Monday, June 9, 2014

“ဓားစွမ်းနှင့်မေတ္တာစွမ်း”


အံ့မခန်းသည့် မေတ္တာစွမ်းကို ပြမည့် ရဟန်းတစ်ပါးဖြစ်လာမည့် အီတလီနိုင်ငံ၊ မီလန်မြို့သားလေး “ဆာဗာတိုရေစီအိုဖီ” သည် ယခင်က ဘာသာခြားတစ်ယောက်ပင် ဖြစ်ပါသည်။ ဓမ္မပဒကို ဖတ်မိရာမှ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး ဖြစ်လာရခြင်း ဖြစ်သည်။ သီရိလင်္ကာနိုင်ငံမှရလာသော ဝမ်းကိုက်ရောဂါကို ကုသရန် အီတလီရှိ ဦးလေး ဖြစ်သူအိမ်သို့ ရောက်ခဲ့ရသည်။

ရောဂါပျောက်သော်လည်း ဘာသာခြားဦးလေးက အိန္ဒိယနိုင်ငံသို့ ပြန်မလွှတ်ဘဲ အကျပ်ကိုင်ထားသဖြင့် သုံးရက် အစာမစားဘဲ ဆန္ဒပြသောအခါတွင်မှ အိန္ဒိယသွားရန် နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးသော်လည်း ဘာသာနှင့် တစ်ဆွေမျိုးလုံးကို ဆန့်ကျင်သူဖြစ်၍ ခရီးစရိတ် တစ်ပြားတစ်ချပ်မျှ မထောက်ပံ့လိုက်ပေ။ သပိတ်တစ်လုံး၊ သုံးထည်သောသင်္ကန်းဖြင့် ပြင်သစ်ပြည် မာဆေးမြို့သို့ ဦးစွာခြေကျင် ထွက်ခွာလာခဲ့သည်။
ဗုဒ္ဓဘုရားကဲ့သို့ သားတော်ဖြစ်သော ငါလည်း ခြေကျင်ခရီးကို ပျော်ပျော်ကြီးသွားတော့မည်ဟု ဗုဒ္ဓဂုဏ်တော်ကို အာရုံပြုကာ ပြင်သစ်မှ ဆွစ်ဇာလန်၊ သြစတြီးယား၊ ယူဂိုစလားဗီးယား၊ ဘူလ်ဂေးရီးယား၊ တူရကီ၊ ဆီးရီးယား၊ ပါလက်စတိုင်း တို့ကို ခြေကျင်ဖြတ်သန်းပြီးနောက် အိန္ဒိယဗုဒ္ဓအောင်မြေသို့ လာခဲ့ရသည်။
မိုင်ပေါင်းများစွာ ရှစ်လကျော် ကြာခဲ့သည်။ ထိုမှတဆင့် မြန်မာနိုင်ငံ၊ ပြင်ဦးလွင်မြို့တွင် ပျံလွန်တော်မူသည်အထိ သီတင်းသုံးသွားတော်မူခဲ့ပါသည်။ အဘယ့်ကြောင့် ဤမျှထိ ပင်ပန်းဆင်းရဲခံကာ စွန့်စွန့်စားစားဖြင့် မြန်မာနိုင်ငံသို့ရောက်အောင် လာခဲ့ရပါသနည်း။
“လူသားဖြစ်ရခြင်း၊
ယောက်ျားဖြစ်ရခြင်း၊
ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်း၊
ရဟန်းတော်ဖြစ်နေခြင်း၊
မြန်မာနိုင်ငံ၌နေရခြင်း။”
နောက်ဘဝများတွင် ဤအင်္ဂါငါးချက်နှင့် ပြည့်စုံရန် ဘယ်လိုမှ မဖြစ်နိုင်ဟု သိထားသောကြောင့်ပင် ဖြစ်ပါတော့သည်။ မြန်မာနိုင်ငံတွင် နေထိုင်သီတင်းသုံးသော အခါမှစ၍ “အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ” ဟူ၍ ထင်ရှားလာခဲ့ပါသည်။ သူ ဗုဒ္ဓဘာသာဖြစ်လာရခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း မှတ်တမ်း ရေးသားတော်မူခဲ့ပါသည်။
