ဆယ်လွန်းတင် တမ်းချင်း စောင်းချင်း
ကျည်းကန်ရှင်ကြီးရဲ့ ဆယ်လွန်းတင်ဂါထာတဲ့။ စောင်းသံနဲ့
တီးခတ်သီဆိုနိုင်လို့ စောင်းချင်းလို့လည်း ခေါ်တယ်။ အလွမ်းသံ
တမ်းတသံဖြစ်တာကြောင့် တမ်းချင်းလို့လည်း ခေါ်တယ်။ အဲဒီ “ဆယ်လွန်းတင်”
“စောင်းချင်း” တမ်းချင်း”ကို ကျည်းကန်ရှင်ကြီးရေးထားတာ
အံ့သြဖွယ်ကောင်းလောက်အောင်ကို လှတာ။
ကျည်းကန်မတိုင်ခင်ကလည်း ဒီဂါထာမျိုး မြန်မာစာပေမှာ ဘယ်သူမှ မရေးခဲ့ပါ။ နောက်လည်း ရေးနိုင်မည် မထင်ပါ(အထင်ပြောတာနော)။ သုံးမျိုးလုံးပါအောင် ရေးထားတာကို ပြောတာ။ စောင်းချင်းကတော့ သုတ်မဟာဝါပါဠိတော်မှာလည်း ပါတယ်။ တမ်းချင်းသက်သက်ကတော့ တော်တော်များများ ရေးကြတယ်။
ကျည်းကန်ရှင်ကြီးဆိုတာ အင်းဝကနေ ပြည်မြို့ထိကို ခြေလမ်းဖဝါး ဘယ်လောက်ရှိတယ်ဆိုတာကို မှတ်မိသတဲ့။ ခြေလှမ်းတိုင်းမှာ သတိကပ်ထားတယ် ပြောရမှာပ။ နောက် ဒီလောက်အရေအတွက်ကို မှတ်ထားနိုင်တဲ့ ဉာဏ်။ နောက် လူသိများတဲ့ စွယ်စုံကျော်ထင်ဆိုရင် အမေးပုစ္ဆာပေါင်းက ဆယ်တန်းကမ်မစီ (chemistry) မှာ ပါတဲ့ အီကွေးရှင်းတွေနဲ့ တူတယ်။
အဓိကကျတာကိုပဲ ထုတ်ပြထားလို့ ၁၃၇၉−ပုဒ်လို့ ဖြစ်တာ။ ကျည်းသဲလေးထပ်ဆရာတော် ဖြေသွားတာက ၁၁၁၇။ ကာရန်လွှဲ စကားလုံးလွှဲ အသံလွှဲလိုက်ရင် မရေမတွက်နိုင်အောင် များပြားလှသတဲ့။ ဆိုလိုတာက စွယ်စုံကျော်ထင် အမေးပုစ္ဆာက အကျဉ်းအားဖြင့် ၁၇၃၉−ပုဒ်၊ မကျဉ်းမကျယ်အားဖြင့် ၇၇၁၆−ပုဒ်။ အကျယ်အားဖြင့် သာမာန်လူသား ဉာဏ်ဖြင့် မရေမတွက်နိုင်။
ဒီတော့ ဖြုတ်ဦးနှောက်လေးနဲ့ စဉ်းစားမိတာပေါ့လေ။ ပါဠိဝေါဟာရအကုန် မြန်မာဝေါဟာရအကုန် ရှိရှိသမျှသုတအကုန် ကျည်းကန်ရှင်ကြီး ခေါင်းထဲမှာ စီရရီ ရှိပုံပေါ်တယ်။ ဘာကြောင့်လဲဆိုတော့ အခုကော်ပီကူးပြမည့် “ဆယ်လွန်းတင် တမ်းချင်း စောင်းချင်း” ၁၃−ပုဒ်မှာ တွေ့လိမ့်မယ်။ ပါဠိသံနဲ့ ဖတ်ရင် ခပ်ဆတ်ဆတ် အသံထွက်တဲ့ စကားလုံးတွေ။ မြန်မာသံနဲ့ ဖတ်ရင် နုညံ့လွန်းတဲ့ အသံပါတဲ့ စကားလုံးတွေ။ ပါဠိမှာ သံပျင်း၊ မြန်မာမှာ သံပျော့ ဖြစ်နေတဲ့ စကားလုံးတွေကို ရှာရတာ စူပါကွန်ပြူတာမှာတောင် မရလောက်ဘူး ထင်တာပဲ။ နောက် သံဝေဂရစရာကောင်းတဲ့ အနက်ပေးတွေ။ အများကြီးပဲဗျာ။ ဖတ်ကြည့်ပါ။ ဖတ်စေချင်လို့ မြင်းထိန်းငတာ လုပ်ထားတာပါ။ ဂရုတစိုက်လေး ဖတ်ကြည့်။
