Thursday, June 5, 2014

ဈေးဝယ်ခြင်း အနုပညာ

ဈေးဝယ်ခြင်း အနုပညာ

ဈေးဝယ်ခြင်းတွင် အနုပညာမြောက်သော အစွမ်းသတ္တိများရှိနေကြောင်းကို မိဘနှင့်ကင်းကွာခဲ့သည့် နှစ်နှစ်အချိန်ကျမှသိခွင့်ရခြင်းက ကျွန်တော်အတွက်ဝမ်းနည်းခြင်းကိုဖြစ်ပေါ်စေသည်။ ဟိုတစ်ချိန် အတိတ်နေ့ရက်များတွင် ကျွန်တော်ရှင်သန်နေထိုင်ခဲ့သော ပတ်ဝန်းကျင်သည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင်သာဖြစ်သဖြင့် ဒေသ၏စိမ်းသက်လွမ်းဆွတ်သော ဓလေ့များကို တမ်းတမိသော်လည်း ဈေးဝယ်ခြင်း၏ အနုပညာမြောက်မှုကိုမူသေချာမတွေးမိခဲ့။

ကျွန်တော်၏ မွေးရပ်မြေလေးသည် စစ်ကိုင်းတိုင်းဒေသကြီး၏ နာမည်အနည်းငယ်ကြီးသော ဒေသလေးပင် ဖြစ်သည်။ ဟိုယခင် ကိုလိုနီခေတ်အတွင်းမှ ယခုချိန်ထိပြဌာန်းစာအုပ်တွင်ဖော်ပြခံရသော မီးရထားလမ်းဆုံရွာလေးဖြစ်သည့် နဘား ဆိုသည့်ဒေသလေးပင်ဖြစ်သည်။ မီးရထားလမ်းဆုံရွာဟုခေါ်ရခြင်းက အကြောင်းအနည်းငယ်ရှိသည်။ မည်သည့်ဒေသမှဖြစ်စေ ကသာသို့ ရထားဖြင့်ခရီးသွားမည်ဆိုလျှင် နဘားဘူတာသို့ လူတိုင်းဆင်းကြရမည်ဖြစ်သည်။  

နဘားဘူတာသို့ ရထားဆိုက်ရောက်လျှင် ပထမဆုံးကြားရမည့်အသံက “နဘား ကသာ ကားရှိတယ်။ သုံးဘီးဆိုင်ကယ်ရှိတယ်။ ခုထွက်မှာ” စသည့်ခရီးသည်ခေါ်သောအသံများကို နေရာအနှံ့ပြားမှကြားရမည်။ ထိုအရာသည်ကားဈေးနှင့်မသက်ဆိုင်သော ရွာကလေး၏ထူးခြားဖြစ်စဉ်တည်။ ကျွန်တော်အဓိကပြောလိုသည်က ဈေးဝယ်ခြင်းဟူသောအတတ်ပညာကို အဓိကပြောလိုခြင်း ဖြစ်သည်။ 

ရွာကလေးဖြစ်သည့်အပြင် မီးရထားလမ်းဆုံရွာလေးကလည်းဖြစ်သဖြင့် နဘားရွာလူဦးရေ၏ ထက်ဝက်ကျော်သည် ဈေးရောင်းဝယ်ခြင်းဖြင့်အသက်မွေးကြသည်။ တစ်နေကုန် နဘားဘူတာသို့ ဆိုက်ရောက်လာသောရထားများကို ဈေးရောင်းမည်ဆိုလျှင် တစ်နေ့အတွက် ထမင်းဟင်းစာရိတ်ပိုလျှံသည့်အပြင်သားသမီးများကို ကျောင်းထားနိုင်သည်ဟုပြောလျှင် အံ့သြကြမည်ထင်သည်။ ဈေးဝယ်ခြင်း၊ ဈေးရောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့်ထဲတွင်ကျွန်တော်မိဘနှစ်ပါးသည်လည်းအပါဝင်ပင်ဖြစ်သည်။ 

