မသင်ဘဲတတ်နေသူများသို့
ဦးသိန်းညွန့်ရေ
ဒီနေ့ ဦးလေးရဲ့ အင်တာဗျူးကို သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရသဗျ။ ဘာတဲ့

“ကျွန်တော်တို့တုန်းက ပြည်သူထဲကလာပြီး ပြည်သူ့ခံစားချက်တွေကို အခြေခံပြီး လုပ်သွားတာပဲ။ ဘာ သင်တန်းမှ မရှိခဲ့ပါဘူး” ဆိုတဲ့စကားနဲ့
“ပထမအကြိမ် လွှတ်တော်မှာ တိုင်းပြည်မှာ လိုအပ်မယ်ထင်တဲ့ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေကို ကျွန်တော်တို့ တင်ခဲ့တယ်။ ဘယ်နိုင်ငံခြား အကူအညီမှ မပါဘူး” လို့ ပြောသွားတဲ့ စကားတွေကတော့ လက်ရှိ အနိုင်ရပါတီက လွှတ်တော်အတွက် လုပ်ဆောင်ချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက် တိုက်ခိုက်မှု စတင်နေသလိုပဲဗျ။
ဦးလေးပဲ ပြောထားတယ်လေ။ ရက်ပေါင်း ၁၀၀ အတွင်း တိုက်ခိုက်မှုတွေ မလုပ်သေးပါဘူးလို့။ ခုဆို ဦးလေး မအောင့်နိုင်တော့ဘူးမဟုတ်လား။
ဦးလေးရေ ခေတ်က မတူတော့ဘူးဗျ။ ဦးလေး ရင်ဆိုင်ခဲ့ရတဲ့ လွှတ်တော်ခေတ်က အာဏာရှင်နဲ့ စစ်တပ်သြဇာ လွှမ်းမိုးထားတဲ့ခေတ်။ ခုဟာက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ လူထုဒီမိုကရေစီခေတ် ကွာခြားချက် တွေတော့ ရှိမှာပေါ့။
စစ်တပ်လွှမ်းမိုးထားတဲ့ခေတ်က တပ်သင်တန်းကလွဲပြီး ဘာသင်တန်းမှ ရှိစရာ မလိုဘူးလို့ ထင်ခဲ့ကြတာဗျ။ သူတို့ကို တပ်ကပေးလိုက်တဲ့ သင်တန်းတွေဟာ နိုင်ငံကိုသာမက ကမ္ဘာကိုပါ လွှမ်းမိုးအုပ်ချုပ်လို့ရနိုင်တဲ့ အရည် အချင်းကောင်းတွေ ရှိတယ်လို့ ယူဆထားတော့ ဘာသင်တန်းမှ မလိုခဲ့ဘူးလို့ပဲ ကျွန်တော် ယူဆရတော့မှာပဲ။
ဒုတိယအကြိမ်လွှတ်တော်မှာ သင်တန်းတွေပေး၊ နိုင်ငံခြားက အထောက်အကူယူနေတာတွေဟာ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီတွေဆိုတဲ့ စစ်အစိုးရအမြင်နဲ့ ဦးလေး တိုက်ခိုက်လာမယ်ဆိုရင်တော့ ဦးလေးတို့ လွှတ်တော်ခေတ်မှာ တရုတ်အားကိုးခဲ့တာတွေကိုလည်း ပြန်ထောက်စရာ ဖြစ်တော့မှာပဲ။
ဦးလေးရေ ခုချိန်ဟာ အကဲဆတ်နေတဲ့အချိန်ပါ။ တစ်သက်လုံး အတိုက်အခံလုပ်သွားဖို့ ပြင်ဆင်နေတယ် ဆိုရင်လည်း တိုင်းပြည်နဲ့ လူမျိုးအတွက် နည်းနည်းလေး ငဲ့ကြည့်ဦးဗျ။ အချိန်လေးစောင့်ပါဦးလေးရေ။ သင်တန်းပေးတယ်ဆိုတာ စနစ်ကျအောင်၊ ကမ္ဘာနဲ့ယှဉ်နိုင်အောင်၊ အရည်အသွေးတွေ အာမခံချက်ရှိအောင် လုပ်ကြတာဗျ။
ဦးလေးတို့ခေတ်က သင်တန်းရှိစရာမလို လက်တန်းလုပ်ကြတော့ ပရမ်းပတာဖြစ်တာပေါ့ဗျာ။ ဦးလေးနဲ့ ဟို ဆရာမကြီးတစ်ယောက် တောက်လျှောက် ထထအော်ခဲ့တာတွေထဲမှာ အရည်ရ အဖတ်ရခဲ့တာတွေ ဘာများ ရှိခဲ့လို့လဲ။ ပြည်သူတွေကရော ဦးလေးတို့ ထထအော်နေတာကို ကြည်ညိုလေးစားစရာတွေလို့ မြင်နေကြမယ် ထင်သလား။
ဦးသိန်းညွန့်ရေ သင်တန်းဘာလို့ ပေးရသလဲ … နိုင်ငံခြား အကူအညီ ဘာလို့ယူရသလဲဆိုတာ နည်းနည်း လောက် လေ့လာပြီးမှ ပြောစေချင်သဗျ။ ဦးလေး ခုလုပ်နေတဲ့ ရှေ့နေအလုပ်ကလည်း တရားရုံးထဲ လက်တန်းဝင်ပြီးတော့ လုပ်ရင်းက ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။
၂၂.၂.၂၀၁၆

0 comments:
Post a Comment