ဆယ်လွန်းတင်ဂါထာမှာ ၁၃−ပုဒ်
(ဤဂါထာ ကဗျာများကို နှစ်မျိုးနှစ်စား ဖတ်နိုင်သည်။ VENWMCY-ဟူသော စကားလုံး ဖတ်ပုံနှင့် ဆင်သည်။ ပါဠိသံဖြင့် ဖတ်လျှင် အလွန်သံဝေဂရဖွယ်ကောင်းသော တရားဂါထာများဖြစ်လာသည်။ မြန်မာသံဖြင့် ဖတ်လျှင် အလွန်လွမ်းဆွေးဖွယ်ကောင်းသော တမ်းချင်းများ ဖြစ်လာသည်။ သံဖြတ် သံငင်ဖြင့် သီဆိုလျှင် အလွန်နားထောင်ကောင်းသော စောင်းသီချင်း ဖြစ်လာသည်။)
(၁) ဇာယုချီ
(ပါဠိသံဖြင့် ဖတ်ရန်)
“ဇာယုဘျာယုအာယုမလာ၊ မလာမလာဗျာပါစိတ္တံ၊
ဝေလံဝေလံတရဟံမ၊ တံယင်္ဂံဝေယမ္ဗုံကတံ။”
(မြန်မာသံဖြင့် ဖတ်ရန်)
“ဇာယု ဘျာယု၊ အာယု မလာ၊ မလာ မလာ ဗျာပါစိတ်တမ်း၊ ဝေးလံ ဝေးလံ၊ တ ရဟန်၊ မတန်ရင်ကန်၊ ဝေယန်ဘုံက တမ်း။”
ဇာယုချီဂါထာမြန်မာပြန်သက်သက်
ရုပ်ဇီဝိတနြေ္ဒမည်သော အသက်နှင့် နာမ်ဇီဝိတိနြေ္ဒမည်သောအသက်တို့၊ သင်တို့နှစ်ပါး ရှည်ကြာမြင့်မားခြင်းကြောင့် စင်စစ် စိတ်သည် လွန်စွာစိုးရိမ်သောက ဗျာပါရများရ၏။ ဆိပ်ရည်ဖြင့် ပြည့်သော ထုံးအိုင်ကဲ့သို့ ကိလေသာတည်းဟူသော ဆိပ်ရည်ဖြင့် ပြည့်သော တဏှာရာဂလောဘ အညစ်အကြေးတို့သည်လည်း များကုန်၏။
မြွေပွေးမြွေဟောက် မထိစောက်သို့ ဆိပ်တောက်ခိုးလျှံ လွန်ပြင်းထန်သော မာန်မာန ဒေါသတည်းဟူသော အညစ်အကြေးလည်း များကုန်၏။ လကွယ်သန်းခေါင် မိုးမှောင်တိမ်တိုက်၊ မနှိုင်းထိုက်အောင်၊ မိုက်မဲတွေဝေစေတတ်သော မောဟတည်းဟူသော အညစ်အကြေးလည်း များကုန်၏။ ဤသို့ အပါယ်လေးပါး လားအံ့သော အကြောင်းတရားများခြင်းကြောင့် ချမ်းသာခြင်း၏အကြောင်းဖြစ်သော ငြိမ်းခြင်းဥပမေ၊ ရေကဲ့သို့သော အကြင်ကောင်းမှုတို့ကို စင်စစ်ပြုသင့်ပြုအပ် ပြုထိုက်လှပေပြီ။
အကြင်ကောင်းမှုကံတို့ကို ပြုပြီး၍ သေခြင်းကင်းသော နိဗ္ဗူတစ်ဘက်ကမ်းသို့ စင်စစ် ငါသည် ကူးပေတော့အံ့ဟု နှလုံးသွင်းကုန်လော့။
(၂) အထတြချီဂါထာ
“အထတြဗျာပါဝေပူဇာ၊ မလေမမှာလာဘာမာ၊
ဗန္ဓီဗန္ဒာတရကာတ၊ မံစေကာဝေလာဝေဘောလာ။”