ကျွန်ုပ်သည် အီတလီ၌ မွေးဖွားသည်။ အမေရိကန်၊ နယူးယောက်မြို့၌ ကြီးပြင်းသည်။ ပညာသင်ကြားသည်။ ကျွန်ုပ်သည် ဝိဇ္ဇာနှင့် သိပ္ပံ ပညာနှစ်ရပ်စလုံးကို သင်ကြားသည်။ သို့ရာတွင် ဓာတုဗေဒပညာကို အထူးဝါယမစိုက်ပြီး သင်ကြားသည်ဖြစ်၍ ဘီအက်စီ (ဓာတုဗေဒ) ဘွဲ့ကို ရရှိခဲ့သည်။
ကျွန်ုပ်၏ သိပ္ပံပညာအသိသည် ကျွန်ုပ်၏ အမြင်ဟောင်းဖြစ်သည့် ရိုမန်ကက်သလစ်အမြင်နှင့် တိုက်ခိုက်ကြတော့သည်။ ချက်ချင်း သိပ္ပံပညာက အပေါ်စီးရ၍ ရိုမန်ကက်သလစ်ဝါဒက နောက်ဆုတ်သွားသည်။ ကျွန်ုပ် ဘာသာတရားက တဖြည်းဖြည်း သိပ္ပံပညာ၏ ဘာသာတရားဖြစ်လာခဲ့လေသည်။ သို့ရာတွင် ကျွန်ုပ်သည် ယေရှုခရစ်နှင့် စိန်ဖရန့်စစ်ကိုမူ ကြည်ညိုနေတုန်းပင်။
တစ်နေ့တွင် (၁၉၂၂ ခုနစ်) ကျွန်ုပ်သည် အမေရိကန်ရှိ စက်ရုံကြီးတစ်ခု၏ ဓာတ်ခွဲခန်း၌ ဓာတ်ခွဲသည့် အလုပ်ကို အာရုံစူစိုက်နေစဉ် မိတ်ဆွေ ဓာတုဗေဒအရာရှိ တစ်ဦးက စာအုပ်ကြီး တစ်အုပ် ကျွန်ုပ်ကို ပေးလာ၏။ ထိုစာအုပ်တွဲကြီးထဲ၌ အခြားစာသားများအပြင် ပါမောက္ခမက်စ်မူလာ ဘာသာပြန်ထားသည့် ဓမ္မပဒပါဠိတော် နှင့် အဿဃောသရေး ဗုဒ္ဓဝင်နှစ်အုပ်လည်း ပါရှိ၏။
ကျွန်ုပ်၏ မိတ်ဆွေသည် ထိုစာအုပ်ကို ဖတ်သည်။ သို့ရာတွင် သူသည် ခရစ်ယာန်အဖြစ်က ပြောင်းလဲမသွားပေ။ ကျွန်ုပ်သည် ထိုစာအုပ်ကို ဖတ်သည်။ ကျွန်ုပ်ကမူ ဗုဒ္ဓဘာသာ ဖြစ်လာခဲ့၏။ ကျွန်ုပ်သည် သိပ္ပံနည်းကျသော ဘာသာတရားကို အစဉ်တစိုက် စုံစမ်းရှာဖွေနေလာခဲ့ရာ နောက်ဆုံးတွင် ကျွန်ုပ် လိုလားနေခဲ့သော အရာကို တွေ့ရလေ၏။
ဗုဒ္ဓဘာသာသည် ကျွန်ုပ် ကြာမြင့်စွာ တောင့်တလာခဲ့သော အရာကို ဖြည့်တင်းပေးလိုက်၏။ ကျွန်ုပ် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့လေပြီ။ ကျွန်ုပ်သည် ဗုဒ္ဓစာပေကျမ်းဂန်အမျိုးမျိုးကို စိတ်အားထက်သန်စွာ ရှာဖွေဖတ်ရှုသည်။ ကျွန်ုပ်ကား ရေဆာလောင်မွတ်သိပ်နေသည့် သဲကန္တာရခရီးသည်နှင့် ပမာတူ၏။ နောက်ဆုံး၌ ကြာမျိုးစုံပေါက်နေသည့် ရေကန်ကြီးတစ်ခုကို တွေ့ရသည်နှင့် ကြည်လင်အေးမြနေသောရေကို အားပါးတရ သောက်ပစ်လိုက်တော့သည်။
