Friday, January 29, 2016

Nightmares အိပ်မက်ဆိုးများ

Tint Swe

၁။ ကျွန်တော် အသက်က ၂၆ နှစ်။ အိမ်ထောင်ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးက မြန်မာပြည်မှာပါ။ ကျွန်တော် အခု (့) မှာ အလုပ်လုပ်နေပါတယ်။ အိပ်မပျော်တာ သုံးနှစ်ကျော်လေးနှစ်ထဲ ရောက်နေပါပြီ။ ဆရာတင်ထားတယ့် Sleeping pills အကြောင်းလည်း ဖတ်ရပါတယ်။ စိတ်ဖိစီးမှုတော့ မရှိပါ။ မြန်မာပြည်မှာတုန်းက အာရုံကြောအထူးကုနဲ့ ပြခဲ့ပါတယ်။ Melatonin 3mg နဲ့ အခြား အိပ်စေမယ့်ဆေးတွေ ပေးပါတယ်။ ဒါပေမယ့် အများပြောနဲ့ ဆေးစွဲမှာ ကြောက်လို့ သောက်လိုက် မလိုက်နဲ့ လုံးဝမသောက်ပဲနေခဲ့တယ်။
အခြားဗမာဆေးတွေနဲ့ Cyproterone ကိုလည်း လေး-ငါးလကြာ သောက်ကြည့် ဖူးပါတယ်။ နောက်တော့ ဘာဆေးမှ မသောက်ပဲ ကြိုးစားပြီး အိပ်ကြည့်တာ အိပ်တဲ့အခါ အိပ်တယ်၊ မအိပ်တယ်အခါလည်း မအိပ်ဘူး။ အိပ်ရင်လည်း နှစ်နှစ်ခြိုက်ခြိုက် မရှိဘူး။ နှစ်ရက်သုံးရက် ဆက်တိုက် နှစ်နာရီ သုံးနာရီလောက်ပဲ အိပ်လို့ရပြီးတော့ နောက်တစ်နေ့မှာ ၅ နာရီလောက် အိပ်နိုင်တာ မျိုးလည်း ရှိခဲ့တယ်။ မအိပ်နိုင်တာက အိပ်ချိန်မရှိလို့ မဟုတ်ပါ။ ခန္ဓာကိုယ်ကကို သူ့အလို အိပ်မရ ဖြစ်တာပါ။ နောက် နိုင်ငံခြားကို ထွက်လာခဲ့တယ်။ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်နဲ့ ကိုးလကျော်လောက် ဆက်တိုက် ပြခဲ့ပါတယ်။ ဆရာဝန်က ခန္ဓာကိုယ်ကို နားကျပ်နဲ့တောင် မစမ်းသပ်ဘူး။ စဖြစ်ပုံကိုမေးတယ်။ လုပ်တဲ့အလုပ်ကိုမေးတယ်။ တစ်ချိန်လုံး ကွန်ပျူတာ ကြည့်ရတဲ့ အလုပ်ဖြစ်လို့ ညဘက် အိပ်ရာဝင်ကို ကွန်ပျူတာ မသုံးဖို့ တီဗွီ မကြည့်ဖို့ပြောပြီး Melatonin 3 mg နဲ့ အခြား အိပ်ဆေး တစ်မျိုးကို နှစ်လစာ ပေးပါတယ်။ ညတစ်ခါပဲ သောက်ရတယ်။ အခြား အိပ်ဆေးတစ်မျိုးကို Melatonin သောက်လို့ အိပ်မရမှ သောက်ဖို့ ပြောပါတယ်၊။ တစ်လလောက်ပဲ သောက်ပြီး လုံးဝ မသောက်တော့ဘူး။ Melatonin တစ်မျိုးထဲပဲ ဆက်သောက်တယ်။ မသောက်ပဲနေတာနဲ့ စာရင်တော့ အိပ်လို့ရတယ်။ အိပ်မပျော်တဲ့ရောဂါကို ခံစားရရင် ပျောက်အောင် ကုလို့ ရ-မရ။ ရောဂါပျောက်နိုင် မပျောက်နိုင်။ ပုံမှန်အခြေနေကို ပြန်ရ-မရ သိပါရစေ။ Melatonin ဆေးက စွဲနိုင်လား။ ကောင်းကျိုး၊ ဆိုးကျိုးနဲ့ ဆေးအကြောင်းကို သိပါရစေ။ ခုချိန်ထိ အဲဆေးကို