Thursday, January 7, 2016

“အိပ်မက်ကလေး ပေးပါရစီ”


သံ ဂုံ ပ မ ယျ မြတ်ဗုဒ္ဓတွေကို ဟိုဘုရားမှ တန်ခိုးကြီးတယ် သည်ဘုရားမှ တန်ခိုးကြီးတယ် နှိုင်းယှဉ်ရွေးချယ် ကိုးကွယ်မနေပေမယ့် ဂေါတမဘုရားရှင် ရုပ်ပွားတော်ချင်း အတူတူ ဆုတောင်းပြည့် ဘွဲ့တော်ပါမှ ကန်တော့ပွဲ အမွှေးတိုင် ရွှန်းရွှန်းမြိုင်ကြတဲ့ လူ့စိတ်သဘောကို စောကြောမိတဲ့အခါ သူတို့လည်း ကိုးပါးသောဂုဏ်တော်ကို ကြည်ညိုသဒ္ဓါ ပွားများတဲ့နေရာမှာ လိုဘကလေးနဲ့ ယှဉ်ပြီးမှ သာရာစီးတတ်ကြပေသကိုး လို့ နားလည်ပေးလိုက်ပါတယ်။ ဘုရားရှိခိုးလို့ ကုသိုလ်ရမှာချင်းအတူတူဆို အခုချက်ချင်းလက်ငင်း တောင်းတဲ့ဆုပြည့်ချင်တာ လူ့သဘာဝပါလေ။ လူတွေ မပြောနဲ့ တန်ခိုးရှိတဲ့ နတ်တွေတောင် အိပ်မက်ယာမက် ပေးမယ်ကြံရင် မျက်နှာကြီးရာ ဟင်းဖတ်ပါရသတဲ့။ ဟုတ်သားပဲ။ ရပ်ထဲရွာထဲက အရက်သမား ကြက်သမား သွားအိပ်မက်ပေးလို့ ဘယ်သူက ယုံမှာတုန်း။ မင်း ပုဏ္ဏား သူဋ္ဌေး သူကြွယ်လောက်ကို “Dream a little dream of me” လုပ်နိုင်မှ သူ့အိပ်မက်ကလေးလည်း ခြောက်ရေးခုနစ်ရေး အရေးလုပ်ခံရမယ် မဟုတ်ပါလား။
သားလည်း အခုလောလောဆယ် ဘကြီးစိန်တို့ မေကြီးစုတို့ဆီ အိပ်မက်ယာမက်ကလေးများ သွားပေးနိုင်ရင် သိပ်ကောင်းမှာပဲ။ ဘယ်လိုနိမိတ်ပုံကလေးတွေနဲ့ ပေးရပါ့မလဲ။
မဟော်သထာဇာတ်တော်ထဲမတော့ ဝိဒေဟရာဇ်မင်းကြီးရဲ့ အိပ်မက်ထဲမှာ ဝမ်းထဲကအူတွေဟာ နန်းမြို့ရိုးကို ပတ်ကြည့်တယ် ဆိုလားပဲ။ ဘတို့ဆီ အူဘယ်နှစ်ခွေ မောင့်ဝမ်းထဲမှာ ရှိလေတယ် မပြောတတ်ပေသိ အဲသည်အူအခွေကလေးတွေနဲ့ ကိုယ်တို့ရန်ကုန်ဆေးရုံကြီးကို တစ်ပါတ်လောက် လာလှည့်ကြည့်ကြပါလား လို့။ ဇာတ်တော်ထဲကလို မီးပုံကြီးလေးပုံအလယ်က ထိန်ထိန်ညီးညီး တစ်ခုတည်းသောမီးပုံကိုတော့ တွေ့ရမယ် မထင်ပါဘူး။ ဇလားထဲကနေ ရွစိရွစိနဲ့ လျှံကျလာတဲ့ အကောင်ဖွေးဖွေးတွေလို လူနာတွေ လျှံလန်ပြီး ထွက်ကျလာတာကို တွေ့ရလိမ့်မယ်။ ဥပမာပေးစရာ ရှားလို့ မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်တာ မဟုတ်ရပေါင်။ သူများတွေလည်း စကားဆန်ဆာတွေဆင်ပြီး ဝိဒေဟရာဇ်ပုတ်သင်လေး ဘာလေး လုပ်နေတဲ့အချိန်မှာ ကိုယ်က “အနှိပ်သယ်ငတိုးပြော သောတာ မဟုတ်ဘူးနော်။” နဲ့ ဘယ်ဖြစ်မလဲ။ တကယ်လည်း လူနာတွေ လျှံလန်လာတဲ့ပုံစံဟာ မြင်မကောင်းရှုမကောင်း စိတ်ပျက်စရာသာကောင်းတော့တယ်။
