Saturday, January 30, 2016

ဗျည်းကိစ္စ ရှင်းတမ်း

သိန်း မြင့်

ခုပညာရေးလောကမှာခေတ်စားနေတဲ့ ဗျည်းဖြုတ်တဲ့ကိစ္စကို စိတ်ဝင်စားလို့ သေချာ လိုက်လေ့လာ ကြည့်တဲ့အခါ အချက်အလက် တချို့ သိခဲ့ ရပါတယ်။ ဒါလေးကို မျှဝေ ပါရစေ။
ဒီကိစ္စမှာ ပညာရေးဝန်ကြီးဌာန ကနေ ဂျပန်နဲ့ ပူးပေါင်း မြှင့်တင် လိုက်တယ် လို့ သိရပါတယ်။ လုံးဝ ဖြုတ်ချလိုက်တာမဟုတ်။ ယခင် သူငယ်တန်း စာတွေကို ယခု သူငယ်တန်းမှာ တစ်ဝက် သင်ပြီး (၁) တန်း မှာ ကျန်တစ်ဝက် ခွဲကာ သင်ကြားမယ့် သဘော ဖြစ်ပါတယ်။

ဒါ လုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ သူငယ်တန်းအရွယ်မှာ စာအချိန်ကို လျှော့လို့ အခြားသော ကဏ္ဍ တွေ ဖြစ်တဲ့ ကိုယ်လက်လှုပ်ရှား ကစားမှု၊ ဂီတ သီဆိုတီးမှုတ်မှု၊ အရောင်ခြယ် ပုံဆွဲမှု စသည်တို့ အထိ တိုးမြှင့် လေ့ကျင့် ပေးချင်တဲ့ အတွက်ကြောင့် လို့ မြင်မိပါတယ်။
ဂျပန်နိုင်ငံမှာ ကလေးသူငယ်တွေကို စာသင်တဲ့အခါ အသက်ကြီးရင် burn out ဖြစ်မသွား ရလေ အောင် ငယ်စဉ်ကတည်းက ကျောင်းနေပျော်တဲ့ သန္ဓေထည့်ပေးချင်တဲ့ သဘောနဲ့ ၆နှစ်လောက် ထိ ကလေးကို စာမသင် သေးပါဘူး။ ဒါ့ကြောင့်မို့လို့ ကလေးစိတ်ပညာအရ သင်ရိုးညွှန်းတမ်းပြောင်းတာ ကောင်းပါတယ်။ အရေးကြီးတာက တကယ် အလုပ်ဖြစ်ဖို့ပါ။ ပြီးတော့ သူငယ်တန်းမှာ လျှော့ချတဲ့ အပိုင်းတွေက မြန်မာစာ တစ်ခုထဲတင် မဟုတ်ပဲ အောက်ဖော်ပြပါ အပိုင်းများ ပါဝင်ပါ လိမ့်မယ်။
--------------------
[မူလတန်း ပညာရေး အပြောင်းအလဲများ]
• သူငယ်တန်း English စာ ကို စာလုံးကြီးသာ အရင်သင်မည် ဖြစ်ပြီး စာလုံးသေးများကို ပထမတန်း ရောက်မှသာ သင်ကြားမည် ဖြစ်သည်။
• သူငယ်တန်းတွင် မြန်မာစာ ကို က မှ အ ထိ မသင်ပဲ ဗျည်း ၃၃ လုံးအနက် ၂၂လုံး ကိုသာ ဦးစွာသင် ပြီး ကျန်ဗျည်းများကို ပထမတန်းတွင် ဆက်လက် သင်ကြားသွားမည် ဖြစ်သည်။
• သင်္ချာလည်း ထိုနည်းအတိုင်းပင် သူငယ်တန်းတွင် ၁ မှ ၁၀ အထိသာ သင်မည် ဖြစ်သည်။
• သူငယ်တန်း အတန်းကို August လ ရောက်မှသာ စာသင်မည်။
--------------------
ဂျပန်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံရဲ့ အခြေခံပညာရေးအဆင့်မှာ ကောင်းလာနိုင် ပါ့မလားလို့ ထပ်ပြီးတော့ မေးစရာ ရှိလာပါ လိမ့်မယ်။ ဒါ့ကြောင့် လေ့လာဖတ်ရှုလို့ ရအောင် ဂျပန်နိုင်ငံရဲ့ အခြေခံပညာ အဆင့် သင်ကြားမှုကို အောက်မှာ ဖော်ပြ ပေးလိုက် ရပါတယ်။ အချက်အလက်များ အားလုံး အတွက် facebook user ကို ကိုယ့်မင်းကိုယ့်ချင်း အား အထူးပင် ကျေးဇူးတင် ရှိပါသည်။
--------------------
ဂျပန်မူလတန်း ပညာရေးအကြောင်း တစေ့တစောင်း
❀ ❀ ❀ ❀ ❀ ✏ ✏ ✏ ❀ ❀ ❀ ❀ ❀
