"ပိုင်စိုးမှု့ဧကရီ သို့တမ်းချင်း "( ၁ )
Music Crazy Te Te Tar Tar
**ညခါးခါးတွေထဲပျော်ဝင်နေဆဲ
ဖိုးချို **
============
လွန်ခဲ့သော နှစ် (၂၀) ကျော်လောက်ဆီက သံဈေး နှင့် လမ်းတဖြောင့်တည်း ဆက်လျှက်ရှိ လမ်းမတော်လမ်းမကြီးပေါ်မှာ Cap ဦးထုပ်ဆောင်းထားတဲ့ လူငယ်လေးတယောက်က သူ့ဘေးမှာ ပါတဲ့ ဆံပင်စုတ်ဖွား နှင့် သူ့အဖော် လူငယ်ကို “ညီလေး စဉ်းစားကြည့်ကွာ။ ကိုယ်က သီချင်းလည်း ရေးတယ်။ သီချင်းလည်း ဆိုတယ်၊ လိုအပ်ရင် ဂီတ Arrangement နှင့် အတီးပါ ဝင်တီးပေးလိုက်သေးတယ်။ ကဲ.. ဒီလို ‘ဆိုကရေးတီ’ လုပ်နိုင်တဲ့ ကိုယ့်လိုလူ ဒီလောကမှာ လက်ငါးချောင်းတောင် ပြည့်တာမဟုတ်ဘူး…” လို့
အမောတကော ပြောရင်း မျက်နှာပေါ် အပြေးအလွှား တဒီးဒီးကျလာတဲ့ ချွေးတွေကို လက်ဗလာနှင့် သုတ်လိုက်ကာ ဆက်ပြီး “ခုလည်း တညလုံး မိုးလင်းပေါက် ရေးထားတဲ့ ဒီ ‘xxx’ သီချင်းကို လင်း Studio မှာ သွားသွင်းဖို့ Duty ချိန်းရှိတယ်။ အားရင်လိုက်ခဲ့ကွာ.. ညီ…” ဆိုပြီး ရက်ရက်ရောရော ခင်မင်တတ်သလို လေသံကလည်း ခပ်လေးလေး နှင့် “လေလုံး ခပ်ထွားထွား”။ သူ ပြော သလောက် သူမှန်းသလောက် ရာနှုန်းပြည့်ကြီး မဟုတ်ခဲ့၊ မဖြစ်ခဲ့တောင် မြန်မာနိုင်ငံ တနံတလျားကို ကိုယ်ပိုင်သံစဉ်တွေနှင့် အောင်မြင်စွာ ချွေးသိပ်ခဲ့ဖူးတဲ့ အနှီ ပုဂ္ဂိုလ်ကတော့ “Peace Melody” ဂီတဝိုင်းရဲ့ အရှင်သခင် အဆိုတော် “ဖိုးချို” ပဲ ဖြစ်ပါတော့တယ်။
သူ့ရဲ့ ပထမဆုံး တာထွက် စီးရီးကတော့ “ပိုင်စိုးမှုဧကရီတမ်းချင်းများ” ဆိုတဲ့ ကိုယ်ပိုင်သံစဉ်တေးစုပါပဲ။
အဲဒီတုန်းက သူ့ရဲ့ “Peace Melody” ဂီတဝိုင်းကို Lead – ဆလိုင်းသွှအောင်၊ Bass – ကိုရဲလွင်၊ Drums- စိုင်းသာဌေး၊ K.B.- စောလက်စလီစိန်ဒွေး၊ Rhythm နှင့် Plucking ကဏ္ဍကိုတော့ သူ နှင့် စောဘရုစ်ဒွေး တို့ ဝိုင်းဝန်းထုဆစ် ပေးခဲ့ကြလေရဲ့။