“အထပ်တရာ၊ ဗျာပါဝေပူဆာ။ မလေးမမှာ လာပါမလား၊ ဖန်တီးဖန်တာ၊ တရကာ၊ တမန်စေကာ၊ ဝေလာ ဝေးပေါ့လား။”
အိုလူများတို့ ဤသံသရာ ဝဋ်ဆင်းရဲ ဝဲသြဃထဲ၌ စိုးရိမ်သောက ဗျာပါရများအောင် နှောင်ဖွဲ့တတ်သောရုပ်နာမ်တို့ကို ရခြင်းသည် နှောင်ဖွဲ့တတ်သော ကိလေသာ ထောင့်ငါးရာ အကုသိုလ်တရားဟူသော အညစ်အကြေးတို့ကြောင့် စင်စစ်ဖြစ်ရကုန်၏။ ကာမဂုဏ်ငါးပါးကို ရခြင်းသည် အမိုက်အတိသာတည်း။ တစ်ယောက်ထီးထီးသာလျှင် အဘယ်အကျိုးရှိအံ့နည်း။ ထို့ကြောင့် ကိလေသာဟူသော အညစ်အကြေးတို့ကို ရိတ်ဖြတ်တတ်ကုန်သော ပူဇော်ထိုက်သော ရတနာသုံးပါးတို့အား ပူဇော်သည်ဖြစ်၍ ခေမာသောင်ကမ်း နိဗ္ဗူတစ်ဘက်ကမ်းသို့ ကူးလေကုန်။
(၃) တရေရေချီဂါထာ
“တရေရသာမလေတံကာ၊ သနာဇရာဝံမှာပူရေ၊
ဗလီဗလာမတပ်ပါတွေ၊ ကာဝေကာခွေကာကမ္မိယေ။”
“တရေးရေးသာ၊ မလေးတမ်းကာ၊ သနားစရာ ဝမ်းမှာပူရေး၊ ပလီပလာ၊ မတတ်ပါ၊ တွေကာ ဝေကာ ခွေကာ၊ တမ်းမိရေး။”
အချင်းတို့ အစမထင် သံသရာဘဝ ရှေးကာလ၌ အင်အားကြီးမား ကိလေသာတည်းဟူသော အညစ်အကြေးတို့ကို အင်အားနည်းအောင် လုံ့လမထုတ်ကုန်သောကြောင့် နေရာလောက စိတ်နှင့်တကွ သင် သူတော်ကောင်းတို့၏ ထိုခန္ဓာငါးပါးဟု ဆိုအပ်သော ရုပ်နာမ်တရားသည် အကျိုးမရှိ ဖြစ်ကုန်၏။ အဖန်တလဲလဲ သေရလှလေပြီ။
ထို့ကြောင့် ကိလေသာ ပျို့အန်အပ်သည်ဖြစ်၍ ထိုခန္ဓာငါးပါး ရုပ်နာမ်တရားသည် စင်စစ် တစ်ယောက်ထီးထီးသာလျှင် ဖြစ်ချေ၏။ သင် သူတော်ကောင်းတို့သည် တစ်ယောက်တည်းနေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ တစ်ယောက်တည်းနေ၍ အဖန်တလဲလဲ သေရသည်ထက် ကိလေသာကို ပျို့အန်သည်ဖြစ်၍ သံသရာဝဋ်မှ ကူးလေကုန်လော့။
(၄) တံကာယံ ကာချီဂါထာ
“တံကာယံကာမရေ မရာ၊ လံဍာကဝေတွေဝေကာ ဖေ၊
လေလေလေလေမလေကံသာ၊ ကမ္ဘိဂ်ဟါတွေမှာဘိဇရာ။”
“တမ်းကာ ယမ်းကာ၊ မရေမရာ၊ လမ်းတာကဝေး။ တွေဝေကာဖေး၊ လေလေလေလေး။ မလေကံသာ။ ကုန်ပီကဟား တွေးမှားဘိစရာ။”
အချင်းတို့ ခန္ဓာကိုယ်သည် စင်စစ် ဟင်းရွက်ဖတ်ကဲ့သို့သာတည်း၊ ခွေးနှင့်လည်း တူ၏။ မစင်ထည့်သောအိုးနှင့်လည်း တူ၏။ သင် သူတော်ကောင်းတို့ကို ကိလေသာတည်းဟူသော ဘင်ပုပ်ဖြင့် လိမ်းကျံကုန်ပြီ၊ မီးရောင်နေလ မထွန်းပနိုင်သော မောဟတည်းဟူသော တွင်းရာလိုဏ်ဝလည်း ဖြစ်ကုန်ပြီ။ ဗရမ်းပတာပလွှားစေတတ်သော မာနအမျက် ထောင်လွှားခြင်းရှိသည်လည်း ဖြစ်ကုန်ပြီ။
