Wednesday, January 27, 2016

ခေတ်ပြိုင် မြန်မာစာပေလောက၏ ထင်ရှားသော စာရေးဆရာ ဇော်ဇော်အောင် ကွယ်လွန်

Eleven Media Group 

ခေတ်ပြိုင်မြန်မာစာပေ လောက၏ ထင်ရှားသော စာရေးဆရာ တစ်ဦးဖြစ်သည့် ဆရာဇော်ဇော်အောင်သည် ဇန်န၀ါရီ ၂၆ ရက် (ယနေ့) ည ၉ နာရီ ၀န်းကျင်အချိန်က နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ် ရှိပြီဖြစ်သော ဆရာ ဇော်ဇော်အောင်ကို ၁၉၃၇ ခုနှစ် မေ ၁၃ ရက်တွင် ဦးဘသက်နှင့် ဒေါ်တုတို့မှ မွေးဖွားခဲ့ပါသည်။ မုံရွာခရိုင်၊ ဆားလင်းကြီး ဇာတိဖြစ်ပြီး အမည်ရင်း ဦးဇော်မြင့်သက် ဖြစ်ပါသည်။

၁၉၅၃ ခုနှစ်တွင် မန္တလေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်သို့လည်း တက်ရောက်ခဲ့ကာ ၁၉၆၀ ပြည့်နှစ်တွင် မြန်မာစာအဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ ၀ိဇ္ဇာဂုဏ်ထူးတန်း တက်ရောက်ချိန်တွင် တော်ကွန်း (Tawkoon) ရွှေတံဆိပ်ဆု ရခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ယူ ကျမ်းခေါင်းစဉ်မှာ "ဇော်ဂျီ၏ ဗေဒါလမ်း ကဗျာ အပုဒ် ၄၀ ဖွဲ့စည်း တည်ဆောက်ပုံ လေ့လာချက်" ဖြစ်ပါသည်။
၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကို ကျောခိုင်းခဲ့ပါသည်။
၁၉၅၃ ခုနှစ် မန္တလေးတက္ကသိုလ်တွင် ပထမနှစ် ပညာသင်ယူစဉ်ကတည်းက ကဗျာများ စတင်ရေးသားခဲ့ပြီး ၁၉၅၄ ခုနှစ် သွေးသောက်မဂ္ဂဇင်းတွင် ဇော်သလ္လာ ကလောင်အမည်ဖြင့် စာညွန့်တစ်ပုဒ် ဖော်ပြခံခဲ့ရသည်။ ၁၉၅၆ ခုနှစ် မန္တလေးတက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းတွင် အကြော်သည်လေး (The story of a friend pieseller) ၀တ္ထုတိုကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။
ထို့နောက် မောင်ဇော်ကလောင်ဖြင့် ရှုမ၀မဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးသားခဲ့ပြီး ဇော်ဇော်အောင်၊ ဇော်ရဲအောင်၊ ဇော်မြင့်သက် ကလောင်အမည်များဖြင့် စာပေသဘောတရားနှင့် စာပေဝေဖန်ရေး စာအုပ်၊ ဆောင်းပါးများ၊ အပျော်ဖတ် ၀တ္ထုများ၊ လုံးချင်းစာအုပ်များ ရေးသားခဲ့သည်။
ရှုမ၀၊ သရဖူ၊ ဟန်သစ်၊ မဟေသီ၊ ရနံ့သစ်၊ စတိုင်သစ်၊ ရုပ်ရှင်သစ္စာ အစရှိသည့် မဂ္ဂဇင်းများတွင် ဆောင်းပါး၊ ၀တ္ထုတို၊ အက်ဆေးများစွာ ရေးခဲ့သည့်နည်းတူ အပတ်စဉ်ထုတ် ဂျာနယ်အချို့တွင်လည်း မျက်မှောက်ရေးရာ ဆောင်းပါးများစွာ ရေးသားခဲ့သည်။