မနက်မနက်ဆို ကိုယ်တို့ ငါးထပ်ဆောင်သစ်ကြီးအောက်က ပြင်ပလူနာဋ္ဌာနမှာ လူတွေ ဖွေးဖွေးလှုပ်နေတာပဲ။ ကင်ဆာဆောင်နဲ့ ဓါတ်ရောင်ခြည်ဋ္ဌာနအရှေ့မှာရော။ ကားလမ်းကူးလိုက်ရင် ဟိုဘက်ခြမ်းမှာရှိတဲ့ ဦးနှောက်နဲ့ အာရုံကြောဆောင်တွေမှာရော၊ ဘယ်နေရာမှာမဆို ဘုရားပွဲများလို ကြက်ပျံမကျ စည်ကားနေတာကို တွေ့ရမှာပါ။ လူနာဆောင်တိုင်းဆောင်တိုင်းမှာ ကုတင်နေရာမလောက်လို့ ကော်ရစ်ဒါရော အလယ်ကောင်လူသွားစင်္ကြန်မှာပါ ခုံတွေထိုးပြီး တင်ထားရတာ လမ်းလျှောက်ဝင်လို့တောင် မလွယ်တော့ပါဘူး။ နေ့စဉ်တာဝန်ထမ်းဆောင်နေကျ ပြည်သူ့ဆေးရုံကြီးတစ်ခုနဲ့ မတူပဲ စစ်ပြေးဒုက္ခသည်စခန်းတစ်ခုလို ကယ်ဆယ်ရေးစခန်းတစ်ခုလို လာသမျှလူနာ ဖြစ်သလိုလက်ခံပြီး ဖုတ်ပူမီးတိုက် ဒရောသောပါး ကုသပေးနေရပါတယ်။
ညနေစောင်းသွားလို့ အရေးပေါ် လူနာလက်ခံတဲ့ ဋ္ဌာနရောက်ရင် ကုတင်နဲ့ လက်တွန်းလှည်းပေးဖို့ မဆိုထားနဲ့ ခဏပေးထိုင်စရာ ကုလားထိုင်တောင် မကျန်တော့လို့ မတ်တတ်စမ်းနေရတဲ့လူနာတွေပါ တွေ့ရပါလိမ့်မယ်။ စမ်းပြီးရင် အပြင်ခဏထွက်ပြန်စောင့်ဦး။ နောက်တစ်ယောက် စမ်းရဦးမယ်။ စာအုပ်အရင်လုပ်ထားနှင့်၊ သွေးအရင်ဖောက်ထားနှင့်၊ ဓါတ်မှန်အရင်ရိုက်ထားနှင့်၊ တစ်ခုခုလုပ်ပြီးမှ ပြန်လာခဲ့။ အခုတော့ ခဏလေး ဖယ်ပေးပါဦး။ အဲ့သလိုမျိုး အိနြေ္ဒမရ ကုသပေးနေရပါတယ်။ ဆရာဝန် ဆရာမအင်အားဆိုတာကတော့ မပြောပါနဲ့တော့။ သည်အခြေအနေမျိုးမှာ စွမ်းရည်ပြည့် ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်ပါ့မလား လို့ သံသယမရှိပါနဲ့။ မျက်စိမှိတ်ပြီး ယုံလိုက်စမ်းပါ။ လုံးဝ မရနိုင်ပါဘူး။
အဲ့တော့ ဘာလုပ်ချင်သလဲ။ ဘာမှ မလုပ်ချင်ပါဘူး။ သိစေချင်ရုံကလေးပါ။ နို့မို့ဆို ဦးတို့က အတောင့်စင် ဘော်ဒီဂတ်ကလေးတွေနဲ့ လမ်းကြောင်းရှင်းပြီးမှ ဆေးရုံပေါ်တက်တက်ကြည့်၊ “ဒါကြီးက မီးမောင်းကြီး၊ ဒါကြီးက ထော်လီကြီး၊ အဲကွန်းကြီးမှ အေးလို့ ခိုက်ခိုက်ကိုတုန်ရော။” နဲ့ ပြန်ပြန်သွား။ “နိုင်ငံခြားကတောင် ငါတို့ဆီ လာကုလို့ရလောက်ပြီ။” လို့ ထင်နေကြလို့။ တကယ့်လက်ရှိ အလုပ်လုပ်နေရတဲ့ အခြေအနေတွေကို ပကတိအတိုင်း သိမြင်သွားစေဖို့ အိပ်မက်ပေးလို့ရရင် ဘယ်လောက်များ ကောင်းမလဲ လို့ ပြောကြည့်ကြည့်တာပါ။ ရင်ထဲ ပေါ့သွားလည်း မနည်းပါဘူး။