အပါယ်လေးပါး လားစေတတ်သော အကုသိုလ်တည်းဟူသော အကြောင်းရင်းလည်း ရှိကုန်ပြီ။ အဖန်တလဲလဲ အိုရလှ လေပြီ။ အဖန်တလဲလဲ သေရလှလေပြီ။ အဖန်တလဲလဲ အိုရနာရသေရသောကြောင့် သင်သူတော်ကောင်းတို့သည် ဤသံသရာဝဋ်၌ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ သံသရာတည်းဟူသော အညစ်အကြေး မစင်တွင်း၌ အဘယ်မှာလည်း ချမ်းသာ စင်စစ်ရှိအံ့နည်း။ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဝိရိယတည်းဟူသော တက်မကို မြဲစွာ ကိုင်ဖမ်းတက်လှမ်းခြင်းငှာ သင့်လှပြီ။
(၅) သတီဗလီချီဂါထာ
“သတီဝလီခဒီဝတီ၊ ကသီကရီမမှီတမှီ၊
မဋ္ဌီတရီဗလီဗလာ၊ နဝေနဝါဗလေဘဇာ။”
“သတီဗလီ၊ ခဋီဝတီ၊ ကသီကရီ၊ မမှီတမှီ၊ မထီတရီ၊ ဗလီဗလာ၊ နဝေနဝါ၊ ဗလေဘဇာ။”
သင်သူတော်ကောင်းတို့၌ ခွန်အားကြီးသော ကိလေသာတည်းဟူသော ရန်သူသည် တည်ရှိနေလေပြီ။ ထို့ကြောင့် ရှားစောင်းရန်းနှင့်တူသော ခွန်အားကြီးမားသော သတိကို ပြုကုန်မှသာလျှင် ချမ်းသာစင်စစ် ဖြစ်ပေတော့အံ့။ ထို့ကြောင့် လောကုတ္တရာတရားကိုးပါးတို့ကို ရလိုသည်ရှိသော် လောကုတ္တရာကိုးပါး၌ အားထုတ်နေသော သူတို့ကို ဆည်းကပ်ကြကုန်လော့။
(၆−၇) သဒေသဒါချီဂါထာ
သန္ဓေသဒါမရေမရာ၊ ပတေပတာ မသေမချာ၊
မနေမသာဗန္ဓီဗန္ဓာ၊ မလိန္တမာကလိံ ကမာ။
“သဒေသဒါ၊ မရေမရာ၊ မတေပတာ၊ မသေမချာ၊ မနေမသာ၊ ဗန်တီဗန်တာ၊ ကလိန်ကမာ၊ မလိန်တမာ။”
အချိမ္မလာပြီချီဂါထာ
အချိမ္မလာပြီမာယာကာ၊ ကာလသာဆမ္ဗုမယုံသာ။
ချိန္တံမလာတံကာတရ၊ ဘိလေပံကာတရဘိလေ။
“အချိန်မလာပြီ၊ မာယာကား၊ ကာလသား၊ ဆန်းပြားမယုံသာ၊ ချိန်တန်မလာ၊ တမ်းကာတ, ရဘိလေး၊ ပန်းကာတ, ရဘိလေး”
စိမ်းချဉ်သော အနံ့ရှိသော နီဝရဏတရားခြောက်ပါးတို့သည် အသက်ကို အဖန်တလဲလဲ သေခြင်းသို့ ဆောင်ကုန်အံ့ဟူ၍ ငြိုးထားမျက်မာန် ကြိမ်းထန်ဘိသကဲ့သို့ မုဆိုးခွေးနှင့်တူ၏။ လှည့်ပတ်တတ်သော နီဝရဏတရားတို့သည် အစဉ်အတိုင်း ရှုံးစေစိုက်မဲစေလှလေပြီ၊ မိုက်စေဦးအံ့၊ အဖန်တလဲ နှောင်ဖွဲ့စေလှလေပြီ၊ အဖန်တလဲလဲ နှောင်ဖွဲ့စေဦးအံ့၊ အခါခပ်သိမ်း ပဋိသန္ဓေနေ စေခဲ့လေပြီ၊ ပဋိသန္ဓေနေစေဦးအံ့၊ အဖန်တလဲလဲ သေစေလှလေပြီ၊ အဖန်တလဲလဲ သေစေဦးအံ့၊ အဖန်တလဲလဲ အပါယ်လေး ရွာသို့ ကျရောက်စေခဲ့လေပြီ၊ နောင်လည်း ကျစေဦးအံ့။
