Sunday, January 10, 2016

သူရဘွဲ့ရရှိသူများထဲမှ လေးစားမိသည့် ထားဝယ်သူလေး သူရမချစ်ပို

Maung Khin Maung Soe

မိုးရွာပြီးစ ပြင်ဦးလွင်မြို့ က အေးစိမ့်မှု ပိုလာသည်။
မန္တလေး - လာရှိုးကားလမ်းမှသည် ထုံဘိုရပ် ရွှေမြင်းတင်ဘုရားကြီး၏ အနီးက မြေနီးလမ်းကလေးပေါ် ကွေ့ဝင်လာသည်။ ကိုက် ၅၀၀ ကျော်ခန့်ရောက်သော်... တွေ့ပြီ။
တစ်လမ်းဝင် တစ်လမ်းထွက်လိုက်ရှာနေခဲ့ရသော မြန်မာ့အမျိုးသမီးသူရဲကောင်း အိပ်စက်နားနေရာ။
စိမ်းညို့ သော ဝါးပင်များ အုပ်မိုးကျနေသော အုတ်ဂူကလေးတစ်ခု၊ သံပန်းခြံစည်းရိုးကလေး ကာရံထားသည်။

တစ်ဖက်က ဘုန်းကြီးကျောင်းမှအုတ်တံတိုင်းကို ကျော်၍ အုတ်ဂူလေးပေါ် အုပ်မိုးကျနေသော ဝါးပင်များမှ ရွက်ကြွေတွေဟာ သံပန်းခြံစည်းရိုးကလေးအတွင်းက အနီးရောင်ရင့်ရင့် အုတ်ဂူလေးဘေးမှာ အထပ်လိုက်ဖြစ်နေသည်။  ခြံစည်းရိုးကို ကျော်ခွပြီး အမှိုက်တွေ လှည်းကြုံးပစ်သည်။
တစ်ချိန်က နိုင်ငံနှင့်လူမျိုးအတွက် သူမစွမ်းဆောင်ခဲ့ပုံတွေက စာတွေ့နဲ့တင် ကြက်သီးထစရာကောင်ပါလားဟု တွေးမိပြီး တလေးတစားဖြင့် နာမည်ကလေးရေရွတ်မိသည်...



" သူရ မချစ်ပို " တဲ့။
ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်
နိုင်ငံဝန်၌၊ ဂုမ္ဘဏ် ယက္ခ
နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း
ခွာ၍မတွန့်၊ အသက်စွန့်လော့။ ။
ရဲဝံ့အားမာန်ပြည့်သော ရှင်မဟာရဋ္ဌသာရ၏ ဂမ္ဘီသာရပျို့ မှ စာပိုဒ်ကလေးကို ရေးထိုးထားသော အုတ်ဂူနီလေး။
ရေးထိုးထားသော စာနှင့် " သူရ မချစ်ပို " ဆိုတဲ့စကားက စိတ်ထဲ စနိုးစနောင့်ဖြစ်ဖွယ်ရာပါ။
" သူရ " = ဟူသောဘွဲ့က တော်ရုံနဲ့ရရှိသည့် ဘွဲ့မဟုတ်ပေ။ မြန်မာနိုင်ငံ၏ တတိယအမြင့်ဆုံးသောဆု။ နိုင်ငံနှင့် လူမျိုးအတွက် အသက်ကို ပဓာနမထား ရဲစွမ်းသတ္တိအပြည့်ဖြင့် စွမ်းဆောင်ပြု့မူသော သူရဲကောင်းစစ်သည်များသာ ရရှိလေ့ရှိသည်။
" မချစ်ပို " = ကနွဲ့ကလျဆန်ဆန်ဖြင့် နုနယ်သော မိန်းကလေးတစ်ဦး၏ အမည်နာမည် လှလှကလေးပင်ဖြစ်သည်။
သို့သော်...
မိန်းကလေးတစ်ဦး၏ နှလုံးသွေးက သူရဲကောင်းအာဇာနည် ယောင်္ကျားတို့ကဲ့သိုပင် ရဲရဲနီဆွေသော သမိုင်းတစ်ပုဒ်ကို ရေးထုတ်နိုင်ခဲ့သောအခါ...
