Friday, June 13, 2014

ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်


(၁) ယခုအစီအစဉ်မှာပါဝင် ဖြေကြားဖို့ ဖိတ်ခေါ်ထားသူများကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်တို့ ဖြစ်ပါသည်။
မေးခွန်းများကို ပထမဆုံး ဖြေကြားရမည့်သူကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးက ဒီမိုကရေစီဖော်ဆောင်ရေးမှာ တပ်မတော်က တစ်တပ်တစ်အား ပါဝင်နေသည်ဟု ပြောခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကို တပ်မတော်မှ ထောက်ခံပါသည်ဟု ပြောခဲ့သူလည်းဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြေကြားရမည့်  မေးခွန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁)သုံးနှစ်ကြာ ဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲမှာ တပ်မတော်ဘက်က အကျအဆုံးအရေအတွက်ကို အတိအကျဖော်ပြပါ။
(၂) သုံးနှစ်ကြာဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲမှာ တပ်မတော်ဘက် က ကုန်ကျခဲ့သည့် စစ်စရိတ်ကို အတိအကျဖော်ပြပါ။
(၃) ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အပစ်အခတ်ရပ်စဲရေးညွှန်ကြားမှုများက အောက်ခြေတပ်များအထိ ဘာကြောင့် မရောက်သလဲဆိုသည်ကို ဖြေကြားပါ။
မေးခွန်းများကို ဒုတိယဖြေ ကြားရမည့်သူကတော့ ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဖြစ်ပါသည်။ သူရဦးရွှေမန်းကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ နောက်ကြောင်းပြန်လှည့်သူများကို ချေမှုန်းမည်ဟု ကတိပေးခဲ့သူဖြစ်ပြီး သတင်းမီဒီယာများမှာ မကြာခဏ ဖော်ပြခံနေရသူလည်းဖြစ်ပါသည်။ နာယကကြီးဖြေကြားရမည့် မေးခွန်းများကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သုံးနှစ်ကြာဖြစ်ပွားနေသည့် ကချင်စစ်ပွဲနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းပြဖို့ ဖိတ်ခေါ်မည့်နေ့ရက်နှင့် အချိန်ကို ဖြေကြားပါ။
(၂) ကချင်စစ်ပွဲမှာ တပ်မတော်ဘက်က ကျဆုံးခဲ့သည့် အရေအတွက်နှင့် စစ်စရိတ်ကို အများပြည်သူသိရှိနိုင်အောင် စုံစမ်းရေး ကော်မရှင်ဖွဲ့မည့်အချိန်ကို ဖြေကြားပါ။
(၃) ပြည်သူကို ကိုယ်စားပြုသည်ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ကချင်စစ်ပွဲနှင့်ပတ်သက်ပြီး ဘာကြောင့် လုံလောက်သည့်မေးခွန်းများ မထုတ်ခဲ့ကြသလဲဆိုသည်ကို ဖြေကြားပါ။
တတိယနှင့် နောက်ဆုံးဖြေကြားရမည့်သူကတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဖြစ်ပါသည်။ သမ္မတကြီးကတော့ ‘‘သန့်ရှင်းသောစီမံအုပ်ချုပ်မှု’’နှင့် ‘‘ပွင့်လင်းမြင်သာမှုရှိရေး’’တို့ကို ထုတ်ဖော်ပြောကြားလေ့ရှိသူဖြစ်ပါသည်။ သမ္မတကြီးဖြေကြားရမည့် မေးခွန်းများက အောက်ပါအတိုင်း ဖြစ်ပါသည်။
(၁) ထိုးစစ်များရပ်တန့်ဖို့ ညွှန်ကြားချက်များရှိနေသည့်ကြားက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများ ဘာကြောင့် ဆက်ဖြစ်နေသည်ကို ဖြေကြားပါ။
(၂) ကချင်မှာဖြစ်ပွားနေသည့် စစ်စရိတ်က နိုင်ငံသားတစ်ဦးချင်းစီအတွက် မည်မျှကုန်ကျနေသည်ကို တွက်ချက်ပြပါ။
(၃) သုံးနှစ်ကြာ ကချင်စစ်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အသေးစိတ်ရှင်းလင်းတင်ပြသည့် မိန့်ခွန်းကို ပြောကြားမည့်နေ့ရက် နှင့် အချိန်ကိုဖြေပါ။
နောက်တစ်ကြိမ် အခွင့်ရလျှင် ‘‘ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင်’’ အစီအစဉ်မှာ ကေအိုင်အို၊ ကေအိုင်အေခေါင်းဆောင်များကိုလည်း အလားတူ ဖိတ်ခေါ်မေးခွန်း ထုတ်ရမှာဖြစ်ပါသည်။