ကမ္ဘာသင်္ချေရေတွက်၍ မကုန်နိုင်အောင် အပါယ်လေးရွာသို့ ရောက်စေဦးအံ့၊ နေလင့်စေဦးဟု ငြိုးထားမျက်မာန် ကြိမ်းထန်ဘိသကဲ့သို့ ဖြစ်သောကြောင့် ငရဲခွေးနှင့်လည်း တူ၏။ အညစ်အကြေးအတိသာတည်း။
အကျိုးမဲ့လေသောကြောင့် ပညာရှိသူတော်ကောင်းတို့သည် လွန်စွာ ပုန်းအောင်းရာဖြစ်သော ကိလေသာတို့၏ကုန်ရာ ဖြစ်သော နိဗ္ဗာန်ပြည်မ ဒုက္ခ၏အဆုံးသို့ အကြင်ကြောင့် ကူးတော်မူလေကုန်ပြီ။ ထို့ကြောင့် သင်သူတော်ကောင်းတို့သည် သံသရာတည်းဟူသော အညစ်အကြေး၌ အကျိုးမရှိသည်ဖြစ်၍ လွန်စွာ ပုန်းအောင်းရာဖြစ်သော ကိလေသာတို့၏ကုန်ရာဖြစ်သော နိဗ္ဗာန်ပြည်မ ဒုက္ခ၏အဆုံးသို့ ကူးလေကုန်လော့။
(၈) သာသာယူချီဂါထာ
“ဘာသာယူတံမနမ္ပာယ၊ ပံဂုံဂမံစာသရက္ခံ၊
အန္တုပသင်္ကာမတင်္ကာ၊ တတ္တပေါပျာလတ္တဖေလေ။”
“သာသာယူထမ်း၊ မနန်းပါရ၊ ပန်းကုံကမံ၊ စာသရက္ခန်၊ အန်တုပသင်္ကာ၊ မတင်ကာ တတ်တပေါ့၊ ဗျာလပ်တဖေလေး”
သင်သူတော်ကောင်းတို့သည် မိမိကိုယ်ကို ကောင်းသောအကျင့်ရှိသည် ဖြစ်၍သာလျှင် နိဗ္ဗာန်တည်းဟူသော ပုန်းအောင်းရာသို့ ရောက်စေတတ်သော ဝိရိယတည်းဟူသော တက်မကို ကိုင်စွဲခြင်းငှာ သင့်လှပြီ၊ ထို့ကြောင့် အပါယ်လေးရွာသို့ ရောက်စေတတ်သော နွားနှင့်တူသော မိမိစိတ်ကို ပညာဖြင့် ဆုံးမ၍ ဟောတော်မူသော ဒေသနာတော်မြတ်အတိုင်း မမြဲခြင်း တရားကို အစဉ်မပြတ် အောက်မေ့ကုန်လော့။ ထိုသို့ အောက်မေ့သည် ဖြစ်မူကား အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း။ နိဗ္ဗာန်ပြည်မ ဒုက္ခ၏အဆုံးသို့ ကပ်ရကုန်သည်သာလျှင်တည်း။
(၉) အနိစ္စချီဂါထာ
“အနိစ္စဒုက္ခအနတ္တာ၊ မတာလက္ခဏံ ရေသီလံ၊
ဖံတရာထူရမနိဗ္ဗူတာ၊ ခေမာကံတန္တောမယေ။”
“အနိစ္စာ ဒုက္ခာ အနတ္တာ၊ မတာလက္ခဏံ၊ ရေသီလံ၊ ဖန်တရာ ထူရမှ၊ နိဗ္ဗူတာ ခေမာကမ်းကို တမ်းတော့မလေး”