" သူရ မချစ်ပို " ဟု မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသူရဘွဲ့ရရှိသူ ဟူ၍ ကဗ္ဗည်မော်ကွန်းတင်ခံရလေတော့သည်။
•••

၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့။
KNDO တပ်ဖွဲ့များသည် မေမြို့ ( ပြင်ဦးလွင် ) ကို အလစ်အငိုက် စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်။ ထိုစဉ်က မေမြို့ ရှိ အမှတ် ( ၁ ) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ ( BE ) နှင့် အမှတ် ( ၂ ) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲတို့မှ အရာရှိစစ်သည် ဗိုလ်မှူးထင်ပေါ်နှင့် ဗိုလ်ကြီးဘဖြူ တို့၏ ခေါင်းဆောင်မှုဖြင့် ရသမျှခဲယမ်းများ သိမ်းဆည်းပြီး လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။
ဆုတ်ခွာသွားသောတပ်များသည် လားရှိုး၌ ပြန်လည်စုဖွဲ့ပြီး မေမြို့ ကို ပြန်လည်ချီတက်ခဲ့ကြသည်။
ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှ တပ်ဖွဲ့ဝင်များလည်း BE တပ်တွင်လာရောက်စုပေါင်းခဲ့သည်။
ဖေဖော်ဝါရီ - ၂၄ ။
မေမြို့ ကို ပြန်လည်တိုက်ခိုက်ရာ BE တပ်ကုန်း ( ယခု အင်ဂျင်နီယာတပ် ) နေရာကို ပြန်လည်ရရှိပြီး လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရရှိသည်။
မြို့ တွင်း၌ ဆက်လက်တိုက်ခိုက်သော တပ်ဖွဲ့များသည်လည်း မေမြို့  - လားရှိုးလမ်းတစ်လျှောက် မြို့ မရုပ်ရှင်ရုံအထိ သိမ်းပိုက်လိုက်နိုင်ခဲ့သည်။
အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ ကို ပြန်လည်သိမ်းပိုက်ခဲ့သောကြောင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကို "အင်ဂျင်နီယာတပ်ဖွဲ့နေ့" အဖြစ် ဂုဏ်ပြု့ မှတ်တမ်းတင်ခြင်းခံခဲ့ရပေသည်။
ဖေဖော်ဝါရီလ ၂၄ရက်တွင် ခြေကုတ်စခန်းများရရှိပြီး ဆက်လက်ဖြစ်ပွားသော တိုက်ပွဲများမှာ မြို့ တွင်းတိုက်ပွဲသဏ္ဌာန်ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ခြေကုတ်စခန်းများကို အားပြု့ ပြီး အဖွဲ့ငယ်များလွှတ်ကာ အပြန်အလှန် တိုက်ခိုက်နေကြခြင်းဖြစ်သည်။ မြို့ ထဲမှ လေ့ကျင့်မှုမရှိသော အရပ်သားများကလည်း ရရာလက်နက်ကိုင်စွဲပြီး စစ်တပ်နှင့်ပူးပေါင်းကာ တိုက်ပွဲဝင်နေကြသည်။
သတင်းထောက်လှမ်းမှု အရေးတကြီးလိုအပ်လျက်ရှိသည်။
