Saturday, January 16, 2016

Dirty Drugs ဆရာဝန်သုံး လူဆိုးသုံးဆေးများ

Tint Swe


ဆရာ ကျွန်တော် ပခုက္ကူကပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ကလေးသူခိုး တကယ်ပေါနေပါတယ်ဆရာ။ ရဲမှူးလိုလူမျိုးကတောင် ကောလဟာလလို့ ပြောနေတာ စိတ်မကောင်းဘူးဆရာ။ ကျွန်တော်တို့ဘက်လည်း တကယ်ပါသွားကြတာတွေရှိနေပြီ ဆရာ။ အဲဒါနဲ့ပတ်သက် ကာကွယ်ဖို့ သတင်းပေးဖို့ ပခုက္ကူမှာ ပရဟိတ အသင်းတွေ အစည်းအဝေးကို ယခုအပတ် တနင်္ဂနွေနေ့ လုပ်ဖြစ်မယ်ဆရာ။ ကိုယ်တတ်နိုင်သလောက် ကိုယ်ကိုယ်တိုင် ကာကွယ်တဲ့သဘောပါဆရာ။ ကျွန်တော် သိချင်တာက ကလေးသူခိုးသုံးတဲ့ဆေး အကြောင်းပါ။
အဲဒါကို ဘယ်လိုကာကွယ်သင့်တယ်စသဖြင့် လိုအပ်တာလေ့လာဖို့ ဆရာကို အကူအညီတောင်းတာပါ ခင်ဗျ။ link ရှိရင်လည်း ညွှန်ပေးပါဦးဆရာ။ လေးစားစွာဖြင့်။
Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့် လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းမှာသုံးတဲ့ဆေးလို့ ခေါ်ပါတယ်။ တခြား ရာဇဝတ်မှုတွေမှာလည်းသုံးနိုင်တယ်။ ကျားမ မရွေး၊ လူကြီးကလေး မရွေးကို ဆေးအာနိသင်ပြနိုင်စေတယ်။
ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုကို ငြင်းပယ်နိုင်စွမ်းပျောက်ဆုံးပြီး၊ ဘယ်လို ဖြစ်ပျက်ခဲ့တယ်ဆိုတာတောင်မှ မှတ်မိနိုင်စွမ်း မရှိတော့ပါ။ ဆေးတွေက အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိကြလို့ တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်ထဲ ထည့်နိုင်တယ်။
အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိတယ်။
၁။ GHB (Gamma Hydroxybutyric Acid) = အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြား၊ ပုံစံအမျိုးမျိုးရှိတယ်။
၂။ Rohypnol (Flunitrazepam) = ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်က အရည်တွေမှာ ပျော်ဝင်တဲ့အခါ အပြာရောင်သန်းသွားတယ်။ အရောင်မရှိတဲ့ ဆေးပုံစံဟောင်းလည်း ရရှိနိုင်တယ်။
၃။ Ketamine (Ketamine Hydrochloride) = အဖြူရောင်အမှုန့်ဖြစ်တယ်။
ခန္ဓာကိုယ်မှာ အမြန်အာနိသင်ပြနိုင်တယ်။ ဆေးအာနိသင် မပျယ်ခင်ခံတဲ့အချိန်ကတော့ ကွဲပြားတယ်။ ဆေးဘယ်လောက် အသုံးတယ်ဆိုတဲ့အချက်နဲ့ အရက်လို တခြားရောစပ်တာတွေအပေါ်မှာ မူတည်တယ်။ အရက်ကနေ အဲဒီဆေးတွေရဲ့ အာနိသင်ကို ပိုဆိုးဝါးစေပြီး၊ ကျန်းမာရေးကို ပိုထိခိုက်စေနိုင်တယ်။
GHB ဆေးကနေ အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း၊ အိပ်ချင်မူးတူးဖြစ်ခြင်း၊ မူးဝေခြင်း၊ မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ သတိလစ်ခြင်း၊ လေဖြတ်သကဲ့သို့ဖြစ်ခြင်း၊ ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း၊ အသက်ရှူရန် ခက်ခဲခြင်း၊ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်း နှေးကွေးခြင်း၊ အိပ်မက်ကဲ့သို့ ခံစားရခြင်း၊ သတိမေ့မြောခြင်း၊ ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း၊ သေဆုံးခြင်း။
Rohypnol ဆေးဟာ အလတ်စား Benzodiazepine ဆေးဖြစ်တယ်။ အိပ်မပျော်တဲ့ရောဂါအတွက် ရေတိုဆေး အနေနဲ့ သုံးသလို မေ့ဆေးမပေးခင် ကြိုတင်ပေးတဲ့ဆေးအဖြစ်လည့်းသုံးတယ်။ စိတ်ငြိမ်စေမယ်၊ ကြွက်သားတွေကို ပျော့စေမယ်၊ စိုးရိမ်စိတ်နည်းစေမယ်၊ တက်မှာကို တားပေးမယ်။ တခြား Benzodiazepines နဲ့တူတဲ့ဆေးတွေကတော့ Valium (Diazepam), Librium နဲ့ Xanax တွေ ဖြစ်တယ်။ Valium ထက် ၇-၁ဝ ဆ စွမ်းတယ်။ ဆေးပေးပြီးနောက် ၁၅-၂ဝ မိနစ်မှာ အစွမ်းပြပြီး၊ ၄-၆ နာရီအထိခံတယ်။ တကယ်တန်း အစွမ်းကုန်တာကတော့ ၁၂ နာရီကြာမှဖြစ်တယ်။
