ပင်းတယက မီးအိမ်ရှင်
လူထုကျန်းမာရေးအတွက် နေ့မအား၊ ညမအား အလုပ်လုပ်ပြီး ခရီးလမ်းခက်ခဲကြမ်းတမ်းသည့် တောင်ပေါ်ဒေသကျေးရွာများသို့ အခမဲ့ဆေးလိုက်ကုပေးနေသော ရှားရှားပါးပါး ပြည်သူ့အကျိုးပြု စေတနာရှင်ဆရာဝန်ကြီးများကို များသောအားဖြင့် ဇာတ်လမ်းများထဲ တွင်သာ တွေ့ရလေ့ရှိသည်။ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးပြုခဲ့သော ဆရာဝန်များစွာ ရှိခဲ့သော်လည်း သူတို့၏အကြောင်းမှာ မှတ်တမ်းတင်သူမရှိသည့်အတွက် တိမ်မြုပ်ပျောက်ကွယ် သွားလေ့ရှိသည်။
ထိုသို့သော ဆရာဝန်များကို တစ်နိုင်ငံလုံးက မသိရှိကြသော်လည်း သူတို့တာဝန်ကျရာဒေသများရှိ ဒေသခံလူထု၏ရင်ထဲမှာ ဘယ်တော့မှမမေ့နိုင်ကြပါ။
စေတနာရှင်ဖန်မီးအိမ်ဆရာဝန်ကြီးတစ်ဦး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ယနေ့ရောက်ရှိနေပါသည်။ ဆရာဝန်ဆိုသည်မှာ အကောင်ပလောင်တစ်မျိုးလားဟု ထင်မှတ်မေးမြန်းကြရသည့် ဝေးလံခေါင်ဖျားတိုင်းရင်းသားကျေးရွာလေးများသည် ဖန်မီးအိမ်ရှင်ဆရာဝန်ကြီး၏ ပြုစုစောင့်ရှောက်မှုအောက်တွင် နွေးထွေးစွာရှိနေကြပါပြီ။
ဗမာလူမျိုး၊ မြောင်းမြမြို့သား ဆရာဝန်ကြီးဒေါက်တာသန်းမင်းထွဋ်သည် ရောက်လေရာဒေသတွင် လူထုထောက်ခံမှုနှင့် ချစ်ခင်လေးစားမှုတို့ကို အပြည့်အ၀ပိုင်ဆိုင်ထားခဲ့သည်။
ထိုဆရာဝန်ကြီးသည် ဆေးကုသသည့်အလုပ်တစ်ခုတည်းကိုသာ ဆောင်ရွက်သည်မဟုတ်ဘဲ ရောက်လေရာဒေသရှိ ကျေးရွာများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း၊ တိုးတက်ဖွံ့ဖြိုးလာစေရန် လုပ်ဆောင်ပေးခြင်းတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခွင် နာမည်ကျော်ကြားလူကြိုက်များလာခဲ့သည်။
သူ လက်ရှိတာဝန်ကျရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်လေးသို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးတာဝန်ဖြင့် ရောက်ရှိခဲ့ပြန်သည်။ ၂၀၁၁ ခုနှစ်တွင် ပင်းတယမြို့နယ် ၂၅ ခုတင်ဆံ့ ဆေးရုံလေးသို့ရောက်ရှိခဲ့ရာ ဆေးရုံတစ်ဝန်းလုံးမှာ ပျက်စီးယိုယွင်းနေပြီး များပြားလှသည့် ကြက်ဆူတောကြီးအကြား နစ်မြုပ်နေသည်ကို သူတွေ့ရသည်။