ရန်သူသည် အမျိုးသားများကို တွေ့သည်နှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြု့ လုပ်၍ အမျိုးသမီးများသာ အပြင်ထွက်ပြီး နွားကျောင်း၊ ဈေးရောင်း/ ဈေးဝယ်ခြင်း ပြု့လုပ်နိုင်သည်။
ထိုသို့သော အခြေအနေမျိုးမှာ ခက်ခဲသော ကိစ္စတစ်ခုရှိနေပြန်သည်။ ထိုအရာက ရန်သူ့သတင်း ထောက်လှမ်းရေးပင် ဖြစ်သည်။
တပ်မတော်တွင် အခက်တွေ့နေစဉ် အမျိုးသမီးထဲမှ မိမိသဘောအလျောက် ရန်သူ့သတင်းထောက်လှမ်းရန် တစ်ဦးထွက်လာလေသည်။
ထိုအမျိုးသမီးက... " မချစ်ပို " ဟုခေါ်သည်။
•••
သူမသည် စင်စစ်မေမြို့ မဟုတ်ပါ။
၁၉၀၇ - ခုနှစ်တွင် မွေးဖွားခဲ့ပြီး " ထားဝယ် " မြို့ တွင် ကြီးပြင်းခဲ့သော ထားဝယ်သူ တစ်ယောက်ဖြစ်ပါသည်။
သူမအသက် ( ၂၀ ) အရွယ်၊ ( ၁၉၄၇ ) တွင် သူမမောင်လေးဖြစ်သူက မေမြို့  BE တပ်တွင် ဝင်ရောက်နေသောကြောင့် ထားဝယ်မှ မေမြို့ သို့ လိုက်ရှာရင်း မေမြို့ ရှိ ဦးကြွယ် + ဒေါ်ပု တို့အိမ်တွင် အလုပ်လုပ်ရင်း နေဖြစ်သွားသည်။
ထိုနောက် ဦးကြွယ်တို့နှင့် ရင်းနှီးသော BE တပ်မှ တပ်ကြပ်လှမောင် နှင့် အိမ်ထောင်ပြု့ လိုက်သည်။
တပ်ကြပ်လှမောင်မှာ စားရေးသောက်ရေးတာဝန်ယူရသောကြောင့် "ထမင်းချက်လှမောင် " ဟု လူသိများသည်။
မချစ်ပိုသည် ထားဝယ်သူပီပီ စကားပြောလျှင် အသံဝဲဝဲလေးဖြင့် ချစ်စရာကောင်းလှသည်။
အသားက မဖြူ မညို ၊မျက်နှာဝိုင်း၊ အရပ်က ၅ ပေ ၃ လက်မခန့်ရှိသည်။ စကားပြောလျှင် ခပ်ပြက်ပြက်ပြောပြီး လုပ်စရာကို ပြက်သားစွာ လုပ်ဆောင်တက်သည်။
ယောကျာ်းဖြစ်သူ တပ်ကြပ်လှမောင်သည် ထမင်းချက်တာဝန် ယူထားသော်လည်းအခြေအနေရ
တိုက်ခိုက်ရေးဘက်တွင် ပါသွားပြန်သည်။
ထိုစဉ်က အင်ဂျင်နိယာတပ်ဖွဲ့များက လေ့ကျင့်ရေးတပ် ကုန်းမှနေ၍ ရန်သူအား ရင်ဆိုင်ထားရသည်။
တစ်ဖက်နှင့်တစ်ဖက် အဖွဲ့ငယ်များဖြင့် အပြန်အလှန်သွားရောက် ပစ်ခတ်ကြခြင်းမှ တစ်နေ့တွင် တပ်ကြပ်လှမောင် သေနက်မှန်၍ ဒဏ်ရာရလာခဲ့တော့သည်။
တပ်ကြပ်လှမောင်နှင့် ဒဏ်ရာရရဲဘော်များအား ကြည့်ပြီး မချစ်ပို မခံချင်စိတ်များ မျိုးချစ်စိတ်များ တဖွားဖွားပေါ်ပေါက်လာပြီး...
" ငါ့ယောကျာ်းနဲ့ ရဲဘော်တွေကို မှန်အောင်ပစ်တဲ့ ကောင်တွေကို ငါကိုယ်တိုင် ပြန်ချမယ် "
