အနော်ရထာ သတ်ခဲ့တဲ့ ရာဇဝင်ထဲက ရှမ်းသတို့သမီး…
KawHak MongTai
မောဘုရင် စဝ်ဖှလုံဟိုမိန်း နှင့် စယ်လန့်မင်းသမီးလေး အကြောင်းပါလို့ ပေါင်းဖက်ရာက အမွာပူးမောင်နှမ နှစ်ယောက်ကို မွေးဖွား လာခဲ့ပါသည်။ စောမွန်လှသည် အကြီးဖြစ်ပြီး မောင်တော်ခွန်ကော်လျန်းသည် အငယ်ဖြစ်သည်။
စောမွန်လှကို မွေးဖွားချိန်၌ မိန်းမောလုံ နန်းတွင်းမှာ ရှိသည့် စစ်လက်နက်
ပစ္စည်းများအားလုံးတို့သည် အရောင်ဖြိုးဖြိုးဖြောက်ဖြောက်များ လင်းလက်ပြီး
လှုပ်ရှားခါရမ်းနေခြင်းဖြစ်သည်။
(ထိုသို့ဖြစ်ခြင်းကို သျှမ်းဘာသာအရ လတ်လှိုင်းတယ်လို့ခေါ်ဆိုပါသည် အဓိပ္ပါယ်ကတော့ ထူးဆန်းတဲ့ဖြစ်ရပ်) ထို့ကြောင့် သမီးတော်လေးအား စဝ်မိန်းလတ် ဟုခေါ်ဆိုခဲ့ကြပါသည်။ မြန်မာလို ပြန်ဆိုရေးသားရာမှ စောမွန်လှ ခေါ်ဆိုရေးသားခဲ့ခြင်းဖြစ်သည်။ (မယ်ခူး ခေးရှဲန်)
မောဘုရင် ခွန်ဟိုမိန်းသည် နှစ်တိုင်းပြည် ချစ်ကြည်ရင်းနှီးစေရန် လယ်ယာ ကန်သင်း ဦးကြီးများပင်မက အနော်ရထာမင်းအား မိမိသမက် နိုင်ငံတော် အဖြစ် ဖြစ်လို၍ သမီးတော် စောမွန်လှနှင့် လက်ထပ်ပေးခဲ့လေသည်။ (မောဘုရင် ခွန်ဟိုမိန်းကို မြန်မာသမိုင်းဆရာအချို့က မိုးကောင်းဘုရင် ဟု ရေးမှတ်ကြသည်။)
ထို သမီးတော်လေး စောမွန်လှသည် ဘာသာတရား ကိုင်းရှိုင်းသူတစ်ဦးဖြစ်သည် သူမအသက် ၂၈ နှစ်အရောက်မှာတော့ ပုဂံဘုရင် အနော်ရထာမင်း နှင့် ဖခမည်းတော်တို့ နှစ်တိုင်းပြည် ချစ်ကြည်ရေး မဟာမိတ်ပြုရာတွင် သူမ၏ အသက်နှင့် ခန္ဓာကိုယ်ကို နိုင်ငံရေး၏ အသုံးတော်ခံ ဘဝနေဖြင့် ပုဂံပြည်ကြီးသို့ လိုက်ပါသွားခဲ့ရလေသည်။
ဖခမည်းတော်ကြီးသည် သမီးတော် စောမွန်လှနှင့်အတူ အခြွေအရံများအပါဝင် လယ်လုပ်သူ တောင်သူ ဦးကြီးများပါ ထည့်ပေးလိုက်လေသည်။ ထိုအထဲတွင် နောင်အခါ ပုဂံရာဇဝင်တွင် ထင်ရှားမည့် သျှမ်းညီနောင် သုံးဦး၏ဖခင်ခွန်ဆိုင်ခမ်းဖန်း ပင်ဖြစ်သည်။
သျှမ်းမင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်း နောက်သို့ လိုက်ပါလာရာတွင် ယခု တောင်ပြုံးအရပ်သို့ ရောက်သော် ဆုတောင်းပြည့် စေတီကိုတည်ကြလေသည်။
ရွှေဖျဉ်းညီနောင် တို့လည်း အမှုထမ်း လစ်၍ အသတ်ခံရသည်။
