မင်းဒင်ရဲ့သက်ခိုင် (၂) အခန်း(၄၁) ကိုသက်ခိုင်ပြောသော ဘားလား၏ပုံပြင်များ။
“ဟိုတစ်ညက ပါတောင်ကမ်းခြေ၊ ကထိုးရဲစခန်းရှေ့မှာ နတ်မိမယ်တွေဆန္ဒပြကြတယ်ဆိုပဲ”
ဖူးခက်မြို့ကြီးကို ထလန်၊ ကထိုး၊ ဖူးခက်မြို့မနှင့်ဝီချစ်ဟူ၍ နယ်မြေလေးပိုင်းခွဲခြားထားရာ ပါတောင်ကမ်းခြေသည် ကထိုးအပိုင်ဖြစ်၏။ ထိုကြောင့်ပါတောင်ကမ်းခြေတွင် ရုံးစိုက်သော ရဲစခန်းကို ကထိုးရဲစခန်းဟုပင်ခေါ်ဝေါ်သည်ကို ကျနော်သိသည်။
နတ်မိမယ်ဟူသော စကားရပ်ကိုအနည်းငယ်ရိပ်စားမိသော်ငြား သူ့စကားအဆက်အစပ်ကို ကျနော်နားမရှင်းလှချေ။
“ဘာတုန်းဗျ။နားရှင်းအောင်လုပ်စမ်းပါဗျာ”
“အော်၊ဆွိုင်ဘင်္ဂလာလမ်းက ယိုးဒယားအပျော်မယ်တွေဆန္ဒပြတာကိုပြောနေတာလေ”
သူဆိုလိုသော အပျော်မယ်ဆိုသည်မှာ ပါတောင်ကမ်းခြေဘင်္ဂလာလမ်းမှ ယိုးဒယားပြည့်တန်ဆာများကို ရည်ညွန်းလေရာ သူပြောကာမှ ကျနော့်ခေါင်းထဲသို့ဆွိုင်ဘင်္ဂလာ လမ်းအကြောင်းရောက်လာသည်။တိုတိုပြောရလျှင် ဘင်္ဂလာလမ်းသည်ကာမဂုဏ်လမ်းသွယ် တစ်ခုအဖြစ် နာမည်ကြီးလှ၏။ဖူးခက်ကမ်းခြေ နှင့်မျဉ်းပြိုင်ဖြစ်နေသော လမ်းမကြီးနှစ်ခုကို ဆက်သွယ်ထားသော လမ်းတိုလေးဖြစ်၍ မီတာတစ်ရာ့ငါးဆယ်မျှ သာရှိနိုင်သော်ငြား မွေ့ပျော်ဖွယ်ရာစုံလှသောကြောင့် ကမ္ဘာကျော်သည်။ နိုက်ကလပ်မျိုးစုံ၊အဖော်အချွတ်၊ စင်တင်ကာမဂုဏ်ရှိုးပွဲ၊ တိုင်ပတ်အက၊လက်ဝှေ့ရုံ၊မူးယစ်ဆေးဝါး၊လောင်းကစားဝိုင်း၊ကာမအားတိုးဆေးမျိုးစုံ၊ယမကာမျိုးစုံအပျော်မျိုးစုံ ရနိုင်လေရာ ဖူးခက် ရောက်ပုရိဿတို့ မလွတ်တမ်းသွားသင့်သည်နေရာအဖြစ် နာမည်ကြီးသည်။
ထူးခြားသည်ကား ဘင်္ဂလာလမ်းသည် နေ့လယ်ခင်း အချိန်တွင် ဘာမျှမထူးခြားသည့်လမ်းအသွင် သူမဟုတ်သလိုဟန်ဆောင် ကောင်းလှသည်။ ညခုနစ်နာရီမှသည် နောက်တစ် နေ့ နံနက်သုံးနာရီအချိန်အတွင်းတွင်မူ အသူရကယ်ဘုံအဖြစ်ပြောင်းလဲသွားပြန်သည်။ ညလုံးပေါက်နန့်ကြောဆွဲခဲ့သော ဆွိုင်ဘင်္ဂလာ သည်နောက်တစ်နေ့တွင် ဣနြေ္ဒကြီးသော အပျိုစင်တစ်ဦးနှယ်ရှိနေပြန်သည်မှာ ကျနော့်ကိုယ်တွေ့ဖြစ်၏။