ဂျပန်မှာ ကလေးတွေ ၆နှစ်ပြည့်ပြီးမှ ကျောင်းစထား ခွင့်ပြုပြီးတော့ အတန်း ၁၂ တန်း တက်ပြီးမှ အထက်တန်း အဆင့် ပြီးဆုံး ပါတယ်။ ၆နှစ်မှ ၁၂နှစ် အထိ (၆)နှစ်တိုင် သင်ယူရတဲ့ မူလတန်း ပညာရေးမှာ သင်ကြားရတာတွေက ဂျပန်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး ဓလေ့ထုံးတမ်းများ၊ ဂီတ၊ လက်မှု ပညာ၊ ကိုယ်လက်လှုပ်ရှား အားကစား တို့အပြင် အိမ်တွင်းမှု ပညာ တွေဖြစ်တဲ့ အချက်အပြုတ်၊ စက်ချုပ် စတာတွေ ဖြစ်ပါတယ်။ တရုတ် ဂျပန်တို့ရဲ့ မူရင်းစကားလုံးတွေဖြစ်တဲ့ ခန်းဂျီး နဲ့ အသံထွက် ဂျပန်စကားလုံး ခန်းန တွေ ရေးနိုင် ဖို့ အခြေခံဖြစ်တဲ့ ရှိုဒို ခေါ်တဲ့ စုတ်ချက်ဆွဲတာတွေ သင်ပါတယ်။ ဟိုင်ကုလို့ခေါ်တဲ့ ဂျပန် ကဗျာ၊ အလင်္ကာ တွေ သင်ယူ ရပါတယ်။
ကျောင်းသား ကျောင်းသူတွေဟာ အဖွဲ့တွေခွဲပြီး၊ မိမိအတန်းနဲ့ မိမိကျောင်းရဲ့ သန့်ရှင်းရေးအတွက် အတူပူးပေါင်း ထမ်းဆောင်ကြရတယ်။
နေ့လည်စာကို အခန်းထဲမှာ ဆရာနဲ့အတူတကွ စားကြတယ်။ နေ့လည်စာကိုတော့ ကျောင်းကပဲ ဖြစ်ဖြစ်၊ နေ့လည်စာ စီစဉ်ရေး ဗဟိုအဖွဲ့တွေကပဲဖြစ်ဖြစ် အာဟာရပြည့်စုံအောင် စီစဉ် ထားတဲ့ အစားအစာတွေ ကျွေးမွေးပါတယ်။
အားကစားပြိုင်ပွဲတွေ၊ ဂျပန် အနုပညာနဲ့ ယဉ်ကျေးမှုကို ထင်ဟပ်စေမယ့် ကျောင်းကပွဲတွေလည်း အခါသင့်သလို လုပ်ဆောင်ရပါတယ်။
ဂျပန်တို့ ရဲ့ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာ ဒေသတွေကို ခရီးသွားကြရတယ်။ မူလတန်း အတန်းမြင့်တဲ့ အဆင့်တွေမှာဆိုရင် ကျိုတို၊ နာရာ စတဲ့ ယဉ်ကျေးမှုမြို့တော်တွေကို ရက်အတန်ကြာသည်အထိ လေ့လာရေးခရီးသွားရပါတယ်။
ဒါ့ကြောင့် ဂျပန်တွေရဲ့ မူလတန်းပညာရေးကို ခြုံငုံသုံးသပ်ရရင် -
၁) ကလေးတွေကို ကျောင်းနေပျော်စေတယ်။
၂) စာသင်ကြားခြင်းထက် လောကအကြောင်းကို လက်တွေ့ချဉ်းကပ်နည်းတွေ အသုံးပြုထားတယ်။
၃) အခြေခံပညာရေးဖြစ်အောင် အမှန်တကယ် စီစဉ်ပေးထားနိုင်တယ်။
၎) အမျိုးဂုဏ်၊ ဇာတိဂုဏ် နဲ့ ယဉ်ကျေးမှု ဓလေ့ထုံးထမ်းတွေကို ငယ်စဉ်ကတည်းက ထက်ထက် သန်သန် ချစ်မြတ်နိုးတတ်အောင် သင်ကြားပေးထားနိုင်တယ်။
၅) အချင်းချင်း စည်းလုံးညီညွတ်မှုရဲ့ အနှစ်သာရကို ငယ်စဉ်ကတည်းက ကိုယ်တိုင် ခံစား နားလည် လာအောင် စီစဉ်ပေးထားနိုင်တယ်။
၆) ကျောင်းပညာရေးဟာ မိသားစုမှာ ချက်ချင်းအသုံးကျတဲ့အတွက် ကလေးတွေရဲ့ ကိုယ်ပိုင် ယုံကြည်မှု မြင့်မားလာအောင် စီစဉ် ပေးထားနိုင်တယ်။
၇) ကာယ(PQ) ၊ ဥာဏ(IQ) ကျန်းမာဖို့၊ စိတ်ဓာတ်(EQ) ရင့်ကျက်ဖို့၊ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်ရှိဖို့၊ လူမှုဆက်ဆံရေးအဆင်ပြေမှုရဲ့အခြေခံဖြစ်တဲ့ စိတ်ဓာတ်ကောင်း (SQ) ရှိဖို့၊ ကိုယ့်တိုင်းပြည် ကိုယ့် လူမျိုးနဲ့ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးတတ်လာဖို့ စတာတွေကို စာတွေ့ လက်တွေ့ သင်ကြားမှုတွေ နဲ့ ထိရောက်အောင် စီစဉ်ပေးထားနိုင်တာတွေ တွေ့ရပါတယ်။
ဒါမျိုးတွေ လုပ်နိုင်ဖို့ဆိုတာ သင်ရိုး ညွှန်းတမ်းတွေ၊ သင်ကြားချက်တွေ နဲ့တင်မရနိုင်ပါဘူး။ Child Psychology ခေါ်တဲ့ ကလေးစိတ်ပညာ ကျွမ်းကျင်ပိုင်နိုင်ဖို့ အရေးကြီးပြီး ဆရာ၊ ဆရာမ တွေ ကိုယ်တိုင် လည်း အရည်အချင်းနဲ့ စိတ်ဓာတ် ပြည့်ဝဖို့ လိုပါတယ်။
- မှတ်စုကြမ်း ‪#‎kyawnge‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...