မင်းသမီးလေး စောမွန်လှနှင့် ပါလာသောသျှမ်းတောင်သူ ဦးကြီးများသည် ယခု ကျောက်ဆည် အရပ်သို့ ရောက်သောအခါ ကျောက်တုံးကျောက်ခဲများဖြင့် ဆည်ကန်သင်းများ တည်ဆောက်၍ လယ်များထွန် ယှက်စိုက်ပျိုးကြလေသည်။
ထိုသို့ကျောက်တုံးကျောက်ခဲများဖြင့် ဆည်တည်ဆောက် လုပ်ကိုင်သောကြောင့် ယခု အချိန်အထိ ကျောက်ဆည်ဟု နာမည်တွင်ခဲ့လေသည်။ ထိုအရပ်၌ ယခုထိတိုင် သျှမ်းနာမည်နှင့် မြို့ရွာလေးများရှိသလို မိန်းမောဆိုတဲ့ ရွာလေးလည်း ရှိနေပါသည်။
ပုဂံပြည့်ရှင် အနော်ရထာမင်းသည် ပုဂံသို့ ရောက်ရှိသောအခါ သျှမ်းမင်းသမီးလေး စောမွန်လှကို အလွန်မြတ်နိုးစွာ အပါးတော်မြဲ မိဖုရားအဖြစ် ထားတော်မူသည်။ မင်းတရားကြီးရဲ့ချစ်ခင်မြတ်နိုးခြင်း အစစ ဦးစားပေးခြင်း အလေးအနက်ထားခြင်းတို့အပေါ် မလိုမုန်းထားရှိခဲ့သူက မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ ကိုယ်တိုင်နှင့် မိဖုရားကြီးရဲ့ အမှုထမ်းများအပါဝင် နန်းတွင်းသူအချို့ တို့ကပါ မလိုမုန်းတီးကြလေသည်။
သျှမ်းမင်းသမီးလေး စောမွန်လှသည် ဘာသာတရား ကိုင်းရှိုင်းသူတဦးဖြစ်သလို မိန်းမောလုံ နေပြည်တော်မှ ပါရှိလာသော သူမ နားတောင်းတွင် ဓါတ်တော်များ ကိန်းဝပ်၍ ဌာပနာထားသည်ဟု ဆိုသည်။ ထို့ကြောင့် စောမွန်လှ ဘုရားရှိခိုး ဝတ်ပြုစဉ်တွင် ထိုနားတောင်းမှ ရောင်ခြည်များ ထွန်းတောက် ကွန့်မြူးလေ့ရှိသည်။ ဤသို့ ဖြစ်နေသည်ကို မိဖုရားခေါင်ကြီး သီရိမာလာဒေဝီနှင့် မောင်းမမိဿံ တို့က တွေ့မြင်ကြသောအခါ မနာလိုရန်ငြိုးထား၍ မင်းကြီးအား စုန်းမဖြစ်ကြောင်း လျှောက်ကြလေသည်။
အနော်ရထာ မင်းကြီးလည်း မယုံကြည်၍ စောမွန်လှ ဘုရားဝတ်ပြုရာသို့ တိတ်တဆိတ်ချောင်းမြောင်း ကြည့်ရှုလေသည်။ ထိုအခါ နားတောင်းမှ ရောင်ခြည်များ ကွန့်မြူးနေသည်ကို မြင်တွေ့ရ၍ ယုံကြည်ရနိုး ဖြစ်နေစဉ် စောမွန်လှ၏ ဆွေမျိုးများမှ သမီးတော်လေး၏ သျှမ်း အမှုတော်ထမ်းများအား မစားရသည်မှာ ကြာပြီဖြစ်သော သျှမ်းအစားအစာများ ဖြစ်တဲ့ အီကုတ် ဝါးပိုး ငါးချဉ် အသားချဉ် စသောအခြားအစားအစာများ ပေးပို့လိုက်သည်ကို မိဖုရားခေါင်ကြီးနှင့် အဖွဲ့သားများက မင်းကြီးအား စုန်းမျိုးဖြစ်၍ ဒီလိုပိုးကောင်မျိုးကို စားကြသည်ဟု ဆိုကာ မင်းကြီး ကြည့်ရှု့ရန်ပြကြလေသည်။ မင်းကြီးလည်း တွေ့မြင်ကာ ဧကန်မုချ စုန်းမ ဖြစ်ကြောင်း ယုံကြည်နှင့် နေရင်း သျှမ်းပြည်သို့ ပြန်စေဟု နှင်ထုတ်လိုက်လေသည်။
