Saturday, June 7, 2014

"လိမ်လည်ခြင်း အနုပညာ"

1.
သီလငါးပါးမှာ စောင့်ထိန်းဖို့အခက်ဆုံးက မုသာဝါဒ ဖြစ်လိမ့်မယ်။
ကျနော်တို့ နေ့စဉ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ မုသားစကားတွေကို အလွယ်တကူပဲ ပြောဖြစ်နေကြတယ်။
အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ တမင်သက်သက်ဖြစ်စေ မုသားတွေကို သုံးနေကြတယ်။

အလုပ်အကိုင်၊ လူမှုဆက်ဆံရေး၊ စီးပွားရေး၊ အချစ်ရေး၊ နိုင်ငံရေး အစရှိသဖြင့် နယ်ပယ်မျိုးစုံလိုလိုမှာ မုသားစကားပြောဆိုခြင်းဟာ မရှိမဖြစ် ချောဆီလိုကို ဖြစ်နေတာ တွေ့ရတယ်။

2.
ကျနော်ခွင့်ရလို့ အိမ်ခဏပြန်တော့ အလိမ်အမျိုးမျိုးခံခဲ့ရတယ်။
ပုံစံ ၁၉ ထုတ်တဲ့ရုံးရှေ့မှာ ပွဲစားလုပ်တဲ့ ကလေးတွေက လိမ်တယ်။
ဗန္ဓုလပန်းခြံနား၊ ဧမာနွေလဘုရားကျောင်းဘေးက ဒေါ်လာလဲတဲ့ ပွဲစားတွေက လိမ်တယ်။
တည်းခိုခန်း ကောင်တာစာရေးမက ငွေဈေးကို လိမ်ပြီးကျနော့်ဒေါ်လာတွေကို လဲယူတယ်။
ပတ်စပို့ သက်တမ်းတိုးတော့ အစအဆုံးလိုက်လုပ်ပေးမယ်ဆိုပြီး မလုပ်ပေးဘဲ ပွဲစားကလိမ်တယ်။
တခြား အလိမ်ခံရတာတွေ အများကြီး၊ ပြောရင် ဆုံးမှာ မဟုတ်ဘူး။
မင်းအ,လို့ အလိမ်ခံရတာ ခံပေါ့လို့ ပြောရင်လည်း ရတယ်
တချို့ကိစ္စတွေမှာ လိမ်ကောင်းလိမ်မယ်မှန်းသိပေမယ့် ငွေကြေးပမာဏမများတော့ သိချင်တာနဲ့ လွှတ်ပေးလိုက်တာတွေ ရှိတယ်။

3.
နောက် ကျနော့်မွေးရပ်မြေကို ရောက်လို့ ဟိုဟိုဒီဒီသွားတဲ့အခါမှာလည်း လူတော်တော်များများဟာ၊ စားဝတ်နေရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ စတဲ့ ကိစ္စတွေမှာ အဆင်ပြေအောင် လိမ်ညာနေကြတာတွေကို သတိထားမိတယ်။
ကျနော့်သူငယ်ချင်းတစ်ယောက်အိမ်သွားလည်တော့ သူတို့က ရက်တိုဘုရားဖူးထွက်ဖို့ ပြင်နေတာကို တွေ့ရတယ်။
သူတို့သား အငယ်လေးက ၅ တန်းကျောင်းသား။
ကလေးကလည်း ဘုရားဖူးလိုက်ချင်တာဆိုတော့ ကျောင်းမှာ ခွင့်တိုင်ဖို့ ပြောနေကြတာ... ...
"ခွင့်ယူရခြင်း အကြောင်းအရာ နေရာမှာ ဘာရေးရမလဲ ဖေဖေ"
"နေမကောင်းပါသဖြင့်လို့ ရေးလိုက်လေ သားသားရဲ့"
"ဟင်... သားသားက နေကောင်းနေတာကြီးကို"
"ဘုရာဖူးသွားရန်လို့ ရေးရင် ဆရာမက ခွင့်ဘယ်ပေးမလဲ သားရဲ့"
"ဒါဆို ဖေဖေက လိမ်တာပေါ့"
"ဒါကို လိမ်တယ်လို့ မခေါ်ဘူး၊ အဆင်ပြေအောင်လုပ်တယ်လို့ ခေါ်တယ်"
ဟုတ်တယ်...
ကျနော်တို့တွေ "လိမ်တယ်" ဆိုတဲ့ စကားကို နားခံသာအောင် "အဆင်ပြေအောင်လုပ်တယ်".. လို့ စကားလုံးလှလှလေးသုံးပြီး အခါးကို သကာဖုံးလိုက်ကြတယ်။