မချစ်ပိုသည် သွေးရူးသွေးတန်းထအော် တိုက်ပွဲဝင်သူ မဟုတ်ပါ။ နဂိုကတည်းက တည်ငြိမ် ပြတ်သားသော သဘာဝရှိသည့်အလျောက် သူမနဲ့ ကိုက်ညီမည့် အလုပ်ကို ထ၍လုပ်ကိုင်ခြင်းဖြစ်သည်။
•••••
" ကဲ... မချစ်ပို ခင်ဗျားတာဝန်ယူနိုင်မယ်ဆိုရင် ခင်ဗျားကို မိန်းမထောက်လှမ်းရေး လုပ်ခိုင်းရမှာပဲ၊ ရန်သူရဲ့ လက်နက်ကြီးတွေ၊ စက်သေနက်ပစ်တဲ့နေရာကို ကျွန်တော်တို့ သိချင်နေတာဗျ၊ ခက်တာက BADT ကုန်းဘက်ကို ထွက်လိုက်ရင် ယောကျာ်းမှန်သမျှ ကို ရန်သူက ပစ်တယ်/ဖမ်းတယ်၊ ခင်ဗျားတို့ မိန်းမတွေကျတော ဟိုဘက်ဒီဘက်ကူးပြီး ဈေးရောင်းနေကြတာတွေလည်းရှိတော့ ရိပ်မိမှာ မဟုတ်ဘူး၊ မချစ်ပို ဘယ်လိုသဘောရလဲ "
" ဖြစ်ပါတယ်၊ စစ်သားမယား စစ်သမီးပဲပေါ့၊ ရန်သူ့ဘက်က အရေးသာသွားရင် တိုင်းပြည်ပြိုကွဲသွားနိုင်တယ်၊ ဒီတော့ တက်နိုင်သမျှ ရန်သူအင်အားလျော့နည်းသွားအောင် လုပ်ရမယ်၊
ဆရာတို့က ကျွန်မကို ဓားတိုတစ်ချောင်းပေးပါ၊ ပြီးတော့ လက်ပစ်ဗုံးလဲပေးပါ၊ ကျွန်မကို ကိုလှမောင်က သင်ပေးထားလို့ လက်ပစ်ဗုံးကောင်းကောင်းပစ်တက်ပါတယ် "
ဤသို့ဖြင့် နုနယ်လှသော မချစ်ပိုသည် ဇာတိသွေးပြည့်ဝစွာဖြင့် တိုက်ပွဲဝင်ခဲ့တော့သည်။
•••••
မချစ်ပိုသည် KNDO များတပ်စွဲထားသော လေ့ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့ နည်းအမျိုးမျိုးဖြင့် ဝင်ရောက်ကာ ရန်သူ့သတင်း ထောက်လှမ်းရေးကို လုပ်ခဲ့လေသည်။
မချစ်ပိုသည် ခမောက်တစ်လုံးဆောင်း၊ တုတ်တစ်ချောင်းကိုင်ကာ နွားကျောင်းသူဟန်ဆောင်၍ သွားခဲ့သည်။ နွားလေးငါး ဆယ်ကောင်ပါသဖြင့်လည်း သူမကို နွားကျောင်းနေသည်ဟုသာ ရန်သူက ထင်နေခဲ့သည်။
မချစ်ပိုသည် နွားများကျောင်းဟန်ဖြင့် ရန်သူလက်နက်ကြီး ပစ်ကူသောနေရာများ၊ စက်သေနတ်ချထားသည့် နေရာများကို မှတ်သားလာခဲ့သည်။
တစ်ခါတစ်ရံတွင်လည်း ရန်သူအဖွဲ့ငယ်သုံးလေးဦးနှင့်တွေ့ ၍ အခွင့်သာသည့်အခါလက်ပစ်ဗုံးဖြင့် တိုက်ခိုက်ပစ်သောကြောင့် ရန်သူတွေအထိနာလာခဲ့သည်။ ထိုထက်ပို၍ ခံစားရသည်မှာ မိန်းကလေးတစ်ဦး မိုးပေါ်ကကျလာသလို ပေါ်ပေါက်လာပြီး တိုက်ခိုက်ခြင်း ခံရဖန်များလာသောအခါ ရန်သူတွေ စိတ်ချောက်ချားမှု ဖြစ်လာရခြင်းပင်။
ဗုံးပေါက်ကွဲသံကြား၍ ထလိုက်ပြန်လျှင်လည်း မချစ်ပိုကို မိလိုက်/ တွေ့ရလိုက်သည်မရှိ။ ကိုယ်ယောင်ဖျောက်ပြေးသည်ဟု ထင်စရာ ဖြစ်နေတော့သည်။ ဤသို့ဖြင့် မချစ်ပို အကူအညီဖြင့် ရန်သူ အတော်များများကို ထိခိုက်ကျဆုံးစေသည်။