အချင်းတို့ သံသရာတည်းဟူသော အညစ်အကြေး၏လက္ခဏာကား တုန်လှုပ်တတ်၏။ အမြဲမယှိ၊ ဆင်းရဲ၏၊ ကိုယ် မဟုတ်၊ အဖန်တလဲလဲ သေတတ်၏၊ နိဗ္ဗာန်တရား၏လက္ခဏာကား ချီးမွှမ်းဘွယ်ရှိ၏၊ နှလုံးမွေ့လျော်ဘွယ်ရှိ၏၊ ငြိမ်းစွတကား။ ဘေးလည်းမရှိ၊ ချမ်းသာစွာ့တကား။ သေခြင်းလည်း ကင်း၏၊ ထိုကြောင့် ထိုနိဗ္ဗာန်သို့ ကူးလေကုန်လော့။
(၁၀) ကထ ကရချီဂါထာ
“ကထကရခယဝရ၊ မမဝမ္မာမတံတဇိ၊
နံပိခ္မံဆေဒမ္မတူလာ၊ မလာရက္ခတြာခံဂ္ခတေ။”
“ကထကရ၊ ခယဝယ၊ မမဝမ်းမှာ၊ မတန်တစိ၊ နမ်းဘိခမန်း၊ ဆေးဒါန်းမတူလာ၊ မလာရက်ချာ၊ တရားခန်းက မလေး”
ပိဋကတ်သုံးပုံတည်းဟူသော စကားကိုပြုတော်မူတတ်သော၊ ကိလေသာလည်း ကုန်ခမ်းတော်မူပြီးသော လူသုံးပါးတို့၏ ပူဇော်ရာလည်း ဖြစ်တော်မူသော သေခြင်းလည်း ကင်းတော်မူပြီးသော မာန်ငါးပါးကိုလည်း အောင်တော်မူပြီးသော အဝိဇ္ဇာ တဏှာ စသောသံသရာ၏ အကန့်ကိုလည်း ဖျက်ဆီးတော်မူပြီးသော ဤသံသရာ ဝဋ်ဆင်းရဲ ဝဲသြဃမှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ ရောက်တော်မူပြီးသော ဗုဒ္ဓရှင်မြတ်ကြီးအား ရှိခိုးပါ၏။
(၁၁) ဇလီလေသာချီဂါထာ
“ဇလီလေသာခံကတကာ၊ ဗျာပါမာယာတတြာမျာယ၊
ပူဇာပူဇာနေမသာခွေ၊ ကာခွေကာလေသာခံဝက။”
“ဇလီလေသာခန်းက တကာ၊ ဗျာပါမာယာ၊ ထပ်တရာ များရ၊ ပူဆာ ပူဆာ မနေသာ၊ ခွေကာ ခွေကာ၊ လေသာ ခန်းဝက”
ဤသံသရာဝဋ်ဆင်းရဲ ဝဲသြဃ၌ ငါ၏ခန္ဓာကိုယ်သည် စိုးရိမ်သောက ဗျာပါရများရအောင် လှည့်ဖျားတတ်သော ကာမဂုဏ်ချမ်းသာကို ခံစားသုံးဆောင်နေခြင်းကြောင့် ငရဲမီးလျှံတို့ဖြင့် အဖန်တလဲလဲ တောက်လောင်လှလေပြီ၊ အကြင်ကာမ ဂုဏ်တရားသည် အဘယ်မှာလည်း။ ချမ်းသာစင်စစ် ရှိအံ့နည်း။ ထို့ကြောင့် နိဗ္ဗာန်ပြည်ခိုင်၊ နန်းမုတ်လိုဏ်သို့ ဤခန္ဓာကိုယ်ကို မရောက်မနေ ဆောင်ပေအံ့ဟူ၍ နှလုံးသွင်းကုန်လော့။
(၁၂) သူပေသိမချီဂါထာ
“သူပေသိမဖေလတွေကာ၊ သူဇာမူာဂူဟာနံက၊
လာလံစေသာတံမိဂါဖေ၊ လေမလာခံသာလင်္ချိလေ။
“သူပေသိမ၊ ဖေလတွေးကာ၊ သူဇာ မူယာ ဂူဟာနန်းက၊ လာလမ်းစေသာ တမ်းမိကာ၊ ဖေလေး မလာ၊ ခန်းသာ လင်းချဥ့်လေ”
အထီးထီးသာလျှင်ဖြစ်သော ရေမြှုပ်စိုင်နှင့်တူသော ငါ၏ခန္ဓာတည်းဟူသော သားတစ်သည် ကာမဂုဏ်အာရုံငါးပါးတည်းဟူသော အကြောင်းကြောင့် မြေကြီးအဖြစ်နှင့် ခံရမည်ကား များလှလေပြီ၊ နတ်ရွာဘုံပြိုင်၊ ဓမုတ်လိုဏ်၌၊ လှပရင်သွေး၊ ယဉ်ကျေးမူယာရှိသော သူဇာနတ်သမီးပင် ဖြစ်သော်လည်း အညစ်အကြေး အတိသာတည်း။