တစ်ခုသောနှစ်သစ်ကူးဒီဇင်ဘာ(၃၁)ရက်နေ့ညတွင် ဆွိုင်ဘင်္ဂလာလမ်း၌ ကျနော်ရှိနေခဲ့ရာ အဆိုပါလမ်းတိုလေးသည် ခြေချစရာနေရာ မရှိအောင်ပင် နိုင်ငံတကာဧည့်သည်တို့ဖြင့် တိုးမပေါက်အောင်စည်ကားပြည့်ကျပ်နေခဲ့သည်။နှစ်သစ်ကူးချိန်နောက်ဆုံးစက္ကန့်(Final count down) ရေတွက်ပြီးချိန်တွင် ဖောက်ခွဲလိုက်ကြသောဗျောက်အိုးသံတို့မှာ နားကန်းမတတ်ရှိခဲ့ပြီး ဗျောက်အိုးစက္ကူစုတ်များမှာ ခြေမျက်စိဖုံးလုနီး သည်အထိ ဖြစ်ခဲ့ဖူးသည်ကို ကျနော်ကြုံဖူးသည်။ထူးခြားစွာစည်ကားလှသဖြင့် နောင်သော်ဖူးခက်သို့ လာရောက် လည်ပတ်သည့်မိတ်ဆွေတို့အား စိတ်ပြေလက်ပျောက် ဗဟုသုတအလို့ငှာ အဆိုပါနိဗ္ဗာန်ဘုံလမ်းသွယ်သို့သွားသင့်ကြောင်း ကျနော် အကြံပြုမိသည်အထိဖြစ်ရ၏။
အဆိုပါ ဆွိုင်ဘင်္ဂလာလမ်းသွယ်မှ ယိုးဒယားအပျော်မယ်တို့၊ ကထိုးရဲစခန်းရှေ့တွင် အဘယ် အတွက် စုရုံးဆန္ဒပြကြသည်ကို ကျနော်နားမရှင်း ပြန်ချေ။
“ဘာကိစ္စဆန္ဒပြကြတာတုန်းဗျာ။ထိုင်းစစ်တပ်က အာဏာသိမ်းထားတဲ့ အချိန်ကြီးမှာ ဖမ်းဟယ်ဆီးဟယ်တွေဖြစ်မကုန်ဘူးလား”
“အော်။အာဏာသိမ်းလို့ဆန္ဒပြကြတာတဲ့ဗျို့။ပြည့်တန်ဆာအခွင့်အရေးချက်ချင်းပေးဆိုပါတော့ကိုမင်းဒင်ရာ။ ညမထွက်ရအမိန့်ကာဖျူးမိန့် ထုတ်ထားလေတော့ ညမှောင်မှ အလုပ်ဖြစ်တဲ့ ညဥ့်ငှက်တွေ စားကျက်ပျောက်ကုန်ကြတာပေါ့။ဒီမှာတင် ကာဖျူးအမိန့်ချက်ခြင်း ရုပ်သိမ်း ပေးဖို့ ဆန္ဒထုတ်ဖော်ကြရောပေါ့။
တိုက်ဆိုင်တယ်ပဲဆိုရမလား။ထိုင်းစစ်အစိုးရကပဲနားလည်မှုရှိလေသလား မဆိုနိုင်ဘူး။အဲဒီဆန္ဒပြပွဲ အပြီး လေးဆယ့်ရှစ်နာရီအကြာ၊ ပတ္တယား၊ကော့စမွေနဲ့ ဖူးခက်မှာ ကာဖျူးအမိန့်ရုပ်သိမ်းသွားခဲ့ရောလားဗျာ။ ရွာတည်ရင် အဝှာသည်ရှိ ရတယ်လို့ အတည်လိုလို ရွှတ် နောက်နောက်လိုလိုကြားခဲ့ဖူးတာ။ဖူးခက်မှာတော့ ပြည့်တန်ဆာဟာ မရှိမဖြစ်ဗျ”
ကိုသက်ခိုင်စကားရွှင်နေသော်ငြား ကျနော့်စိတ်တွင်မူ ထိုင်းစစ်တပ်အာဏာသိမ်းကာလအတွင်း ကျနော်အပါအဝင်ဗမာအလုပ်သမားတို့ ရှေ့ဆက်ရမည့်ခရီးအတွက်ရင်လေးနေမိသောကြောင့် ကျနော်မျက်နှာထားတည်တည်ဖြင့် မေးခွန်းထုတ်လိုက်မိသည်။
“ဒီမိုကရေစီနိုင်ငံတွေမှာ ဆန္ဒပြတဲ့အလုပ်က တကယ်တမ်းအလုပ်ဖြစ်တယ်လို့ခင်ဗျားထင်သလားကိုသက်ခိုင်”