လက်ယဉ်လာပြီဖြစ်သော မချစ်ပို၏ဇာတိသွေးက ပို၍နီမြန်းလာ၏။ မချစ်ပိုက တဆင့်တိုး၍ အရေးဆိုပြန်သည်။
" ကျွန်မလုံချည်ကြီးနဲ့ သွားလာရတာ လှုပ်ရှားလို့ သိပ်မလွယ်ဘူး၊ ကျွန်မဘောင်းဘီဝတ်မယ်၊ ပြီးတော့ လက်ပစ်ဗုံးက နေရာတိုင်းသုံးလို့မရဘူး၊ သေနတ်နဲ့ဆို ပိုကာင်းမယ်၊ နေ့ခင်းဘက် ကျွန်မထောက်လှမ်းခဲ့တဲ့ နေရာတွေကို ညဘက်မှာ ကျွန်မရှင်တို့နဲ့အတူ လိုက်တိုက်မယ် "
မချစ်ပို၏ တင်ပြချက်ကို ရဲဘော်များမှ ဗိုလ်ကြီးဘဖြူ ထံ ဆက်၍သတင်းပို့ပေးလိုက်သည်။ ရိုင်ဖယ်သေနတ်ကြီးနဲ့တော့ မကောင်းပါဘူးဟု ဆိုကာ ခြောက်လုံးပြူးထုတ်ပေးလိုက်သည်။
မချစ်ပို ပါဝင်သောအဖွဲ့မှာ ညတိုက်ပွဲများ ဆင်နွဲကြပြန်သည်။
နေ့ခင်းဘက်က မချစ်ပိုဝင်ရောက်ထောက်လှမ်းထားသော လက်နတ်ကြီးနေရာများကို မိမိတပ်ဖွဲ့နောက်ပိုင်းမှ မော်တာဖြင့်ပစ်ပြီး ဦးနှိမ်ပေးထားသည်။ မချစ်ပိုတို့အဖွဲ့က ရန်သူ့ခံစစ်စည်းအတွင်းသို့ အတင်းထိုးဖောက် ဝင်ရောက်သွားကြသည်။
ရန်သူတွေ ခေါင်းမထောင်နိုင်ဘဲ ဖြစ်နေချိန်တွင် တပ်မတော်သားများက လှံစွပ်ဖြင့်တပ်ထိုးဖို့ ကြိုးပမ်းကြသည်။ မချစ်ပိုက လက်မခံပေ။
" ကျွန်မ လက်ပစ်ဗုံးနဲ့ သွားထုချေမယ် "
ဆိုပြီး လိမ့်မှောက်ကာ ချဉ်းကပ်သွားခဲ့သည်။
မချစ်ပို အပစ်မခံရအောင် စစ်သည်များက ကာပစ်ပေးရင်း ယောင်ပြလှုပ်ရှားမှုများ ပြု့လုပ်ပေးကြသည်။ ရန်သူ့စက်သေနတ်သံများ ရပ်စဲသွားသည်။ မချစ်ပို လက်စွမ်းပြခဲ့ပြန်ပေပြီ။
ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ပြန်လှည့်လာရန် မှားကြားသော်လည်း မချစ်ပိုက မတ်တတ်ရပ်ပြီး ပြန်လှည့်လာ၏။ ရန်သူ့သေနတ်သံတစ်ချက် ပေါ်ထွက်လာပြီး မချစ်ပို ဗိုက်ကိုလက်နဲ့ဖိကာ လှဲကျသွားလေသည်။
မချစ်ပိုက သတ္တိကောင်းလှသည်။ ဒဏ်ရာရသည့်တိုင် ညည်ညူခြင်းမရှိ။ ဗိုက်ကိုအဝတ်ဖြင့် ပတ်စည်းကာ တိုက်ပွဲကို ဆက်တိုက်၏။ တိုက်ပွဲပြီးမှ ရဲဘော်များက မချစ်ပိုကို ပွေ့၍ မြို့ထဲဘက်သို့ ခေါ်သွားကြသည်။ ရဲဘော်တစ်ယောက်ကပြေး၍ "နယူးဆေးတိုက်" မှ ဆရာဝန်ကို သွားခေါ်သည်။
ဒေါက်တာဘရှင် လိုက်လာပြီး မချစ်ပိုကို ကားဖြင့်တင်ကာ ဆေးတိုက်သို့ခေါ်ပြီး ညတွင်းချင်း ခွဲစိတ်ကုသပေး၏။
ထိုအချိန်တွင်...
