Tuesday, January 12, 2016

လောဘတက်နေတဲ့ စီးပွားရေးသမားတွေ အတုယူဖွယ်၊

Unofficial: Myanmaalinn

ငွေ ၂၀၀ ကျပ်နဲ့ ထမင်းစားလို့ရအောင်ရောင်းပေးတဲ့ ထမင်းဆိုင်ပိုင်ရှင်ရဲ့ လေးစားဖွယ်စိတ်ဓာတ်
စာဖတ်သူတို့ ထမင်းတခါပြင်တပွဲကို ငွေ ၂၀၀ နဲ့ ရောင်းတဲ့ဆိုင်များ တွေ့ဖူးကြပါသလား။ ကျနော်လည်း အရင်က မတွေ့ဖူးပါဘူး။ တန့ကတော့ မိတ်ဆွေသတင်းထောက်တယောက်ရဲ့ အကူအညီနဲ့ ထမင်းတပွဲ ၂၀၀ ကျပ်နဲ့စားလို့ရတဲ့ဆိုင်ကို ရောက်ခဲ့ပါတယ်။
အဲဒီထမင်းဆိုင်လေးကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကမ်းနားလမ်းမှာတည်ရှိတဲ့ မြို့တော်ခန်းမနောက်ဘက်က ပန်းခြံလမ်းထဲမှာပါ။

ဆိုင်ရှေ့ရောက်ချိန်မှာ ဆိုင်ကိုအကဲခတ်ကြည့်တော့ ထမင်းဆိုင်ရယ်လို့လည်း ဆိုင်းဘုတ်တပ်ခြင်းမရှိ။ ဆိုင်နာမည်လည်း မရှိ။ ထမင်းတခါပြင် ၂၀၀ လို့တောင် ဆိုင်းဘုတ်တပ်ကြော်ညာ ထားတာလည်း မတွေ့ရပါဘူး။
ဒါပေမယ့် ဆိုင်ရှင်ကတော့ ထမင်းပွဲကို လက်မလည်အောင် တပွဲပြီးတပွဲပြင်ပေးပြီး ရောင်းနေတာကို တွေ့ရပါတယ်။
ကျနော်နဲ့ ကျနော့်မိတ်ဆွေက ဆိုင်ရှေ့က ပလတ်စတစ်ထိုင်ခုံတွေမှာ ၀င်ထိုင်လိုက်ပြီး ပုသိမ်သားဖြစ်တဲ့ကျနော့်မိတ်ဆွေက မှာလိုက်တယ် ...
“၀က်၊ ဘဲနဲ့ ထမင်း နှစ်ပွဲပေးပါ”
သူမှာလိုက်တဲ့ဟင်းက ကျနော့်နားထဲတမျိုးဖြစ်နေလို့ ကျနော့်မိတ်ဆွေကိုမေးလိုက်တယ်။
“ဘာလဲဟ ၀က်ဘဲဆိုတာ”
“၀က်သားဟင်းနဲ့ ဘဲဥဟင်း နှစ်မျိုးလုံးထည့်ပေးပါလို့ ပြောတာ”
ဟိုက်ရှားဘား......။ ထမင်းတပွဲ ၂၀၀ တန်ဆိုင်မှာ ၀က်သားဟင်းလည်း ရနေပါလား။
ဆိုင်ရှင်အမျိုးသားကလည်း ခပ်သွက်သွက်ပဲ စတီးပန်းကန် ၂ ချပ်ယူပြီး ပြင်ပေးလိုက်တာ ခဏချင်းမှာပဲ ထမင်း ၂ ပွဲရောက်လာတယ်။
ဘဲဥတလုံး၊ လက် ၂ လုံးလောက်ရှိမယ့် ၀က်သားဟင်း ၇ ဖတ်လောက်နဲ့ ဟင်းအရည်ဆမ်းထားတဲ့ ထမင်းပွဲက သူရောင်းနေတဲ့ဈေးနှုန်းနဲ့ ဘယ်လိုမှ ယုံနိုင်စရာမရှိဘူး ဖြစ်နေတယ်။