“ရော။ ဥာဏ်စမ်းပဟေဠိထုတ်နေပြန်ပါပြီကော။ခင်ဗျားကအတည်ပေါက်မေးတော့လဲဖြေရသေးတာပေါ့ဗျာ။ခင်ဗျားမေးတဲ့မေးခွန်းထဲက ဒီမိုကရေစီနိုင်ငံဆိုတာ ဘယ်နိုင်ငံတွေလဲ။အရှေ့လား၊အနောက်လား၊ဥရောပလား၊အာရှလား။ဒီမိုကရေစီရေး၊လူ့အခွင့်အရေးတွေမှာ သမိုင်းဖြစ်စဉ်တွေကိုဖြတ်သန်းမှု၊တစ်ဦးချင်းတာဝန်သိမှုအလေ့အကျင့်၊တွေးခေါ်မြော်မြင်ပုံတွေအရအရှေ့ဟာအနောက်ကိုမယှဉ်နိုင်တာတော့သေချာတယ်။ဒီတော့ခင်ဗျားမေးခွန်းမှာအာရှနဲ့ဥရောပဘယ်နိုင်ငံရဲ့ဒီမိုကရေစီကိုဆိုလိုသလဲဆိုတာကွဲပြားဖို့တော့လိုလိမ့်မယ်။
ကျနော့်စိတ်ထင်၊စကားလမ်းကြောင်းအရခင်ဗျားဟာ ထိုင်းနိုင်ငံကို ဒီမိုကရေစီနိုင်ငံလို့ရည်ညွန်းချင်ပုံရတယ်။ ခင်ဗျားလည်းထိုင်းမှာ အထိုက်အလျောက်အနေကြာခဲ့ပြီပဲ။
သိသင့် သလောက်သိပြီးသားဖြစ်မှာပါ၊ပြည်သူအများစုရိုသေလေးစားတဲ့ ထိုင်းဘုရင်ကြီးနဲ့ သူ့မိသားစု၊ဘုရင်စံနစ်ကို ဆုံးခန်းတိုင်စေချင်တဲ့ ခေတ် ပညာတတ်တချို့၊နိုင်ငံရေးကျား ကွက်ရွေ့ရာမှာ တဖက်ကမ်းခတ်ပြီး ဆင်းရဲသားတောင်သူလယ်သမားတွေကို ကျောထောက်နောက် ခံယူထားနိုင်တဲ့သက်ဆင်ရှင်နာဝပ်ရဲ့အနီအုပ်စု၊ထိုင်းနိုင်ငံရေးမှာ သန့်ရှင်းစေချင်တယ်လို့ကြွေးကြော်ပြီး လူလတ်တန်းစားအများစု အမာခံထားတဲ့အဝါအုပ်စု၊ ထိုင်းစစ်တပ်၊မာဖီးယားနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အားပြိုင်နေကြတဲ့နိုင်ငံပါဗျာ။ဒီမိုကရေစီအခွင့်အရေးအပြည့်အဝရှိနေတဲ့နိုင်ငံမဟုတ်ပါဘူး။ဒါကြောင့်ထိုင်းနိုင်ငံမှာ ဆန္ဒပြတဲ့ အလုပ်ဟာ ထင်သလောက်အလုပ်မဖြစ်ဘူးဆိုရမယ်။
အထူးသဖြင့် ခင်ဗျားစကားအရိပ်အကဲအရ၊ခင်ဗျားရည်ညွန်းချင်နေတဲ့ ဗမာအလုပ်သမားတွေဆန္ဒပြဖို့ကိစ္စကို အိပ်မက်တောင်မမက်ပါလေနဲ့။ခင်ဗျားသိချင်သပဆိုရင် ဒီဖူးခက်မြို့မှာပဲ လူတွေသိပ်မသိလိုက်တဲ့ ဗမာအလုပ်သမားတွေရဲ့ဆန္ဒပြပွဲတစ် ခုကို ကျနော်ထဲထဲဝင်ဝင်ပတ်သက်ခဲ့ဖူးတဲ့အကြောင်းပြောပြချင်သေးတယ်။ ကိုယ့်ခွန်ကိုယ့်အားနဲ့ ရင်းပြီး ရိုးရိုးသားသားရှာဖွေ စားသောက်နေကြတာတောင် ဗမာအလုပ်သမားတွေဟာထိုင်းရဲနဲ့ထိုင်းအလုပ်ရှင်တွေကို မော်မကြည့်ရဲ တဲ့ဘဝမှာ ဒီဆန္ဒပြပွဲကတော့ ထူး ခြားတယ်လို့ဆိုနိုင်တယ်ဗျာ”