သို့ဖြင့် စိုက်ပျိုးထားသော ကြက်ဆူပင်များအားလုံးကို ပြတ်ပြတ်သားသားခုတ်လှဲပစ်ခဲ့သည်။ ဒေသလူထုမှာ ယခင်ဆေးရုံတာဝန်ကျသူများကို အမြင်မကြည်လင်သဖြင့် နာမကျန်းဖြစ်ပါက ဆေးရုံတက်ရန်ပင် ရွံ့ကြောက်နေကြသည်ကိုတွေ့ရှိရသဖြင့် ဆရာဝန်ကြီးမှာ ပြုပြင်ပြောင်းလဲမှုများကို အားသွန်ခွန်စိုက်ပြုလုပ်ရတော့သည်။
သူသည် ဆေးရုံမှ လက်အောက်ဝန်ထမ်းဆရာဝန်နှင့် သူနာပြုများကို စီမံခန့်ခွဲမှုသင်တန်း ဦးစွာသင်ကြားပေးသည်။ လူနာများနှင့်ဆက်ဆံရာတွင် ယခင်နှင့်မတူပြောင်းလဲစေရန် ညွှန်ကြားသွန်သင်ပေးသည်။ ခံယူချက်များ ပြောင်းလဲလာစေရန် စိတ်ဓာတ်ပိုင်းကို အဓိကပြုပြင်ပေးခဲ့သည်။
ထို့နောက် ဆေးရုံအတွက်ရရှိသည့် ဆေးဝါးများကို သုံးစွဲကာတစ်လလျှင် ရွာသုံးရွာသို့ ကိုယ်တိုင်ဆင်း၍ အခမဲ့ဆေးကုသပေးတော့သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းငါးထောင်နှင့်အထက်မြင့်မားသည့် ဝေးလံခေါင်ဖျား တောင်ပေါ်ကျေးရွာများသို့ လှေဖြင့်တစ်ဖုံ၊ လှည်းဖြင့်တစ်မျိုး၊ ထော်လာဂျီဖြင့်တစ်သွယ်၊ လမ်းလျှောက်၍တစ်မူ အပင်ပန်းခံသွားရောက်ခဲ့သည်။
တောင်ပေါ်ကျေးရွာတိုင်းရင်းသားတို့သည် သူရောက်ရှိလာမှသာ ဆရာဝန်ဟူသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ဖူးကြတော့သည်။ ချင်းရွာတစ်ရွာမှ အဘိုးကြီးတစ်ယောက်က သူနာပြုဆရာမလေးအနားကပ်ခါ ‘‘ဆရာဝန်ဆိုတဲ့အကောင် ငါတွေ့ဖူးချင်တယ်။ ငါ့ကိုပြ။ ဒါပေမဲ့ ငါတံခါးကြားထဲကပဲ ချောင်းကြည့်မယ်နော’’ဟု ပြောခံရဖူးသည်။
ယခင်က နတ်ဆရာများ၊ ရမ်းကုများဖြင့် ကုသလာခဲ့ကြသည့် လူနာများသည် ဒေါက်တာသန်းမင်းထွဋ်အပေါ် တဖြည်းဖြည်းယုံကြည်ကိုးစားလာကြသည်။ သူသည် လူနာများနှင့် ဆုံတွေ့ရာတွင် အစဉ်ပြုံးရွင်နေသည့် မျက်လုံးနှင့် နှုတ်ခမ်းများ၊ ချိုသာသိမ်မွေ့သည့် ပြောစကားများ၊ လူနာအပေါ် သားသမီးသဖွယ် နွေးထွေးကြင်နာစွာယုယစောင့်ရှောက်မှုများ၊ ဒေသခံများနှင့် တစ်သားတည်း သွားလာစားသောက်အိပ်စက်မှုများကြောင့် ‘ဆရာဝန်ကြီး’ ဟူသည့်နာမကို လူထုကနှုတ်ဖျားကမချတော့။
ယခင်က ဒေသခံလူထု၏ နတ်ဆရာများ၊ ရမ်းကုများ၊ အရပ်လက်သည်များဖြင့်သာ ဆေးကုသလေ့ရှိကြသည့်အစဉ်အလာကို လမ်းမှန်ရောက်အောင်လည်း ပြုလုပ်ပေးခဲ့သည်။
‘‘ကိုယ်က မလုပ်နဲ့လို့တားလို့မရဘူး။ ကိုယ်ပြန်သွားရင် ဆက်လုပ်ကြမှာပဲ’’ဟု ဒေါက်တာသန်းမင်းထွဋ်ကပြောသည်။ ထို့ကြောင့် ဒေသခံရမ်းကုများ၊ အရပ်လက်သည်များကို ရင်းရင်းနှီးနှီးတွေ့ဆုံကာစည်းရုံးပြီး ကိုယ်ပေးချင်သည့် ဆေးပညာနည်းစနစ်များကို မျှဝေသင်ကြားပေးခဲ့ရသည်။