4.
နောက်တခါ... ..
ရပ်ကွက်ထဲကလူကြီးတွေ သာရေးနာရေးအတွက် အလှူလာခံတယ်။
မိဘတွေက အလှူငွေမထည့်ချင်တော့ အိမ်ထဲမှာပုန်းနေပြီ ကလေးတွေကို ပြောခိုင်းတယ်... ..
"သမီးလေး သွားပြောစမ်း၊ လူကြီးတွေ မရှိဘူးလို့"
လတ်တလော အလှူငွေမထည့်ချင်တဲ့ ကိစ္စကိုဖြေရှင်းလိုက်တာက မိမိရဲ့ ရင်သွေးတွေအတွက် အရမ်းကို အန္တရာယ်များသွားတယ်ဆိုတာ မိဘတွေ သတိမထားမိလိုက်ဘူး။
ဘဝမှာ ဘာမှအရေးမကြီးတဲ့ ခွင့်တိုင့်တဲ့ကိစ္စလိုဟာမျိုးမှာကို 'အဆင်ပြေအောင်' ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိရဲ့ ရင်သွေးငယ်ကို လိမ်ညာခြင်းအတတ်ပညာ သင်ပေးလိုက်တယ်။
ဘဝမှာ ဘာမှအရေးမကြီးတဲ့ အလှူငွေအနည်းငယ် မထည့်ဝင်ချင်တာနဲ့ မိမိရဲ့ ရင်သွေးငယ်ကို လိမ်လည်ခြင်းဆိုတဲ့ အတတ်ပညာကို သင်ပေးလိုက်တယ်။

5.
ကျနော်တို့ အရွယ်ရောက်ပြီးလူကြီးတွေကိုယ်တိုင် 'လိမ်လည်ခြင်း' ဆိုတာကို သိသိကြီးနဲ့ ကျူးလွန်နေကြတာ။
အနာဂတ်ရဲ့မျိုးဆက်တွေဖြစ်တဲ့ ကလေးငယ်တွေရှေ့မှာကို မဆင်မခြင်၊ လိမ်လည်နေကြတယ်။
ကျနော်တို့ဟာ မိမိကိုယ်တိုင်လိမ်လည်နေရရုံနဲ့ အားမရသေးဘူး၊ အနာဂတ်မျိုးဆက်တွေအပေါ် လိမ်လည်ခြင်းဆိုတဲ့ အတတ်ပညာကို နာရီမခြား စက္ကန့်မခြား သင်ကြားပြသပေးရင်း အမွေဆိုးတွေ ပေးနေကြတယ်။

6.
မိတ်ဆွေတစ်ယောက်နဲ့ ကျနော်တို့ စုပြီးဖဲရိုက်နေကြတယ်။ သူ့အိမ်မှာ။
အဲလို ဖဲရိုက်နေတုံး သူ့ဆီဖုန်းလာတယ်၊ သူပြန်ပြောတာ ကြားနေတာက... ...
"လာနေပြီ၊ ကျနော်လာနေပြီ၊ ခုလမ်းမှာ ကားဘီးပေါက်နေလို့နော်၊ လာပြီ"... တဲ့။
သူ အဲဒီစကားကိုပြောပြီး ဟန်မပျက်ပဲ ကျနော်တို့နဲ့ ဖဲဆက်ရိုက်နေတယ်။
သူစိတ်ထဲမှာ ထင်နေမှာပေါ့... သူ အဆင်ပြေအောင်ကြည့်ပြောလိုက်တယ်၊ ဒါ ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူးလို့။
ခုနလို သူလိမ်ပြောလိုက်တာက သူ့မိတ်ဆွေတချို့ရှေ့မှာ၊ သူ့မိန်းမရှေ့မှာ၊။ ဒါကို သူသတိမထားမိဘူး။
နောင်ကို သူ့မှာ အမှန်တကယ် အရေးကြီးတဲ့ ကိစ္စရှိလို့ ချိန်းထားတာကို မလာနိုင်တဲ့အခါမျိုး ရှိခဲ့ရင် သူဘာဘဲ အကြောင်းပြပြ၊ ခု ဖဲအတူထိုင်ရိုက်နေတဲ့ မိတ်ဆွေတွေကတော့ ယုံတော့မှာ မဟုတ်ဘူး။
သူအိမ်ပြန်နောက်ကျလို့ အကြောင်းပြချက်ကောင်းကောင်းပေးရင်ရော... သူ့မိန်းမက ယုံမှာလား။
ဒီလူက ဒီလိုပဲ အဆင်ပြေအောင်ကြည့်ပြောနေကျလို့ ထင်မှာ...