ထိုအခါ သျှမ်းမင်းသမီးလေး စောမွန်လှသည် ရိုးသားသူ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်၍ မိမိရိုးရာ အစားအစာများအား အပြစ်တင် ကဲ့ရဲ့ရှုတ်ချ မိမိ အမျိုးဂုဏ်သိက္ခာကိုစော်ကား ခံရသည်ဖြစ်၍ မိမိဖခင် ပင်လျှင်လည်း မိန်းမော အရှင်သခင် ဖြစ်သည့်အလျောက် ကြောက်ရွံ့ခြင်း အလျှင်မရှိ အခြွေအရံ အနည်းငယ်မျှနှင့် မိမိမွေးဌာနီ မိန်းမောပြည်သို့ ထွက်လာခဲ့လေသည်။
မင်းသမီးလေး စောမွန်လှသည် ပုဂံပြည်မှထွက်ခွာလာပြီး ၁၀ ရက်မြောက်သောနေ့၌ ယခု မန္တလေး အရှေ့တောင်ဘက်ဆီသို့ ရောက်သောအခါ အရိပ်အာဝါသ ကောင်းသောစမ်းချောင်းငယ် တခုနားအရောက်တွင် ခေတ္တအနားယူ အိပ်မောကျရာမှ နိုးထလာရာ စမ်းချောင်း၌ မျက်နှာသစ်နေစဉ် စမ်းချောင်းငယ်ထဲမှာ လင်းလင်းလက်လက် အရောင်များ ထွက်ရှိနေသည်ကို တွေ့ရှိ၍ သေချာငုံ့ကြည့်စဉ် စမ်းထဲ၌ မဟုတ်ပဲ မိမိဦးခေါင်းပေါ် ကောင်းကင်ထက်တွင် စာပတီး ငှက်များ ခြံရံလျှက် လင်းလက်နေသော နားတောင်းကို တွေ့မြင်ရလေသည်။
မင်းသမီးလေးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ တစ်ယောက်ဖြစ်သည့်အလျှောက် ထိုနားတောင်း တဖက်နှင့် ဓါတ်တော်တို့ကို ဌာပနာ၍ ငါးတောင်မြင့် ရှိသော စေတီငယ် တစ်ဆူကို တည်လေသည်။
ဘုရားမုဓ်ဝ ကိုလည်း အရှေ့မောသျှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။ ထိုအချင်းအရာကို အနော်ရထာမင်း ကြားသိသော် ဘုရားမုဓ်ကို အရှေ့သျှမ်းပြည်ဖက်သို့ လှည့်ထားလျှင် စောမွန်လှကို သတ်ခဲ့။ ငါစိုးစံရာ အနောက်ဖက် ပုဂံပြည်ဖက်သို့ လှည့်ထားလျှင် အသက်ချမ်းသာစေဟု မင်းချင်းများကို စေလွတ်လိုက်လေသည်။
မင်းချင်းတို့ ညအခါ ရောက်လာရာ မင်းသမီးစောမွန်လှက တန်ခိုး လက်ဆောင်ပေး၍ အကြောင်းကို မေးမြန်းသိရသော အခါမှ။ ၄င်းညတွင်းပင် မိမိ၏ ကုသိုလ်တို့ကိုအောက်မေ့ခါ နတ်ကောင်း နတ်မြတ်တို့ကို တိုင်တည် အဓိဋ္ဌာန်ပြု၍ မြစီသော ရွှေဖျင်တဘက်ဖြင့် ဘုရားစေတီကို ပတ်ချည်၍ မုဓ်ဝ အနောက်ဖက်မကျ အရှေ့ဖက်မကျ(သျှမ်းပြည်မကျ မြန်မာပြည်မကျ ) သို့ရောက်လေသည်။ နံနက်လင်း၍ မင်းချင်းတို့ မြင်ရသော စောမွန်လှကို ချမ်းသာပေး၍ ပုဂံသို့ ပြန်ကြလေသည်။ (စောမွန်လှ နားတောင်း ကျခဲ့တဲ့ချောင်းကို အခုတိုင် နားတောင်းကျချောင်း ဟု ခေါ်ကာ စောမွန်လှ နားတောင်းအား စာပတီးခြံရံခြင်းကြောင့် ထိုနားတောင်းဖြင့် တည်သော စေတီတော်အား ရွှေစာရံဘုရား ဟု ယခုထိတိုင် ကျော်စောလှပေသည်။)