“အော်၊တယ်ဟုတ်ပါလား။ခင်ဗျားလည်းငယ်ငယ်က ဇ မကုန်သေးပဲကိုး”
“စွတ်မြောက်မနေနဲ့ကိုယ့်လူ။စကားကိုဆုံးအောင်နားထောင်ပါအုံး။ဒီဇာတ်လမ်းကို မပြောခင် ကျနော့်မိုက်ဖော်မိုက်ဖက်၊ ဟိန္ဒူကုလား လူမိုက် ဘားလားကြီးပြောဖူးတဲ့ပုံပြင်တစ်ပုဒ်၊ခင်ဗျားကိုပြောပြရအုံးမယ်။အရေးကိစ္စတစ်ခုအောင်မြင်ခြင်းရှုံးနိမ့်ခြင်းမှာ ကာလဒေသဟာ သိပ်အရေး ကြီးတဲ့အကြောင်းပေါ့ဗျာ”
“ခင်ဗျားပြောတော့ ဘားလားကြီးဟာလေးတန်းတောင်မအောင်ဖူးဆို။ဘယ့်နှယ်ခင်ဗျားလိုလူက ဘားလားကြီးပြောတဲ့စကားကို ရေးကြီး ခွင်ကျယ်လုပ်နေတာတုန်းဗျာ”
ထိုအချိန်တွင်ဂျိုးတစ်ယောက်စားသောက်ပြီးသည့်ပန်းကန်ခွက်ယောက်တို့ကို ဆေးကြောရန်သိမ်းဆည်းနေလေသဖြင့် စကားဝိုင်းမှာ ကိုသက်ခိုင်နှင့် ကျနော်နှစ်ဦးတည်းဖြစ်နေချေသည်။စင်စစ်ဂျိုးသည်ဖူးခက်တွင်နေထိုင်စဉ်ကာလအတွင်း ထိုင်းလုပ်ငန်းရှင်နှင့်နိုင်ငံ တကာဧည့်သည်တို့ ကိုသာ အကျွမ်းတဝင်ရှိခဲ့သူဖြစ်ရာ ဗမာရွေ့ပြောင်းအလုပ်သမားအရေးအရာများတွင်အလှမ်းဝေးနေသဖြင့် စကား ဝိုင်းကို စိတ်ဝင်တစားရှိပုံမရ။ထို့ပြင် ထမင်းဝိုင်းသိမ်းအပြီးတွင်စီးကရက်တလိပ်နှင့် အခန်းအပြင်မှာဇိမ်ကျနေချင်ပုံရပြီး ထမင်းစားခန်း အတွင်းသို့ပြန်ဝင်မလာခဲ့ချေ။
“မဟုတ်သေးဘူးဗျ။ ကျနော်လည်းအသက်နှစ်ဆယ်ကျော်ဝန်းကျင်တုန်းက ငါအကုန်သိတယ်လို့ထင်ခဲ့တာပါပဲ။လေးဆယ်ကျော် လောက်အရွယ်ရောက်လာတော့ ငါမသိတာတွေအများကြီးပါလားလို့တွေးလာတယ်။အခုငါးဆယ်ကျော်တဲ့အချိန် နိုင်ငံရပ်ခြားမှာ အနေကြာ ပြီးစဉ်းစားတွေးခေါ်တတ်တဲ့အချိန်ရောက်လာပြန်တော့ ငါဘာမှမသိသေးဘူးဖြစ်လာတယ်ဗျ။အမယ်၊ပြောနေရင်းတောင် ဘားလားကြီး ကျနော့်ကိုဆုံးမခဲ့ဖူးတဲ့စကားတစ်ခွန်းပြေးသတိရမိသေးတယ်။ဘာတဲ့။”ကျနော်တို့သိတဲ့အရာတွေဟာ လက်ဝါးပြင်ထဲက သဲတဆုပ်ပမာဏ သာရှိတာပါ၊ကျနော်တို့မသိသေးတဲ့အရာတွေက ဂဂါင်္မြစ်ကမ်းတစ်လျှောက်ကသဲထုပမာဏလောက်ရှိတယ်” ဆိုပဲ။ ဘားလားက ဟုတ်တိပတ်တိစာမတတ်လို့သာတော်တော့တယ်၊ သူပြောတာတွေက အလုံးကြီးတွေဗျ”