Rohypnol ဆေးကို Date-rape drug မိန်းကလေးတွေကို အဓမ္မကျင့်ဘို့သုံးတယ်။ ကျောင်းသူတွေ၊ ကောလိပ် ကျောင်းသူတွေ၊ ပါတီနဲ့ ပွဲလမ်းသဘင်သွား မိန်းမတွေကို မသိအောင် သောက်စရာထဲခပ်ပြီး သတိလစ်တဲ့အခါမှာ ပြုချင်ရာပြုနိုင်တယ်။ မိန်ကလေးဟာ မေ့ဆေးပေးနေတုံး ခွဲစိတ်ခံရတာကို မသိခဲ့သလို ဘာမှ မမှတ်မိတော့ဘူး။ အမှုလုပ်လဲ မရဘူး။ တာရှည်သုံးမိရင် ဆေးစွဲတယ်။ ဆေးဖြတ်လက္ခဏာတွေခံစားရမယ်။ ဆုံးဖြတ်နိုင်စွမ်း ကျဆင်းမယ်။ စိတ်+ကြွက်သား အလုပ်တွေနည်းခာမယ်။ ဥပမာ ကားမမောင်းနိုင်ဘူး။ အရက်နဲ့တွဲသောက်ရင် ဗဟိုအာရုံကြောစနစ်ကိုပါ ထိခိုက်မယ်။
Rohypnol ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင်ပျယ်ချိန်အကြားမှ အဖြစ်အပျက်ကို မမှတ်မိခြင်း၊ သွေးဖိအားကျခြင်း၊ အိပ်ချင်လာခြင်း၊ ကြွက်သားများ အားလျှော့လာခြင်း၊ သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း၊ အရက်မူးသလိုဖြစ်ခြင်း၊ မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း၊ စကားမပြောနိုင်တော့ခြင်း၊ လှုပ်ရှားရန်ခက်ခဲလာခြင်း၊ အသိစိတ်ပျောက်ဆုံးခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ မူးဝေခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း။
Ketamine ဆေးကနေ စိတ်အာရုံချောက်ခြားခြင်း၊ အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမြင်နဲ့ အကြားအာရုံ မမှန်မကန် ဖြစ်လာခြင်း၊ မိမိကိုယ်ကိုမိမိ မထိန်းသိမ်းနိုင်လို့ ခံစားလာရခြင်း၊ လှုပ်ရှားနိုင်စွမ်းကို ထိခိုက်ခြင်း၊ အသက်ရှူရန် ခက်ခဲလာခြင်း၊ အူတက်အောင်ရယ်ခြင်း၊ အော့အန်ခြင်း၊ ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း၊ မှတ်ဉာဏ်ထိခိုက်ခြင်း၊ အိပ်မက်လိုခံစားရခြင်း၊ ထုံထိုင်းခြင်း၊ လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမူအရာကြမ်းတမ်းလာခြင်း၊ စကားသံ ဗလုံးဗထွေးဖြစ်ခြင်း။
တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ Rohypnol က တရားဝင်ဆေးမဟုတ်ပါ။ ဥရောပနှင့်မက္ကစီကိုတို့မှာ အိပ်မပျော်တဲ့ ရောဂါအတွက် ညွှန်လေ့ရှိပြီး တရားဝင်အသုံးပြုတယ်။ Ketamine ကို လူနဲ့ တိရိစ္ဆာန်တွေအတွက် မေ့ဆေးအဖြစ် တရားဝင် သုံးစွဲတယ်။ GHB ကို Narcolepsy ခေါ်တဲ့ အိပ်မပျော်သည့်ရောဂါကို ကုသဘို့ အမေရိကမှာ မကြာသေးမီက တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်လိုက်တယ်။
မြန်မာပြည်မှာလည်း အဲလိုဆေးတွေရှိတယ်။ သုံးနေကြတယ်။ သင်္ကြန်ရက်တွေ၊ ပါတီပွဲတွေမှာ မိန်းကလေးတွေ သောက်စရာထဲ ဆေးခပ်ပြီး ပြုချင်ရာပြုချင်သူတွေကသုံးတယ်။ လုချင်ရက်ချင်သူတွေကလည်း သုံးတယ်။ ဒီလို ဆေးပညာအသိပေးစာရေးတိုင်း သူခိုးကိုခိုးနည်း၊ ဓါးပြကိုတိုက်နည်းသင်ပေးတာလားလို့ အပြစ်တင်သူတွေ အမြဲတမ်းတွေ့ပါတယ်။ အခုလည်း အဲလိုလူမျိုးက ကွန်မင့်မှာရေးလာပါအုန်းမယ်။ မတတ်နိုင်ပါ။ အနုမြူအကြောင်း ကျောင်းစာထဲမှာ သင်ရတယ်မဟုတ်လား။
ဒေါက်တာတင့်ဆွေ
၈-၁-၂ဝ၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...