နိုင်ငံတော်အနေနဲ့ ဆထက်ထမ်းပိုး ပံ့ပိုးပေးထားမှန်းလည်း သိပါတယ်။ ဆီးသီးဗန်းတောင် မဟုတ်ဘူး။ ဆီးသီးကွန်တိန်နာကြီး ကျုပ်တို့ဆီမှောက်နေတာဗျ။ အရင်ကထက် ကြီးမားကျယ်ပြန့်သော ကမ္ဘာ့အဆင့်မီ လူနာဆောင်ကြီးမှာ အရင်ကမပေးနိုင်တဲ့ အခမဲ့နီးပါး ဆေးကုသမှုများကို စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ကျန်းမာရေးဝန်ထမ်းများနဲ့ အရင်ကထက် သာလွန်ဆပွား အးကိုးအားထားပြုလာသော ပြည်သူလူထုကြီးကို စောင့်ရှောက်ကုသပေးလျက်ပါ။ အစိုးရဘက်ကလည်း အများကြီး လိုက်လျောစိုက်ထုတ်ထားတယ်။ ကျန်းမာရေးဝန်ထမ်းတွေဘက်ကလည်း အစွမ်းကုန် အားထုတ်ကြိုးပမ်းနေတယ်။ သို့သော်လည်း ဇလားထဲလျှံလာတဲ့အကောင်တွေလို လှုပ်စိလှုပ်စိတက်လာရတဲ့အကြောင်းကတော့ ကိုယ်တို့ဆီမှာ စည်းကမ်းကျနတဲ့ စံနစ်တစ်ခု ရှိမနေတဲ့အတွက် အဆင်မပြေ ဖြစ်နေရတာပါ။
ဘာစံနစ်လဲ ဆိုတော့ စံနစ်တကျ လူနာလွှဲပို့ကုသစေတဲ့ (Referral System) တစ်ခု ရှိမနေတာ။ လူနာတွေက သူတို့ဘာသူတို့ လာချင်တဲ့အချိန်မှာ လာချင်သလို လာပြတယ်။ သည်နေ့ သည်ရက် သည်အချိန်က သည်အချိန်ထိ ဘယ်သူဘယ်ဝါနဲ့ ပြချင်တယ်ဆိုပြီး ကြိုတင်ချိန်းဆို Appointment ယူထားတာမျိုး မရှိဘူး။ လွှဲစာလည်း ပါချင်မှပါတယ်။ အခု ဆေးရုံအသစ်ကြီး ဖြစ်လာပြီ။ ပြလို့အဆင်ပြေတယ်။ ဟိုရောက်တော့မှ ဘယ်သူရှိသလဲ။ နံမယ်ဖတ်ပြီး အထူးကုတွေနဲ့ပြမယ်။ ဘာလဲ။ ကြည့်မပေးနိုင်ဘူးလား။ ငါတို့မှာ ဟိုးအဝေးကြီးက လာရတာကွယ်။ မနက်ကတည်းက တန်းစီထားတာ။ နေမကောင်းလို့ လာပြတာ။ အပျော်လာလည်တာ မဟုတ်ဘူး။
ဒါပေမယ့် အဲ့လိုလူနာမျိုးကို ဆရာဝန်တစ်ယောက်တစ်ယောက် လေးငါးဆယ် ကြည့်ပေးနေရတယ်။ မနက်ကစကြည့်ရင် ထမင်းစားချိန်မှာလည်း ဖြတ်လို့မရဘူး။ လူနာကြည့်ချိန်ကုန်လို့ သည်အခန်းမှာထိုင်မယ့် နောက်ဋ္ဌာနတစ်ခုက ဆရာဝန်တောင် ရောက်လာပြီ။ ရှေ့ကလူနာတွေ မပြတ်သေးဘူး။ အခုလေးတင်ရောက်လာတဲ့သူကလည်း အဝေးကြီးကလာရတာ လမ်းတွေပိတ် ဘာတွေပိတ်နဲ့မို့ သည်နေ့ကြည့်မပေးရင် မပြန်ဘူးတဲ့။ ဘယ့်နှယ်လုပ်မလဲ။ ဆရာဝန် ထမင်းမစားရသေးတာလောက်ကို စကားထဲထည့်ပြီး ပြောနေတာ မဟုတ်ပါဘူး။ ဆရာဝန်လုပ်ပါတယ်ဆိုမှ ဒါမျိုးတွေ ရိုးဟိုးဟိုးနေပြီ။
ပြဿနာက ဆရာဝန်မှာ သည်အလုပ်တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ခွဲခန်းဝင်ရဦးမယ်။ ကျောင်းသားတွေ စာသင်ရဦးမယ်။ အဆောင်ထဲကလူနာတွေအတွက် လုပ်စရာအလုပ်တွေ ရှိဦးမယ်။ တမယ်မယ်နဲ့ မယ်ပြိုင်ပွဲသာ ဝင်ပလိုက်ချင်တော့တယ်။ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို ၅ မိနစ်နှုန်းနဲ့ ကြည့်ရင်တောင် တစ်နာရီကို ၁၂ ယောက်ပဲ ကြည့်လို့ရမယ်။ အခုဟာက တစ်နေ့တစ်နေ့ လူနာတစ်ရာကျော်ကြည့်နေရလို့။ ဒီဆရာဝန်ကြီးတွေကို အပြင်ဆေးခန်းမှာလည်း ပြလို့ရပါတယ်။ ဒါပေမယ့် ဟိုမှာဆိုရင် နေဝင်မိုးချုပ် တကုပ်ကုပ်စောင့်ပြီး ပြရမှာ။ ဒီမှာက တရားဝင်အလုပ်ချိန်လေ။ မင်းဘယ်ပြေးမလဲ မိချိုသဲ။ ညှင်း ညှင်း ညှင်း ညှင်း။