“ကဲပါဗျာ။ဘားလားပြောတဲ့ပုံပြင်ကိုဆက်စမ်းပါဗျာ။နားထောင်တဲ့သူမရိုးမရွဖြစ်အောင် အတော်လုပ်ချင်တဲ့သူပဲ”
“ခင်ဗျားလည်း ဗမာသိပ်ပီသတယ်ဆိုရမယ်။အလကားနေရင်းလောနေရမှ၊ပူပင်နေရမှ စားဝင်အိပ်ပျော်တဲ့လူစားမျိုးထင်ပါရဲ့။ ပြောနေပါ လျက်နဲ့ဇွတ်ကိုလောနေတော့တာပဲ။၁၉၉၅ခုနှစ်ဝန်းကျင် ကျနော်အသက်သုံးဆယ်ကျော်အရွယ်ကပေါ့ ။ သူနဲ့ကျနော် နှစ်ယောက်သား အရက်ဆိုင်မှာ အဖွဲ့ကျပြီး ဘူတာရုံလမ်းအတိုင်းမူးမူးနဲ့ ပြန်လာကြတော့ ဘူတာရုံလမ်းထိပ်ကနေ ဆိုက်ကားစီးပြန်ဖို့ သူကဆိုက်ကား ငှားတယ်။ ကျနော်က လမ်းလျှောက်ပြန်မယ်လို့ ဂျီကျပြီးရစ်တယ်။အမှန်က ဆိုက်ကားကိစ္စဟာ အဓိကမဟုတ်ဘူး။ဘူတာရုံလမ်းထိပ်က အောင်ဝင်းတို့အမျိုးတွေနဲ့ကျနော် ဒုတ်တပြက်ဓားတပြက်၊ငြိထားတာ မကြာသေးတာ ကြောင့်ဘားလားကြီးက စိတ်ပူပြီးမဖြစ်တန်တာ မဖြစ်အောင် ကြိုတင်တားဆီးတဲ့သဘောဗျ။
ကျနော်ကလည်း တက်လူအရွယ် အရက်ရှိန်လေးနဲ့မို့ “ခင်ဗျားကြောက်နေရင် တစ်ယောက်တည်းဆိုက်ကားစီးပြန်ပေတော့။ကျုပ်ကတော့ ဘယ်သူမှ သောက်ဂရုမစိုက် ဘူး”ဆိုတဲ့အချိုးနဲ့ပေါ့ဗျာ။ ဒီမှာတင် ဘားလား ကြီးက ကျနော့်ကို လွှတ်ကနဲ စကားတစ်ခွန်းပြောလိုက်တယ်။ “ဆရာ၊မိုက်တာ ကျနော်သိ တယ်။ဒါပေမဲ့ အချိန်နဲ့နေရာ ဆိုတာအရေးကြီးတယ်ဆရာရဲ့။နေရာနဲ့အချိန်ကောင်းရင် ဘီလုံးငှက်ကလေးက တောင်သိန်းစွန် ငှက်ကြီးကိုအနိုင်ရဖူးတယ်ဆရာ။ ကျနော်ကြည့်ဖူးတဲ့ ရှေးဟောင်းအိန္ဒိယကားထဲက ပုံပြင်တစ်ပုဒ်၊ ဆရာကိုပြောပြရ အုံးမယ်”ဆိုပြီး နိဒါန်းချီလိုက်တာ ကျနော် တောင်အမူးနည်းနည်းပြေသလိုဖြစ်သွားတယ်”
“သူဆက်ပြောတာက…
“ဒီလိုဆရာရဲ့။ဟိုးရှေးရှေးတုန်းက ဘီလုံးငှက်ကလေးတစ်ကောင်ခြုံပုတ်ပေါ်မှာနားနေတုန်း သိန်းစွန်ငှက် တစ်ကောင် ကောင်းကင်ကနေ ရုတ်ကနဲထိုးဆင်းလာပြီး စွေ့ကနဲသုတ်ချီသွားပါလေရောတဲ့။ဒီမှာတင် သိန်းစွန်ငှက်ရဲ့ ခြေထောက်ကြားမှာ ရောက်နေ တဲ့ဘီလုံးငှက်ကလေးဟာ “နေရာနဲ့အချိန်မမှန်လို့ ငါခုလိုဒုက္ခရောက်တာပဲ”လို့ ငြီးတွားရေရွတ်တာကို သိန်းစွန်ငှက်ကြားတော့ ..