KNDO အဖွဲ့က မသကာင်္သဖြင့် ဆေးတိုက်သို့ လာရောက် စစ်ဆေးကြသည်။
" ခုနက ကားနဲ့ထွက်သွားတာ ခင်ဗျား လူနာသွားတင်တာလား "
" မဟုတ်ပါဘူး၊ လူနာသွားကြည့်ရုံကြည့်တာပါ၊ မင်းတို့ပစ်ခတ်နေကြလို့ ငါကြာကြာ မကုရဲတာနဲ့ ပြန်လာတာ၊ အိမ်ထဲမှာ ငါ့သမီးတွေပဲ ရှိတယ်၊ မင်းတို့ ရုတ်ရုတ်လာမလုပ်နဲ့ ပြန်ကြ "
ဒေါက်တာဘရှင်က မင်သေသေဖြင့် ဟောက်လွှတ်သောကြောင့် လက်နတ်ကိုင်အဖွဲ့များ ပြန်လှည့်သွားကြသည်။
မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင်မီးဖြင့်သာ ခွဲစိတ်ကုသပေးကြသည်။ ဒဏ်ရာက ၁၅ ချက်ချုပ်ရသည်။ ထိုနောက် မချစ်ပိုသည် ထိုဆေးတိုက်မှာပင် တစ်ပတ်လောက်ပုန်းအောင်းကာ ဆေးကုသခံနေခဲ့သည်။
အနာမကျက်မှီ မချစ်ပိုက ပြန်ချင်လှပြီဆိုသောကြောင့် ဦးကြွယ်တို့အိမ်ကို လိုက်ပို့ပေးကြသည်။
•••
ထိုအချိန်က...
KNDO အဖွဲ့ထဲမှ " စောဘစံ " ဆိုသူမှာ ထုံးဘိုရပ်ထဲမှ မချစ်ပု ဆိုသူကို ယူထားခဲ့သည်။
မချစ်ပု မှာ မချစ်ပို နဲ့ နာမည် နီးစပ်သော်လည်း စိတ်ဓာတ်က မနီးစပ်။ သူမအသက်ရှင် ရပ်တည်မှုကို တခြားမိန်းကလေးများ၏ ဘဝနှင့် လဲဖို့ကြိုးစားခဲ့သည်။
မချစ်ပု၏ လက်ထောက်ချမှုကြောင့် KNDO အဖွဲ့အား အထိနာအောင်တိုက်ခိုက်ခဲ့သော မိန်းကလေးမှာ မချစ်ပို ဖြစ်မှန်း သိသွားကြသည်။
မချစ်ပို၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြ၏။ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏အိမ်တွင် ပုန်းခိုနေသော မချစ်ပို သတင်းကို KNDO အဖွဲ့ ကြားသိသွားသည်။
စောဘစံ ဦးဆောင်ပြီး လက်နတ်ကိုင် လေးငါးဦးခန့် ဦးကြွယ်အိမ်ရှေ့သို့ ရောက်လာကြသည်။
မချစ်ပိုသည် ထွက်ပြေးတိမ်းရှောင်ခြင်း မရှိပဲ ဓားမြောင်တိုတစ်ချောင်းကို ဝှက်ယူပြီး စောဘစံခေါ်ရာသို့ လိုက်သွားသည်။
ထိုရက်ပိုင်းများမှာ...
အင်ဂျင်နီယာတပ်ဖွဲ့များ မေမြို့တွင် မရှိကြပေ။ မန္တလေးရှိ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်၏ဆင့်ခေါ်ခြင်းခံရသဖြင့် ဆုတ်ခွာသွားကြပြီဖြစ်သောကြောင့် ဇနီး၊ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ထားနိုင်ခြင်း မရှိသောကြောင့် မိသားစုဝင်များမှာ ဟိုသည် ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။ မချစ်ပိုမှာ ဒဏ်ရာမပျောက်သေးသဖြင့် ထားခဲ့ရာမှ ယခုလို အဖမ်းခံလိုက်ရခြင်းဖြစ်သည်။ KNDO အဖွဲ့ကလည်း သာမန်မိသားစုများကို စိတ်မဝင်းစား၊ မချစ်ပိုကို သည်းကြီးမည်းကြီးလိုက်ရှာ နေကြခြင်းဖြစ်သည်။