နိုင်ငံရှစ်နိုင်ငံကို ရှစ်လကျော်ကြာ ခြေကျင်လျှောက်လာစဉ်က တူရကီတောင်ပိုင်း တောင်တန်းတစ်ခုကို ဖြတ်ကျော်စဉ် တူရကီတောပုန်းဓားပြများနှင့် သေလုနီးပါး ရင်ဆိုင်ခဲ့ရရာ မေတ္တာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပုံကို ဤသို့ ကိုယ်တွေ့မှတ်တမ်း ရေးသားတင်ပြထားပေသည်။
ကျွန်ုပ်သည် ဆိုးသွမ်းမှုအရာတွင် နာမည်ကြီးလှသည့် တူရကီ တောင်ပိုင်းရှိ တိုးရပ်(စ်) တောင်တန်းကို ဖြတ်ကျော်စဉ် တူရကီ တောပုန်းဓားပြများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ သူတို့သည် ချောင်ကျသော တစ်နေရာသို့ ကျွန်ုပ်ကို ခေါ်ဆောင်သွားသည်။ ထို့နောက် သူတို့၏ ဓားသွားများ မည်မျှထက်သည်ကို စမ်းသပ်သည့် အနေဖြင့် ကျွန်ုပ်၏ လည်မျိုကို ခုတ်ပိုင်းရန် စီစဉ်ကြ၏။
ကျွန်ုပ် သေရပေတော့မည်။ ထိုအချိန်၌ ဘုရားဂုဏ်ကို အာရုံပြုထားလိုက်၏။ ၃၁ ဘုံ၌ ကျင်လည်ကြရကုန်သော သတ္တဝါ အပေါင်းအား လှိုက်လှိုက်လှဲလှဲ မေတ္တာထားသူကို ဓား၊ လက်နက်တို့ မစူးဝင်နိုင်၊ မီးလည်းမလောင်၊ အဆိပ်လည်း မထိရောက်နိုင်ဟု ဟောတော်မူသော ဘုရားရှင်၏ စကားတော်ကို ကြားယောင်မိသည်။
သို့ဖြင့် ကျွန်ုပ်သည် သန့်စင်မြင့်မြတ်လှသော မေတ္တာလက်နက်ကို အသုံးပြုမိတော့သည်။ ဦးစွာ မြေပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်၏။ မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။ ရန်သူ လူဆိုး ဓားပြများအပေါ် စူးစိုက်လှိုက်လှဲစွာ မေတ္တာပို့လွှတ်နေ၏။ “မိခင်သည် မိမိ၏ တစ်ဦးတည်းသောသားကို အသက်စွန့်၍ စောင့်ရှောက်သည့်နည်းတူ သတ္တဝါတို့၏ အပေါ်၌ အကန့်အသတ် အပိုင်းအခြား မရှိသော မေတ္တာစိတ်ထားရမည်” ဟု ဗုဒ္ဓရှင်တော်မြတ် ဆုံးမခဲ့သည် မဟုတ်ပါလော။
သို့ဖြင့် ကျွန်ုပ်သည် မိမိကိုယ်ကို မိခင်နေရာ၌ထားလျက်၊ ကျွန်ုပ်အား သတ်မည်ပြုသော ဓားပြနှစ်ဦးကို သားအရင်းနှစ်ဦးပမာ သဘောထားလျက် ငါ့သားနှစ်ဦးသည် ချစ်ခင်နှစ်လိုဖွယ်ကောင်းလှပေသည်တကား၊ ငါ့သားနှစ်ဦးအတွက် ငါ့အသက်ကို ကြည်ဖြူစွာပေးအပ်တော့မည်တကားဟူ၍ အာရုံပြုထားပါသည်။