ကျွန်တော်သိတတ်စအရွယ်ထဲက ဈေးရောင်းချစားသောက်နေသည်မှာ ယခု အင်ဂျင်နီယာဘွဲ့ရပြီး အလုပ်ဝင်သည်အထိဖြစ်သည်။ ထိုကြောင့် ကျွန်တော်သည်ဈေးကို ခင်သည်။ ဈေးကိုမြတ်နိုးသည်။ ဈေးကိုတွယ်တာသည်။ ထို့အပြင်ဈေးသည်များကိုလဲ တန်ဖိုးထားတတ်သည်။ ငယ်စဉ်က ကျွန်တော်မေမေနှင့်ဈေးထဲသို့သွားရသည်ကို အရမ်းကိုပျော်ရွှင်သည်။ အဘယ်ကြောင့်ဆိုလျှင် မေမေသည်ဈေးသည်ဖြစ်သည့်အလျှောက် ဈေးစစ်အလွန်တော်သည်။
 
ဈေးသည်အများစုကလည်း မိမိ၏ခြံထွက်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားကြသဖြင့် ဈေးသည်ဈေးနှင့်မတူဘဲ ခြံထွက် ပစ္စည်ပေါင်းစုံဖလှယ်သည့် နေရာတစ်ခုကဲ့သို့ဖြစ်နေပြန်သည်။ မေမေက မနက်ဈေးဝယ်လျှင် ရွပိုးထိုးသည်အထိဈေးထဲသို့လိုက်လိုသည်။ ဈေးတွင်းသို့ေ၇ာက်လျှင် အိမ်တွင်ပြုလုပ်ပြီး ရောင်းချသည့် မုန့်စိမ်းပေါင်း၊ မုန့်ကျွဲသဲ၊ ခေါးပုတ်၊ ပေါင်းတင်၊ ကောက်ညှင်းထုတ်၊ ခေါးဆီ၊ ကောက်ညှင်းပေါင်း အစပြုသည့် ဆန်နှင့်ပြုလုပ်သောမုန့်မျိုးစုံကို ကလေးပီသစွာစားသောက်ခွင့်ရသည်။ 

မည်သည့်ဈေးသည်ကမှလည်း ကျွန်တော်ယူငင်စားသောက်သော တလုပ်တဆုတ်စာအား နှမျေားတွန့်တိုခြင်းမဖြစ်ကြလဲ ပြုံးရွင်နေကြသည်။ ကလေးအရွယ်ဖြစ်သည့်အတွက် ဈေး၏အနုပညာမြောက်ခြင်းကိုအရမ်းမသိသော်လည်း ထိုအချိန်ရှိ အပျော်များကို ပြန်တွေးမိသည့်အခါတိုင်း လွမ်းဆွတ်သောရသကိုပေးသည်။ 

နောင် အသက်အနည်းငယ်ရလာသောအချိန်တွင် ဈေး၏ မိသားစုဆန်တတ်ခြင်းသဘောကို ကြုံ တွေ့ရသည်။ ထိုနေ့က မေမေသည်သူဆိုင်တွင် ဈေးဝယ်ကျသဖြင့် အိမ်တွင်ချက်ပြုတ်စားသောက်ရန် ဈေးဝယ်နောက်ကျနေလေသည်။ထိုအချိန်တွင် ဈေးမှပြန်လာသော အဒေါ်ကြီးတစ်ယောက်က “ ဟေ့ စန်းတင့်ရေ ဒီမှာ ငါးတွေဈေးပေါးချက်၊ ဘာက ဘယ်ဈေး ညာကဘယ်ဈေး၊ ဘာအရွက်တွေ ဘာသီးတွေကတော့ လတ်ဆတ်နေတာဘဲ” စသည့်ဖြင့် ပြောပြီး ဆိုင်ရှေ့မှဖြတ်သွာသည်။
 