ထို အချင်းအရာကို အနော်ရထာမင်း ကြားသိရသောအခါ ကျေနပ်ဝမ်းမြောက်သည်နှင့်အညီ ၄င်းဘုရား ပတ်လည်တွင် မြေတာ- တစ်ထောင် လှူတော်မူသည်။ နောင်အခါ ပုဂံ- အလောင်းစည်သူမင်းက မြေထပ်၍ လှူတော်မူသည်။ နောင်အင်းဝ- မိုးညှင်းမင်းတရားကြီး "သီရိတြိဘဝနာဒီတျာပဝရပဏ္ဌိတ ဓမ္မရာဇာ" ဘွဲ့ခံ မိုးညှင်းသတိုး(788-801) သံတောင် ၃၀ အထိမြင့်၍ တည်တော်မူသည်။
ဤအချင်းအရာများကို ထောက်ရှု့ခြင်း အားဖြင့် သျှမ်းများနှင့် မွန်တို့သည် အနော်ရထာမင်းထက် ဗုဒ္ဓဘာသာကို စောလျင်စွာ ကိုးကွယ်နေပြီဖြစ်ကြောင်း သိသာထင်ရှားလေသည်။
မင်းသမီးလေး စောမွန်လှ အပြန်ခရီး လမ်းတလျှောက်တွင် စေတီပေါင်းရှစ်ဆူ တည်ခဲ့ပြီး ဆက်လက်၍ ခရီးဆက်ခဲ့ရာ ယခု သီပေါမြို့နား အရောက် ဆားထွက်ရှိရာအရပ်၌ ကိုးဆူမြောက် စေတီအား ကျန်ရှိသော နားတောင်းတဖက်အား ဌာပနာ၍ (၇-တောင် အမြင့်ရှိသော စေတီတဆူကို တည်လေသည်။ ထိုစေတီကို သျှမ်းတို့က ကောင်းမူးမော်ကေ ဟု ခေါ်သည်။ ကောင်းမူး သျှမ်းလို စေတီတော် မော်ကေ-သည် (ဆားတွင်း)ဟု အဓိပ္ပါယ်ရပါသည်။ မြန်မာတို့က ဘော်ကြိုဘုရားဟု ခေါ်ဆိုကြသည်။
ထို့နောက် ဖခင် မိန်းမောဘုရင် စဝ်ဖှလုံဟိုမိန်းအား ယခု ကျောက်ဆည်နယ်ရှိ သျှမ်းလူမျိုးများမှ ပုဂံနန်းတွင်းမှ သမီးတော်လေး ထွက်ရှိလာခဲ့ကြောင်းကို သံတော်ဦး တင်လျှောက်သောအခါ ဖခင်မင်းတရားကြီးမှ သားတော်ကြီး ဥပရာဇာ စဝ်ကော်လျန်းအားစစ်ကြောင်းကြီးများလွှတ်၍ သမီးတော် စောမွန်လှအား သွားရောက်ကြိုဆို စေလေတော့သည်။
သျှမ်းမင်းသမီး စောမွန်လှသည် တိုင်းပြည် နှစ်ပြည်၏ ချစ်ကြည်ရင်းနှီးစေဖို့ စတေးခံခဲ့ရကာ တိုင်းတပါးသို့ လိုက်ပါသွားရပြီး ဖိဖုရားအဖြစ် တင်မြောက်ခြင်းခံရသော်လည်း ရှေးဘဝ ကုသိုလ်ကံ အကြောင်းမလှခဲ့၍ ပုဂံပြည်မှ နှင်ထုတ်ခြင်း ခံရကာ အပြန်လမ်းတွင် မိမိကိုးကွယ်ယုံကြည်ရာ ဘာသာတရား ကောင်းမှု ကုသိုလ်များ ပြုလုပ်နေပါသော်လည်း ဖမ်းဆီးသတ်ဖြတ်မည်ဟု ကြိမ်းမောင်းခြင်း ခံရရှာလေသည်။