7.
ဒါဆို သူများလိမ်တာတွေချည်း လျှောက်ပြောနေတယ် မင်းရောမလိမ်ဘူးလားလို့ မေးရင် မကင်းဘူးလို့ပဲ ဖြေရတော့မယ်...
တလောက မြန်မာပြည်က မိတ်ဆွေတစ်ဦး ဆေးလာကုတယ်။
ဘယ်လောက်ကုန်ကုန် တတ်နိုင်တယ် ကုမယ်။
ဒါပေမယ့် ဆေးစစ်ကြည့်တော့ 'ကင်ဆာ'... လွန်နေပြီ။
ဒီတော့ ဒီက ဆရာဝန်ကပြောတယ်... ... "မကုနဲ့၊ ပြန်တော့" တဲ့။
ကျနော်ရော၊ လူနာရှင်တွေရော အဲဒီလူုနာကို ဝိုင်းလိမ်လိုက်ကြတယ်... ...
"ရောဂါက ဆေးဖြန်းလိုက်ရုံနဲ့ ကောင်းသွားမှာမို့ ဆရာဝန်က ဆေးဖြန်းပေးလိုက်ပြီး ပြန်ခိုင်းလိုက်တာ"... လို့။
ကင်ဆာ လွန်နေပြီ... ဆိုတာ မပြောပဲ လိမ်လိုက်ကြတယ်။
အတတ်နိုင်ဆုံး သိသိကြီးနဲ့တော့ မလိမ်မိအောင် ကျိုးစားပါတယ်။
ဒါပေမယ့် အရိုးစွဲနေတဲ့ 'အဆင်ပြေအောင်လုပ်မယ်' ဆိုတဲ့ အကျင့်ကြီးက ဖျောက်မရတာ ခက်တယ်။

8.
တခါကတော့ ဘဝမှာ အမှတ်တရကို ကျန်နေတာလေး တစ်ခုရှိတာ ပြောပြချင်တယ်... ..
ကျနော်တို့ မိသားစု၊ အဖေအမေကစလို့ မောင်နှမတွေအဆုံး နှစ်စဉ်ကျရောက်တတ်တဲ့ မွေးနေ့ဆိုတာကြီးကို သိပ်ပြီး ရေးကြီးခွင်ကျယ်ထားပြီး လုပ်နေတာမျိုး မရှိခဲ့ဘူး။
ဒီတော့ မွေးနေ့ကျင်းပတယ်တို့၊ ဘုရားသွားကျောင်းတက် လုပ်တယ်တို့ဆိုတာ မရှိသလောက်ဘဲ။
နှစ်တိုင်း မွေးနေ့ဆိုတာကြီးကို ဘာသိဘာသာပဲ ဖြတ်ကျော်ခဲ့တာများတယ်။
ဒီလိုနဲ့...
ကျနော့်ရဲ့ တစ်ခုသောမွေးနေ့မနက်မှာ ကျနော့်ကို ခင်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်က မျှော်လင့်မထားဘဲ ဖုန်းဆက်လာတယ်... ....
"မွေးနေ့လက်ဆောင်လည်း ပေးချင်တယ်၊ တစ်ခုခုလည်း ကျွေးချင်တယ်၊ ညနေတွေ့ရအောင်ပါ"... တဲ့။
ဒါနဲ့ ညနေအလုပ်ပြန်တော့ သူချိန်းတဲ့ နေရာကို တန်းသွားခဲ့တယ်။
သူပြောတဲ့ဆိုင်မှာပဲ စားစရာတွေကို မှာပြီး စောင့်နေတုန်း နောက်ထပ် ကလေးမတစ်ယောက်က ဖုန်းဆက်တယ် (ကြွားတယ်တော့မထင်နဲ့)။ သူကတော့ ကျနော့်မွေးနေ့မှန်း ဘာမှန်း သိတာ မဟုတ်ဘူး။ မေးစရာတစ်ခုရှိလို့ဆက်တာ။ ဆက်ရင်းနဲ့ ဘယ်မှာလဲလို့ မေးတယ်။
အမှန်အတိုင်းပဲ ရောက်နေတဲ့ အရပ်ဒေသနဲ့ ဆိုင်နာမည်ကို ပြောလိုက်တယ်။ ဆက်မေးတယ်...
"ဘယ်သူနဲ့လဲ"... တဲ့။
ဒါလည်း အမှန်အတိုင်းပဲပြောလိုက်တယ်။ "မXXXXX နဲ့ပါ" လို့။
အဲဒီမှာ အဲဒီအကျင့်ပုပ်လေးက တစခန်းထပြီး သူလည်းလာခဲ့မယ်တဲ့၊ မပြန်နဲ့အုံးတဲ့။
ပြောတဲ့အတိုင်း ခဏနေတော့ ပေါက်ချလာပြီး ကျနော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အဖုအထစ်ဖြစ်နိုင်တဲ့ စကားလုံးမှန်သမျှကို ရွေးသုံးပြီး၊ တိုက်စစ်လှလှ ဆင်သွားတယ်။
အကျိုးဆက်ကတော့ မွေးနေ့ကို အမှတ်တရရှိနေပေးတဲ့ တစ်ယောက်က ကျနော်ကို မခေါ်မပြောပဲနေလိုက်တာ ၂ နှစ်လောက်ကြာတယ်။
ကျနော်ကလည်း နောက်မှရောက်လာတဲ့ ဂုစ္ဆာမလေးကို မခေါ်မပြောပဲထားတာ ၄ နှစ်လောက်ကြာတယ်။