မချစ်ပိုကို စောဘစံက သူ့မိန်းမ မချစ်ပုအိမ်သို့ ဖမ်းခေါ်သွားသည်။
•••••
( မချစ်ပိုသည် အံပွားပါသူတစ်ဦးဖြစ်သည် )
အံပွားပါရှိသူသည် တော်ရုံတန်ရုံ ဓား/ သေနတ်ပြီးသည့် သဘောရှိသည်။ အံပွားကြောင့် သူမနောက်ကလိုက်သူများမှာလည်း ကျည်ဆန်ထိမှခြင်းမရှိဟု ယုံကြည်နေကြသည်။
မချစ်ပိုကို ရိုးရိုးသတ်လို့ သေမည်မဟုတ်ဟု နားလည်ထားကြသည်။
ထိုကြောင့် မချစ်ပိုကို ဖမ်းခေါ်လာပြီး အိမ်ထဲအဝင်တွင် တံခါးဝ၌ မီးနေသည်ထမီကိုကပ်ရိုက်ထားပြီး မချစ်ပိုကို ဘုန်းနိမ့်အောင်လုပ်ကြခြင်းဖြစ်သည်။ ပို၍သေချာစေရန် မချစ်ပို၏ အံသွားများကို ဓာချွန်ဖြင့် ကလန့်ရိုက် ထုတ်ကြလေသည်။
" အေး...၊ နင်တို့ ငါ့အံ့သွားပဲ နှုတ်လို့ရမယ်၊ တပ်မတော်အပေါ်ထားတဲ့ ငါ့ရဲ့သစ္စာကတော့ ဘယ်တော့မှ နှုတ်လို့မရဘူးမှတ် "
ပြောပြောဆိုဆို မချစ်ပိုသည် ဓားဖြင့်ကလန့်နေသူ နှစ်ယောက်ကို ဝှက်ယူလာသော ဓားဖြင့်ထိုးသတ်လိုက်ရာ...
" အောင်မလေး၊ ငါတို့ကို ဓားနဲ့ပြန်ထိုးတယ်ဟ "

ဟုသာ အော်နိုင်ပြီး နှစ်ယောက်စလုံး ပွဲချင်းပြီး သေဆုံးသွား၏။
မချစ်ပို၏ လုပ်ဆောင်မှုများကို စောဘစံသည် မခံမရပ်ဖြစ်ကာ သေနတ်ကိုဆွဲယူပြီး မချစ်ပိုအား တရစပ်ပစ်ခတ်ပစ်လိုက်တော့သည်။
သေနတ်မီးခိုးငွေ့များကြားမှ မချစ်ပို ခွေခေါက်လှဲကျသွားလေတော့သည်။
ဒဏ်ရာပြင်းထန်စွာဖြင့် သွေးအိုင်ထက်တွင် လှဲနေသော်လည်း အတန်ကြာသည်အထိ သေဆုံးခြင်းမရှိသဖြင့် အသက်ပြင်းသည်ဟု ပြောစမှတ်ပြု့ခံရသည်။
သို့နှင့်...
အသက်သေလုလောက်ပြီထင်တော့မှ သူမကိုဝိုင်သယ်မပြီး ရေတွင်းထဲသို့ ပစ်ချလိုက်သည်။ ပိုမိုသေချာသွားစေရန် အပေါ်မှ အုတ်ခဲများ၊ ပန်းအိုးများပစ်ချပြီး ဖို့ထားပစ်တော့သည်။
မချစ်ပိုသည်...
( ၈ - ၄ - ၄၉ ) ရက်နေ့။
အသက် ( ၄၂ ) နှစ်အရွယ်တွင် နိုင်ငံနှင့်တပ်မတော်အတွက် သူမအသက်ကို ပေးလှူသွားခဲ့လေသည်။
မချစ်ပိုကျဆုံးသောနေ့ရက်သည် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တပ်များက မန္တလေးကို ပြန်လည်သိမ်းပိုက်ပြီးဖြစ်၍ မြို့သိမ်းအောင်ပွဲပြု့လုပ်သောနေ့နှင့် တိုက်ဆိုင်ခဲ့ပေသည်။
မန္တလေးမြို့ကို စစ်ကိုင်းဘက်မှနေ၍ အစိုးရတပ်များက ပြန်လည်သိမ်းပိုက်ရာတွင် ဗိုလ်မှူးထင်ပေါ် ဥ၉ီးစီးသော BE တပ်ဖွဲ့သည် အဓိကတိုက်ခိုက်ရေးတပ်အဖြစ်ဖြင့် ဧပြီလ ၂ ရက်နေ့တွင် မန္တလေးတောင်းကို တက်သိမ်းခဲ့သည်။ မန္တလေးနန်းမြို့တွင်းကို ဆက်လက်တိုက်ခိုက်ပြီး ဧပြီလ ၆ ရက်နေ့တွင် မန္တလေးကို ဝင်းရောက်သိမ်းပိုက်ကာ ပြည်ထောင်စုအလံကို လွှင်ထူခဲ့ရာ မန္တလေးလူထုမှ