သောက်နေပါတယ်။ ဒါပေမယ့် အိပ်တဲ့ Cycle က ခုချိန်ထိ ပုံမှန်မရသေးဘူး။ တစ်ခုခု မပြည့်စုံသလို လိုနေသလို ခံစားရတယ်။ နောက်တစ်ခုက ညဘက်အိပ်ရင် ဆီးခဏခဏ သွားတာပါ။ ဆီးရော သွေးရော စစ်ပြီးပါပြီ။ ဆီးချို သွေးချို မရှိ ပုံမှန်လို့ သိရပါတယ်။ အိပ်ဆေး သောက်တဲ့အတွက် ရေတော့ နေ့ခင်းပိုင်းရော ညဘက်မအိပ်ခင်ရော များများသောက်ပါတယ်။ အိပ်ယာ စဝင်ပြီး အိပ်မပျော်ခင်ထိ ဆီးခဏခဏ သွားပါတယ်။ အိပ်ပျော်တဲ့ချိန်မှာလည်း အနည်းဆုံး သုံးခါလောက် ဆီးသွားဖို့ ထရပါတယ်။ အိပ်တဲ့ အချိန် ရှည်ရင် ရှည်သလောက် ဆီးသွားဖို့ ထရတဲ့ အကြိမ်များပါတယ်။ အဲဒီအတွက် အိပ်ပျော်ဖို့ကို အနှောက်အယှက် ဖြစ်နေပါတယ်။ စအိပ်ကတည်း မနက်နိုးတဲ့အထိ တရေးတည်း မထတမ်းအိပ်ချင်ပါတယ်။
၂။ What should I do? Nightmares are killing me more than 10 times per month.
ပဌမမေးသူအတွက်သာဖြေပါမယ်။ ဒုတိယမေးသူအတွက်လည်း အထောက်အကူရစေပါမယ်။
(၁) Melatonin ဆိုတာ လူတွေမှာ ဦးနှောက်ထဲကနေ ထုတ်ပေးနေတဲ့ ဟော်မုန်းတမျိုး ဖြစ်တယ်။ Melatonin ကို အားဆေးသဘော ရောင်းကြသုံးကြတယ်။ တချို့ကို ဗီတာမင်တွေ၊ (ဟာဗယ်) တွေနဲ့ ရောထားတယ်။ ကင်ဆာ၊ ရောဂါပြီးစနစ်ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ စိတ်ကျရောဂါ၊ Seasonal affective disorder (SAD) ရာသီဥတုအလိုက် (ဆောင်း-နွေ) စိတ်ကျတာ၊ Circadian rhythm sleep disorders အိပ်ရမဲ့အချိန်မျိုးမှာ အိပ်မရတာ၊ လိင်ပိုင်းချို့ယွင်းတာတွေအတွက် သုံးနိုင်တယ်။
အခုမေးသူနဲ့ဆိုင်မှာကတော့ Delayed sleep phase syndrome (DSPS) အိမ်ရမဲ့ကာလ သိပ်နောက်ကျတာနဲ့ ၂၄ နာရီ တနေကုန် နိုးနေသလို ဖြစ်နေတာတွေဖြစ်မယ်။ (ဂျက် လက်) ခေါ်တဲ့ အဝေးကြီး ခရီးသွားလို့ အိပ်ချိန် မမှန်တာ နဲ့ သူများတွေအိပ်ချိန်မှာ ကိုယ်က အလုပ်လုပ်ရလို့ ကိုယ့်အိပ်ချိန်မှာ မအိပ်နိုင်တာမျိုး အတွက်လဲ သုံးနိုင်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၆ သုတေသနတခုအရ (ဂျက် လက်) နဲ့ အလုပ်ချိန်ပြောင်းရတာကို မသက်သာစေဘူးလို့တွေ့ရတယ်။ အိပ်ပျော်စေဘို့ ယူတဲ့အချိန်ကို ပိုပြီးတိုစေဘို့ရာ အိပ်မပျော်ရောဂါ ရှိသူတွေထက် DSPS ဖြစ်နေသူတွေအတွက် ပိုကောင်းတယ်။ မအိပ်ခင် မိနစ် ၃ဝ-၉ဝ စောပြီး သောက်ထားရင် အိပ်ချင်စိတ်ဖြစ်လာမယ်။ အပြင်းစားကြီးတော့ မဟုတ်ပါ။ ၂ဝဝ၇ ခုမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကနေ ညပိုင်းအချိန်နောက်ကျအထိ အလုပ်လုပ်ရတာဟာ ကင်ဆာ ဖြစ်စေနိုင်တယ်လို့ ပြောခဲ့တယ်။
