အဖေသွားနှင့် ကျနော်အိမ်ပြန်နောက်ကျမယ် (အများဆိုင်နာမ် - ၂)
September 23, 2012 at 10:58am
၂၀၁၁ ခုနှစ် စက်တင်ဘာလ (၃) ရက်။
ကျနော့် အဖေ ...
ကျနော့် အဖေဟာ အညတရ တစ်ယောက်မျှသာ ...
သို့ပေမယ့် မြေးတွေ သားတွေ သမီးတွေနဲ့ သာမန်ထက်ကြီးတဲ့မိသားစုကြီးကို အများသူငါထက် အောက်တန်းနောက် တန်းမကျအောင်တော့ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ် ...
ဒီကနေ့ နေ့လည်ပိုင်းမှာပဲ အဖေ ဆုံးရှာတယ် ...
သူအလွန်ချစ်တဲ့ မိသားစုကြီးကို ကျောခိုင်းသွားရှာတယ် ...
ကျနော်ချစ်လွန်းတဲ့ ကျနော့်အဖေကျောခိုင်းသွားရှာတယ် ...
ကျနော် အဖေ့နား မရှိပါ ...
ကျနော် အိမ်မှာ မရှိပါ ...
ကျနော် အဝေးမှာ ...
ကျနော့် အဖေ ...
ကျနော့် အဖေဟာ သူ့သားသမီးတွေထဲက ထူးခြားတဲ့ ကျနော့် ဉာဉ်ဆိုး အကျင့်ဆိုးတွေကို နှစ်ရှည်လများ သည်းခံ စောင့်ကြည့် ပြုပြင်ပေးခဲ့သူ ...
ကျနော့် ရူးကြောင်ကြောင်စိတ်ကူးတချို့ကိုပင် မရှုတ်ချတတ်ခဲ့သူ ...
ကျနော့် မခံချင်စိတ်တွေကို နှိုးဆွပေးခဲ့သူ ...
ကျနော့် ကြောက်စိတ်တွေကို ချေဖျက်ပေးခဲ့သူ ...
ကျနော့်အပေါ် မျက်စိမှိတ် ချစ်လွန်းခဲ့သူပင် ...
ဒီကနေ့အထိ ပြတ်ပြတ်ထင်ထင်မြင်နေရသေးတဲ့ အဖေ့ရဲ့ ကျနော့်အပေါ်ချစ်လွန်းတဲ့အဖြစ်တစ်ခု ...
ကျနော် မူလတန်းတက်စ ...
နေ့တိုင်း သူများအနိုင်ကျင့်လို့ ငိုပြန်လာရ ...
တခါတလေ ဖိနပ်ပြန်ပါမလာ ...
လွယ်အိတ် ဆွဲဖြဲတာခံရ ...
မုန့်ဖိုး ဆယ်ပြားပါလို့ ငါးပြား ဆပ်ကြေးပေးရ ...
ကျနော် ကြောက်လွန်းလို့ ငုံ့ခံခဲ့ရတယ် ...
အကြိမ်တိုင်းလည်း မငိုပါနဲ့သားရယ်လို့ အဖေကချော့ရှာတယ် ...
ကျနော် ကျောင်းမသွားချင်တော့ဘူးဆိုတော့မှ ကျနော့် ကျောက်သင်ပုန်းရဲ့ သစ်သားဘောင်ကိုဖြုတ်ပေးပြီး “ဟောသလို ကိုင်၊ ဟောသလိုခုတ်၊ ဖြစ်သမျှ အဖေရှင်းမယ်၊ ငိုပြန်လာရင် မင်းကိုထပ်ရိုက်မယ်” တဲ့လေ ...
အဲဒီနေ့ကစလို့ ကျနော် ကျောင်းပျော်တော့တာပါပဲ ...
ကျနော်ပြုသမျှ ပိုက်ဆံအိတ် ဂျိုင်းကြားညှပ် လိုက်ရှင်းခဲ့ရသူက အမေပင် ...
