Saturday, January 23, 2016

“ပြာသိုလပြည့်-အမေများနေ့”

Young Buddhist Association

ပြာသိုလမှာ တရားပွဲစီစဉ်သူများက “အမေနေ့”
အထူးတရားပွဲဆိုပြီး သတ်မှတ်ကာ ပင့်ကြတယ်။
ဆရာကြီးဦးသုခက ပြာသိုလပြည့်နေ့ကို အမေနေ့ရယ်လို့
ပြောပြီး ဟောပြောပွဲတွေနဲ့ လမ်းဖောက်ခဲ့လို့
“အမေနေ့” ဆိုတာဖြစ်လာခဲ့တာ။


ဆရာကြီးက အေးချမ်းတဲ့ရာသီမို့ အမေ့မေတ္တာကို
ကိုယ်စားပြုပြီး အမေနေ့လို့သတ်မှတ်ကာ မိဘဂုဏ်
ကျေးဇူးတွေကို အောက်မေ့အမှတ်ရလျက်
ကျေးဇူးဆပ်ကြဖို့၊ မပြစ်မှားကြဖို့ ခေတ်လူငယ်တွေကို
အသိပေးချင်ပုံရပါတယ်။
ဗုဒ္ဓဒေသနာတော်မှာတော့ ပြာသိုလပြည့်နေ့ကို
အမေနေ့ရယ်လို့ တသီးတသန့် ဟောထားတာမရှိပါ။
မိဘကျေးဇူးကို သိတတ်ခြင်းကား လူသာဓုခေါ်၊
နတ်သာဓုခေါ် ကောင်းတဲ့ကိစ္စပါ။ မြန်မာတို့ရဲ့
လူမှုနယ်ပယ်မှာ မိဘဆိုတာအိမ်ဦးခန်းမှာ
အပိုင်စားနေကြရသူတွေ၊ စားဦးစားဖျားကိုလည်း
ဦးချခံစားကြရသူတွေ ဖြစ်ပါတယ်။ မိသားစု
ထမင်းဝိုင်းမှာ မိဘကိုဦးချပြီးမှ စားကြရတဲ့ဓလေ့
အမှန်ရှိခဲ့ပါတယ်။ ကြက်သားဟင်းချက်ရင် မိဘဟာ
အလေးအမြတ်ထားဦးချခံဖြစ်လို့ အသည်းအမြစ်ကို
စားကြရသူတွေဖြစ်ပါတယ်။ မိသားစုထမင်းဝိုင်းနဲ့
ကြက်သားဟင်း သူစိမ်းပြင်ပြင် အလှမ်းဝေးကွာလှတဲ့
ယနေ့ခေတ်မှာတော့ မိဘတို့ ဦးချခံ စားဦးစားဖျား
ယဉ်ကျေးမှုရှိနိုင်ကြသေးရဲ့လားမသိ။
မင်္ဂလသုတ်မှာ “မာတာပိတုဥပဋ္ဌာနံ-
မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းသည် စီးပွားချမ်းသာကို
ပြီးစေတတ်သဖြင့် ကောင်းမြတ်တဲ့မင်္ဂလာ”
လို့ ဟောကြားတော်မူပါတယ်။ မိဘကိုမပြုစု၊
မလုပ်ကျွေးတဲ့ သားသမီးကို “၀သလ-လူယုတ်မာ”
လို့လည်းမိန့်တော်မူပါတယ်။ (၃၈) ဖြာ မင်္ဂလာတရားနဲ့
ယဉ်ပါးနေတဲ့မြန်မာလူမျိုးတို့အဖို့ မိဘကို
ပြုစုလုပ်ကျွေးခြင်းဟာ တသီးတသန့်ရယ်လို့
ပြောနေစရာကို မလိုပါ။ (၃၈) ဖြာမင်္ဂလာနဲ့
ဝေးကွာလာတဲ့အပြင် ကျပ်တည်းဆင်းရဲလှတဲ့
ယနေ့ခေတ်မှာတော့ မိအိုဖအိုတို့လမ်းပေါ်
ကိုယ့်ဝမ်းစာကိုယ်ရှာပြီး တောင်းရမ်းစားသောက်
နေကြတာကို ဂျာနယ်တို့၊ သတင်းစာတို့မှာ
တွေ့နေရပါတယ်။