Arragement ကိုတော့ ဂီတမှူး ဆလိုင်းသွှအောင် နှင့် စောဘရုစ်ဒွေး တို့ နှစ်ယောက်ပေါင်း စီမံခန့်ခွဲခဲ့ကြတယ်။ ခုနှစ်ကတော့ ၈၁၊ ၈၂ ပတ်ဝန်းကျင်လောက်က ဖြစ်မယ်။ သီချင်း စထွက်ထွက်ချင်း တန်းပေါက်ခဲ့ပေမယ့် သူ့သီချင်းကို တီးချင်၊ ဆိုချင်တဲ့ ချာတိတ်တွေ အတွက် သီချင်းစာအုပ်ကတော့ နောက် အတော်ကျမှ ထွက်ရှိခဲ့တာကိုလည်း မှတ်မှတ်ရရ သတိရမိနေတုန်းပဲ။ အဲဒီ တရားဝင် သီချင်းစာအုပ်တွေ မထွက်ခင် မရှေးမနှောင်းလေးမှာ မအောင့်အီးနိုင်တော့တဲ့ လူငယ်ထု အတွက် ဈေးကွက်ဝင် လှိမ့်ထုတ် သီချင်းစာအုပ် ဝါကျင့်ကျင့်လေးတွေကတော့ နေရာအနှံ့ တေးချစ်သူတို့ လက်ဝယ် ရောက်နှင့်ပြီး နေပြီလေ။
အဲဒီတုန်းက စာရေးသူနှင့် လူချင်း မခင်မင်ခဲ့သေးပေမယ့် သူ့သီချင်းတွေ နှင့်ကတော့ အတော်လေး ရင်းနှီးလို့ နေပါပြီ။ ရပ်ကွက် Stage Show တွေတိုင်းမှာလိုလို “ပိုင်စိုးမှုဧကရီတမ်းချင်းများ” တေးစုထဲက ဖိုးချိုရဲ့ ပင်ကိုယ်ရေး “ပိုင်စိုးမှုဧကရီ”၊ “ရေလိုအေးလို့ ပန်းလို ချမ်းမြေ့ပါစေ”၊ “ဆူးများတဲ့ပန်း” တို့ဟာ သူမပါရင် ပွဲမစည်သလို ဖြစ်ခဲ့ရပြီး လမ်းဘေး ညဘက် ဂစ်တာ ဝိုင်းတကာ့ ဝိုင်းတွေမှာတော့ ဂီတမှူး တဖြစ်လဲ ဆလိုင်းသွှအောင် ရဲ့ “မြိင်နန်းစံပန်းတပွင့်”၊ ဖိုးချို ရဲ့ “ပန်းရယ် လွမ်းတယ်”ဆိုတဲ့ သီချင်းသံတို့နှင့် မိုးလင်းတိုင် သံပြိုင်ဟစ်လို့ မဆုံး တရုန်းရုန်းပေါ့။
အဲဒီလို Stage Show တွေ၊ လမ်းဘေးဝိုင်းတွေမှာ သိပ်မကြားရတတ်ပေမယ့် လက်ဘက်ရည်ဆိုင်က Sound Box နားမှာ ထိုင်ပြီး လိုက်ဆိုရင်း ညည်းလို့ကောင်းတဲ့ ကိုသက် (ကလော G.T.I.) ရဲ့ “အလွမ်းညဟေမာန်”၊ မင်းဒဿ ရဲ့ “နှင်းဖြူ”၊ ဆလိုင်းသွှအောင် နှင့် စောဘွဲ့မှူး (နောင် IC) တို့ ပူးတွဲ ရေးဖွဲ့ထားတဲ့ “အဆောင်သရဲ (မူရင်း သွှအောင် ဆို)” သီချင်းတို့ကလည်း Tea ဆိုင် ယဉ်ကျေးမှု နှင့်အတူ တမင်းတမူ ကြီးစိုးလို့ နေခဲ့ပြန်တယ်
အဲဒီတုန်းက သီချင်းရေးဖို့ ကြိုးစားနေတဲ့ နီးစပ်ရာ သူငယ်ချင်းတစုကတော့ ဖိုးချိုရဲ့ Diminished ကော့ဒ် နှစ်ခု တောင် ပါတဲ့ “ဆူးများတဲ့ပန်း” က Arrangement နှင့် Chord တွေ၊ Sus 4 ကော့ဒ် တွေ နှင့် သိုင်းဝန်းချိတ်ဆက်ထားတဲ့ ဦးရဲလွင် ရဲ့ “စည်းအဝိုင်းအပြင်သို့ဖိတ်ခေါ်ခြင်း” စတဲ့ သီချင်းတွေရဲ့ ဖမ်းစားမှု အောက်မှာ ရုန်းမထွက်နိုင်ဖြစ်ခဲ့ကြရတာကလည်း ကိုယ်တွေ့ပါပဲ။
