Saturday, January 30, 2016

💦 ဆက်ဆံရေး 💦


နိုင်လိုသူကိုအရှုံးပေးနှလုံးအေးတဲ့ဆေးလို့ ပြောကြတယ်၊၊ တကယ်ပဲ နှလုံး အေးသလား၊၊ အမြဲတမ်း နိုင်နေရတဲ့လူက သူ နောင်လည်းပဲအနိုင်ယူချင်နေမှာပဲ၊၊ ဆက်ဆံရေးက ပြေလည်မှုမဖြစ်လာနိုင်ဘူး၊၊ စိတ်နေသဘောထား မတိုးတက်နိုင်ဘူး၊၊ လုပ်ရည်ကိုင်ရည် မတိုးတက်နိုင်တော့ဘူး၊၊ နှစ်ဖက်စလုံးက ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပညာမရလိုက်ဘူး၊၊ အများကြီးဆုံးရှုံးသွားတယ်၊၊ အနိုင်ရနေတဲ့သူကလည်း ပညာမရဘူး၊ အရှုံးပးနေရတဲ့သူကလည်း ပညာမရဘူး၊၊
တယောက်ယောက်နဲ့ရင်ဆိုင်ပြီး အကြိတ်အနယ်ပြောရတော့မယ်ဆိုရင် ဘယ်တော့မှမပြောဘူး၊၊ အမြဲတမ်းအရှုံးပေးလိုက်တယ်၊၊ အဲဒီလိုအရှုံးပေးတော့ကော ဘာဖြစ်သလဲ၊၊ အဲဒီလိုအရှုံးပေးလိုက်တဲ့အခါမှာ ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့ရှုထောင့်ကို ဖော်ပြခွင့်မရတော့ဘူး၊၊ အဆုံးရှုံးခံလိုက်ရတယ်၊၊ ကိုယ့်ရဲ့ခံစားချက်ကိုလည်းပဲ ဖော်ပြခွင့်မရတော့ဘူး၊၊ အဆုံးရှုံးခံလိုက်ရတယ်၊၊ အမြဲတမ်းအရှုံးပေးနေရတော့ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှုမရှိတော့ဘူး၊၊ ဒါလည်း ဆုံးရှုံးမှုတခုပဲ၊၊ အမြဲတမ်းအရှုံးပေးရတဲ့သူဟာ ကြာလို့ရှိရင် သိမ်ငယ်တဲ့စိတ်(inferiority feeling) ဖြစ်လာတယ်၊၊ ဆက်ဆံရေးတိုင်းမှာသတိထားရမှာက ရန်လည်းမလုပ်ဘူး၊ ထွက်လည်းမပြေးဘူး၊ အနိုင်လည်းမယူဘူး၊ အရှုံးလည်းမပေးဘူး၊ တခြားတနည်းနည်းနဲ့ ပြေလည်အောင်လုပ်လို့ရတယ်ဆိုတာကို မမေ့ဖို့ပဲ၊၊
🌹🌹🌹
ကိုယ့်ထက်သူများကသာတဲ့အချက် ရှိနိုင်ပါတယ်၊၊ သူများထက်ကိုယ်ကသာတဲ့အချက်လည်း ရှိနိုင်တာပဲ၊၊ သူများထက်သာတယ်လို့လည်း မတွေးချင်ပါဘူး၊၊ အဲဒီလိုတွေးရင် သူများကိုနှိမ်ရာရောက်တယ်နော်၊၊ သူများကငါ့ထက်သာတယ်လို့လည်း မတွေးချင်ဘူး၊၊ အဲဒီလိုတွေးရင်လည်း ကိုယ့်ကိုယ်ကိုယ်ကို နှိမ်ရာရောက်တယ်၊၊ ဘယ်ဟာကောင်းသလဲ၊၊ ဘယ်ဟာမှ မကောင်းဘူး၊၊ အကောင်းအဆိုး အမှားအမှန်ဆိုတဲ့ ဝေဖန်ချက်တော်တော်များများဟာ ကိုယ့်ဘက်ကို ကိုယ်လိုသလိုဆွဲပြီး တွေးကြတာတွေများပါတယ်၊၊ တကယ်ဘက်မလိုက်ဘဲနဲ့ မျှမျှတတမြင်နိုင်တဲ့သူ ရှားပါတယ်၊၊ ကိုယ်ဘယ်လို ခံစားနေရတယ်ဆိုတာ သိမယ်၊၊ ပြီးတော့ ခံစားမှုဆိုတာ ခံစားမှုမျှပဲဆိုတာကိုမမေ့ဘူး၊ သိနေမယ်၊၊ သိနေတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့နည်းနဲ့ ကိုယ့်ရဲ့ခံစားချက်တွေအတွက် အဖြေရှာနိုင်မယ်၊၊ အဲဒီလိုအဖြေရှာရာမှာ နောက်ထပ်ပြဿနာတွေအခက်အခဲတွေကို မဖြစ်စေဘူး၊၊ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေမရလို့ စိတ်ဆိုးနေတယ်၊ ဒေါသဖြစ်နေတယ်ဆိုရင် အဲဒီလိုခံစားနေရတာကို သေသေချာချာသိနေရင် မပေါက်ကွဲဘူး၊၊ ကိုယ့်အခွင့်အရေးကိုရအောင် ပြောမယ်၊ လုပ်မယ်၊၊ ဒါပေမဲ့ အဲဒီလိုလုပ်ရာမှာ နောက် ထပ်ပြဿနာတွေ အမှားတွေ ဖြစ်မလာအောင်လည်း သတိထားလို့ရတယ်၊၊
🌹🌹🌹
တဖက်ကမှားနေလို့ ကိုယ်ကပါလိုက်မှားရင် အမှားနှစ်ခုဟာ အမှန်တခုဖြစ်မလာနိုင်ဘူး၊၊ သူကမှားနေလို့ ကိုယ့်မှာမှားပိုင်ခွင့်ရှိတယ်လို့ သဘောထားလို့မရဘူး၊၊ သူ့အမှားကကိုယ့်အမှားကို အမှန်ဖြစ်အောင်လုပ်မပေးနိုင်ဘူး၊၊ သူများမကောင်းကြောင်းကို အချိန်ကုန်ခံပြီးတော့ပြောမနေပါနဲ့၊၊ သူများအပြစ်ကို အချိန်ကုန်ခံပြီးပြောမနေပါနဲ့၊၊ အဲဒီလိုအချိန်ကုန်ခံပြီးပြောနေရင် အဲဒီအချိန်တွေဟာ ကောင်းတဲ့နေရာမှာမသုံးလိုက်ရတဲ့အတွက်ကြောင့် ကိုယ့်ဘဝဟာ တိုးတက်မှု၊ ရင့်ကျက်မှု ဖြစ်မလာနိုင်ဘူး၊၊ သူများမကောင်းကြောင်းကို အချိန်ကုန်ခံပြီးအတင်းပြောနေရတာကို အရသာတွေ့တဲ့သူရဲ့စိတ်ဟာ အားငယ်တတ်တဲ့စိတ်၊ သဘောထားသေးတဲ့စိတ် ဖြစ်တယ်၊၊ အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်စောင့်သင့်တယ်၊၊ ကိုယ်မှန်တိုင်းဝင်ပြောပြီး အနိုင်မယူသင့်ဘူး၊၊ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့စိတ်ထားဖြစ်တယ်၊၊ အရေးကြီးတဲ့အလုပ်တွေကိုလုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုယ်သိတိုင်းလည်းမပြောသင့်ဘူး၊ မေးတိုင်းလည်းမဖြေသင့်ဘူး၊၊ စိတ်အနှောက်အယှက်ဖြစ်ရတာနဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့၊၊ လတ်တလောအဆင်ပြေအောင် လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့၊၊ ကိုယ့်ကိုသဘောကျသွားအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်ဆိုတာမျိုးကို မစားရဝခမန်းမပြောပါနဲ့၊၊ ကိုယ့်ကို အင်မတန်သဘောကောင်းတယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင် မပြောပါနဲ့၊၊ အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး၊၊ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ၊၊ ပေးနိုင်တာထက်နဲနဲလျှော့ပြောတာ ကောင်းတယ်၊၊🌼🌼🌼
💢ဆရာတော်ဦးဇောတိက💢
🍃(မဟာမြိုင်တောရ)🍃
💧“ တွေးမိတိုင်းပျော်တယ် ”💧
📖 စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...