ထို့နောက် မောင်တော် စဝ်ကော်လျန်း အကြိုတပ်နှင့် မတွေ့ဆုံ မိန်းမော နေပြည်တော်ဆီလည်း မရောက်မှီ ယခု သီပေါနား အရောက် လမ်းခုလတ်မှာပင် ကံတော်ကုန်ရှာခဲ့လေသည်။
အမတော်ကံကုန်သည်ဟု ကြားသိရသော မောင်တော် စဝ်ကော်လျန်းသည်လည်း အချို့ အမွာတို့ ထုံးစံအရ အမတော်နှင့် မနီးမဝေးမှာပင် ကံကုန်ခဲ့ရှာလေသည်။ ဒီနေ့အထိ မင်းသမီးလေး စောမွန်လှနှင့် မောင်တော် စဝ်ကော်လျန်းတို့ ဂူဗိမာန်ကို သီပေါမြို့နားတွင် အရိုးအိုး စေတီအဖြစ် တွေ့မြင်နိုင်ပါသည်။
သျှမ်းမင်းသမီးလေးသည်
ကံအကြောင်းမလှရှာသော မင်းသမီးလေး စောမွန်လှ ဘဝမှ ယခုအခါ ပုဂံရာဇဝင်ထဲက သတို့သမီးအဖြစ် ထင်ရှားလေတော့သည်။
ပုဂံရာဇဝင်အကြောင်းပြောရင် စောမွန်လှအကြောင်းမပါလို့ မရပါ။ စောမွန်လှနှင့် အတူပါသွားကြသော သျှမ်းတောင်သူ ဦးကြီးများထဲတွင် နောင်အခါ မြန်မာ့သမိုင်းတွင် ထင်ရှားလာမည့် သျှမ်းညီနောင် သုံးဦး၏ ဖခင် ခွန်ဆိုင်ခမ်းဖန်း ကြောင့်ပင် ဖြစ်၏ ပေါက်ကန်နန်းတော်ကို ဆန်ရေ စပါးအများဆုံးပံ့ပိုးသော ဤသျှမ်းမိသားစုကို ပေါက်ကန်ရှင်ဘုရင်(တလုတ်ပြေးမင်း) က ဘွဲ့သစ်များဖြင့် ချီးမြှင့်မြောက်စားလေသည်
အဖေ- ခွန်ဆိုင်ခမ်းဖန်း = သင်္ခဗိုလ်
သား- ခွန်အိုက်ဆိုင်ခိုင်= အသင်္ခယာ မြင်စိုင်းစား
သား- ခွန်ယီဆိုင်ကမ်= ရာဇသင်္ကြန် မက္ခရာစား
သား- ခွန်ဆမ်ဆိုင်ဆိုင်= သီဟသူ မြစ်သာစား
မြင်စိုင်း ပင်းယ စစ်ကိုင်း အင်းဝ တို့ကို တည်ထောင်ခဲ့သော သျှမ်းမင်းဆက်များပင်ဖြစ်သည်။ ထိုဒေသသည် သျှမ်းနာမည်နှင့် သျှမ်းမင်းဆက်များ တည်ထောင်ခဲ့သော မြို့တော်များပင်ဖြစ်သည့် အလျှောက် သျှမ်းလူမျိုးများ နေထိုင်ရာဒေသလည်းဖြစ်သည်။
နောက်ပိုင်း ဗမာဝင်ရောက် နေထိုင်လာကြသလို သျှမ်းကြာ ဗမာဖြစ်ဆိုသလို ဗမာဖြစ်သွားသည်ကများသည်။
မည်သို့ပင် ရှိစေကာမူ အနော်ရထာမင်းသည် ကံတူအကျိုးပေးဟု ဆိုရလေမလား မိမိပြုသမျှ ဒီဘဝနဲ့ပဲ ပေးဆပ်ခဲ့ရသည် ဟု ပြောရမလား အထင်ကရ ကျွဲခတ်၍ နတ်ရွာစံ(သေဆုံး)ရလေကာ ပုဂံပြည့်ရှင် မင်းအနော်ရထာရုပ်ကလာပ်အား မိမိမင်းညီမင်းသား နှင့် မိမိပုဂံ တိုင်းသူ ပြည်သားအပေါင်းတို့ မတွေ့လိုက်ရရှာတော့ပေ။
(သျှမ်း ရာဇဝင်စာစုများမှ ပြန်လည်မျှဝေသည်)

0 comments:
Post a Comment