💫၈၅မန္တလေးညများကို ' ပြန်လည်လွမ်းဆွတ်သူများ 💫
Music Crazy Te Te Tar Tar
🎸 ကိုကြီးငဲ 🎸
ဒီအကြောင်းတွေကို အခုချိန်မှာ ပြန်ပြောရင် လွမ်းစရာတွေ ဖြစ်ကုန်ပါပြီ။ အခု "ရွှေမန်း နဲ့ သစ္စာ"ကို မမြင်ဖူးတဲ့ တက္ကသိုလ်ကျောင်းသားတွေကို တကူးတက လိုက်ပြရမလို "ပြတိုက်" ဆန်သွားပါပြီဗျာ။ ကျွန်တော့် သီချင်းခေါင်းစဉ်တောင် တကယ်ဆိုရင် "ပုံပြင်ထဲက မန္တလေးညများ" ဆိုရင် ပိုလိုက်ဖက်မယ်။ အဲဒီတုန်းက ကျွန်တော်တို့ မန္တလေးအဆောင်ညတွေက တစ်ချို့  အဆိုတော်လုပ်မယ့်သူတို့၊ အဆိုတော်ပေါက်စတွေရဲ့  လေ့ကျင့်ကွင်းဆိုလည်း မမှားဘူးဗျ။
ကျွန်တော်ပြောတာ ကျွန်တော် မပါဘူးနော်။ အဲဒီတုန်းက ပရင့်စ်ဘသော်တို့က မထွက်သေးတဲ့ ချစ်ကောင်းရဲ့  "ကော်ဖီခါးခါး" ထဲက သီချင်း "ထမီတိုတို ရှန်ပိန်" ကို Casino Organ အသေးလေးနဲ့ လာလာဟစ်တာ မှတ်မိတယ်ဗျ။ ပြီးတော့ ကျောင်းတက်ရင်း Music မှာ Crazy ဖြစ်၊ နောက်ခံကလည်း ကောင်းလို့ တစ်ခွေတလေ ရန်ကုန်ဆင်းလုပ်တဲ့ ကျောင်းသားတွေလည်း ရှိတယ်ဗျ။ ဥပမာ - "ရှိုင်း" တို့ပေါ့။ အအေးမိတဲ့ပန်းကလေး ဆိုတဲ့ ကိုတွတ်လည်း ဒီကျောင်းရဲ့  ညတွေမှာ အော်ခဲ့တဲ့ သူပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ မန်းတက္ကသိုလ်ရဲ့  အဆောင်ညတွေက Professional တွေ၊ ဝါသနာရှင်တွေ မရွေးဘူး။ အဆောင်ရှေ့မှာ သုံးဖွဲ့လောက် ဆုံတယ်ထားပါတော့။ တစ်ဖွဲ့က Pro တွေဗျ။ တစ်ဖွဲ့က ကျွန်တော်တို့လို ဝါသနာရှင်တွေ။ တစ်ဖွဲ့က မယ်ဒလင်တွေနဲ့ Mono။ ဒါလည်း တစ်ယောက်ကို တစ်ယောက် အလှည့်ပေးကြတယ်။ အဲဒီ Pro တွေရော၊ ကျွန်တော်တို့ကိုရော၊ Mono မယ်ဒလင်တွေရော တစ်ယောက် တစ်လှည့် ဆိုကြတာဗျ။ ကိုယ့်ဘာသာကိုယ်ဆိုပြီး ပြိုင်အော်နေကြတာ ကျွန်တော်တို့ မန်းတက္ကသိုလ်မှာ ထုံးစံမရှိဘူးဗျ။ ချစ်စရာကောင်းတဲ့ အကျင့်ကလေးတစ်ခုပါပဲ။ အဲဒီတုန်းက "ဇာတ်တော်ထဲမှာ အလွမ်းဆုံး" သီချင်းက လေးဖြူ ဆိုတယ်ဗျ။ "ကိုယ်ရေးရာဇဝင်" တို့၊ "မျှော်လင့်ခြင်း ကွင်းပြင်" တို့က အဲဒီကတည်းက ကျွန်တော်ဆိုနေကျပါ။ ဝိုင်ဝိုင်း က အင်္ဂလိပ်သီချင်း ပိုကောင်းတယ်။ သူဆိုနေကျက Suzana တို့၊ Arms of Mary တို့ပေါ့။ ကျွန်တော်က မိန်းမ၊ ယောက်ျား မခွဲဘူး။ နော်လီဇာ ရဲ့  "အသဲအသန်ည" ဆိုလည်း ဆိုလိုက်တာပဲ။ မေဆွိ ရဲ့  "ချစ်သူရဲ့  သီချင်း" ကို ကျွန်တော် ၁၉၈၅ Maths Major ပွဲမှာ ဆိုဖူးတယ်။ "ရွှေရောင် အိမ်မက်များ" လည်း ၁၉၈၅ ရွှေပြည်အေး Dinner မှာ ကျွန်တော် ဆိုဖူးတယ်။ စာသားလေးလည်း ကြိုက်တယ်။ Original Melody ကလည်း ကြိုက်ပြီးသားပဲလေ။ ကျွန်တော် ဇော်ဝင်းထွဋ် ရဲ့  "ဆန့်ကျင်ဘက် ရလဒ်" လည်း သင်္ချာပွဲမှာ ဆိုဖူးပါတယ်။ အဲဒီတုန်းက "မာကျူရီည" က ထွက်ပြီးပြီကိုး။ ကလောမှာ တက်နေတဲ့ ကျွန်တော့် အစ်ကိုလတ်က အဲဒီ "မာကျူရီည" သီချင်းစာအုပ်တစ်အုပ်လုံးကို အိမ်ယူလာတော့ ကျွန်တော်လည်း ခိုက်သွားတာပေါ့။ ပြောရင် မကုန်နိုင်ပါဘူးဗျာ။ ကျွန်တော်တို့ ဘော်ဒါတွေထဲမှာ အယ်ဖြူ၊ အယ်နောင်းတို့ရဲ့  အစ်ကို သားငယ်လည်း သီချင်းဆို အတော်ကောင်းတယ်။ အဆိုထက် အသံက အရမ်းလွမ်းဖို့ကောင်းတယ်။ သူဆိုတဲ့ သီချင်းတွေထဲမှာ လေးဖြူတို့ ကျွန်တော်တို့တွေ အငြိဆုံးသီချင်းကတော့ အဆောင်ရှေ့မှာ Mono သီချင်းကို ဂီတာနဲ့ သူဆိုတဲ့ "တက္ကသိုလ်နယ်မြေသည်သာ ငြိမ်းချမ်းရာမြေ...သစ္စာ" ပဲ။
အဲဒီအသံတွေဟာ အခုချိန်ထိတောင် နားထဲမှာ ပြန်ကြားယောင်နေဆဲ...။
🎸 ဝိုင်ဝိုင်း 🎸
တက္ကသိုလ်ကျောင်းသားဘဝတုန်းကဆိုရင် စာကျက်ဖို့ သိပ်စိတ်မဝင်စားဘူး။ သူငယ်ချင်းတွေနဲ့ ဘယ်သီချင်းကို အတီးကျင့်မယ်၊ အဆိုကျင့်မယ်၊ ညဘက်တွေမှာ ဘယ်အဆောင်မှာ သီချင်းသွားဆိုမယ်ဆိုတာပဲ စဉ်းစားတာများတယ်။ တစ်နှစ်လုံး အပျော်ဆုံးနဲ့ စိတ်အလှုပ်ရှားဆုံး အချိန်ကတော့ Major Stage Show ပဲ။ ကိုလေး(လေးဖြူ) နဲ့ ကျွန်တော်က မေဂျာလည်းတူ၊ နောက်ပြီး တစ်တန်းတည်းဆိုတော့ နှစ်တိုင်း အတူတူ တီးကြဆိုကြတယ်။ တတိယနှစ်တုန်းကဆိုရင် တစ်ခြား မေဂျာတွေကတောင် ကိုကြီးငဲ (အငဲ) ကို အကူအညီလာတောင်းပြီးတော့ ခေါ်တီးတယ်။ အဲဒီနှစ်မှာပဲ ကိုကျော်အောင် (KAT) က သူ့မေဂျာမှာ သီချင်းဆိုဖို့အတွက် ကျွန်တော်က ဂီတာသွားတီးပေးတယ်။ "တစ်" ကြိုးတစ်ချောင်းတည်းကို နှစ်ခါပြတ်လို့ စက်ပိုင်ရှင်က ကျွန်တော့်ကို ဆဲတာ အခုထိ မှတ်မိသေးတယ်။ အမှတ်တရတွေပေါ့။ တက္ကသိုလ် ကျောင်းသားဘဝကတော့ တကယ့်ကို ပျော်စရာကြီးပါဗျာ။
-------The End-------
Credit - we are the rock

0 comments:
Post a Comment