“အမေ”ဆိုတာ သားသမီးကို နို့ချိုတိုက်ကျွေးသူ၊
သားသမီးကို မြတ်နိုးယုယသူဖြစ်ပါတယ်။
“အဖေ”ဆိုတာကတော့ သားသမီးကို
စောင့်ရှောက်တတ်သူဖြစ်ပါတယ်။
အလှပျက်မှာစိုးလို့ သားသမီးကို နို့မတိုက်တဲ့အမေနဲ့၊
သားသမီးကို မစောင့်ရှောက်တဲ့အဖေတို့ကို မိဘ
ဆိုတဲ့အသိနဲ့ ကျေးဇူးသိတတ်တဲ့ သားလိမ္မာ၊
သမီးလိမ္မာတွေ အမြောက်အမြားရှိကြသလို၊
ကျကျနန မွေးမြူစောင့်ရှောက်ပါလျက်နဲ့
ကျေးဇူးမသိတတ်တဲ့ သားဆိုး၊
သမီးမိုက်တွေလည်း ပေါမှပေါရယ်။
မိဘကို ပြုစုလုပ်ကျွေးခြင်းဆိုတာ
ခြေဆေးပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ ရေချိုးပေးခြင်း၊
စားသောက်ဖွယ်ရာ၊ နေထိုင်စရာ၊ ဆေးဝါးကုသပေးခြင်း၊
အ၀တ်အထည်ဆင်မြန်းပေးခြင်းတို့ ဖြစ်ပါတယ်။
မိဘတို့ကို ပြုစုစောင့်ရှောက်လုပ်ကျွေးခြင်းဖြင့်
ဘေးရန်ကင်းပုံ၊ အကျိုးခံစားရပုံကို ဟောကြားခဲ့တဲ့
ဇာတ်တော်တွေ ပိဋကတ်တော်မှာ များစွာတွေ့ရပါတယ်။
ဆော့ကစားတဲ့အရွယ်မှာ ဖုန်များ အညစ်အကြေးများနဲ့
ပေကျံနေဦးတော့ မြတ်မြတ်နိုးနိုးနဲ့ သားသမီးကို
ပွေ့ပိုက်နမ်းရှုပ်တတ်တာ “အမေများ”သာဖြစ်ပါတယ်။
“မြင်းမိုရ်တောင်ဦး၊ မကကြူးသား” ဆိုတာဟာ
မိဘတို့ဂုဏ်ကို အမှန်တကယ်မြင်သူတို့ ချီးကျူးခဲ့တာပါ။
ရုပ်ဝတ္ထုတို့ အဆန်းတကြယ် တိုးတက်ခေတ်မီလာတဲ့
ယနေ့ခေတ်မှာ ခေတ်ကိုလိုက်ပါရင်းနဲ့ မိဘတို့အပေါ်
မေတ္တာစေတနာ အားပျော့လာတာတွေကိုလည်း
ရိပ်စားမိကြမယ်ထင်ပါတယ်။
“မြစ်ရေမှန်သမျှ ရေချိုများသာဖြစ်ပြီး အမြဲစီးဆင်း၏။
ပင်လယ်သမုဒ္ဒရာသို့ရောက်သွားသော် သောက်မရ
ဖြစ်သွား၏။ မိဘဂုဏ်ကျေးဇူးသည်လည်း
ကျေးဇူးတရားနားလည်သူများမှာသာ အမှန်ဂုဏ်
ဖြစ်၏။ ကျေးဇူးဂုဏ်ကို မသိသူများသို့ရောက်ပါက
အပြစ်သာဖြစ်ရတော့သည်”ဟု နီတိမှာဆိုပါတယ်။
သားသမီးတို့ကို ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
အရွယ်မှစ၍ ရှင်သန်ကြီးထွားစေရန် နည်းမျိုးစုံနဲ့
ပြုစုစောင့်ရှောက်ကြတယ်။ မိခင်က နို့ချိုတိုက်ကျွေးတယ်။
ဝါးဖတ်ကလေးတွေ ခွံ့ကျွေးတယ်။
အမေရဲ့နှလုံးသားမှ စီးဆင်းတဲ့သွေးဟာ
အမေ့မေတ္တာကြောင့် အရောင်နဲ့အရသာပြောင်းလျက်