" တပ်မတော်ကွ " ဟု ကြွေးကြော်ပြီး သြော်ဘာပေးခဲ့ကြသည်။ ဒါတွေကို မချစ်ပို မသိသွားသော်လည်း မချစ်ပို ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
၁၆- ၄ - ၄၉ ရက်။
ဗိုလ်မှူးကြင်နှင့်တကွ ရဲဘော်မျာသည် မချစ်ပို၏ အလောင်းကို သေဆုံးခဲ့သည့်ရေတွင်နေရာမှာပင် ရေတွင်းကိုငုံပြီး အုတ်ဂူလေးပြု့လုပ်ပေးခဲ့သည်။
စစ်အခမ်းအနားဖြင့် ခမ်းနားစွာသဂြိုဟ်ခဲ့ကြသည်။
အမိန့်စာကို ဦးထွန်းအုံးက ဖတ်ကြောင်းသိရသည်။
နိုင်ငံတော်အတွက် အသက်ကို ပဓာနမထာဘဲ သူရသတ္တိပြည့်ဝစွာဖြင့် နောက်ဆုံးအချိန်ထိ ရဲဝံ့စွာတိုက်ပွဲဝင်ခဲသော " မချစ်ပို " အား ၁၉၅၀ ပြည့်နှစ်၊ လွှတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရမှ " သူရဘွဲ့တံဆိပ် " အား ချီးမြင့်ဂုဏ်ပြု့ပေးအပ်ခဲ့လေသည်။ ထို သူရဘွဲ့တံဆိပ်သည် မြန်မာနိုင်ငံအမျိုးသမီးများတွင် တစ်ဦးတည်းသော ပေးအပ်ခဲ့သည့် ဘွဲ့တံဆိပ်အဖြစ် ယနေ့တိုင် မှတ်တမ်းဝင်နေသည်။
မချစ်ပို၏ အုတ်ဂူလေးကို အစဉ်အဆက်ထိန်းသိမ်း စောက်ရှောက်ခဲ့ကြသည်။ ၁၉၆၀ ပြည့်နှစ်တွင် မေမြို့အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးတင်မောင် ( သိပ္ပံမှုးတင့် ) တပ်မှူဖြစ်သောအခါ အုတ်ဂူကို ပြန်လည် ပြု့ပြင်ခဲ့ပါသည်။
မချစ်ပို အုတ်ဂူလေးသည် ယနေ့ထိတိုင် ပြင်ဦးလွင်၊ ထုံးဘိုရပ်တွင် တည်ရှိနေပါသည်။ မသိနားမလည်သူအချို့က အုတ်ဂူသချိုင်းမှာ မြို့ထဲသို့ရောက်နေသဖြင့် ဖျတ်ဆီးပစ်သင့်သည်ဟု ထင်မြင်ယူဆနေကြပါသည်။
" သူရ မချစ်ပို " အုတ်ဂူလေးဟာ သုသာန်သချိုင်းမဟုတ်ပါ။
မြန်မာနိုင်ငံကို ချစ်သော...၊ မေမြို့တိုက်ပွဲတွင် မြန်မာအမျိုးသမီးများ၏ စိတ်ဓာတ်ကိုပြဆိုနေသော စံအိမ်လေးတစ်ခုသာ ဖြစ်နေလိမ့်မည်။ အမိမြေရဲ့ သူရဲကောင်းတွေသမိုင်းမှာ မချစ်ပိုဟာ အသံမဲ့စွာ ပါဝင်နေပေလိမ့်ဦးမည်။
သူမရရှိထားသော ဘွဲ့သည် တပ်မတော်တစ်လျှောက်လုံး တိုက်ပွဲဝင်နေခဲ့ကြသော တပ်မတော်သားများစွာ၏နောက်က မိသားစုတွေ၏ ဘဝပေါင်းများစွာကို ကိုယ်စားပြု့နေပေလိမ့်ဦးမည်။
•••••
_____________________
ကိုးကား/ ဦးခင်မောင်နိုင် ( BE )
ကြေးမုံသတင်စာ၊ ၁၉၉၅ ခုနှစ်၊ မတ်လ ၁၃ ရက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...