(၂)
စာဖတ်သူ ယခုဆောင်းပါးကို ဖတ်နေချိန်တွင် ကချင်စစ်ပွဲ သုံးနှစ်ပြည့်ပြီဖြစ်ပါသည်။
တိတိကျကျပြောရလျှင် ယခုဇွန်လ ၉ ရက်မှာ ရက်ပေါင်း ၁,၀၉၅ ရက် ရှိခဲ့ပါပြီ။ သုံးနှစ်အတွင်းမှာ တိုက်ပွဲပေါင်း ၂,၅၀၀ ခန့်ဖြစ်ပွားခဲ့သည်ဟု အချို့ခန့်မှန်းကြသည်။ ထိုခန့်မှန်းချက်မှန်ကန်လျှင် တစ်ရက်ကို ပျမ်းမျှ တိုက်ပွဲ နှစ်ပွဲကျော်ကျော်ဖြစ်ပွားနေသည်ဟု ဆိုရမည်။ သုံးနှစ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းနီးနီးခန့်လည်း စစ်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းခဲ့ကြသည်။
နိုင်ငံအတွင်းမှာ သုံးနှစ်ကြာ တိုက်ခိုက်နေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်က ပြည်သူများကို ရှင်းလင်းထုတ်ပြန်ချက် မပြုလုပ်ခဲ့ပါ။ တပ်မတော်သားများ၏ အမိအဖများဖြစ်သည့် ပြည်သူများကို တပ်သားမည်မျှ ကျဆုံးခဲ့ပြီဆိုတာကို မထုတ်ပြန်ခဲ့ပါ။ ပြည်သူများ၏ ‘‘သိပိုင်ခွင့်’’ကို လေးစားမှုလုံးဝမရှိခဲ့ပါ။ သတင်းမီဒီယာများကို သတင်းအချက်အလက်မပေးခဲ့ပါ။
လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူများကို ကိုယ်စားပြုပြီး မေးခွန်းထုတ်ကြဖို့ တာဝန်ပျက်ကွက်ခဲ့ကြပါသည်။ ပြည်သူတို့၏ သိရှိပိုင်ခွင့်နှင့် စစ်ဆေးပိုင်ခွင့်ကို လေးစားမှု မရှိခဲ့ကြပါ။
နှစ်ဖက်စလုံး၏ အကျအဆုံး သည် နိုင်ငံတစ်ခုလုံး၏ အကျအဆုံးဖြစ်ပါသည်။ အလားတူ နှစ်ဖက်စလုံး၏ ကုန်ကျစရိတ်သည်လည်း နိုင်ငံတစ်ခုလုံး၏ ကုန်ကျစရိတ်ဖြစ်ပါသည်။ ကျဆုံးသွားကြသူများနှင့် စစ်ကုန်ကျစရိတ်များအပြင် အခြားကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုရှိပါသည်။ တိုင်းရင်းသားအချင်းချင်းကြားမှာ ပေါ်ပေါက်လာသည့် ‘‘အမုန်းတရား’’ဖြစ်သည်။ ငွေကြေး၊ အချိန်ကာလတို့နှင့် ပြန်လည်ဝယ်ယူ၍မရနိုင်သည့် ဆုံးရှုံးမှုဖြစ်သည်။
နိုင်ငံရေးအပြောင်းအလဲ၏ အကျိုးဆက်များကို ရန်ကုန်နှင့် နေပြည်တော်မြို့ကြီးများမှာ ကွန်ဖရင့်ကြီးများ၊ အခမ်းအနား အကြီးအကျယ်များဖြင့် ကျင်းပနေကြချိန်မှာ နေအိမ်များကိုစွန့်ခွာပြီး စစ်တိမ်းရှောင်နေကြရသည့် ကချင်ပြည်သူများကို လွှတ်တော်ကိုယ်စားလှယ်များ မေ့လျော့နေ၍မဖြစ်ပါ။
တာဝန်ရှိသူများက အမှန်တရားကို ရဲရဲဝံ့ဝံ့မျက်နှာချင်းဆိုင်ဖို့ အချိန်ရောက်လာခဲ့ပါပြီ။
ပြင်သစ်တွေးခေါ်ပညာရှင် ဗော်လ်တိုင်းယားက အခုလိုပြောခဲ့သည်။
‘‘လူမသတ်ဖို့တားမြစ်ထားတယ်။ ဒါကြောင့် လူသတ်သမားတွေ အပြစ်ပေးခံကြရတယ်။ ခရာတွေမှုတ်ပြီး အစုလိုက် အပြုံလိုက် လူသတ်ကြသူတွေကလွဲရင်ပေါ့’’

ရဲမိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...