”အောင်မယ် လောက်စာလုံးသာသာရှိတဲ့ မင်းလိုဘီလုံးငှက်ပေါက်စနက ဘာနေရာနဲ့အချိန်မမှန်ရသတုန်း။ မင်းလိုကောင်မျိုးကို ဘယ်အချိန်ဘယ်နေရာ မှာဖြစ်ဖြစ် ငါလိုသိန်းစွန်က နိုင်ပြီးသားပါကွာ”လို့ စကားအချေအတင်ဖြစ်ကြရောပေါ့ဗျာ။ အဲဒီတော့ ဘီလုံးငှက်က “ခင်ဗျားမယုံဘူးဆိုရင် ကျုပ်ကိုအခုလွှတ်ပေးကြည့်ပါလား။ကျုပ်နေရာမှန်သာယူထားရင် ခင်ဗျားလိုသိန်းစွန်ကို ကြောက်စရာမလိုပါဘူး”လို့လည်း စိန်ခေါ်ရော မခံချင်စိတ် ဖြစ်နေတဲ့သိန်းစွန်ဟာ ဘီလုံးကို မြေပြင်ပေါ်ပြန်ချပေးပြီး ..”ကဲ ဒီလောက် အာကျယ်တဲ့ ငှက်ပေါက်စ။ မင်းကြိုက်တဲ့နေရာယူပေတော့။ ပြီး ရင်မင်းကြိုက်တဲ့အချိန်မှာ ငါ့ကိုလှမ်းပြီးအသံပြုလိုက်၊ နှစ်ထပ်ရှိမှ မှတ်မိမဲ့အကောင်ကို အကြောင်းပြ ရသေးတာပေါ့” တဲ့”
“ဒီမှာတင်ဘီလုံးငှက်ဟာမြေကြီးပေါ်ရောက်တာနဲ့တပြိုင်နက် လှည်းလမ်းကြောင်းထဲက နွားခြေရာခွက်တစ်ခုထဲကိုလှစ်ကနဲပြေးဝင် ခိုလှုံပြီး ကောင်းကင်က သိန်းစွန်ဆီကိုလှမ်းမော့ကြည့်ရင်း… “အကောင်ကြီးတိုင်းနိုင်မယ်ထင်နေတဲ့ ဆရာကြီး။ ကျုပ်ဟာနေရာမှန် ကိုယူထားပြီးပြီ ခင်ဗျားစွမ်းသပဆိုရင် ကျုပ်ကိုအခုပဲ လာသုတ်ချီတော့”လို့ ခပ်တင်းတင်းစိန်ခေါ်လိုက်သတဲ့ဗျ”
“တိုတိုဇာတ်လမ်းချုံ့ရရင် ကောင်းကင်ကသိန်းစွန်ဟာ ဒေါသတကြီးမြေပြင်ပေါ်ကို အရှိန်နဲ့ထိုးဆင်းပြီး ဘီလုံးငှက်ကိုသုတ်လိုက်တော့ ဘီလုံးငှက်ဟာ နွားခြေရာခွက်ထဲမှာ အတတ်နိုင်ဆုံးကိုယ်ကိုချုံ့ပြီးနေလိုက်တာမို့ သိန်းစွန်ငှက်ရဲ့ရင်အုံဟာ ဓားသွားနှစ်ဖက်လို ချွန်ထက် နေတဲ့ နွားခြေရာခွက်ရဲ့အစွန်းတွေနဲ့ ဒုန်းကနဲရိုက်မိပြီး မာလကီးယားရောပေါ့တဲ့ဗျာ”
“အဟား။အတော့်ကိုသဘာဝကျတဲ့ပုံပြင်ပဲဗျာ။ခင်ဗျားပြောမှ နွေရာသီအချိန်လှည်းလမ်းကြောင်းပေါ်ကခြောက်သွေ့ပြီးချွန်ထက်နေတဲ့ နွားခြေရာခွက်တွေကိုပြေးမြင်မိ သေးတယ်။ခင်ဗျားလူဘားလားက ဒီလိုဆိုတော့လည်းအဟုတ်ပဲဗျ”
“ဟုတ်ရုံတင်ဘယ်ကမလဲ။ဘားလားကြီးဟာ သူကြည့်ဖူးတဲ့အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ခုအကြောင်း လည်း ပြောပြဖူးသေးတယ်ဗျ။သူပြောပုံက ဖိုးတွမ်တီးရိုက်ချက်သဘောမျိုးဆိုပေမဲ့ ကျနော့်စိတ်ထဲမှာတော့ သေနင်္ဂဗျူဟာတစ်ခု လိုတွေးမိတယ် ဗျ။အရေးကိစ္စတစ်ခုအောင်ရာအောင်ကြောင်း လူလည်တစ်ယောက် အကွက်ချဖန်တီးသွားတဲ့ အကြောင်းလေးဆိုပါ တော့။အတုယူဖို့ မဟုတ်ပေမဲ့ဗဟုသုတရတာတော့အမှန်ပဲဗျာ”