လူသားပကတိ မိန်းမတို့သည်ကား အဘယ်ဆိုဘွယ်ရာ၌ ရှိအံ့နည်း။ မြိုင်ရပ်တောခွင် သမင်မနှင့်လည်းတူ၏၊ ရေမြှုပ် စိုင်ကဲ့သို့သော ရူပက္ခန္ဓာတည်းဟူသော သားတစ်မျှဖြစ်၍ အညစ်အကြေး အတိသာတည်း။ ကျင်ကြီးကျင်ငယ်၊ ရွံဖွယ်များစွာ၊ ဝမ်းလေပါလျက်၊ နားဖါမျက်ချေး၊ နှာခေါင်းဖေးနှင့်၊ နှပ်စေးနှာရည်၊ သရီရချေး၊ ချေးနှင့်တံတွေး၊ ချွေးခန်းသလိပ်၊ ယိုဖိတ်စီးကျ၊ ကိုးဒွါရက၊ များစွအပုပ်၊ နေ့တိုင်းထုတ်လျက်၊ စက်ဆုပ်ဖွယ်ရေး၊ အထွေးထွေးနှင့်၊ ညစ်ကြေးအတိသာတည်း။
ထို့ကြောင့် တစ်ထောင့်ငါးရာကိလေသာတို့ကို ကုန်စင်အောင် ရိတ်ဖျက်လျက် နိဗ္ဗာန်တည်းဟူသော အမတံ၊ မနာ မအို မသေရာ အရပ်သို့ သွားခြင်းငှာ သင့်ပြီဟူ၍ နှလုံးသွင်းကုန်လော့။
(၁၃) ဖေဖေလေချီဂါထာ
“ဖေဖေလေစိန္တလဘိံမု၊ ဏ္ဍောဗာမထီပီလာရသာ၊
ဋ္ဌာတိတ္တင်္ခင်္ခင်္ဂကျင်္ကျ၊ င်္ကလာဦဖေဖူပါယောဖျာ။”
“ဖေဖေလေ စိမ်းတလ၊ ပိန်းမုန်းတော့ ဘာမထီ၊ ပီလာရသား၊ ထားထိပ်တင်၊ ခင်ခင်က ကြင်ကြင်က၊ လာဦးပေ့၊ ဖူးပါရော့ဖျား။”
လွန်စွာဝီရိယတည်းဟူသော တက်မလည်း ရှိတော်မူသော၊ နိဗ္ဗာန်တည်းဟူသော ဧးငြိမ်းရာလည်း ရှိတော်မူသော၊ ဗုဒ္ဓ မြတ်စွာ၏ သီလဆောက်တည်ရခြင်းတည်းဟူသော အရသာသည် ဥက္ခောင်းပြည်း၍ နေရခြင်းသည် မကောင်းမှုကို ရိတ်ဖြတ် တတ်သောကြောင့် ပစ္စုပ္ပန်သံသရာ အကျိုးနှစ်ပါးကို ရ၏။ ကာမဂုဏ် အာရုံငါးပါးတည်းဟူသော အညစ်အကြေးသည် အဘယ်မှာလျှင် ပစ္စုပ္ပန်သံသရာအကျိုး နှစ်ပါးကို ရအံ့နည်း။ ဟာလာဟင်းလင်း အချည်းနှီးသာတည်း။
ထို့ကြောင့် ဝီရိယဟူသောတက်မကို မကိုင်မစွဲ ဖယ်လွှဲသည်ရှိသော် အပါယ်လေးပါး အစာသာတည်း။ သင်သူတော် ကောင်းတို့သည် ဤသို့သိလေကုန်လော့။
ကဲ ဦးဇင်းပြောတာထက် အဆသိန်းသန်း ပိုကောင်းတယ် မဟုတ်လား။ နောက် မြန်မာလို တမ်းချင်း စောင်းချင်းကို မြန်မာစာနဲ့ မရင်းနှီးသူတွေ အကြမ်းဖျင်း နားလည်အောင် ရေးပြရရင်−