နို့ရည်ဖြစ်တာလို့ ဆိုပါတယ်။
သားသမီးတွေကို လောကကြီးအကြောင်းသိအောင်၊
မြင်အောင်၊ နေတတ်၊ ထိုင်တတ်၊ ပေါင်းတတ်၊
သင်းတတ်ရှိအောင် လက်ညှိုးညွှန်ပြ ဆုံးမကြပါတယ်။
သားသမီးတို့ကို လူဖြစ်အောင် ထုဆစ်ပေးလိုက်သူများဟာ
မိဘတို့သာဖြစ်ပါတယ်။ သားသမီးဆိုတာ မိဘရှိမှ
ဖြစ်ကြရတာပါ။ ဒါနဲ့တင် မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို
သိနိုင်ပါတယ်။
ဗြဟ္မာတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး မကင်းကွာဘဲနဲ့ နေကြသလို
မိဘများကလည်း သားသမီးတို့အပေါ် ဗြဟ္မစိုရ်တရား
လေးပါး မကင်းဆိတ်ဘဲနဲ့ အမြဲနေနိုင်ကြပါသတဲ့။
ထို့ကြောင့် မိဘတို့ကို “ဗြဟ္မစိုရ် နှလုံးသားပိုင်ရှင်များ”
လို့လည်း ဆိုပါတယ်။
ကိုယ်ဝန်ဆောင်ထားရပြီလို့သိကတည်းက မိဘတို့ဟာ
“သားကလေး၊ သမီးကလေးတွေကို ခြေလက်အင်္ဂါ
ပြည့်စုံ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာဖို့ကို
မေတ္တာစိတ်နဲ့ ကြိုတင်မျှော်တတ်ကြသတဲ့။
အင်္ဂါခြေလက်ပြည့်စုံစွာနဲ့ မွေးဖွားလာပြီဆိုတော့
မိဘတို့ရဲ့မေတ္တာစိတ်ဟာ တိုင်းဆမဲ့ဖြစ်ကြရသတဲ့။
အကယ်၍ အင်္ဂါခြေလက်မပြည့်စုံတဲ့ သားသမီး
ဖြစ်ခဲ့ရင်လည်း မေတ္တာမပျက်၊ ကရုဏာဖက်လျက်
အသနားပင် ပိုကြရပြန်ရောတဲ့။
မွေးကင်းစအရွယ်၊ ပက်လက်စောင်း ယိုင်မထနိုင်တဲ့
နုနယ်မွေးကင်းစအရွယ်မှာ မှက်၊ ခြင်၊ ယင်
မသန်းရလေအောင်၊ အအိပ်အနေ မဆင်းရဲရလေအောင်၊
ဆာလောင်မှုမဖြစ်ရလေအောင်၊ ချေးသေးတို့
စိုရွှဲမနေရလေအောင် ကရုဏာနဲ့ စောင့်ရှောက်ကြသတဲ့။
သားသမီးငိုသံကြားတယ်ဆိုရင်ပဲ ကြားတဲ့နေရာက
ပြေးလာတာ အမေပါ။
ကရုဏာက တိုက်တွန်းလို့ဖြစ်ပါတယ်။
ပြေးနိုင်၊ လွှားနိုင်၊ ဆော့ကစားနိုင်တဲ့အရွယ်၊
အတတ်ပညာ ပြည့်စုံတတ်မြောက်၊ စီးပွားဥစ္စာလည်း
ကုံလုံကြွယ်ဝတဲ့ သားသမီးတို့ကို မုဒိတာနဲ့ကြည့်ပြီး
ကြည်နူးကျေနပ်နေကြတာကလည်း မိဘများသာ
ဖြစ်ပါတယ်။ သားသမီးတို့ ပြည့်စုံခြင်းကို မရှုဆိတ်တဲ့
မိဘဆိုတာ လောကမှာမရှိပါ။
တစ်အိုးတစ်အိမ်ထူထောင်ပြီး၊ တသီးတခြားဖြစ်သွားတဲ့
သားသမီးတို့ကိုကြည့်ကာ “ငါ့သားကလေး၊