ဆိုင်မှာ ဟင်းက ငါးဟင်း၊ ငါးဆုပ်ဟင်း၊ ဘဲဥဟင်း၊ ၀က်သားနဲ့ အမဲအူဆိုပြီးတော့ ဟင်း (၅) မျိုး ရတယ်။ ဟင်း တမျိုးစားလည်း ၂၀၀ ကျပ်၊ နှစ်မျိုးစားလည်း ၂၀၀ ကျပ်ပဲ ပေးရတယ်။ ဘဲဥဟင်းနဲ့ တခြားဟင်းတမျိုးတွဲရင်တော့ ၃၀၀ တဲ့။
ကျနော်တို့မှာလိုက်တဲ့ ထမင်းပွဲကတော့ ၃၀၀ တန်ထမင်းပွဲပေါ့။
ထမင်းလိုက်ပွဲထပ်ယူရင် တပွဲ ၁၀၀။ တခြားထမင်းဆိုင်ကြီးတွေလို ဟင်းချို၊ အရွက်ကြော်၊ ငါးပိရည် တို့စရာ တွေတော့ မပါဘူး။ ဒါပေမယ့် ရေနွေးကြမ်းရတယ်။ ဆားပန်းကန်နဲ့ အစပ်ကြိုက်သူအတွက် ငရုတ်သီးစိမ်းပန်းကန် ချထားပေးတယ်။
မှာထားတဲ့ထမင်းပွဲကို စားကြည့်လိုက်တော့ ဟင်းလက်ရာ ကောင်းသလို ဆန်ကလည်း ဆန်ကြမ်းပေမယ့် အညံ့စားကြီး မဟုတ်ဘဲ စားလို့အဆင်ပြေတဲ့အနေအထားမှာ ရှိတာ တွေ့ရတယ်။ ကျနော်လည်း မြည်းရင်းစမ်းရင်း စားလိုက်တာ တပန်းကန်ကုန်သွားတယ်။
ကျန်တဲ့လူတွေအကဲခတ်ကြည့်တော့ ထမင်းစားလိုက်၊ ငရုတ်သီးစိမ်းလေးကိုက်လိုက်၊ ရေနွေးကြမ်းပူပူ သောက်လိုက်နဲ့ သူ့ဟာနဲ့သူ အဆင်ပြေနေတယ်။
ဟင်းအရည်လိုချင်ရင် ထပ်တောင်းလို့လည်း ရတယ်။ ဟင်းရည်တောင်းရင် အသားဖတ် ၂ ဖတ်၊ ၃ ဖတ်တောင် ဆိုင်ရှင်က အဆစ်ထည့်ပေးလိုက်သေးတယ်။
ပုသိမ်မှာ လက်ဖက်ရည်တခွက်တောင် ၂၀၀ ကျပ် ဖြစ်နေတဲ့ခေတ်မှာ ထမင်းတပွဲကို ငွေ ၂၀၀ နဲ့ ရောင်းနေတဲ့ကိစ္စက အတော့်ကို ထူးဆန်းစရာပဲမဟုတ်လား။
ဆိုင်ရှင်အမျိုးသားကိုဇေယျာလင်းကို မေးလိုက်တယ်။
“ဒီဈေးနှုန်းနဲ့ ရောင်းနေတော့ အစ်ကိုတို့ မြတ်ကော မြတ်ရဲ့လားဗျ”
“ဈေးသည်ပဲဗျာ။ မြတ်လို့ရောင်းတာပေါ့။ အဓိကကတော့ စားတဲ့လူတွေ ဈေးသက်သက်သာသာနဲ့ အဆင်ပြေပြေစားလို့ရနေရင် ကျေနပ်ပါတယ်။ ကျနော်တို့ ဒီဆိုင်ဖွင့်လာတာ အခုဆိုရင် သက်တမ်း ၁၅ နှစ်နီးပါးရှိနေပြီ။
စရောင်းတုန်းကတော့ ထမင်းတပွဲ ၄၀ (ကျပ်)၊ နောက်တော့ ကုန်ဈေးနှုန်းတက်လာလို့ ၂၀၀ ကျပ်အထိ တက်ရောင်းဖြစ်တာ”လို့ ကိုဇေယျာလင်းက ပြန်ဖြေပါတယ်။