အသက်ကြီးမှ ချစ်သူမောင်လေး တစ်ယောက် ရထား။ ကိုယ့်ဆရာက လာတစ်လှည့် မလာတစ်လှည့်။ မမလေးမှာ မျှော်လိုက်ရတာ လည်ပင်းကို ညောင်ရေအိုးဖြစ်လို့။ စိတ်မပျက်ပါဘူး။ အတွေးလေးတွေနဲ့ ဆက်ဆက်သာမျှော်။ ကြာလာတော့ အတွေးတွေနဲ့ စိတ်ပင်ပန်း။ မောင်မောင်လေးကို စိတ်တွေကုန်လာ။ ငါ့နှယ် လွမ်းနေမယ့်အစား လက္ခဏာရေးသုံးပါးကို ဆင်ခြင်ပြီး နိဗ္ဗာန်လမ်း တက်လမ်းနိုင်အောင် လုပ်မှ ဒီအလွမ်းတွေ ပျောက်မယ်။ သေချင်းဆိုး ကျောက်ဆိုးပေါက်လေး လာချင်လာ မလာချင်နေတော့။ လွမ်းမနေတော့ပေါင်။ ဒါပေမဲ့ မရပါဘူး။ ပေးဘူးတဲ့ အနမ်းတွေ ပြန်ပြန်ပေါ်လာပြီး လွမ်းရပြန်တာပါပဲ။ လေသာခန်းဝကနေ မျှော်ကြည်မိပြန်တော့ အင်း သေနာလေး ရောက်လာပြန်ရင်တော့ တွေ့ခွင့်ပေးရမှာပဲ။
အဲသလို မျှော်တော်ယောင် အမျိုးသမီးတစ်ဦးရဲ့ တမ်းချင်းလို့ပဲ အကြမ်းဖျင်း ဘာသာပြန်နိုင်မယ်။ ဆရာတော်ဘုရားကြီး ရေးထားတဲ့ မူရင်းမြန်မာတမ်းချင်းထက် ပိုကောင်းအောင် စကားပြေပြန်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ အထူးသဖြင့် စကားလုံးကျစ်လစ်မှုနဲ့ စကားလုံးစီးဆင်းမှုမှာ နုညံ့လွန်းတဲ့ အသံပါတယ်။ ခပ်ဆတ်ဆတ်လေး ရွတ်ရတဲ့ ပါဠိအသံနဲ့ ပြောင်းပြန်ပါပဲ။ အဲဒီအသံကို စကားပြေမှာ ထည့်ဖို့ကြတော့ မလွယ်လောက်ဘူး။
ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အမျိုးသားရေး လက္ခဏာတွေ ဆိုတာက မတူတဲ့လူတွေနဲ့ သွား,သွားပြီး ယှဉ်ပြိုင် နှိင်းယှဉ် သူနိုင်ကိုယ်နိုင် ငြင်းဖို့ မဟုတ်ဘူးထင်တယ်။ မြတ်နိုးတတ်ဖို့ တန်ဖိုးထားတတ်ဖို့ ရင်ထဲ အသဲထဲမှာ ထာဝရ သိမ်းဆည်းထားဖို့ အတွက် ဖြစ်မယ်ထင်တယ်။ ကိုယ့်ဥကို ဥမထင်ဘဲ ပစ်စလခတ် ပစ်ထားပြီးမှ သူများ တက်နင်းသွားမှ အသံသေး အသံညှောင်နဲ့ ထ, ထအောင်မနေနဲ့။ ဟုတ်သာလဲ ဟုတ်ဘဲနဲ့။
(မှတ်ချက်။ ။ မူရင်းသတ္တောဝါဒီကျမ်းကို မဖတ်ဘူးပါ။ မြန်မာစာညွန့်ပေါင်း ဒုတိယတွဲ စာမျက်နှာ ၁၇၂မှ ၁၇၉ထိရယ်။ နောက် ၁၉၇ဝ-ခုနှစ်၊ မတ်လထုတ် သွေးသောက်မဂ္ဂဇင်း မှာပါတဲ့ ဆရာကြီး ဒဂုဏ်ထွန်းရဲ့ “ဆယ်လွန်းတင်လင်္ကာ” ဆောင်းပါးကို စာရိုက်တင်ပေးထားတဲ့ ရှမ်းရိုးမ ဝပ်ဆိုက်က PDFရယ်ကို နှစ်ခုပေါင်းပြီး ကော်ပီလုပ်တာပါ။ သတ်ပုံသတ်ညွှန်းနဲ့ အဖြတ်အတောက်က မြန်မာစာညွန့်ပေါင်း အတိုင်းပါ။)

0 comments:
Post a Comment