ထိုသို့ အာရုံပြုရင်း သူတို့နှစ်ဦးအပေါ် စူးစိုက်လှိုက်လှဲစွာ မေတ္တာပွားနေမိပါသည်။ ထူးခြားသည်ကား ကျွန်ုပ်သည် ယခင်က ကမ္မဋ္ဌာန်းကို ကျနစွာ မထိုင်ဖူးပါ။ ယခုမှသာ အလိုလို ကျနစွာ ကမ္မဋ္ဌာန်းထိုင်မိပြီး မေတ္တာဘာဝနာပွားများနေခြင်း ဖြစ်ပါသည်။ ဤ၌ ကျွန်ုပ်၏ ယုံကြည်ချက်ကို ဖွင့်ဟပြောလိုပါသည်။ အကယ်၍ သင်သည် သေဘေးကြီးနှင့် ရင်ဆိုင်တွေ့ကြုံရမည်ဆိုပါက တစ်ခုတည်းသော လက်နက်ဖြစ်သည့် မေတ္တာကိုသာ စူးစိုက်ပွားများပါလေ။
ထိုဘေးမှ မုချ သင်လွတ်ပါလိမ့်မည်။ ယခုအရေးတွင်လည်း ကျွန်ုပ်သည် မေတ္တာကိုသာ ပွားနေခဲ့ပါသည်။ ထိုသို့နေစဉ် လည်ကုပ်ပေါ်၌ ဓားသွားကျအလာကို စောင့်မျှော်နေမိပါသည်။ ထိုစဉ်က တစ်မိနစ်သည် အနှစ်တစ်သန်းလောက် ကြာရှည်သည်ဟု ထင်မိပါသည်။ နောက်ဆုံး၌ လည်ကုတ်ပေါ် ဓားသွားကျမလာတော့ပါ။ ဓားပြများက ကျွန်ုပ်အား နေရာမှ ထခိုင်းပြီး သွားတော့ဟု ဆိုလိုက်ပါသည်။ မေတ္တာတန်ခိုးကား ကြီးမားလှပါဘိ။
တကယ်တော့ ဓားပြများသည် သူတို့၏ မိခင်ကို မသတ်နိုင်ကြပါ။ ထို့အတူ မိခင်မေတ္တာထားနေသော ကျွန်ုပ်ကိုလည်း သူတို့ မသတ်နိုင်ကြတော့ပါ။ဗုဒ္ဓရှင်တော်မြတ်၏ မေတ္တာလက်နက်သည် ကျွန်ုပ်၏ အသက်ကို ချမ်းသာရာရစေခဲ့ပါသည်။ ကျွန်ုပ်အတွက် မေတ္တာအောင်ပွဲကို ဖြစ်စေခဲ့ပါသည်။
ဦးလောကနာထသည် ထိုအချိန်မှစ၍ သီလ၊ ခန္တီနှင့် မေတ္တာ စသော ကမ္မဋ္ဌာန်းဘာဝနာ များကို ကိုယ်တိုင်လည်း တိုး၍ဖြည့်ကျင့်ကာ ရောက်လေရာ၌လည်း ပို၍ အလေးအနက် နှိုးဆော်တိုက်တွန်းလာလေသည်။
တစ်ခါကလည်း ရန်ကုန်မြို့ သရက်တောကျောင်းတိုက်ကြီးအတွင်း ကျောင်းတစ်ကျောင်း၌ ထိုင်းနိုင်ငံဘုန်းကြီး တစ်ပါးက သူ့အား ရန်ငြိုးထားပြီး တုတ်ကြီးဖြင့် အားကုန်ရိုက်နှက်ဖူး၏။ ဦးလောကနာထကား အပြုံးမပျက် မျက်စိမှိတ်လျက် ထိုဘုန်းကြီးအပေါ် မေတ္တာပွား၍နေလိုက်ရာ သေသေချာချာချန်၍ ရိုက်သော်လည်း တုတ်မှာ လွဲချော်သွားသည်ဟု မျက်မြင်ကိုယ်တွေ့ ပုဂ္ဂိုလ်တစ်ဦးက ပြောပြဖူးသည်။
ဦးလောကနာထသည် ကိုယ်တိုင်လည်း အသက်လွတ် ဘုဉ်းပေး၍ အသက်လွတ်စားရန်လည်း အထူးဟောကြားလေ့ရှိသည်။ အသက်လွတ်စားခြင်းသည် မေတ္တာဘာဝနာအတွက် အကျိုးပြုသည်ဟု ယုံကြည်သောကြောင့်ဖြစ်လေသည်။
မေတ္တာရှင်(ရွှေပြည်သာ)၏ “မေတ္တာအစွမ်းအံ့မခန်း ဖြစ်ရပ်ဆန်းများ” မှ
ကောက်နှုတ်ပူဇော်မျှဝေပါသည်။
စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...