“ရှည်လိုက်တဲ့အညွန်း ပြောမှာသာပြောစမ်းပါ ကိုယ့်လူရယ်”
“ဆေးပုလင်းမှာအညွန်းမပါရင်ဘေးဖြစ်ကုန်တော့မပေါ့ဆရာရယ်။ဘားလားကြီးပြောတဲ့ ဇာတ်လမ်းလေးက တခါတုန်းက ရွာတ ရွာမှာ ရွာလုံးကျွတ်လျှပ်စစ်မီးလင်းဖို့ ရွာသားတွေကိုယ်တိုင်စီမံချက်ရေးဆွဲပြီး ကိုယ်ထူကိုယ်ထ၊ တစ်အိမ်ထောင်ဘယ်လောက်ဆိုတဲ့ သဘော မျိုးနဲ့ငွေတွေ လိုက်စုသတဲ့။အမှောင်ထဲမှာနေလာခဲ့ရတဲ့ ရွာသားတွေလည်း သတ်မှတ်ချက်ဝေပုံကျအတိုင်း အားတက်သရောထည့်ဝင် လိုက်ကြတာ မ ကြာခင်မှာ ငွေပမာဏပြည့်မှီသွားရောဆိုပါတော့။ဒီအခြေအနေမှာ အခက်ကြုံရတာက ရွာသားတွေရောရွာသူကြီးပါ၊ တောသူတောင်သား ခပ်ရိုးရိုးခပ်အအတွေမို့ အဲဒီငွေနဲ့ ရွာမီးလင်းအောင်ဘယ်လိုဆက်လုပ်ရမလဲ။ဘယ်ဌာနဘယ်လူကြီးကို ဆက်သွယ်ရမယ်ဆိုတာ မသိကြ တာမို့အတော်အကြပ်ရိုက်နေကြတုန်း ဗြုန်းဆို ရွာမှာရောက်နေတဲ့ဧည့်သည်လူလည်တစ်ယောက် ပေါ်လာပြီး ..
”ဘာမှ မပူကြနဲ့၊ခင်ဗျားတို့ကောက်ခံစုဆောင်းထားတဲ့ငွေနဲ့ဆို ရွာမှာကျိန်းသေပေါက်မီးလင်းဖို့ ကျုပ်တာဝန် ယူနိုင် တယ်။ဒီပြည်နယ်ဝန်ကြီးချုပ်ကို ကျုပ်ပိုင်တယ်“လို့ ဆိုလာသတဲ့ဗျ။ဒီမှာတင် ရွာလူကြီးက “မင်းပိုင်တာကို ငါတို့ကယုံပြီး ငွေတွေ အားလုံးမင်းလက်ထဲထည့်လိုက်ဖို့အထိ ငါတို့မတုံးသေးပါ ဘူးကွာ”လို့ထောက်လိုက်တော့ လူလည်ဟာရင်ကော့ပြီး “ခင်ဗျားတို့ ကျနော့်လက်ထဲကို လောလောဆယ်ချူးတစ်ပြားတောင်ထည့်စရာမ လိုသေးဘူး။အေး၊ ပြည်နယ်ဝန်ကြီးချုပ်ရဲ့နှုတ်ကနေ မင်းတို့ရွာကို လျှပ်စစ်မီးလင်းစေရမယ်လို့ ကတိစကားရရင်တော့ ကျုပ်လက်ထဲကို ကောက်ထားသမျှငွေအကုန်ထည့်ရမယ်”လို့ဆိုလိုက်တော့ နှစ်ဖက် သဘောတူသွားကြသတဲ့”
“ဒီလိုနဲ့မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကိုလူလည်ဟာ ..”ခင်ဗျားတို့ခုရှုပ်မှ နောင်ရှင်း၊ပြည်နယ်ဝန်ကြီးချုပ်ကတိပေးတာကို တစ်ရွာ လုံးကြား ရအောင် ကျုပ်နဲ့အတူ လိုက်ခဲ့ကြပေရော့”ဆိုပြီး ရွာရှိလူကုန်မချသွားတာပေါ့ဗျာ။ပြည်နယ်ဝန်ကြီးချုပ်ရုံးရှေ့လည်းရောက်ရော ကျွက်စီ ကျွက်စီဖြစ်နေတဲ့ လူအုပ်ကြီးရဲ့ရှေ့မှာရွှေကိုယ်တော်က ..”ခင်ဗျားတို့ ဘာဖြစ်ချင်ကြတာတုန်း”လို့မေးတော့၊ ရွာသားတွေဟာ ..”