အရေးထဲ ဖေ့စ်ဘုတ်ပေါ်မှာ ဝမ်းသာအားရ ထပြီး ချီးကျူးတဲ့စာတွေ ဖတ်လိုက်ရပါတယ်။ ဝမ်းမသာနိုင်ပါဘူး။ ဘယ့်နှယ်။ “အရပ်ကတို့ရေ။ ရန်ကုန်ဆေးရုံကြီးက အရမ်းအရမ်းကို ကောင်းလိုက်တာမှ ကျုပ်စက်ရုံက အလုပ်သမားတွေ ကားနဲ့တင်ခေါ်သွားပြီး အကုန်ဆေးစစ်ဆေးကုပေးလိုက်တာ တစ်ပြားမှတောင် ပေးစရာမလိုဘူး။ နောက်လည်း ဘယ်သူနေမကောင်းဖြစ်ဖြစ် ဒီလိုပဲ ဆေးရုံကိုလိုက်ပို့ပေးလိုက်ရင် အေးရော။” အဲသလိုမျိုး သာဓုခေါ်နေတဲ့အခါ ကိုယ်တို့မှာ အီလယ်လယ်ကြီး ဖြစ်ရပါတယ်။ ဆေးရုံဆိုတာ အမှိုက်ပုံမှ မဟုတ်တာ လို့ ပြောမိရင် ဆရာဝန်စိတ်မရှိဘူး အပြောခံရမယ်။
အမှန်တော့ အလုပ်ရှင် နဲ့ အလုပ်သမားအကြားမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အာမခံချက်နဲ့ အခွင့်အရေးတွေ ရှိပါတယ်။ အလုပ်သမားဝန်ကြီးဋ္ဌာနအောက်မှာ လူမှုဖူလုံရေးဆေးပေးခန်းတွေနဲ့ အလုပ်သမားဆေးရုံကြီးတွေ ရှိပြီးသား။ ကုလည်း ကုပေးနေပြီးသား။ မမာမကျန်းဖြစ်လာရင် အလုံးစုံလွှမ်းခြုံသော ပြုစုကုသမှုတွေ အခမဲ့ ရရှိနိုင်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်ဘက်က လူမှုဖူလုံရေးစာအုပ်လုပ်ပေးထားပြီး လစဉ်ပုံမှန် အချိုးကျ ထည့်ဝင်ဖို့ လိုအပ်ပါတယ်။ အခုတော့ အဲ့ဒါတွေ အလုပ်ရှုပ်မခံနိုင်လို့ ဖြစ်လာရင် ကားပေါ်တင်ခေါ်သွားပြီး ဆေးရုံလိုက်ပို့ပေးရင် ပြီးရော မဟုတ်လား လို့ အလုပ်ရှင်တွေက တွေးလာရင် ဘယ်လိုလုပ်မလဲ။ မကြည့်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ ဆေးကုတယ်ဆိုတာ ဖေဇော်ဂျီလို တောင်ဝှေးနဲ့ တို့လိုက်ရုံနဲ့ ပျောက်သွားရင်လည်း အကောင်းသား။
ဂျပန်မှာဆိုရင် သူ့နယ်နဲ့သူ ဆေးခန်းဆေးရုံတွေ သပ်သပ်ရှိတာတောင်မှ ရုံးချိန်အတွင်း လာလို့ရတဲ့ဆေးခန်း၊ ရုံးချိန်ပြင်ပ လက်ခံကုသပေးတဲ့ဆေးခန်းဆို သပ်သပ်စီ ရှိပါတယ်။ အသည်းအသန်ကို အသည်းအသန်လို ကုပြီး အာဂန္ဓုကို အာဂန္ဓုလို ကုသတဲ့။ ကိုယ်တို့ဆီမှာလို ပူတာအို၊ ကော့သောင်၊ ဘူးသီးတောင်၊ တာချီလိတ်ကလူနာတွေ ရန်ကုန်ဆေးရုံကြီးကို ကိုယ့်သဘောနဲ့ကိုယ် ဥဒဟို လာကုနေတာမျိုး မရှိပါဘူး။