ဆိုင်ရှေ့ဟုသုံးနုန်းခြင်းသည်အကြောင်းရှိသည်။ မေမေနှင့်ဖေဖေသည် ကျွန်တော် ငယ်စဉ်ကထဲက ကုန်ခြောက်ဆိုင်ဖွင့်ထားပြီး ဆန်၊ဆီ၊ဆားမှစပြီး ကြက်ပေါင်ကွင်းအထိရနိုင်သည်။ ဆိုင်သည် ရွာနှင့် ဈေးကူးသည့် တံတားဘေးတွင်တည်ရှိသဖြင့် မည်သည့်ဈေးဝယ်များ၊ ဈေးသည်များမဆို ဆိုင်ရှေ့မှ ဖြတ်ပြီး ဈေးသို့ဝင်ရလေ့ရှိသည်။ သားငါးတန်းဘက်သို့ဈေးသွားဝယ်လျှင် ပိုပြီးမိခင်နှင့်ယဉ်ကျေးမူဆန်သော ဈေးသည်အချင်းချင်းရိုင်းပင်းသောစိတ်ဓါတ်ကိုသိနိုင်သည်။ 

“ ညည်းမို့ ပိုထည့်ပေးတာနော်။ ကြက်ဆိုလဲအသား။ အမဲ ဆိုလဲအသား။ ၀က်ဆိုလဲအသား။ အရွက်ဆိုလျှင်လဲ စိမ်းစိုလတ်ဆတ်သော အသီးများကိုပေး၏။ တစ်ခါတစ်ခါတွင်မူ မေမေသည် ဈေးသည်ဖြစ်သည့်အလျှောက် ဈေးရောင်းသူ၏ အလေးကစားခြင်း ကိုသိ၏။ ထိုမျှမက ကျွန်တော်ပါလျှင် ကျွန်တော်ကိုပါသင်ပေးတတ်သည်။ 

ဥပမာအားဖြင့် ငါးရောင်းသောဈေးသည်တစ်ယောက်အားကြည့်ပါအံ့။ ရွာဈေးဖြစ်သည့်အတွက် အလေးနှင့်ချိန်ခွင်ကိုသာအသုံးပြုကြသည်ကများသည်။ ယခုကဲသို့ ဒီဂျစ်တယ် ဖြင့်ချိန်သောစက်ကိုမူ အသုံးမပြုကြ။ “ သားငယ်ကြည့် ငါးအစိတ်သားကိုချိန်မယ်ဆို ငါးကိုပစ်ထည့်လိုက်တယ်နော်၊ ပြီးရင် ဈေးရောင်းသူက ချိန်ခွင်ကိုဇတ်ကနဲ့မြောက်မယ်၊ ပြီးရင်သူ ချိန်ခွင်ကိုင်ထားတဲ့လက်ကိုသေချာကြည့် လက်ကိုအားစိုက်ပြီးဖိလိုက်တယ်။ ဒါဆို ၂၅ ကျပ်သားဝယ်တဲ့ ငါးက၂၀ သားအဖြစ်သို့ ဘ၀ပြောင်းသွားပြီးသား”။ မေမေက ပြောပြီး ကျွန်တော်ကို ဈေးသည်၏ အလေးအထာကို သေချာသိစေ၏။

 ထို့သိုဈေးဝယ်ခြင်းနှင့်ဈေးသည်တို့၏ ထုံးစံဓလေ့များကို ကျွမ်းကျင်ခဲ့သောကျွန်တော်သည် မေမေ့ ဈေးဆိုင်ကိုကူညီရောင်းနိုင်သောအချိန်တွင် ထိုပညာများကများစွာအသုံးဝင်ခဲ့လေသည်။ ကျောင်းပညာသင်နှစ် ၏ ခုနှစ်တန်း၊ ရှစ်တန်များတွင် မေမေဈေးဆိုင်အားကူညီရောင်းပေး၏။ ဆီတစ်ဆယ်သားကို မည်သည့် အလေးချိန်ရအောင်ချိန်ရမည်နည်း။ ကျွန်တော်သိသည်။ တစ်ဆယ်သားအား ရှစ်ကျပ်တင်အောင်ချိန်ရမည်လား။သို့တည်းမဟုတ် တစ်ဆယ်တစ်ကျပ်ဖြစ်အောင် ချိန်ရမည်လား။ ထိုအရာများ သည်ဈေးသည်သားသမီးများ အားလုံးတတ်ကျွမ်းသောနည်းစနစ်ပင်ဖြစ်သည်။ 