ငါ့သမီးကလေး ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်တည်နိုင်ပေပြီ၊အသက်မွေးဝမ်းကျောင်းနိုင်ပေပြီ”
လို့ ကျေနပ်စွာနဲ့ ကြည့်ရှုတဲ့သဘောလည်းဖြစ်ကြသတဲ့။
ဒါကြောင့် “မိဘဆိုတာ ဗြဟ္မာကြီးတွေနဲ့တူတယ်လို့”
ဟောခဲ့တာပါ။
သားသမီးတို့က အသက်ကြီးသွားတဲ့မိဘတို့ကို
ပြန်လည်တုံ့ပြန်ကျွေးမွေးရမယ်။ မိဘတို့ရဲ့
ကိစ္စကြီးငယ်အသွယ်သွယ်ကို စိတ်ပါဝင်စားစွာနဲ့
လိုက်ပါဆောင်ရွက်ကြရမယ်။ မိဘတို့ကျန်ရစ်ခဲ့တဲ့
အမွေအနှစ်ကို ခံစားထိုက်တဲ့သားလိမ္မာ။
သမီးလိမ္မာလေးများဖြစ်ကြရမယ်။
မိမွေဖမွေတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စွမ်း
ရှိကြရပါမယ်။ (မိဘက ဒါန၀တ်ရှိခဲ့ရင် အဲဒီဒါန၀တ်ကို
မပျက်စေရပါဘူး။) ကွယ်လွန်သွားတဲ့ မိဘတို့ကို
ရည်ညွှန်းပြီး ကုသိုလ်ပြု၊အမျှပေးဝေကြရပါမယ်။
မသေခင်မိဘကို ကျွေးရမယ်။ သေမှငိုနေလို့
အကျိုးမထူးဆိုတာကို သိကြပါတယ်။ အိမ်ဦးခန်းမှာ
အိမ်မှာမိဘရှိနေတာကိုက ကျက်သရေရှိတယ်လို့
လက်ခံထားကြတဲ့ လူမျိုးဖြစ်ပါတယ်။
ဒါပေမဲ့ ကရင်ဒုံးယိမ်းကသလိုမျိုး တစ်မိသားစုလုံး
လှုပ်ရှားနေကြရတဲ့ ဒီခေတ်ကြီးမှာ မိဘကိုစိတ်တိုင်းကျ
ပြုစုဖို့ရာမှာ အခွင့်မသာ၊ အခါမသင့်ဖြစ်နေကြရရှာပါတယ်။
အမေကိုရှိခိုးပြီးမှအိပ်၊ အဖေကိုရှိခိုးပြီးမှအိပ်၊
မိဘရှေ့မှာ အနေအထိုင် ဂါရ၀ရှိပါစေ။
ကုန်းပြီးတော့သွား၊ ရိုသေနှိမ်ချပြောဆိုကြဆိုတဲ့
အလေ့အကျင့်ကောင်းတွေ ဒီကနေ့ခေတ်မှာ
မတွေ့ရသလောက်ဖြစ်လာပါတယ်။
“အမေနေ့” တရားပွဲများပင် ယခုမရှိတော့။
အထူးတရားပွဲဆိုပြီး လုပ်နေကြလေရဲ့။
အခြေအနေအရ မိဘကို ကျေးဇူးမဆပ်နိုင်
ကြသေးပေမယ့် ကျေးဇူးတော့ မကန်းကြနဲ့။
မိဘကို မျက်ရည်တစ်စက်ကျစေခြင်းဟာ
သားသမီးတစ်သက်လုံး ဆင်းရဲစေဖို့
ဖြစ်ပါသတဲ့။ မိဘကိုစော်ကားတဲ့သားသမီး
မြေမျိုတတ်တယ်လို့ပင် ရှေးက အယူအစွဲရှိကြပါတယ်။
မိတ္တ၀ိန္ဒကအမည်ရသူဟာ ပင်လယ်ခရီးကို မသွားရန်
တားနေတဲ့ အမေ့ရင်ဝခြေထောက်နဲ့ စုံကန်ထွက်ခဲ့လို့
ပင်လယ်ပြင်မှာပင် မုန်တိုင်းမိပြီး ဒုက္ခရောက်ခဲ့ရတယ်။
အဆုံးမှာတော့ ဦးခေါင်းကိုခွဲတဲ့ငရဲပန်းကို ရွှေပန်းထင်ပြီး