Melatonin ဆေးဟာ ကင်ဆာဖြစ်မှာကို နှိမ်ပေးနိုင်တယ်။ (အယ်လ်ဇိုင်းမား) ရောဂါအတွက်လည်း သုံးလာကြတယ်။ စိတ်ကယောင်ခြောခြားဖြစ်တာကိုလည်း ဆေး နဲနဲလေးပေးတာနဲ့သက်သာစေတယ်။ DHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါအတွက်လဲ သုံးနိုင်တယ်။ သွေးဆုံးကာနီးအမျိုးသမီးတွေ ရာသီလာတာအတွက်သာမက ကလေးရနိုင်စေဘို့လဲ အထောက်အကူ ပေးတယ်။ (မိုင်ဂရင်း) ရောဂါ နဲ့ Cluster headaches ခေါင်းကိုက်ရောဂါအတွက်လည်း သုံးနိုင်တယ်။ စိတ်ကျရောဂါ နဲ့ ရာသီပြောင်းစိတ်မူပြောင်း ဖြစ်တာအတွက်လဲ သုံးတယ်။ ကင်ဆာလူနာပေါင်း ၆၄၃ ယောက်ကို စမ်းသပ်တဲ့အခါ သေဆုံးနှုန်း နည်းစေတာတွေ့ရတယ်။ သည်းခြေကျောက်ဖြစ်မှာကိုလည်း နည်းစေတယ်။ ကိုယ်အလေးချိန်ကိုလည်း လျှော့ပေးတယ်။ ဓါတ်ရောင်ခြည်သင့်တာကိုလည်း ကာကွယ်နိုင်တယ်။ Tinnitus နားထဲမှာ တဝီဝီမြည်နေသံတွေ ကြားနေရတဲ့ရောဂါ အတွက်လည်း သုံးသေးတယ်။
ဘေးထွက်ဆိုးကျိုးတွေ
လူကကိုယ်ခံကောင်း၊ ဆေးကလည်း မများရင် ၃ လအထိ သောက်ခိုင်းတာမှာ ဘေးထွက်ဆိုးကျိုး နည်းတယ်။ တနေ့မှာ (~3 mg/day or more) ပေးရင် ခေါင်းကိုက်၊ ပျို့ချင်၊ နောက်နေ့မှာ နေမကောင်းသလိုဖြစ်မယ်။ ဟော်မုန်းမတည်ငြိမ် ဖြစ်မယ်။ အိပ်မက်ဆိုးမက်၊ ကိုယ်ပူချိန်ကျတာတွေ ဖြစ်စေနိုင်တယ်။ အိပ်ချင်စိတ်ဖြစ်နေလို့ ကားမောင်းတာမျိုး မလုပ်သင့်ဘူး။ ဆေးများရင် ကိုယ်အိပ်မက်မက်နေတာကို မက်နေမှန်းသိတာ ဖြစ်စေနိုင်တယ်။ မက်တဲ့အိပ်မက်ကို ပြန်ဖေါ်လို့ လွယ်စေတယ်။ ရောဂါပြီးစနစ်မကောင်းတာဖြစ်တဲ့ Lupus, Hashimoto’s thyroids, Rheumatoid arthritis, Graves ရောဂါတွေ ရှိရင် မသောက်ရပါ။ ဆီးချို၊ MAO inhibitor စိတ်ကျဆေးသောက်နေရင်၊ အတက်ရောဂါရှိရင်၊ Lymphoma and leukemia တက်စေ့ရောဂါတွေရှိရင်လည်း မသောက်ရပါ။ ကလေးတွေ၊ လူငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်တွေ မသောက်ရပါ။ ဆေးစွဲသလား အတိအကျပြောမရပါ။ (အင်တာနက်) အမေးအဖြေတွေထဲမှာ Melatonin ဆေး ၁၅ နှစ်သောက်နေသူကတော့ ဆေးမစွဲပါဘူးလို့ရေးတာ ဖတ်ရတယ်။