ကျေးရွာများသို့ကွင်းဆင်း၍ အခမဲ့ကုသပေးရသည့်ရည်ရွယ်ချက်မှာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်သည်များက ဝေးလံသည့် မြို့ပေါ်ဆေးရုံသို့ လာရောက်ရန် အခက်အခဲရှိသောကြောင့် မလိုအပ်ဘဲဆုံးရှုံးနစ်နာမှုများမဖြစ်စေရန် အိမ်တိုင်ရာရောက်သွားရောက်ခြင်းပင်ဖြစ်သည်ဟု ဒေါက်တာသန်းမင်းထွဋ်ကဆိုသည်။
ပင်းတယမြို့နယ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်အတွက် နိုင်ငံတော်က ဘဏ္ဍာငွေအသုံးစရိတ်များစွာ ချထားပေးမှုကြောင့် သူ့အတွက်အဆင်ပြေခဲ့သည်။ ဆေးရုံတွင် ၀န်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဆေးရုံအဆောင်သစ်များတိုးချဲ့ခြင်း၊ လူနာစောင့်များ သက်သောင့်သက်သာနားနေနိုင်ရန် အဆောင်တစ်ခု သီးသန့်ဆောက်လုပ်ပေးခြင်း၊ ရေစင်နှင့် အ၀ီစိတွင်းဆောက်လုပ်တူးဖော်ခြင်းများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နိုင်ခဲ့ရာ ယခုအခါ ပင်းတယဆေးရုံလေးမှာ သန့်ရှင်းသပ်ရပ်သော အဆင့်မီဆေးရုံလေးတစ်ရုံအဖြစ် အသွင်ပြောင်းသွားခဲ့ပါသည်။
ဆေးရုံတွင်ထားရှိသည့် ခေတ်မီစက်ကိရိယာများကိုလည်း ဒေါက်တာသန်းမင်းထွဋ်အကြောင်း သိရှိသူများက စေတနာအပြည့်အ၀ဖြင့် လာရောက်လှူဒါန်းကြသဖြင့် ပြည့်စုံလျက်ရှိသည်။ ထို့ကြောင့် ဒေသခံလူထုက သူ့အပေါ် ပြန်လည်စေတနာထားခဲ့ကြသည်။ ရေရှားပါးသည့် တောင်ပေါ်ထွတ်နီကျေးရွာလေးကို ရေရရှိအောင် ဆောင်ရွက်ပေးလိုက်သဖြင့် ရွာသူရွာသားများက ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ပင်း တယဆေးရုံရှေ့တွင် ရေနုတ် မြောင်းတူးဖော်သည့်လုပ်ငန်းကို ရွာလုံးကျွတ်လာရောက်လုပ်ကိုင် ပေးခဲ့ကြသည်။
ထို့ကြောင့် သူတာဝန်ကျရာဒေသရှိ လူထုက တာဝန်ကုန်ဆုံးချိန်တွင် နောက်တစ်မြို့သို့ ထပ်မံပြောင်းရွှေ့သွားရမည်ကို မလိုလားကြပါ။ သူတို့မကြုံဖူးသည့် ထင်မှတ်မထားသည့် ဆရာဝန်ကြီးမျိုးကို လက်လွတ်ဆုံးရှုံးကြရမည်ကို ကြောက်ရွံ့ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်နေစဉ် ၂၀၁၃ ခုနှစ်တွင် ဒေါက်တာသန်းမင်းထွဋ်တစ်ယောက် ရာထူးတိုးမြှင့်ခံရပြီး ပြောင်းရွှေ့မိန့်တစ်ခုထွက်လာခဲ့ပြန်သည်။ လက်ထောက်ညွှန်ကြားရေးမှူး (ခုတင် ၁၀၀ ဆံ့ဆေးရုံအုပ်ကြီး)အဖြစ် ပြောင်းရွှေ့ရမည့်သတင်းကို ဒေသလူထုကကြားသိပြီး ညတွင်းချင်းပင် ဒေသခံသုံးထောင်ကျော်က လက်မှတ်ရေးထိုးကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ အသနားခံစာတင်လိုက်ကြသည်။ ပင်းတယမြို့နယ် သံဃမဟာနာယကဆရာတော်ထံသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၀ါဆိုသင်္ကန်းကပ်လှူရန် လာရောက်သည့်အခါတွင်လည်း ၀န်ကြီးချုပ်က လိုအပ်ချက်များကိုမေးမြန်းရာ ဆရာတော်က ‘‘တို့ဆရာဝန်ကြီးကိုပဲ တို့လိုအပ်တယ်။ ကျန်တာဘာမှမလိုဘူး’’ဟု မိန့်ကြားလိုက်သည်။
ဒေါက်တာသန်းမင်းထွဋ်နှင့် အတူလက်တွဲကာ သွေးလှူဒါန်းခြင်း၊ ရေလှူဒါန်းခြင်းလုပ်ငန်းများ လုပ်ကိုင်နေသည့် ပင်းတယမြို့ရှိ စေတနာမွန်ပရဟိတအဖွဲ့မှ ဒေါ်မာလာစိုးကလည်း ‘‘ပင်းတယမြို့အတွက် ဆရာကြီး မရှိမဖြစ်လိုအပ်ပါတယ်။ ဒီမြို့မှာ ဆရာကြီး လေးငါးနှစ်လောက် ဆက်နေလို့ရအောင် မြို့ခံလူထုအနေနဲ့ တောင်းဆိုပါတယ်ရှင်။ အခုဘယ်နေရာပဲသွားသွား ဆရာကြီး၊ ဆရာကြီးနဲ့ လေးစားကြပါတယ်။ ဆရာကြီးက ကျန်းမာရေးကဏ္ဍအပြင် လူမှုရေးလုပ်ငန်းတွေကိုပါ ရှေ့ဆောင်လမ်းပြပေးနေတဲ့အတွက် တအားအားကိုးရပါတယ်’’ဟုပြောသည်။
ဒေါက်တာသန်းမင်းထွဋ်သည် ပဲခူးတိုင်း ပေါက်ခေါင်းပြည်သူ့ဆေးရုံတွင် တာဝန်ကျစဉ်ကလည်း ၎င်း၏စွမ်းဆောင်မှုများကြောင့် ဒေသခံပြည်သူများ၊ သံဃာနှင့် အဖွဲ့အစည်းများ၏ တောင်းဆိုမှုကြောင့် ပြောင်းရွှေ့မိန့်နောက်ရွှေ့ကာ ၂ နှစ်အစား ၆ နှစ်အထိ ယင်းဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။
ယခုပင်းတယတွင် ရှိနေစဉ် သူသည် ၂ နှစ်တာကာလအတွင်း တစ်လလျှင် အနည်းဆုံးရွာနှစ်ရွာကို အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ရာ ယခုအခါပင်းတယရှိ ရွာပေါင်း ၅၇ ရွာတွင် လူနာရှစ်ထောင့်ငါးရားကျော်အား ဆေးကုသပေးနိုင်ခဲ့သည်။ ထိုသို့ အခမဲ့ကုသနိုင်ရန်အတွက် လိုအပ်သည့်ဆေးဝါးတန်ဖိုး နှစ်ဆယ့်ရှစ်သိန်းခန့်ကို စေတနာရှင်ပြည်သူများက ၀ိုင်းဝန်းထောက်ပံ့ပေးခဲ့ကြခြင်း ဖြစ်သည်။
ဆေးရုံအတွက် အဆောက်အအုံသစ် ကိုးလုံးတည်ဆောက်ပေးခဲ့ပြီး လူနာခုတင်များကို စတီးလ်ခုတင်အလုံးငါးဆယ်ဖြင့် အစားထိုးပေးခဲ့ရုံသာမက ခုတင်ပေါ်တွင် ဆိုဖာအိပ်ရာခင်းများကိုပင် ခင်းကျင်းပေးခဲ့သည်။