ခေါင်းပေါ်ကို ကိုယ်တိုင်တင်ထားတာ သွေးစိမ်းရှင်ရှင်
ထွက်ပြီး ပြင်းထန်စွာခံစားရပါတယ်။
သားသမီးဘ၀မှာ သားကောင်းသမီးမွန်
မဖြစ်ခဲ့သူများဟာ မိဘဖြစ်တဲ့အခါ သားဆိုးသမီးဆိုးနဲ့
ကြုံရတတ်ပါတယ်။ ကာလ၀ိပါက် နောက်ပိုးတက်လို့
ဆိုတယ်မို့လား။
မိဘရဲ့မေတ္တာကို အေးမြတဲ့ရေစင်နဲ့နှိုင်းယှဉ်ဖွဲ့ဆိုသလို
ဂုဏ်ကျေးဇူးကို ခြေဖျက်တတ်တဲ့ သားသမီးဆိုးတို့
အတွက် မိဘတို့ဟာ မီးနဲ့လည်း ဥပမာပေး
ဆုံးမတော်မူခဲ့ပါတယ်။
မီးဟာ ရိုသေစွာသုံးစွဲသူတို့အတွက် အကျိုးပြုသလို၊
မရိုမသေပေါ့ဆစွာ သုံးစွဲသူများအဖို့ လောင်ကျွမ်းခြင်းကို
ဖြစ်စေပါတယ်။ သို့နှယ် မိဘတို့အပေါ်
ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်း
စော်ကားရင်တော့ ပစ္စုပ္ပန်မှာ ကသိကအောက်
ဒုက္ခရေက်ကြရသလို၊သံသရာမှာလည်း ငရဲစတဲ့
ဆိုးရွားတဲ့ ဘ၀တို့၌ ကျရောက်စေနိုင်ပါတယ်။
အရှင်မောဂ္ဂလာန်ဟာ ဘ၀တစ်ကွေ့မှာ မိဘကို
ကိုယ်တိုင်ရိုက်သတ်ခဲ့တဲ့ပြစ်မှုကြောင့် နောက်ဆုံး
တန်ခိုးရှင် ရဟန္တာအဖြစ်ရောက်သည့်တိုင်အောင်
လူအရိုက်ခံရပြီး ပရိနိဗ္ဗာန် စံဝင်ခဲ့ရပါတယ်။
ငရဲကျရုံမျှမက သံသရာတစ်လျှောက်လုံး လူအရိုက်ခံရပြီး
သေခဲ့ရပါတယ်။ ကံကြီးထိုက်ရင် ပရိတ်ရဲ့
စွမ်းရည်ကိုပင် မခံစားရပါဘူး။
ဆင်းရဲနွမ်းပါးတဲ့ မိဘနှစ်ပါးကို ဆွမ်းခံကျွေးနေတဲ့
ရဟန်းတစ်ပါးကို ရဟန်းအများစုက ဒကာ၊ ဒကာမတွေ
လှူဒါန်းတဲ့ ဆွမ်း၊ဆွမ်းဟင်းကို မိဘတို့ကိုကျွေးရသလား
လို့ကဲ့ရဲ့ကြပေမယ့် မြတ်စွာဘုရားက သာဓုခေါ်တော်မူပြီး
ဗုဒ္ဓကိုယ်တော်တိုင် မိဘကိုမြတ်မြတ်နိုးနိုးနဲ့
ပြုစုစောင့်ရှောက်တဲ့အကြောင်း သုဝဏ္ဏသျှံဇာတ်တော်ကို
ဟောကြားခြင်းဖြစ်ပါတယ်။
သုဝဏ္ဏသျှံ ဇာတ်တော်မှာ မြားဆိပ်သင့်နေတဲ့
အလောင်းတော်ကို လာရောက်ကူညီတဲ့ ဗဟုသုန္ဒရီ
နတ်သမီးဟာ လွန်ခဲ့တဲ့ ခုနစ်ဘ၀က အမေ
တော်စပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သေအံ့မူးမူးဖြစ်နေတဲ့
အလောင်းတော်ရဲ့ ကိုယ်အနှံ့ပျံ့နှံ့နေတဲ့ မြားဆိပ်ကို
သစ္စာဆိုခြင်းနဲ့ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