9.
မင်း ဒါတွေကို ဘာလို့ ကြွားနေ အဲလေ ပြောနေရတာတုန်း ဆိုရင်... ...
ကျနော် မလိမ်ရဲလို့ စိတ်ဆင်းရဲခဲ့ရတယ်ဆိုတာ ပြောချင်တာပါ။
မိန်းကလေးတစ်ယောက်ရှေ့မှာ ကျနော် မညာဝံ့ခဲ့ဘူး (ကွယ်ရာတော့ မသိ)။
သူ့ရှေ့မှာ တစ်ယောက်က ဖုန်းဆက်တယ်။
-ကန်တော်ကြီးစောင်းမှာ ရောက်နေတာကို အင်လျားမှာပါ လို့ မပြောရဲ၊ ရွှေတိဂုံမှာပါလို့ မညာဝံ့ခဲ့ဘူး။ ကျနော့်ကို လိမ်တတ်တဲ့လူလို့ ထင်မှာ စိုးခဲ့လို့။
-ထိုင်နေတဲ့ဆိုင်က လွယ်ဆမ်ဆစ် ဆိုတာကို ရှမ်းယဉ်ယဉ်မှာလို့ မပြောရဲ ခိုင်ရွှေဝါမှာပါလို့ မဖြီးဖြန်းခဲ့ဘူး၊။ ကျနော့်ကို လိမ်တတ်တဲ့လူလို့ ထင်မှာ စိုးခဲ့လို့။
လူတစ်ယောက်ရှေ့မှာ မလိမ်ဝံ့ခဲ့လို့ အဲဒီလူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရဘူးတယ်။
တခါတခါ နောင်တရတောင် ရမိသေး... ငါ ဘာလို့ အဆင်ပြေအောင် မပြောခဲ့မိတာလဲ... လို့။

10.
ဒီတော့ဗျာ...
ယနေ့ ကျနော်တို့ ကျင်လည်နေရာ အသိုင်းအဝန်း၊ ပတ်ဝန်းကျင်မှာ အရိုးစွဲနေတဲ့ လိမ်လည်ခြင်းဆိုတဲ့ အမှုကို ကျနော်ကတော့ ကျနော်တို့ရဲ့ နောင်မျိုးဆက်တွေဆီမှာ ကျန်မနေခဲ့စေချင်ဘူး။
မိတ်ဆွေကိုလည်း မေတ္တာရပ်ခံချင်တာက... ...
"အဆင်ပြေအောင် ပြောတာလည်းပြော၊ လုပ်တာလည်းလုပ်ပေါ့၊ ကလေးတွေရှေ့တော့ ရှောင်ပါ"... လို့။

မလိမ်မိအောင် ကြိုးစားနေတဲ့-သန်၎ကို။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...