သူသည် ထိုမျှနှင့်အားမရဘဲ တကယ့်အောက်ခြေလူနာများနှင့် ထိတွေ့မည့် သူနာပြုဆရာမလေးများကို မွေးထုတ်ခဲ့သည်။ ကျေးရွာပေါင်း ၁၃၈ ရွာမှ မိန်းကလေးငယ် ၈၁ ဦးကို ခေါ်ယူကာ အရန်သားဖွားသင်တန်းဖွင့်လှစ်ပေးခဲ့သည်။ ထိုအရန်သားဖွားဆရာမလေးများကို အရန်သားဖွားနည်းပညာသာမကဘဲ စေတနာ့ဝန်ထမ်းတီဘီသင်တန်း၊ ငှက်ဖျားသင်တန်း၊ HIV သင်တန်း၊ သားဆက်ခြားစနစ်များ၊ ရှေးဦးသူနာပြုနည်းပြအဆင့်ထိ သင်တန်းများအပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းများကိုပါ ကာလရှည်ကြာ သင်ကြားပေးလိုက်သည်။
‘‘လူနာက သူတို့နဲ့ အရင်ဆုံးတွေ့ရမှာလေ။ သူတို့ပြုစုနိုင်မှ အသက်ရှင်မယ်။ မကျွမ်းကျင်ဘဲ ပြန်မလွှတ်ချင်ဘူး။ ရမ်းကုစာရင်းထဲ ၀င်သွားလိမ့်မယ်။ ဘာသာရပ်အားလုံးကို တကယ်ကျွမ်းကျင်မှ ပြန်လွှတ်တယ်’’ဟု သူကရှင်းပြသည်။
ပင်းတယမြို့နယ် ဆေးရုံလေးသို့ နှစ်ပတ်ကြာ လာရောက်လေ့လာသင်ကြားသည့် ဆေးကျောင်းသားငယ်လေးများအား ဒေါက်တာသန်းမင်းထွဋ်က လာဘ်ပေး၊ လာဘ်ယူ ဆရာဝန်ကြီးများအကြောင်း၊ စေတနာရှင်ဆရာဝန်ကြီးများအကြောင်း မျှဝေဟောပြောပြီး ခံယူချက်ပြောင်းလဲစေရန် တိုက်တွန်းပို့ချနေဆဲဖြစ်သည်။
ဟောပြောပို့ချမှုအဆုံးတွင် ဒေါက်တာသန်းမင်းထွဋ်က ‘‘ဆရာဝန်တွေရဲ့ဘ၀ကို ကိုယ်ချင်းစာနားလည်ပြီး စေတနာရှင်ဆရာဝန်တစ်ဦးအဖြစ် ပါဝင်ကပြတဲ့သူတွေ ဖြစ်လာစေဖို့ ဆရာမျှော်လင့်ပါတယ်’’ဟု သွန်သင်နိဂုံးချုပ်လေ့ရှိသည်။
လက်အောက်ငယ်သား သူနာပြုဆရာမများကိုလည်း ဒေါက်တာသန်းမင်းထွဋ်က ‘‘လူနာတွေက ဆေးရုံကို အပူနဲ့လာကြတာ။ ပျော်လို့လာတာမဟုတ်ဘူး။ ဒီနိုင်ငံကလူနာတွေက ကိုယ့်အပူအပြင် ပိုက်ဆံမရှိတဲ့အပူ၊ ဆရာဝန် သူနာပြုတွေ ဟိန်းဟောက်တာခံရတဲ့အပူတွေ ထပ်ခံစားကြရတယ်။ ဒါကြောင့် လူနာတွေကို ကိုယ့်ကြောင့် မျက်ရည်မကျစေရဘူး။ သူတို့ကျမယ့်မျက်ရည်ကို ကိုယ်ကသုတ်ပေးရမယ့်တာဝန်ရှိတယ်’’ဟု သွန်သင်ဆုံးမလေ့ရှိသည်။
ထို့အတွက် ပင်းတယဆေးရုံရှိ လူနာနှင့် ဆရာဝန်၊ သူနာပြုတို့အကြားတွင် နွေးထွေးသည့်မေတ္တာနှင့် အပြန်အလှန်စေတနာထား လေးစားမှုများ ပျံ့နှံလျက်ရှိသည်။ လက်ထောက်ဆရာဝန်နှင့် သူနာပြုဆရာမတို့အားလုံးသည် လူနာအပေါ်ပြုံးရွှင်စွာ ကိုယ့်မိသားစုသဖွယ် ပြုစုစောင့်ရှောက်ကြ၍ စိတ်ချမ်းသာရသည်ဟု လူနာများကပြောကြသည်။