ဖိုးချိုဟာ ဒီလို ဒီလို မအောင်မြင်ခင်က အနုပညာ နှင့် ပတ်သက်လို့ ဘာတွေများ လှုပ်ရှားခဲ့သလဲဆိုရင်တော့ သေချာပေါက် မြေကြီးလက်ခတ်မလွဲ ပြောလို့ရတာလေးတွေ ရှိပါတယ်။ အဲဒါကတော့ သီချင်းတွေ သူ့ခြေရင်းက သံသေတ္တာ နှင့် အပြည့်ရတဲ့ အထိ မိုးလင်းပေါက် ထိုင်စပ်ခဲ့တယ်။ ဒါကြောင့် သူ့ခမျာ မနက်နေမြင့်တဲ့ အထိ တော်တော်နဲ့ မထနိုင်ရှာဘူး။ အိပ်ရေးတွေက ပျက်ဖန်များတော့ မျက်နှာပေါ်မှာ ပေါက်လာတဲ့ ဝက်ခြံဖုကြီးတွေကို မှန်ထဲကြည့်ရင်း “ငါတော့ ဘုမောင် ဖြစ်နေပြီ ညီလေးရေ” လို့ ဝေဒနာတွေကြားထဲက အပြုံးတွေနှင့် အရွှန်းဖောက်နိုင်ခဲ့ပါသေးတယ်။
သူ့မှာ သိသလောက်ဆို ညီတယောက်၊ အစ်မ ခပ်ဝဝ နှစ်ယောက်၊ သဘောထားပြည့်ဝတဲ့ မိခင် နှင့် မှန်ပြောင်းတလက် နှင့် စာအမြဲကုန်းဖတ်နေတတ်တဲ့ အဖိုး ဆိုပြီး သိုက်သိုက်ဝန်းဝန်း နွေးနွေးထွေးထွေး နေနိုင်ခဲ့ပေမယ့် အနုပညာသမားမှန်ရင် မွေးရာပါသူပုန် ဆိုသလို ကိုယ့် ယုံကြည်မှု နောက်ကို ကိုယ့်ကိုယ့် ကိုယ်တောင် မညှာစတမ်း တကောက်ကောက်ပါအောင် လိုက်လွန်းတဲ့ သူ့ကို ကြည့်ပြီး အစ်ကို့ ခြေရာနင်းပြီး သီချင်းတွေ ရေးတတ်လာပြီ ဖြစ်သူ ဂီတ ပိုးဝင်စ မောင်ငယ်လေးအတွက် ရတတ်မအေး ဖြစ်နေကြပုံလည်း ရပါတယ်။ မည်သို့ပင်ဆိုစေ စိန်၊ ရွှေ၊ ငွေ၊ ရတနာ တွေထက် သီချင်းရေးလက်စ တိုးလိုးတန်းလန်း တွေကိုမှ သံယောဇဉ်တွယ် အနာဂတ်အိမ်မက်တွေ မက်နေကြတဲ့ သူတို့ ညီအစ်ကို နှစ်ယောက်ကတော့ ဒီသီချင်း သေတ္တာကြီး အတွက် ရတက်မအေး မကြာခဏ ပြောဆို ငြင်းခုန် နေရတယ် ဆိုတဲ့ အထိအတွေ့လေးကိုက ပတ်ဝန်းကျင် မိဘမောင်ဖွားတွေရဲ့ ပူပင်သောကတွေကို မေ့ဆေး၊ ထုံဆေးမိထားသလို မေ့နိုင်စေခဲ့တာ အမှန်ပင်။
လက်ဦး သူ့သီချင်းတွေကို သူမဆိုဖြစ်ခင်က ရန်ကင်းက တေးရေး/တေးဆို အောင်မြင်နေပြီ ဖြစ်တဲ့ အဆိုတော် (ကို) ကိုင်ဇာ ကို ဆိုဖို့ သွားပေးခဲ့ဖူးတယ်။ ဒါပေမယ့် (ကို) ကိုင်ဇာက သူ့အာပေါက်နှင့် မလိုက်ဖက်ဘူးထင်လို့ မဆိုဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီလို မဆိုဖြစ်လိုက်တာကိုက ဖိုးချို အတွက် အောင်မြင်မှု လမ်းကြောင်းပေါ်ကို ပို့ဆောင်ပေးလိုက်သလို ဖြစ်သွားတယ်။ အဲဒီသီချင်းကပဲ သူ့စီးရီး နှင့် သူ့ အဆို အာဘော်ကို Logo အဖြစ် တွဲမှတ်မိစေခဲ့တယ်။ အဲဒီသီချင်းလေးက ခင်ဗျားတို့ ကျွန်တော်တို့ကို မကြာခဏ မေတ္တာပို့ခံနေကျ၊ ကြားဖူးနေကျ “ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေ” ပဲပေါ့။