အပြင်ဆေးခန်းမှာကျတော့ ဘယ်ကလာလာ စတုဒီသာ။ မြွေဟောက်လိုလျှာနျစ်ခွနဲ့ လာသမျှ လက်ခံပြီး ပြည်သူ့ဆေးရုံကျမှ တောင်တောကသာပြီး မြောက်တောမသာလို့ ရမလား။ ရပါတယ်လေ။ သာဆိုလည်း သာရုံပေါ့။ အလှည့်လေးတော့ စောင့်ပေးကြဦး။ သုံးယောက်လောက်ပြိုင် နားကြပ်တင်တော့လည်း ခင်ဗျားတို့ပဲ ဖေ့စ်ဘုတ်ပေါ် တင်ကြတာ မဟုတ်ဘူးလား။ မြို့ထဲမှာ ကားလမ်းပိတ်ရင် မော်တော်ပီကယ်တွေနဲ့ စံနစ်တကျ လမ်းရှင်းပေးသလိုပဲ၊ ဆေးရုံပေါ်က လူနာတွေကိုလည်း စည်းကမ်းတကျ လူနာလွှဲပို့တဲ့ စံနစ်နဲ့ လက်ခံကုသပေးဖို့ လိုပါမယ်။ ဆရာဝန်က လူနာကို မကုဘူး ငြင်းရမယ်လို့ မဆိုလိုပါဘူး။ လူနာတွေသာ သူ့ဘာသာသူ နည်းမှန်လမ်းမှန် လာပြတတ်သွားအောင် အသိပညာပေးရမှာပါ။ လူနာသိပ်ကြပ်လွန်းလို့ အဆင်မပြေစရာရှိရင် သူတို့ပဲ နစ်နာတာ မဟုတ်လား။
လူနာက ဆေးရုံတက်ဖို့ လိုလာပြီဆိုရင်တော့ အိမ်ကလူ နှစ်ယောက်သုံးယောက်လောက် အလှည့်ကျ လူနာစောင့်ဖို့ လိုလိမ့်ဦးမဗျ။ ဘိုဆန်ဆန် ဧည့်ချိန်ကျမှ ပန်းစည်းလေးပေးပြန်လို့ မရဘူး။ ဘယ်အဆောင်မှာဖြစ်ဖြစ် လူနာက တစ်ရာကျော်၊ တာဝန်ကျ ဆရာဝန်ဆရာမက တစ်ကျိတ်ပတ်လည်၊ လူနာကို အင်းအင်းပါ ရှူးရှူးတည်က အလုပ်သမားခိုင်းလို့ရပါတယ်။ မရတာက ဆေးဝယ်၊ သွေးဖောက်၊ ဓါတ်မှန်၊ အခေါက်ခေါက်အခါခါ လိုသမျှပြေးပြီး အဲသည်လူနာအတွက် တာဝန်ယူနိုင်မယ့်သူတစ်ယောက်ယောက်တော့ ရှိမှရမယ်လေ။ ချိတ်ထားတဲ့ ပုလင်းထဲက ဆေးတွေကုန်ရင်လည်း ဆရာဝန်ပြေးခေါ်ရမယ်။ (ပြီးကျမှ ဟိုက ဘီးလုံးလေး ကိုယ့်ဘာသာ လှည့်ပိတ်ထားလိုက်လို့ ပြန်ပြောကာမှ ပြောရော။) ဗိုက်နာလို့၊ အန်လို့၊ ကိုယ်ပူလို့၊ လူနာမှာ ဖြစ်သမျှ အားလုံး ဆရာဝန်ကို လာပြောနိုင်ဖို့ လူနာစောင့် မရှိလို့ ဘယ်လိုလုပ်မလဲ။ သူများနိုင်ငံတွေမှာလို လူနာစောင့်မပါပဲ လူနာတစ်ယောက်တည်းကို ဆေးရုံက လိုလေသေးမရှိ ပြုစုကုသပေးနိုင်တဲ့ အခြေအနေမှ မရှိတာ။
ဆရာဝန်တွေကလည်း မလိုတစ်မျိုး လိုတစ်မျိုးဗျ။ အခုပဲ သူတို့က လူနာစောင့် မရှိမဖြစ်လိုတယ်။ လူနာစောင့်မပါရင် ဆေးရုံတင်မပေးနိုင်ပါဘူး။ ပြောနေတာ။ မနက်မနက်ကျတော့ အဲသည်လူနာစောင့်တွေအကုန်လုံး ခေါင်းလောင်းတီးပြီး ဆရာဝန်ကြီး ရောင်းလှည့်တော့မယ်။ အကုန်အပြင် ထွက် ထွက်။ နဲ့ မောင်းချပြန်ရော။ ရတယ်လေ။ ခများတို့ ရောင်းတုန်း လက်ဘက်ရည်ဆိုင်လေး ဘာလေးထိုင် ဒေါင်လေးတီးလေး ဆွဲလိုက်မယ် မကြံနဲ့။ ဒီကုတင်က လူနာစောင့် ခေါ်စမ်း။ မနေ့ကတုန်းက ဖောက်ထားတဲ့ သွေးအဖြေတွေ ပြန်ရွေးပြီးပလား။ ဘယ်မလဲ။ ဆိုရင် ကြိမ်စကြာနဲ့ ရိုက်သလို ငေါက်ကနဲငုတ်တုတ်ပေါ်ရပါတယ်။ အဲ့ဒါကြောင့် ဝါဒ်ထဲက မောင်းထုတ်လိုက်ပေမယ့် ဘယ်ကိုမှ မသွားနဲ့။ တံခါးဝနားမှာ ရစ်သီရစ်သီနဲ့ လိုလျှင်ရစေ ကြိုးနွယ်ခွေသို့ နေရတယ်။ သူတို့တတွေ အပေါက်ဝမှာ ဝင်ချေထွက်ချေ လိပ်ခေါင်းကလေးတွေလို နေတဲ့အခါ ဝါဒ်ထဲက အလုပ်သမားတွေက တခြားအလုပ်ခိုင်းလို့မရတော့ဘူး။ ဂိတ်စောင့်ပဲ အလုအယက် လုပ်တော့တယ်။ သဘောပေါက်ပလား။
သည်ပြဿနာတွေ ပြေလည်သွားအောင်လို့ လူနာစောင့်လက်မှတ်တွေ ထုတ်ပေး၊ လည်ဆွဲတွေထုတ်ပေး၊ သူများနည်းတူ စမကဒ်တွေနဲ့ အဝင်တစ်ခါ အထွက်တစ်ခါ တွီကနဲမီးလင်းပြီး Open Sesame ဖြစ်အောင် လုပ်ပေးပေမယ့်လည်း လူမပြောနဲ့ အဲသည် စမကီးနဲ့ အော်တိုမစ်တစ်တံခါးကြီးတောင် ရူးသွားလို့ ဖွင့်မရ ပိတ်မရ ပြင်လိုက်ရတာ ခဏခဏ။ ကိုယ်တို့ဆီက ဓါတ်လှေကားတောင် ဒရိုင်ဘာထားမစီးရင် နှစ်ရက်နဲ့ ပျက်တဲ့အမျိုး။ အဲ့တော့ ဘာဖြစ်လဲ။ ဆေးရုံစင်္ကြန်မှာ စောင်ကလေး ပုဆိုးကလေးခင်းပြီး အထက်စရောအောက်စရော လန်ကုန်အောင် အိပ်နေတဲ့ လူနာစောင့်ပရိတ်သတ်ကြီးနဲ့ တိုးမပေါက်တော့ဘူးပေါ့ဗျာ။ အိမ်ကချက်ပြုတ်လာတဲ့ ထမင်းချိုင့် ဟင်းချိုင့်တွေနဲ့ အဲ့ဒီနားတင်စား။ အနားတော်သလိုပစ်။ ဘာညာသာရကာ နေကြာ ကွာစိ လာရောင်းတဲ့သူတွေကလာ။ ဆေးလိပ်လား ကွမ်းယာလား။ ကာတွန်းစာအုပ်ကလေးများပါ ငှားဦးမတဲ့။ အမယ် ဖုန်းအားသွင်းပေးသည် တောင်ပါသေး။
ကိုယ်အလုပ်လုပ်တဲ့ လူနာဆောင်က ခွဲစိတ်ဆောင်ဆိုတော့ လူနာတွေကို မနက်ပြန်ညပြန် စမ်းသပ်ကုသတဲ့အလုပ်အပြင် ခွဲခန်းကြီးထဲဝင်ပြီး လိုအပ်သလို ခွဲစိတ်ကုသရတဲ့ အလုပ်တစ်လုပ် ပိုပါသေးတယ်။ အရေးပေါ်လူနာတွေကို နေ့မဆိုင်း ညမဆိုင်း တာဝန်နဲ့ အလှည့်ကျခွဲပေမယ့် ခွဲရက်ချိန်းနဲ့ Elective လူနာတွေကိုတော့ တစ်လ ကိုးသီတင်းနဲ့ ရက်ချိန်းပေးလို့မရပါဘူး။ တန်းစီထားတဲ့ကြားက ရှေ့တိုးတယ် မရှိဘူး။ နောက်ကိုချည့် ဆုတ်ဆုတ်သွားတာ။ တခါတလေမှာ လူနာကို အိမ်ပြန်မလွှတ်တော့ပဲ ချောင်တဲ့ရက်ထည့်ပေးမယ်ဆိုပြီး Go Show ဆင်းခိုင်းရပါတယ်။ တကယ်လို့များ မေ့ဆေးက fit မပေးလို့ တစ်ယောက်ယောက်ကို Postpone လုပ်ရင် ချက်ချင်း နောက်တစ်ယောက် အစားထည့်နိုင်ဖို့ ဘောလုံးသမားများလို အရံလူတွေ Operation List ထဲ ထည့်တင်ရပါသေးတယ်။
