွေ ဘယ်လောက်တိုးတက်တိုးတက် ကိုယ့်ကလေးကို တခြားကလေးနဲ့ လဲလောက်အောင် စိတ်ဓာတ်တွေရက်စက်တာတော့ ဘယ်ကောင်းမလဲကွာ'
'အေးဘာကွာ...'
ကဲ...
အရပ်ကတို့ရေ
ခုလာမယ့် အပတ်များ ပင်နင်ဆူလာမှာ ရုပ်ဆိုးဆိုး အသားမဲမဲနဲ့ ရှမ်းဘောင်းဘီလို ဘောင်းဘီပွပွကြီးဝတ်ထားတဲ့ လူတစ်ယောက်ကိုများတွေ့ရင် 'ဦးမိုးကြီး' လားလို့ မေးပြီး ဟုတ်တယ်ဆိုရင် သူနားလည်အောင် ရှင်းပြပေးလိုက်ကြပါဗျာ... ...
Baby Changing Room ဆိုတာ ကလေးချင်းလဲယူတာ မဟုတ်ဘဲ ကလေးအဝတ်အစားလဲရာ သန့်ရှင်းရေးလုပ်ပေးရာ အခန်းသာ ဖြစ်တဲ့အကြောင်းလေးကို လေ...။
.
.
သန်၎ကို - ပေါက်ကရ၄ဝ
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...