ရောင်းလို့ မကုန်တဲ့နေ့ မရှိသလို နေ့လည် ၁၁ နာရီလောက်ကစရောင်းတာ မွန်းလွဲ ၂ နာရီထိုးလောက်ဆိုရင် ရောင်းကုန်ပြီလို့ သူက ပြောပါတယ်။
ကျနော်စဉ်းစားကြည့်တယ်။ ဒီဈေးနှုန်းနဲ့ရောင်းနိုင်ရအောင် ဆန်တွေများ အလကား ရနေလို့များလား။
“အစ်ကိုတို့ ဆန်ကျတော့ကော။ ရွာက မှာတာလား”
“မဟုတ်ပါဘူး။ ဆန်ကလည်း ပုသိမ်ကပဲ ၀ယ်ပါတယ်။ အသားတွေ ဟင်းတွေလည်း ဈေးသက်သက်သာသာနဲ့ သန့်သန့်ရှင်းရှင်းစားလို့ရအောင် ချက်ပါတယ်”လို့ သူက ပြောပါတယ်။
ထမင်းဆိုင်ကို အားပေးနေသူတွေကတော့ ကမ်းနားတ၀ိုက်က ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ဆိုက္ကားသမားတွေ၊ အခြေခံလူတန်းစားတွေနဲ့ ကျေးရွာတွေက တက်လာတဲ့ တောသူတောင်သားတွေအများစုဖြစ်နေတာ တွေ့ရပါတယ်။
“မသိသူကျော်သွား၊ သိသူဖော်စား“ဆိုတဲ့ စကားပုံလိုပဲ ဒီဆိုင်ကိုသိနေတဲ့ ဖောက်သည်တွေက လူအုပ်လိုက်ဝင်လာ ခပ်သုတ်သုတ်စား။ ပြီးတာနဲ့ ငွေရှင်းပြီး ပြန်ကြ။ ရောင်းတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ရောင်း၊ စားတဲ့လူကလည်း ကျေကျေနပ်နပ်နဲ့ စားကြတာ တွေ့ရပါတယ်။
“ကျနော်တို့လို ဆိပ်ကမ်းကကုန်တင်ကုန်ချအလုပ်သမားတွေအတွက်တော့ ဒီဆိုင်လေးက တအားအဆင်ပြေတယ်။ ပုသိမ်တမြို့လုံးမှာ ဒီဆိုင်က ဈေးအသက်သာဆုံးပဲ။
ဈေးလည်းသက်သာတယ်။ စားလို့လည်း ကောင်းတယ်”လို့ ပုသိမ်ဆိပ်ကမ်းက ကုန်တင်ကုန်ချလုပ်သားတဦးက ပြောပါတယ်။
ဆိုခဲ့သလိုပဲ ထမင်းဆိုင်ရယ်လို့တောင် ဆိုင်းဘုတ်တပ် နာမည်ပေးထားခြင်းမရှိပေမယ့် မြို့တော်ခန်းမနား အနီးတ၀ိုက်မှာ “၂၀၀ ကျပ်တန် ထမင်းဆိုင်”လို့ မေးလိုက်ရင် မသိတဲ့လူ မရှိသလောက်ဖြစ်အောင်ကို နာမည်ကြီးပါတယ် တဲ့။
ကဲ ... ပုသိမ်မှာ ငွေ ၂၀၀ ရှိရင် ထမင်းစားလို့ရတယ်ဆိုတာ မယုံဘူးဆိုရင်တော့ မြို့တော်ခန်းမ နောက်ကျောက ပန်းခြံလမ်းထဲမှာရှိတဲ့ ၂၀၀ ကျပ်တန် ထမင်းဆိုင်ကိုသာ ကြွခဲ့ပါလို့ ပြောပါရစေဗျာ…
By ဆလိုင်းသန့်စင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...