အမေ့ရဲ့ “တော့်ကြောင့်” ဆိုတဲ့ တဗျစ်တောက်တောက် အဆိုအငေါက်ကို “သူ ခလေးပဲကွာ” ဆိုတဲ့ အဖေ့စကားတစ်ခွန်း တည်းနဲ့ ပိတ်ဆို့တားဆီးထားခဲ့တယ် ...
လက်သွက် ခြေသွက် ကျနော် ၁၇ နှစ်ပြည့်ပြီး တနေ့ကျမှ “မင်းပြဿနာ မင်းရှင်း၊ ကိုယ်ဖြစ် ကိုယ်ခံ” လို့ သတိပေးခဲ့တယ် ...
အဖေဟာ ကျနော့်အတွက် အချိန်တွေအများကြီး သည်းခံစောင့်ဆိုင်းပေးခဲ့တယ် ...
ကျနော့်ကို ဆုပ်ကိုင်ဖမ်းချုပ်ရနိုင်မယ့် အချိန်အထိ သည်းခံစောင့်ခဲ့တယ် ...
အမေ့ရဲ့ ပူပင်သောကကို ငြင်းဆန်ပြီး လမ်းမပေါ်ကနေ ကြိုးဝိုင်းထဲ ဆွဲသွင်းပစ်ခဲ့တာလည်း အဖေပင် ...
အဲဒီအခါကျမှပဲ ကျနော့်ရဲ့ သွေးရိုးသားရိုး ယှဉ်ပြိုင်အောင်မြင်မှုတွေကို အလေးအနက်ချီးကျူးအားပေးခဲ့လေတယ် ...

ကျနော်ချစ်လွန်းတဲ့ ကျနော့်အဖေ ကျောခိုင်းသွားရှာတယ် ...
ကျနော် အဖေ့နား မရှိပါ ...
ကျနော် အိမ်မှာ မရှိပါ ...
ကျနော် အဝေးမှာ ...
အဖေနဲ့ ဖုန်းပြောဖြစ်ခဲ့သေးတယ် ...
“အဖေမသေနဲ့ဦး ကျနော်ပြန်အလာ စောင့်ဦးပေါ့” ...
“အေး အဖေစောင့်ပါ့မယ်၊ ငါ့မြေးလေး ချီရဦးမယ်ထင်တယ်” ...
အဖေ့နားတွေ မကောင်းတော့လို့ ဒီလောက်ပဲ ...
ကျနော့်သားလေးမွေးတဲ့အခါ အဖေနဲ့တူတယ်လို့ စကားပါးတော့ ၀မ်းသာနေသတဲ့လေ ...
အဖေ့ရဲ့ သားချော့တေး၊ ခင်ဝမ်းရဲ့ ဧရာဝတီ သီချင်းနဲ့ ကျနော့်သားကလေးကို ချော့သိပ်တဲ့အခါတိုင်း အဖေ့ကို ပိုပိုသတိ ရနေမိတယ် ...
အဖေ့အသက် ၆၅ နှစ် ...
နေမယ်ဆို အရွယ်ကောင်းပဲ ...
ဒါပေမယ့် တစ်သက်လုံးသောက်ခဲ့တဲ့ဒဏ်၊ ဥပက္ခာပြုခဲ့တဲ့ကျန်းမာရေးက ဖိဆီးလာခဲ့တယ် ...
ကျနော် အဖေ့အတွက် များများစားစား မတုန့်ပြန်နိုင်ခဲ့ပါ ...
အဖေအားရှိစေမယ့် အစားအစားနဲ့ အထောက်အကူအနည်းငယ်သာ ကျနော်တတ်နိုင်ခဲ့တယ် ...
အဖေ့ကို ဆေးရုံတက်ဖို့ ဘယ်သူမှနားချမရ၊ ကျနော်ဖုန်းဆက်ပြီးပြောတဲ့အချိန်အထိ ပေခံနေခဲ့သေးတယ် ...
“မင်း အဖေ့ကို စကားဖြတ်မပြောနဲ့ကွာ၊ အဖေနေမကောင်းဘူး၊ မောတယ်” ...
နောက်တော့ သူ့မြေးအတွက် ဘယ်လိုနာမည်မျိုး ပေးသင့်တယ်ဆိုတာ ကျနော့်ကို မှာတယ် ...