လျှပ်စစ်မီး လိုချင်တယ်၊လျှပ်စစ်မီးလိုချင်တယ်”ဆိုပြီး အော်လိုက်ကြတာ “လျှပ်စစ်မီးရရှိရေးဒို့အရေး”ဖြစ်ကုန် တော့တာပေါ့။ ဆူဆူညံညံအသံတွေကြောင့် ဝန်ကြီးချုပ်ရုံးထဲက တာဝန်ရှိသူတစ်ယောက်ထွက်လာပြီး ..”မင်းတို့ထဲက ခေါင်းဆောင်တစ်ယောက် လိုက်ခဲ့ပါ” လို့ခေါ်တော့ လူအုပ်ကြီးရှေ့မှာ ရင်ကော့ပြီးအော်နေတဲ့ကိုလူလည်ဟာ ရွာရဲ့ကိုယ်စားလှယ်အဖြစ်ရုံးခန်းထဲကို ပါသွားလေရောပေါ့”
“ကိုလူလည်ဟာ ရုံးခန်းထဲလည်းရောက်ရော ဝန်ကြီးချုပ်ကိုတွေ့တာနဲ့တစ်ပြိုင်နက် ကြမ်းပြင်ပေါ်ရုတ်တရက်လှဲချလိုက်ရင်း ဝန်ကြီးချုပ်ရဲ့ ခြေအစုံကိုမလွတ်တမ်းဖက်ထားတော့တာပဲတဲ့ဗျာ။သူ့ပါးစပ်ကလည်း “ဝန်ကြီးချုပ်ခင်ဗျာ ရွာသားတွေကိုသနားပါ။ရွာသားတွေကို သနားပါ”ဆိုပြီး ခြေကိုင်တောင်းပန်သတဲ့။ဝန်ကြီးချုပ်က “ငါ့ခြေထောက်ကိုဖက်စရာမလိုပါဘူး။မင်းတို့ဖြစ်ချင်တာသာပြော” လို့ ဆိုပေမဲ့လည်း ကိုလူလည်ကတော့ ဇွတ်ဆက်ဖက်ထားရင်း ငိုသံပါကြီးနဲ့ ..”ဝန်ကြီးချုပ်ကိုယ်တိုင် ရွာသားတွေရှေ့မှာ လျှပ်စစ်မီးလင်းစေရမယ်”လို့ ကတိပေးမှ ခြေထောက်ကိုဖက်ထားတာ လွှတ်မဲ့အကြောင်း တိုးလျှိုးတောင်းပန်တာပေါ့။နောက်ဆုံးတော့ ဝန်ကြီးချုပ် လည်း ကြံရာမရ စိတ်အိုက်အိုက်နဲ့ ရုံးရှေ့ထွက်ပြီး ကိုလူလည်သင်ပေးတဲ့အတိုင်း ရွာလုံးကျွတ်မီးလင်းစေရမယ်ဆိုတဲ့ ကတိကိုပေး လိုက်ရရောပေါ့ဗျာ။အမှန်တော့ဝန်ကြီးချုပ်ကလည်း လာမဲ့ရွေးကောက်ပွဲအတွက် မဲရဖို့ အကြံအဖန်လုပ်ချင်နေတာလည်း ပါပေမပေါ့။နောက်ဆုံးဇာတ်သိမ်း တော့ကိုလူလည်ငွေထုတ်ပိုက်သွားရောပေါ့တဲ့ဗျာ”
“ခင်ဗျားနဲ့ဘားလားက လိုက်လဲလိုက်တဲ့ ဆရာတပည့်။ဒါနဲ့ခင်ဗျားပြောမဲ့ ဖူးခက်က ဗမာအလုပ်သမားတွေဆန္ဒပြတဲ့အကြောင်းဟာ ဘားလားရဲ့ဇာတ်လမ်းတွေနဲ့ဘယ်လိုများဆက်စပ်နေလို့တုန်း”
“ဆိုင်ပါသော်ကော ကိုရင်ရယ်။ အဲဒီဆန္ဒပြပွဲဟာ ကာလဒေသလွဲနေတဲ့အတွက် ကျနော်လိုလူလည်စာရင်းဝင်တောင် ဘာသေနင်္ဂဗျူဟာ မှမချနိုင်ပဲ လက်မှိုင်ချပြီး ရင်တမမနဲ့ဘေးကနေ စောင့်ကြည့်နေခဲ့ရတဲ့အဖြစ်ပေါ့။အဲဒီဖြစ်ရပ်မှာ လူငယ်တယောက်အသက်မဆုံးရှုံးခဲ့တာ တောင် ကံကောင်းတယ်လို့ဆိုရမယ်။ပြန်ပြောရမှာတောင် စိတ်မကောင်းစရာ၊လန့်စရာကောင်းတာအမှန်ပဲ။တကယ်တော့ ထိုင်းအလုပ် ရှင်ဖက်က အဲဒီလူငယ်ကို အပျောက်ရှင်းဖို့ ဇယားခင်းခဲ့ကြတာဗျ”
……………………………
၀၂။၀၇။၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးအပတ်စဉ်ဂျာနယ်။
0 comments:
Post a Comment