သို့သော် မေမေသည်စည်းစနစ်ကြီးသည်။ တစ်ခြားမည်သည့် ပစ္စည်းများကို အလေးကစားခြင်းပြုလုပ်စေကာမူ ဆန် အားလက်မှုပညာဖြင့်ကစားခြင်းကိုမူ ကန့်သတ်ထား၏။ ဆီ၊ကြက်သွန်၊ဆား၊ငြုပ်သီး၊ စသည့် မြောက်များစွာသောပစ္စည်းများကို လက်မှုနည်းပညာဖြင့်အလေးကစားခြင်းသည်များစွာသော အပြစ်မဖြစ်နိုင်။ ဆန်ကိုကစားလျှင် ကြီးစွာသောအပြစ်ဖြစ်သည်ဟု မှတ်ယူထားသူလည်းဖြစ်သည်။ 

ဆန်ရောင်းချခြင်းသည်များစွာစိတ်လုပ်ရှားစေသည်။ အထူးသဖြင့် ကျွန်တော်တို့ရွာလေးတွင် ဆန်ကို အိတ်လိုက်ဝယ်စားသောလူတန်းစာသိပ်မရှိပေ။ ဆိုင်တွင် တစ်ပြည် နှစ်ပြည် လေးလုံး နှစ်လုံးစသည်ဖြင့် နို့ဆီဘူးဖြင့် ၀ယ်ယူစားသောက်တတ်ကြသည်။ ဆန်လေးလုံးချိန်မည်ဆိုလျှင် ချက်နို့ဆီဘူးဖြင့် လေးဘူးချိန်ပေးရသည်။ ထိုအချိန်တွင် ဈေးရာင်းသူ၏စေတနာသည် ဈေးဝယ်သူပေါ်များစွာသက်ရောက်သည်။ လက်အချိန်အဆနှင့် စေတနာသည် ထိုအချိန်တွင်စကားပြောသည်။

နိုဆီလေးဘူကို သုံးဘူးခွဲသာတင်အောင်ချိန်လျှင်လဲရနိုင်သလို နို့ဆီလေးဘူးထက်ပိုသော ပစ္စည်းတင်ကျန်နိုင်အောင် လဲချိန်လို့ရနိုင်သည်။ ထိုအကြောင်းကိုမူ ဈေးသည်များအား လေးစားသောအားဖြင့် ၀မ်းနည်းစွာဖြင့်ချန်ထားခဲ့ပါမည်။ ထိုသို့ လုံးဝမလုပ်လျှင် ကောင်းသော်လည်း လူသားဆန်သောလောဘကြီးခြင်းသည် ဈေးသည်ဘ၀တွင်ထိန်းသိမ်းရခက်ခဲလွန်းသည်။

ကျွန်တော်ဆယ်တန်းအောင်ပြီးသည့်နောက်တွင် မိုးညှင်းနည်းပညာကော့လိပ်သို့ အကြောင်းအမျိုးမျိုးကြောင့်ဝင်ခွင့်ရလေသည်။ ငယ်စဉ်ထဲက ဈေးထဲတွင်နေထိုင်ပြီး ဈေးနှင့်နီးကပ်သောစိတ်ထား သည်ထိုအချိန်တွင်များစွာအသုံးဝင်သည်။ ငွေကြေးကိုမိမိကိုတိုင် ချင့်ချိန်သုံးစွဲခဲ့ပြီး ဈေးသည်များ၏ သဘောသဘာဝကို နားလည်ခြင်းကြောင့် ဈေး၏ မာယာများကို တစ်ပါးသူများထက် ပိုမိုသိလေ၏။

 ထို့နောက့် အခက်ခဲအမျိုးမျိုးကိုဖြတ်သန်းပြီသည့် အချိန်တွင် အင်ဂျင်နီယာဘွဲ့ကြီးဖြင့် မေမေ့ဈေးဆိုင်လေးတွင်ဈေးရောင်းဖြစ်ပြန်သည်။ ကျွန်တော်သည် ဈေးနှင့်လွန်စွာအကျိုးပေးလေ၏။ နောက်ပိုင်းတွင် ၀န်ထမ်းလုပ်စေလိုသည့် မေမေဖေဖေ၏စေတနာအားထောက်ထားသောအားဖြင့် နေပြည်တော်တွင် အလုပ်ဝင်သောအခါ ကျွန်တော်၏ ဈေးရောင်းခြင်းဝယ်ခြင်းဖြင့် စိတ်ခံစားမူကို ပေးသောအနုပညာရပ်သည်ပျက်စီးသွားတော့၏။ 