ပိုက်ဆံမတတ်နိုင်၍ ဆေးရုံတက်ရောက်ကုသရန် မ၀ံ့မရဲဖြစ်နေသူများကိုလည်း ပင်းတယဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက မိမိငွေကြေးဖြင့် နေ့စဉ်ထမင်းကျွေးကာ ခေါ်ယူတက်ရောက်စေခဲ့သည်များလည်းရှိပါသည်။
‘‘ကျွန်မအပြင်ဆေးခန်းတွေမှာလည်း လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလောက်အလုပ်လုပ်ရပြီး ပညာလည်းသင်ပေးတဲ့ ဆရာဝန်ကြီးနဲ့ မကြုံဖူးသေးဘူး။ ဒီဆရာကြီးလက်ထက်မှာ ကျွန်မတို့အကုန်လုပ်လို့ရတယ်။ ခွဲခန်းဝင်တယ်ဆိုရင်လည်း ကိုယ်မှားခဲ့သည်ရှိဦး။ နင်မှားနေတယ်လို့ မဆဲဘူး။ ဒါလေးကတော့ ဘာဆိုပြီး သေချာသင်ပေးတယ်။ ကိုယ့်အတွက်လည်း အသိပညာတွေ အများကြီးတိုးတယ်။ နယ်ကဆရာမတွေ တစ်လတစ်ခါလာရင်လည်း သိသင့်သိထိုက်တာတွေကို သူထမင်းမစားရရင်နေပါစေ၊ အကုန်သင်ပေးတယ်။ သူစိတ်ဆိုးကြောင်း ဘယ်တော့မှမပြဘူး။ လူနာတွေအပေါ် မျက်နှာထားချိုချိုနဲ့ သူဆက်ဆံပြနိုင်တယ်’’ဟု ပင်းတယဆေးရုံရှိ အနီဝတ်သူနာပြုဆရာမတစ်ဦးကပြောပြသည်။
ဒေသခံ အပြာဝတ်သူနာပြုဆရာမတစ်ဦးကလည်း ‘‘တအားအဆင်ပြေတယ်။ ဆရာကြီးကြောင့် ကျွန်မတို့ မျက်နှာပန်းလှတယ်။ ဘယ်လောက်ပင်ပန်းပေမယ့် သူနဲ့ အလုပ်လုပ်ရတာ ပျော်တယ်။ သူတောင် ဒီနယ်သားမဟုတ်ဘဲလုပ်ပေးရင် ကျွန်မတို့လည်း လုပ်ပေးနိုင်ရမှာပေါ့နော်’’ဟု ပြောလာသည်။
ဒေါက်တာသန်းမင်းထွဋ်သည် စေတနာရှင်ဆရာဝန်ကြီး ဒေါက်တာစောဝါးထူး၊ ဆရာကြီးနာဂသိန်းလှိုင်၊ ဒေါက်တာအဲလ်ဘတ်ရွိုင်ဇာ၊ ဒေါက်တာနော်မန်ဘတ်သွန်းတို့ကို လေးစားအားကျခဲ့သူတစ်ဦးဖြစ်သည်။ သူ၏ အကြီးမားဆုံးဝါသနာမှာ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဒေသခံများ တွေ့မြင်ဖူးသည့် ဆရာဝန်ကြီးများနှင့်မတူ အောက်ခြေအထိဆင်းကာ နေရာဒေသမရွေး လူတန်းစားမရွေး ကယ်ဆယ်စောင့်ရှောက်ပေးမှုတို့ကြောင့် လူထုက ပြန်လည်လေးစားချစ်ခင်ခဲ့ကြခြင်းပင်။
‘‘နေပြည်တော် အစည်းအဝေးတစ်ခုသွားတက်တဲ့နေ့က ဓနုအဖိုးကြီးတစ်ယောက်ကို နှုတ်ဆက်တော့ နေပြည်တော်သွားမလို့ အဘလို့ ပြောလိုက်တဲ့အခါ အဘိုးကြီးက အိတ်ထဲက ငွေတစ်ထောင်ထုတ်ပေးတယ်။ ဆရာ လမ်းစရိတ်ယူသွားပါတဲ့။ မယူမနေရ အတင်းပေးတယ်။ သိပ်ရိုးသားတဲ့ တိုင်းရင်းသားတွေပါ။ သူတို့ကို ကျန်းမာရေးအသိအမြင် တိုးတက်လာအောင်လုပ်ပေးဖို့ အရမ်းလိုအပ်နေတယ်’’ဟု သူက ဖြစ်ရပ်တစ်ခုကို ပြန်ပြောသည်။