တကယ်တော့ စလယ်ဆုံး ခြုံငုံသုံးသပ်ရမယ်ဆိုရင် သူ့အဖြစ်က ရုပ်ရှင်လောကက သဘာဝ မင်းသားကြီး မြတ်လေး ရဲ့ “သူများရယ်ဖို့ ကိုယ်ငိုမယ်” ဆိုတဲ့ ရုပ်ရှင်ကားလိုပါပဲ။ ကိုယ်ကြိုက်တာတွေ ကိုယ်ဖြစ်ချင်သလို လုပ်ဖြစ်ခဲ့တယ်ဆိုပေမယ့် အနုပညာ နားမလည်တဲ့ တချို့ ဝိသမ လောဘသားတွေ ဓန၊ စည်းစိမ် တိုးပွားဖို့၊ မူရင်း ဘယ်သူ ရေးလို့ ဆိုခဲ့မှန်းတောင် မသိ၊ ညစဉ် ဆိုရင်း ပန်းကုံးတွေ များများရဖို့၊ ဝေးကွာသွားတဲ့ ချစ်သူတွေ ပြန်လည် ရင်ကြားစေ့ လက်တွဲနိုင်ဖို့ အစစ အားလုံး ဖြစ်နိုင်စေခဲ့ပေမယ့် အဲဒါတွေနှင့် ဆန့်ကျင့်ဘက် ရလဒ်တွေ အစုစုကို ညလုံးပေါက် အိပ်ပျက်၊ စားပျက်၊ ဝေဒနာတွေနှင့်ပါ ပူတွဲ ချန်ပီယံဆု ဆွတ်ခူး သွားရရှာသူ တယောက်ပါ။
သူ့သီချင်းလေးတွေ အများစုကို ခြုံငုံလို့ သုံးသပ်မယ်ဆိုရင် ရိုးရှင်းတဲ့ Chord Progression တွေပေါ်မှာ အခြေပြုပြီး လှပတဲ့ သံစဉ် နှင့် နုရွတဲ့ စာသားတွေကို ခြယ်မှုန်ထားတာကို တွေ့ရပါလိမ့်မယ်။ သိပ် နားလည် ခံစား တတ်မယ်ဆိုရင် သူ့သီချင်းတွေထဲမှာ ပုဇဉ်ရင်ကွဲတွေရဲ့ အော်မြည်သံ၊ နာရီသံချောင်းခေါက်သံတွေ၊ ကြယ်ကြွေသံတွေ၊ ညမွှေးပန်းရနံ့တွေပါ နား နှင့် ဆတ်ဆတ် ကြားရ၊ ရှုရှိုက် ရပါလိမ့်မယ်။ သည်ကြားထဲ သူ့လိုပဲ Round Chord တွေ နှင့် သံစဉ် လှလှလေးတွေ ဖန်ဆင်းတတ်တဲ့သူ တယောက်ကို သူ့ ကိုယ်ပွားအဖြစ် မွေးဖွားသန့်စင်ပေးခဲ့သေးတယ်။ အဲ.. သူကတော့ “ချစ်သူကို” ဆိုတဲ့ သီချင်းရှင် “ဖိုးခွား” ပဲပေါ့။ ဖိုးခွာ နှင့် ပတ်သက်ပြီး “ဖိုးခွားကွာ၊ ဒီကောင် ပေါ်ကို မလာတော့ဘူး။ ခါတိုင်းဆို သီချင်းတွေ နှင့်အတူ ပေါ်ပေါ်လာတတ်တယ်။ ရှိအတူ၊ စားအတူ၊ အိပ်အတူ၊ သွားအတူ နေခဲ့တာ။ နေနိုင်တယ်ကွာ” ဆိုပြီး ကြေကွဲစွာ တမ်းတခဲ့တာကိုတော့ ကာယကံရှင် ဖိုးခွား တယောက် သိမသွားပါဘူး။