ယခင်ကဆိုလျှင် ပုဂ္ဂိုလ်ခင်သဖြင့် ငါးဆှိုလျှင်လဲ အမြီးလေးခေါင်းလေးများ၊ အသီးရွက်ဆိုလျှင်လဲ ပေါပေါများများ ပေးတတ်သည့် မိသားစုဆန်သော ဈေးဝယ်ခြင်းစနစ်သည် ပျောက်ကွယ်သွားသည်။ ယခု အခါတွင် ခေတ်စနစ်အရ အသင့်ထုတ်ပိုးပြီး ရေခဲခန်းထဲတွင် လှလှပပတင့်တယ်နေသည့် အသားများ ငါးများ အရွက်များသည် မြို့ပြ၏ ဆူပါမတ်ကက်များတွင် ရောင်းချသောခေတ်ဖြစ်နေသည်။ ယခင်ရွာဈေးကဲ့သို့ ကောင်းတာလေးထည့်ပေးပါ။

ငါးဆိုလျှင်လဲ ခေါင်းပိုင်းလေး၊ ကြက်ဆိုပေါင်နဲ့ ရင်အုံ့၊ အသဲမြစ်လေးထည့်ပေးပါစသည်ဖြင့် တောင်းဆိုသောအသံမျိုးစုံတို့သည် ထိုစူပါမတ်ကက်များတွင် ကြားခွင့်ရခြင်းမရှိတော့။ မိမိကြိုက်လျှင်ဝယ်။ မကြိုက်လျှင်ထား။ အရိုး၊ ခေါင်း၊ ခြေထောက် စသည်ဖြင့် မည်သည့်အရာမျှ အလကားမရနိုင်တော့သလို စေတနာဖြင့် “ စန်းတင့်ရယ် ငါးတွေလတ် တယ်၊ ၀က်သား အသားများတယ်။ အမဲသား အရွတ်တွေမပါဘူး။ ဘယ်အသည်မှာ ခရမ်းချည်သီး ဘယ်ဈေးစသည့် အိမ်ထောင်ရှင်မများ၏ နုတ်ခွန်းစကားသံများသည် ခေတ်စနစ်၏ တိုးတက်ခြင်းဖြင့် တဖြေးဖြေးဖြင့်ေ၀၀ါးပျောက်ကွယ်သွားကြသည်။ 

နေပြည်တော်၏ ပူနွေးနွေးနွေးနေ့ရက်များတွင် အသင့်ဖြစ်နေတတ်သော အသီးရွက်တန်း နှင့် ပလပ်စတစ် အကြည်ရောင်ဖြင့်ထုတ်ထားသော ရေခဲရိုက်သားငါးတန်းကို ဈေးဝယ်ရန် ရောက်လေတိုင်း ဘယ်မှာဘာလေးလတ်တယ်။ ဘာလေးဈေးချိုတယ်၊ ဘာလေးကတော့ဘယ်လို၊ ဘယ်ဈေးသည်ကအလေးပြည့်တယ်” ဟုကြားသိချင်နေသော  စိတ်ကူးများဖြင့် ငေးမေားကြည့်မိလေတိုင်း နဘားရွာလေးမှ

 “စန်းတင့်ရေ” ဆိုသည့် အနုပညာမြောက်သော အဒေါ်ကြီးအသံကို ကြားမိနေတော့သည်။

ဇော်ညီညီ(နေပြည်တော်)

“စန်းတင့်ရေ” ဆိုသည့် အနုပညာမြောက်သော အဒေါ်ကြီး အသံကို ကြားမိနေတော့သည်။

ဇော်ညီညီ(နေပြည်တော်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...