ဒေါက်တာသန်းမင်းထွဋ် ပေါက်ခေါင်းမြို့မှ ပင်းတယမြို့သို့ ရောက်မလာမီ ခုနစ်ရက်အလိုတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် ပင်းတယသို့ ရောက်ရှိခဲ့ဖူးသည်။ ထိုစဉ်က ၀န်ကြီးတွေ့ရှိခဲ့သည်မှာ လူနာငါးဦးသာရှိခဲ့ပြီး ယခုတစ်ကြိမ်ရောက်ရှိလာသည့်အခါ ဒေါက်တာသန်းမင်းထွဋ် လက်ထက်တွင် လူနာ ၆၁ ဦး တက်ရောက်ကုသခံယူနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးက ပင်းတယဆေးရုံကို ၂၅ ခုတင်အဆင့်မှ ခုတင် ၅၀ အဆင့်သို့
တိုးမြှင့်ပေးလိုက်ရုံသာမက ‘‘ခုတင် ၁၀၀ ဆေးရုံအဆင့်အတွက် ပြင်ဆင်ထားတော့’’ဟု ဒေါက်တာသန်းမင်းထွဋ်အား မှာကြားသွားခဲ့သည်။
‘‘ဒီနယ်မြေအတွင်းမှာ လုပ်စရာအများကြီးကျန်သေးတယ်’’ဟု အသက်လေးဆယ်အရွယ် ဒေါက်တာသန်းမင်းထွဋ်ကပြောပါသည်။ သူသည် တာဝန်ကျနယ်မြေများတွင် လူတန်းစားမရွေး စေတနာအပြည့်အ၀ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နေပါလိမ့်ဦးမည်။ သူရောက်ရှိရာဒေသများမှ ဒေသခံပြည်သူလူထုကလည်း တစ်ဦးမေတ္တာ၊ တစ်ဦးမှာဆိုသကဲ့သို့ သူ့အပေါ် အပြန်အလှန်လေးစားချစ်ခင်မှုဖြင့် လိုအပ်သမျှ ကူညီနေကြပါလိမ့်ဦးမည်။
‘‘သူ့အဆင်းသည် ၊ နေမင်းပမာသော်တာအလား၊ မ၀ံ့ငြားလည်း သူ့အား သူ့မာန်၊ သူပိုင်ဟန်ဖြင့် သူသန်ရာမှ၊ ဤလောကကို အလှဆင်လိုဟန်တကား’’
(တင်မိုး-ဖန်မီးအိမ်ကဗျာမှ)
ယခုအခါ ရှမ်းပြည်နယ်တောင်ပေါ် ဒေသအချို့တွင် ဒေါက်တာသန်းမင်းထွဋ်ကဲ့သို့ ပြည်သူ့အကျိုးပြု စေတနာဆရာဝန်ကြီးများ ပေါ်ပေါက်လာနေပါပြီ။ မြန်မာနိုင်ငံတွင် ဒေါက်တာသန်းမင်းထွဋ်ကဲ့သို့ လူငယ်ဆရာဝန်များစွာ ပေါ်ထွန်းလာရန် များစွာလိုအပ်နေပါသည်။ ပညာရေးနှင့် ကျန်းမာရေး အဓိကလိုအပ်နေသည့် မြန်မာနိုင်ငံသည် စေတနာရှင်ဆရာဝန်များကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိပါသည်။ ဆင်းရဲနွမ်းပါးသည့် ပြည်သူအများက သူတို့ချစ်သော ပြည်သူ့ဆရာဝန်များကို ရင်ထဲတွင် တစ်သက်စာမှတ်တမ်းရေးထိုး၍ သားစဉ်မြေးဆက်ပြန်ပြောကာ ကမ္ပည်းတင်နေကြလိမ့်ဦးမည်သာ။
ရေးသားသူ- ဥက္ကာကိုကို
ဓာတ်ပုံ - ဥက္ကာကိုကို
( 7 Day News Journal မှကူးယူဖော်ပြသည်)
0 comments:
Post a Comment