Modular OT အသစ်ကြီးက ခွဲခန်းဆယ်ခန်းစလုံးမှာ သူ့အဆောင်ကိုယ့်အဆောင် မိုးလင်းမိုးချုပ် နင်ဆင်းနင်တက် ခွဲနေတာတောင်မှ လူနာတွေကို အားနာစရာကောင်းလောက်အောင် ဒေါ်စကြာ အပ်ချုပ်ဆိုင် လုပ်နေရတယ်ဗျ။ ဒါကြောင့် ကိုယ်ကိုယ်တိုင် ဆီးလမ်းကြောင်း ကျောက်တည်လို့ မှန်ပြောင်းနဲ့ခွဲရတော့မယ့်အခါ ဆေးရုံမှာ ကိုယ့်ဆရာသမား သူငယ်ချင်းတွေ ရှိပေမယ့် သွားမခွဲပါဘူး။ သင်္ကြန်ပိတ်ရက် ရောက်အောင်စောင့်ပြီး အပြင်မှာပဲ သွားခွဲတယ်။ ကိုယ်ဝင်လိုက်လို့ ရှေ့ကတန်းစီနေတဲ့ တစ်ယောက်ယောက် နောက်ဆုတ်သွားမှာ အားနာလို့။ သူတို့ဆီက Waiting list က ခြောက်လစာ တစ်နှစ်စာ ရှိနေပြီလေ။
ကိုယ်ကိုယ်တိုင်တောင် အဲသလိုပဲ စဉ်းစားတဲ့အခါ ခွဲဖို့အလှည့်စောင့်နေတဲ့လူနာတွေ ဦးစားပေးစီတဲ့အခါ လူနာမျက်နှာထက် ရောဂါမျက်နှာကိုပဲ ကြည့်ပါတယ်။ ကိုယ့်ဘာသာကိုယ် ရွချင်ပွချင်လို့ ဆီလီကုံးတွေ ဘာဘာညာညာ ထည့်ထားပြီး အဆင်မပြေလို့ ပြန်ထုတ်ချင်တဲ့လူနာမျိုးတွေဟာ ဆေးရုံမှာ ကင်ဆာအရင့်စားလူနာကြီးတွေနဲ့ ခွဲခန်းခုံ ပြိုင်မလုသင့်ဘူး။ သူတို့ ဆတ်ဆတ်ဆော့ဆော့ ထည့်ထားတုန်းက ဒီဆေးရုံကထည့်ပေးလိုက်တာမှ မဟုတ်တာ။ အပြင်မှာ လုပ်ခဲ့ကြတာပဲ။ အခုလည်း အဆင်မပြေရင် အပြင်မှာပဲ ပြန်လုပ်ကြပေါ့။ သဘောပြောပါတယ်။
ဟော။ ဆေးရုံကလူတွေ အပြင်ခေါ်ထုတ်ဖို့ နှပ်ကြောင်းပေးတယ်တော့ မထင်ပါနဲ့။ ရန်ကုန်မှာ သုံးနှစ်ပြည့်တော့မယ်။ အပြင်ဆေးခန်း လုံးဝမထိုင်ဘူးနော်။ ချေချေပဲ။ အမ်းမှာတုန်းက အပူလောင်လူနာ ဓါတ်ပုံတင်တဲ့အခါ ဘူမသိကိုးမသိတစ်ယောက်က အပြင်ဆေးခန်းမှာ လူနာရချင်လို့ ကြော်ငြာတယ်ဆိုတာနဲ့ တစ်ခါတည်း ပြန်ရှင်းထားခဲ့တယ်။ ကိုယ့်လိုချေနိုင်ရင် လာချေလှည့်။ အခုပြောချင်တာက ကိုယ့်ဘာသာကိုယ် အပြင်ဆေးခန်းမှာ တတ်နိုင်တဲ့သူတွေက ဆေးရုံမှာ အလကားရတယ်ဆိုပြီး ပေချီးကျပြီး လာခွဲလို့ရှိရင် ဆေးရုံမှာ လပေါက်နှစ်ပေါက် စောင့်နေရတဲ့သူတွေကို နည်းနည်းလောက် ငဲ့ကြည့်ပါဦး လို့ ပြောချင်တာ။ ကိုယ့်ရောဂါက သည်ဆေးရုံမှာခွဲမှ စိတ်ချရမယ့်ဟာဆိုရင် တစ်မျိုးပေါ့။ လူနာတွေ လူလည်ကျပုံတော့ဖြင့် မပြောချင်ပါဘူး။ ဆေးရုံမှာ စောင့်ရက်ကြာတယ်ထင်ရင် အပြင်ဆေးခန်းထွက် ပါမောက္ခကြီးနဲ့ ငါးထောင်ဖိုးအကုန်ခံပြ၊ ပြီးမှ အဲဒီစာအုပ်နဲ့ ဆေးရုံပြန်လာ။ “ဒီမှာနော်။ ခညားတို့ ပျော်ဖက်ဆာ့လူနာ၊ အခုချက်ချင်း ခွဲပေး။ တေတွားမယ် ရှင်တွားမယ်။” ဆိုတဲ့ မိကျောင်းမင်းကြီးတွေပါ။ အပြင်မှာတော့ ခွဲခန်းထဲ ရှူရှူးဝင်ပေါက်ရင်တောင် သိန်းအောက်လျော့တာ ဘာမှမရှိဘူး မဟုတ်လား။