အဲဒီတုန်းက အင်းစိန်က ဗဒင်ကြီး အဆိုတော်မဖြစ်သေးဘူး။ ဒါပေမယ့် ကိုယ်ပိုင်သီချင်းတွေတော့ ရေးပြီ။ သူ့ ခရီး နှင့် သူ ပေါက်နေပြီ။ ဂျေမောင်မောင်၊ စိုးလွင်လွင် တို့ရဲ့ တေးစုတွေမှာ။ ဖိုးချိုရဲ့ နောက်ဆုံးနေ့ရက်များလို့ တင်စားရမယ့် အချိန်တွေမှာ ဗဒင်က “နေရာ” ဆိုတဲ့ တေးစီးရီးအတွက် အလုပ်များနေမယ်ဆိုတာ သူသိတဲ့ အလျောက် “ဗဒင်ကြီးလည်း ဒီလိုပဲကွာ။ အင်းလေ.. သူလည်း သီချင်းတွေ သွင်းနေတော့ မအားရှာဘူး နှင့် တူပါရဲ့။ အေး.. ညီရာ.. ကိုယ် တကယ် ဆုတောင်းပါတယ်။ ကိုယ် ‘ပေါက်’ ခဲ့တာထက် သူ့ စီးရီး ပို ‘ပေါက်’ ပါစေလို့” ဟု ဆိုခဲ့လေတဲ့အတိုင်း သူ့ ဆုတောင်း ပြည့်ခဲ့တယ်လို့ပဲ ဆိုရမလား။ ဗဒင် အခွေ ပေါက်ခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန် ဖိုးချိုက ဂီတရိပ်မှာ ထာဝရ အိပ်စက်လို့နေပြီလေ။
သူ နှင့် ပတ်သက်ပြီး သွားလာခဲ့တဲ့ သံဈေး မျက်နှာချင်းဆိုင် တရုတ်ဘုံကျောင်းထဲက ဆေးခန်းနှင့် စပ်လျဉ်းလို့ ဧရာ မ ပန်းချီကား ချပ်ကြီးတွေ၊ “ငါ့ကို ခင်သလိုပဲ သူ့ ကိုလည်း ခင်ပါကွာ” ဆိုပြီး စိုးလွင်လွင် (ချစ်လူမိုက်) နှင့် မိတ်ဆက် လည်ပတ်ခဲ့ရာ ၃၅၊ ၃၆ လမ်းကြားတွေ၊ ယဉ်ကျေးမှုပြတိုက်ထဲက “ပျူ” စာ ကျောက်တိုက် ရှေ့ နေရာတွေ အားလုံး အမှတ်တရဖြစ်လို့ ကျန်နေခဲ့ပါပြီ။
ညစဉ် စားသောက်ဆိုင်တွေက ပျံ့လွင့်လို့လာတဲ့ သူ့သီချင်းလေးတွေကို ကြားရတိုင်း ရင်ထဲမှာ ဝေဒနာတမျိုးနှင့် ခါးခါးသီးသီး ခံစားမိသလို သူတို့ကို ဖိုးချိုရဲ့ နောက်ဆုံးစီးရီး သွင်းစဉ် Studio မှန်လုံခန်းထဲက နားဖို့ ထွက်လိုက်၊ သွင်းလက်စ စီးရီး အထမြောက်ဖို့ မန်နေဂျာ ကိုယ်စားလှယ်က တိုက်တွန်းလို့ အားခဲ ဝင် ပြန်ဆိုလိုက် နှင့် အသိုက်ဆောက်ရင်း ငှက်သိုက်အန်ဖတ်ထဲ သွေးပါ သေပွဲဝင်ရှာတဲ့ ဇီဝဇိုး ငှက် ကလေးတွေပမာ ဥပေက္ခာလောက အဖြစ် နောက်ဆုံး ထွက်သက်တိုင် “နာ နှင့် မနာ ဖဝါး နှင့် မနာ၊ နှလုံးသား နှင့် နာတော်မူပါ” ဆိုပြီး သီချင်းတွေကို ချစ်သွားခဲ့ရှာလေသူ ဖိုးချိုကြီးကိုမြင်ယောင်ပြီးသတိတရများဆိုတတ်ခဲ့ကြမယ်ဆိုရင် ဆိုတဲ့ အတွေးတစ နှင့် ရည်စူးရင်း…။
ကိုသစ္စာ
(၂၀၀၉/ဧပြီ၊ အလင်္ကာ မဂ္ဂဇင်း)
0 comments:
Post a Comment