Saturday, July 12, 2014

“ဓမ္မစကြာ”

သိဒ္ဓတ္ထမင်းသားကို သူငယ်စဉ်တည်းက သူ့ခမည်းတော်သုဒ္ဓေါဓနက “စကြာဝတေးမင်း” ဖြစ်လိမ့်မယ်...ဆိုပြီး မျှော်လင့်ထားခဲ့တယ်၊ စကြာဝတေးမင်းဆိုတာ စကြာရတနာကို လည်စေနိုင်တဲ့မင်း (၀ါ) သူ့ရဲ့ ဘုန်းတန်ခိုးတေဇာ၊ သြဇာအာဏာစက်နဲ့ တစ်ကမ္ဘာလုံးရှိ လူသားတွေကို စောင့်ရှောက်အုပ်စိုးတဲ့ Universal King ။

ဒါပေမဲ့... တကယ့်လက်တွေ့မှာ သိဒ္ဓတ္ထဟာ သူ့ခမည်းတော်မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ အသက်၂၉ နှစ်မှာ လူဝတ်ကြောင်ဘ၀ကို စွန့်ပြီး တောနေရသေ့ရဟန်းဘ၀ ခံယူသွားခဲ့တယ်။ ရသေ့ရဟန်းဘ၀နဲ့ တရားဓမ္မ ရှာမှီးကျင့်ကြံအားထုတ်ရင်းက သက်တော် ၃၅ နှစ်ရောက်တော့ သစ္စာဥာဏ်အလင်းကို ထိုးထွင်းသိမြင်ပြီး ဗုဒ္ဓတစ်ဆူ...ဖြစ်လာတယ်။



ဗုဒ္ဓအဖြစ် ရောက်ရှိပြီးတယ်ဆိုရင်ပဲ သူက “အခုအချိန်ကစ စက်ကို လည်စေတော့မယ်” လို့ ထကြေငြာတယ်။ စက်တော့ စက်၊ ဒါပေမဲ့ သူ့နန်းတွင်းကလူတွေ နားလည်သလို အုပ်ချုပ်မှုဆိုင်ရာအာဏာစက်တော့ မဟုတ်ဘူး။ ကျင့်သုံးမှုဆိုင်ရာ တရားစက်၊ “ဓမ္မစက်..” ။ ကျွန်တော်တို့သိတဲ့ “ဓမ္မစကြာ”။

“ဓမ္မစကြာ” ထဲမှာ ဗုဒ္ဓက သူကိုယ်တိုင် လူ့ဘ၀နဲ့ နန်းတွင်းမှာ နေခဲ့ရစဉ်က အတွေ့အကြုံရယ်၊ နောက် ရသေ့ရဟန်းဘ၀နဲ့ (၆)နှစ်လုံးလုံး ရှာဖွေကျင့်သုံး၊ ကိုယ်တိုင်မျက်မှောက်ပြု၊ နားလည်ခဲ့သမျှအတွေ့အကြုံရယ် ပေါင်းပြီး ဆောင်ရန်ရှောင်ရန် လမ်းစဉ်ကို ချပြပါတယ်..။

အစွန်းနှစ်ပါးကို ရှောင်ဖို့၊ အစွန်းနှစ်ပါးရဲ့ကြားက အလယ်အလတ်လမ်းကို လျှောက်ဖို့။ အာရုံငါးပါးမှာ အလိုလိုက်ငြိကပ်ပြီး နေထိုင်တာရယ်၊ အာရုံငါးပါး (အာရုံငါးပါဆိုတာ မျက်စိ၊ နား၊ နှားခေါင်း၊ ပါးစပ်၊ ခန္ဓာကိုယ်ဆီ ရောက်လာသမျှ ပြင်ပလောကကို ဆိုလိုပါတယ်) ကို ငြင်းပယ်ပြီး ကိုယ့်ကိုယ်ကို နာကျင်ပင်ပမ်းအောင်ကျင့်တာရယ်... ဆိုတဲ့ အစွန်းနှစ်ပါးကို ရှောင်ပြီး အလယ်အလတ်အဖြစ်မှာ ကျင့်သုံးနေထိုင်ဖို့...။

(ကျွန်တော်နားလည်သလို ပြောရရင်) အလယ်အလတ်အဖြစ်ဆိုတာ ကျွန်တော်တို့ရဲ့ နေ့တဓူဝရှင်သန်မှုမှာ (၁) အမြင်၊ (၂) အတွေးအကြံ၊ (၃) အပြောအဆို၊ (၄) အပြုအမူ၊ (၅) အနေအထိုင်၊(၆) ကြိုးစားမှု၊(၇) နိုးကြားမှု၊ (၈) စိတ်တည်တံ့အောင်ထားမှုဆိုတဲ့ အခြေခံ ပြုမူတုန့်ပြန်ပုံ (၈) မျိုးကို ဖြူစင်မှန်ကန်ပြီး အစွန်းလွတ်အောင် ကြိုးစားတည်ဆောက်ယူတာပါပဲ။

(ကျွန်တော်နားလည်သလို ထပ်ပြီး ပြောရရင်) ဓမ္မစကြာဒေသနာရဲ့ အနှစ်သာရဟာ... လူတစ်ယောက်ကို လောကပတ်ဝန်းကျင် အာရုံဝဲထဲ နစ်မသွားဘဲ၊ လောက၀န်းကျင်ကနေလည်း ထွက်ပြေးပုန်းရှောင်မသွားဘဲ မိမိကိုယ်တိုင် self-governance, self-discipline, self-reliance, self-development, self-freedom စသည် ဖွင့်ဖြိုးအောင်လုပ်ဖို့ လမ်းညွှန်ချက်... လို့ ယုံကြည်ပါတယ်။

ဗုဒ္ဓဟာ ဗုဒ္ဓအဖြစ် ရောက်ရောက်ချင်း လည်ပတ်စေခဲ့တဲ့စက်ဆိုတာ အဲဒါပါပဲ။ (သူ့ ယခင်နန်းတွင်းကလူတွေအမြင်ကို ပြောင်းပြန်လှန်ပြလိုက်တာ...လို့ ပြောရင်ရပါတယ်။)

လောကလူသားအားလုံးဟာ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဖွင့်ဖြိုးမှု၊ ပျော်ရွှင်ချမ်းမြေ့မှုတွေ လိုချင်ကြတယ်။ ရှာလည်း ရှာဖွေကြတယ်။ တစ်ဦးချင်းအရရော၊ လူ့အဖွဲ့အစည်းလိုက်ရော၊ ဘာသာရေးဆရာတွေ၊ အုပ်ချုပ်သူတွေရော...။

ဗုဒ္ဓရှုထောင်းအရ... အဲဒီလို တစ်ဦးချင်းရော လူ့လောကပတ်ဝန်းကျင်ပါ လွတ်လပ်၊ ငြိမ်းချမ်း၊ ဖွင့်ဖြိုး၊ ပျော်ရွှင်ဖို့ဆိုရင်....စကြာဝတေးမင်းလို အာဏာတည်းဟူသောစက်ကို လည်စေတဲ့နည်းနဲ့ သွားလို့မရ၊ တစ်ဦးချင်းရင်ထဲမှာ တရားတည်းဟူသောစက် လည်နေဖို့ လိုတယ်... ဆိုတဲ့သဘောပါပဲ။

ဝါဆိုလပြည့်နေ့မှာ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေခလို.....။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...