ဒီလောက်ပါပဲ ...
အဖေ့နဲ့ စကားအပြန်အလှန်ပြောဖြစ်တာ ဒီလောက်ပါပဲ ...
နောက်တော့ အဖေ့ကို ဆေးရုံတင်ကြတယ် ...
အဖေ့ကျန်းမာရေးက ဒုန်းစိုင်းဆင်းနေပြီတဲ့ ...
အဖေက အသက်ကြီးလာတော့ သားသမီးတွေ စုံစုံလင်လင်ရှိနေစေချင်တာတဲ့ ...
ပြန်လာချင် ပြန်လာလို့ရတဲ့ နိုင်ငံရေးအခြေအနေပဲတဲ့ ...
ကျနော့် ညီအစ်ကိုမောင်နှမတွေခမျာ သတင်းအချို့အပေါ် မျှော်လင့်ချက်ထားရင်း အဖေ့ဆန္ဒကို ဖြည့်ဆည်းပေးချင်ကြ ရှာတယ် ...
“ငါတို့က ဘ၀တွေပဲ ရင်းရတာပါ၊ သူများတွေက အသက်တွေပါ စတေးလိုက်ရတာ၊ ငါပြန်မလာနိုင်သေးဘူး” ...
ကျနော့်အဖြေက အဖေ့ဆန္ဒကို မှေးမှိန်စေမှာ အမှန်ပင် ...
အဖေ ကျနော့်ကို တွေ့ချင်ရှာလိမ့်မယ် ...
ဒါပေမယ့် မျှော်လင့်နေလိမ့်မယ်တော့ မထင် ...
အဖေ သိတယ် ...
ကျနော် လမ်းဆုံးအထိ ရွက်လွှင့်တတ်တာ အဖေသိတယ် ...
အဖေသည်ပင် ကျနော့်စိတ်ကို မောင်းနှင်ခဲ့သူ ...
ဒီကနေ့မနက် ...
“နင့်အဖေ မသက်သာတော့ဘူး၊ သတိတော့ ကောင်းတယ်” အမေ့ရဲ့ စိုးရိမ်မှုနဲ့ စကားသံ ...
“အမေ၊ အဖေ့ကိုပြောပေးပါ၊ ကောင်းမှုပြုခဲ့သမျှ သတိရပါလို့၊ ရဟန်းခံခဲ့တာ၊ အလှူအတန်းတွေပေးခဲ့တာ၊ တရားအား ထုတ်ခဲ့တာတွေ သတိရပါလို့ ပြောပေးပါ၊ ကျနော်လည်း အဖေ့ကို မေတ္တာပို့နေပါတယ်လို့” ...
အမေ အဖေ့ကို ပြန်ပြောပြနေတာ ကျနော် ဖုန်းထဲက ကြားနေရတယ် ...
အမောဖောက်နေတဲ့ကြားကပဲ “အင်း၊ အင်း” လို့ အသိအမှတ်ပြုရှာတယ် ...
ကျနော်နောက်ဆုံးကြားရတဲ့ အဖေ့အသံပါပဲ ...

အမေက အဖေ့လိုက်ရှာဖို့ ခိုင်းလိုက်တိုင်း ကျနော်လိုက်ရှာခဲ့ရတယ် ...
အဖေ့အပေါင်းအသင်းတွေနဲ့ စကားကောင်းနေတဲ့အခါ “မင်းသွားနှင့် အဖေအိမ်ပြန်နောက်ကျမယ်” လို့ ကျနော့်ကို ပြန် လွှတ်တတ်ခဲ့တယ် ...
ဒီကနေ့မတိုင်ခင်ရက်တွေက အဖေကျနော့်ကို တွေ့ချင်ရှာနေပေလိမ့်မယ် ...
အဖေ ကျနော့်ကို အားတင်းပြီး စောင့်နေခဲ့ပေလိမ့်မယ် ...
အဖေသွားနှင့် ကျနော်အိမ်ပြန်နောက်ကျမယ် ...
အဖေ ကောင်းရာသုဂတိ လားပါစေ ...
ကိုဇင်

0 comments:
Post a Comment