ကိုယ့်သဘောကတော့ အပြင်ဆေးရုံကလူနာတွေ မနိုင်ရင်ကာမဟုတ်ရင် အစိုးရဆေးရုံတွေပေါ် တက်မလာစေချင်ပါဘူး။ ပြီးကျ သည်မှာ ကိုယ်တို့ပေးတဲ့ဆားဗစ်နဲ့ သူတို့ ကျေနပ်နိုင်တာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့ခွဲတာလဲ။ ဘာဖြစ်လို့ မခွဲသေးတာလဲ။ ဆရာဝန်ကြီးက ပြောတော့ ခွဲဖို့လိုအပ်တယ်ဆို။ အခုခွဲမပေးသေးတာ ဘာအကြောင်းရှိသလဲ။ လဲ လဲ လဲ လဲ။ နဲ့ နောက်ဆုံးတော့ နစ်ကီဘိုမင်းအောင် သီချင်းအတိုင်းပဲ “ကိုင်းကွာ။” ဆိုပြီး မထိုးမချင်း မေးနေတော့တာ။ စောစောကပြောတဲ့ Referral System ထဲမှာ ဆေးရုံ နဲ့ ဆေးခန်းကို လူနာကချည့် သူ့သဘောကျ ထင်သလို ရွေးချယ်ကုသခံတာ မဟုတ်ပဲ ဆရာဝန်က သူနဲ့သင့်တော်ရာ စီမံလွှဲအပ်တာက ပိုသင့်တော်လိမ့်မယ် ထင်ပါတယ်။ အဲ့ဒါက ပိုက်ဆံရှိတဲ့သူတွေကို အပြင်ခေါ်ထုတ်ပြီး ထူထူလှီးမယ် ပါးပါးလှီးမယ် ဆိုတဲ့ စိတ်ကြောင့်မဟုတ်ပဲ ပြည်သူ့ဆေးရုံမှာ မရှိဆင်းရဲသားလူနာတွေကို အသက်ကယ်တင်နိုင်ခွင့်ရအောင် တဘက်တလမ်းက ဇီဝိတဒါနလုပ်တဲ့ သဘောပါပဲ။ ထီးတင်ပွဲမှာ ပိုက်ဆံကျဲမှ အလှူလို့ခေါ်သလား။
ဒါကတော့ သိအောင် သဘောပေါက်အောင်ပဲ ပြောတာပါလေ။ ဆေးရုံဆိုတာ ရုပ်ရှင်ရုံများလို ရုံပြည့်ပြီ ဆိုင်းဘုတ်တင်လို့ ရတာလည်း မဟုတ်။ ဘူတာရုံများလို ခရီးသည်ဦးရေ ကန့်သတ်ထားပါသဖြင့် လာလေ စောစောသွားမှ တို့နေရာရမယ် ဆိုတာမျိုးလည်း မဟုတ်။ စက်ရုံများလို အလုပ်ဆင်းချိန်ခေါင်းလောင်းတီးလို့ လက်ထဲကပစ္စည်း ဘုတ်ကနဲ ထားပစ်ခဲ့လို့ ရတာလည်း မဟုတ်။ လာတော့လည်း ကုရတာပဲပေါ့။ အဆင်မပြေတော့လည်း သည်းညည်းခံကြပေါ့နော်။ ကွာလတီကို လိုချင်ရင် ကွမ်တတီလေးလည်း ငါးပြားဖိုးလောက် လျှော့ပေးကြပါဦး။ သားသားတို့လည်း မနိုင်ဝန်ထမ်းရတာ ခါးချိနေပြီ။ ရှေ့လျှောက်ပြီး ဖြစ်အောင်လုပ်တာ မလုပ်တာကတော့ လူကြီးတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ လောလောဆယ်တော့ အဲသည်လူကြီးတွေခမျာလည်း အောက်က တော်သလိုတင်ပြတဲ့ ဒေတာတွေ ဝေဝေဆာဆာနဲ့ မိန်းမောမူးဝေနေမှာစိုးလို့ အိပ်မက်ကလေး လာပေးလိုက်ပါတယ်နော်။
“Stars shining bright above you,
night breezes seem to whisper I love you.
Birds singing in the Sycamore tree,
dream a little dream of me.”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...