(၂) Cyproterone acetate ဆေးကို Androcur, Cyprostat, Cyproteron, Procur, Cyprone, Cyprohexal, Ciproterona, Cyproteronum, Neoproxil, Siterone နာမည်တွေနဲ့ရှိတယ်။ Antiandrogen အမျိုးအစားဖြစ်တယ်။ ကျားဟော်မုန်း (တက်စတိုစတီရုန်း) ကို တားဆီးပေးတယ်။ ကျားဆီးကျိတ်ကင်ဆာ၊ ယောက်ျား ဆီးကျိတ်ရောင်ရောဂါ၊ ကျားလိင်အင်္ဂါ ဒါမှမဟုတ် မ-လိင်အစိ ပြန်မကျဘဲ သန်မာနေတဲ့ရောဂါ၊ Hirsutism မိန်းမတွေမှာ ကိုယ်မွှေးတွေ အလွန်အကျွံပေါက်နေတာ၊ လိင်စိတ်ဆန္ဒ သိပ်ကဲလွန်နေတာတွေအတွက် သုံးတယ်။ Leuprolide မပေါ်ခင်က Precocious puberty အချိန်မတိုင်ခင် အရွယ်ရောက်တာအတွက် Cyproterone ဆေးကိုသာ သုံးခဲ့ရတယ်။ (Cyproterone acetate 2 mg + Ethinylestradiol 35 or 50 mcg) ကိုယ်ဝန်တား စားဆေးအဖြစ်သုံးတယ်။ ၂၁ ရက် သောက်ရတယ်။
ဘေးထွက်ဆိုးကျိုးတွေ
များများပေးရင် အဆိပ်အတောက်သဘောဖြစ်စေနိုင်လို့ အသည်းကောင်းဘို့လိုမယ်။ ဆိုဒီယန်ဆားဓါတ် နည်းစေနိုင်တယ်။ (ပိုတက်စီယန်) နည်းစေနိုင်တယ်။ ဗိုက်ကြောပြတ်တာ ဖြစ်စေနိုင်တယ်။ စိတ်ကျစေနိုင်တယ်။ တချို့မှာ ပြောင်းပြန်ဖြစ်နေတာလဲရှိတယ်။ ယောက်ျားတွေဆိုရင် ရင်သားထွားလာနိုင်တယ်။ လိင်အင်္ဂါသန်မှု နည်းစေနိုင်တယ်။ ကိုယ်ဝန်ဆောင်တွေကို မပေးရဘူး။
(၃) ဆီးသွားတဲ့အကြိမ်များတာကိုဖြစ်စေနိုင်တဲ့ အကြောင်းတွေထဲမှာ အများဆုံး ဖြစ်စေတာတွေကတော့ ဆီးလမ်း ပိုးဝင်တာ၊ ဆီးချို၊ ကိုယ်ဝန်ရှိတာ၊ ယောက်ျားဆီးကျိတ်ရောဂါတခုခု။ သိပ်အဖြစ်မများတာတွေကတော့ စိုးရိမ်စိတ်ကဲတာ၊ Interstitial cystitis ဆီးအိမ်ရောင်ရောဂါ၊ ဆီးသွားစေတဲ့ဆေး၊ ဆီးအိမ်အလုပ်လွန်ရောဂါတမျိုး၊ ဦးနှောက်ရောဂါတွေ၊ တင်ပါးဆုံအတွင်း အကျိတ်ဖြစ်နေတာ၊ ဆီးမလုံတဲ့ရောဂါ၊ ဗဂျိုင်းနားပိုးဝင်တာ၊ အဖြစ်အနည်းဆုံးတွေကတော့ ဆီးအိမ်ကင်ဆာ၊ ဆီးအိမ်အလုပ်မမှန်တာ၊ ကင်ဆာအတွက် ဓါတ်ကင်တာ။
မေးတဲ့သူမှာ စိတ်ပိုင်းမှာလိုအပ်ချက် ရှိနေတယ်။ စိတ်အထူးကုဆရာဝန်နဲ့ စနစ်တကျကုသသင့်ပါတယ်။ စိတ်ရောဂါဆိုလို့ အထင်မလွဲ၊ အထင်မသေးစေလိုပါ။ မြန်မာပြည်မှာလည်း သူများတိုင်းပြည်တွေမှာလို စိတ်ပိုင်းကို စနစ်တကျ ကုသရမယ်ဆိုတဲ့အသိ ရှိကြစေချင်ပါတယ်။ လူအတော်များများ လိုအပ်ကြတယ်။
ဒေါက်တာတင့်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...