မကြည်ပြာနှင့် ယုဇနမခင်ပျို စာအုပ်အမှာတွင် ဆရာဇော်ဇော်အောင်ကိုယ်တိုင် ရေးသားခဲ့သော ဖော်ပြချက်များအရ ကံကော်ပင်အောက်က အေးမြသော မီးလျှံကို ရေးသားခဲ့ဖူးသော်လည်း ပုံနှိပ်ဖူးခြင်း မရှိကြောင်း၊ နေယျဒေါသကို ၁၉၈၂ ခုနှစ် ဧပြီလထုတ် ဂီတပဒေသာ မဂ္ဂဇင်းတွင် လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် ယုဇနခင်ပျိုကို သဘင်မဂ္ဂဇင်းတွင် လည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် ကတ္တီပါလွမ်းချင်းကို ပန်မဂ္ဂဇင်းတွင် လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် မကြည်ပြာကို ပန်မဂ္ဂဇင်းတွင် လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ခံစားကြည့်ပြာ မကြည်ပြာကို ချယ်ရီမဂ္ဂဇင်းတွင် လည်းကောင်း ရေးသားခဲ့ပြီး ၁၉၈၈ ခုနှစ် နှစ်ဦးတွင် မကြည်ပြာဝတ္ထုများ အပါအ၀င် ၀တ္ထုတို နှစ်အုပ် ထုတ်ဝေခဲ့ကာ စာရေးသားခြင်း ယာယီရပ်နားခဲ့သည်။
၁၉၉၄ ခုနှစ်ရောက်ချိန်တွင် သရဖူမဂ္ဂဇင်းတွင် ဆောင်းပါး၊ စာတမ်းများနှင့် ၀တ္ထုတိုများ ပြန်လည်ရေးသားခဲ့ပြီး တောင်ထိပ်ပေါ်က နတ်သျှင်နောင်၏ မော်တော်ဆိုက်ကယ်၊ နာမ်အထူးပြု မနှင်းဆီ၊ သီရိဆောင် အခန်း ၂၆ တို့ကို ၁၉၉၅ ခုနှစ်တွင်ရေးသားခဲ့သည်။
ဆရာဇော်ဇော်အောင် ရေးခဲ့သည်များအနက် ချန်လှပ်ထား၍ မရသော စာများတွင် ကွန်မြူနစ် ဆန့်ကျင်ရေး စိုးအောင် ၀တ္ထုများနှင့် ပီတာဇော်မြင့် ပါဝင်သော သရော်စာဝတ္ထုတိုများ လည်း ပါဝင်ခဲ့သည်။
ဇော်ဇော်အောင် စာစုစာရင်းတွင် စာအုပ်ပေါင်း များစွာ ရှိသော်လည်း ထင်ရှားသော စာအုပ်အချို့မှာ ပီတာဇော်မြင့်နှင့် ယုဇန မခင်ပျို (၁၉၈၇)၊ ခံစားကြည့်ပါ မကြည်ပြာ (၁၉၈၇)၊ မရမ်းကုန်စစ်တမ်း (၁၉၉၆)၊ အနုပညာစံ (၁၉၉၇)၊ စာပေသဘောတရား အခြေခံကျမ်း (၁၉၉၈)၊ စာပေဝေဖန်ရေးသဘောတရား အခြေခံကျမ်း (၁၉၉၈)၊ ကျိုက်ဝိုင်းစစ်တမ်း (၂၀၀၀)၊ စာပေါင်းသိုက် အက်ဆေး (၂၀၀၀)၊ ပီတာဇော်မြင့် သဘောပေါက်ပါသည် (၂၀၀၀)၊ ပို့စ်မော်ဒန် သီဝရီများ (၂၀၀၁)၊ ခင်မောင်ရင် (၂၀၀၃)၊ ပန်းချီဝါကျများ (၂၀၀၄)၊ ဖတ်စာ (၂၀၀၄)၊ မကြည်ပြာနှင့် ယုဇန မခင်ပျို (၂၀၀၅)၊ အနုပညာမပါတဲ့ အနုပညာ (၂၀၀၅)၊ ဆည်းဆာဖြူ (၂၀၀၆)၊ ရိုမန်တစ်အလွမ်း (၂၀၁၆) တို့ ပါဝင်ပြီး ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့သော ကျောင်းသားသမဂ္ဂဖွဲ့မှာကို ကြောက်နေသလားနှင့် အခြားနိုင်ငံရေး ဆောင်းပါးများ စာအုပ်မှာလည်း ထင်ရှားခဲ့သည်။
ပုံနှိပ်ဖော်ပြနိုင်ခြင်း မရှိသေးသော စုံသာမြိုင်လယ် စာသားများ စာအုပ်အတွက် ရေးသားခဲ့သော အမှာစာတွင် "ကျွန်တော်တို့ တိုင်းပြည်လည်း ကံမကောင်း အကြောင်းမလှစွာ တောမရောက် တောင်မရောက် ဖြစ်နေတယ်။ ကျွန်တော်လည်း ကံမကောင်း အကြောင်း မလှစွာ ဇော်ဇော်အောင် လာဖြစ်နေတယ်" ဟု ဆရာဇော်ဇော်အောင်က မိမိကိုယ်မိမိ မှတ်ချက်ချခဲ့ဖူးပါသည်။
(Written by - နေထွန်းနိုင်၊ Photo Credit - မိုးဝေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...