မိခင်ဟောင်းနဲ့ မိဘနှစ်ပါးတို့ သစ္စာဆိုကြတဲ့
စကားတွေထဲမှာ “သုဝဏ္ဏသျှံဟာ မိဘကို
အမှန်ပြုစုလုပ်ကျွေးနေသူ ဖြစ်ပါတယ်။
ဤမှန်ကန်တဲ့ သစ္စာစကားကြောင့် တက်နေတဲ့
အဆိပ်လျှောကျပါစေ”လို့ ဆိုကြခြင်းဖြစ်ပါတယ်။
ဇာတ်တော်အလို မိဘကို ပြုစုလုပ်ကျွေးခြင်းနဲ့
မိဘတို့သစ္စာပေါင်းစပ်ပြီး အဆိပ်သင့်ခြင်းကို
ဖယ်ရှားဖျောက်ဖျက်နိုင်စွမ်းရှိတာကို မှတ်သားရပါတယ်။
မေတ္တသုတ်မှာ မေတ္တာကို အမေ့နဲ့တူတယ်လို့
မိန့်တော်မူခဲ့ပါတယ်။
မိဘမေတ္တာနဲ့ နှိုင်းယှဉ်ရင် မြေကြီးရဲ့
ကျယ်ပြန့်ခြင်းဟာ ၀ါးရွက်လောက်ပဲရှိသတဲ့။
မြင်းမိုရ်တောင်ရဲ့မြင့်မားခြင်းဟာ နွားဦးချိုမျှဖြစ်သတဲ့။
မဟာသမုဒ္ဒရာရဲ့ နက်ရှိုင်းခြင်းဟာ နွားခြေရာခွက်ထဲက
ရေလောက်သာရှိသတဲ့။ မိဘတို့ရဲ့ မေတ္တာဟာ
ရေထုမြေထုတို့ထက်မက ကြီးကျယ်သတဲ့။
အတိုင်းအဆမဲ့၊အကန့်အသတ်မဲ့ခြင်း ဖြစ်ပါသတဲ့။
မိဘများရဲ့ကျေးဇူးကို ကျေအောင်ဆပ်ဖို့ရာမှာတော့
မိဘတို့ကို သီလဆောက်တည်ဖြစ်အောင်၊
လှူဒါန်းဖြစ်အောင်၊ ရတနာမြတ်သုံးပါးကို
ဆည်းကပ်ဖြစ်အောင်၊ ပညာတိုးစေဖို့ တရားနာ၊
တရားအားထုတ်ဖြစ်အောင်
ဆောင်ရွက်ပေးနိုင်ကြရပါမယ်။
သို့မှသာ ကျေးဇူးအကျေအမြတ်ဆုံး ကျေးဇူးဆပ်နည်း
ဖြစ်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူးဂုဏ်ကို သိမြင်ကြတဲ့
သားလိမ္မာ၊ သမီးလိမ္မာတို့သည် မိဘတို့ကို
ပြုစုလုပ်ကျွေးခြင်းနဲ့ ကျေးဇူးဆပ်ကြပါတယ်။
အဲလိုကျေးဇူးသိခြင်းကို ပညာရှိသူတော်ကောင်းတွေက
ချီးမွမ်းကြပါတယ်။ ဒါ့အပြင် သေရင်လည်း
အာရုံကောင်းတွေနဲ့ ပေါင်းစုရတဲ့ အထက်တန်းဘ၀တို့သို့
ရောက်ကြရကြောင်းဗုဒ္ဓကိုယ်တော်တိုင်
ဟောတော်မူခဲ့ပါတယ်။
သားသမီးတိုင်း မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိကြတဲ့
သားလိမ္မာ၊ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေ-ဟူ၍သာ။ ။
-【အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)】
Posted by►
www.facebook.com/youngbuddhistassociation.mm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...