Saturday, August 10, 2013

Evanescence ရဲ့ အထူးဆန်းဆုံး သီချင်းတစ်ပုဒ် (သို့မဟုတ်) ‪#‎MyImmortal‬


၁၉၉၅ လောက်မှာ အမေရိကန် တေးဂီတ လောကထဲကို ‪#‎Evanescene‬ ဆိုတဲ့ အဖွဲ့တစ်ခု ရောက်ရှိလို့ လာခဲ့ပါတယ်။ အဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့ နေရာက အာကန်ဆက်စ် ပြည်နယ်မှာရှိတဲ့ လစ်တဲလ်ရော့ခ်မှာပါ။ အဖွဲ့ရဲ့ ဦးဆောင်သူတွေက တေးသံရှင် ဖြစ်လာမယ့် အေမီလီးနဲ့ ဂစ်တာသမား ဘင်မူဒီတို့ပါပဲ။ သူတို့နှစ်ဦးဟာ ၀ါသနာတူတွေ ဖြစ်ကြတဲ့ ဘေ့စ်ဂစ်တာသမား ဒီကော့စ်မိုနဲ့ ကီးဘုတ်သမား ဒေးဗစ်ဟော့ဒ်ဂျက်စ်တို့ကို စည်းရုံးပြီး Evanescene အဖွဲ့ကို အသက်သွင်းခဲ့ကြတာပါ။ အဲဒီတုန်းကတော့ သူတို့ဟာ တူညီတဲ့ ရည်မှန်းချက် စိတ်ကူးတွေနဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ တက်ညီလက်ညီ ရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ (၁၆)နှစ်ကျော် ဖြတ်သန်းအပြီးမှာတော့ Evanescene အဖွဲ့ဟာ အများကြီး ပြောင်းလဲသွားခဲ့ပြီးပါပြီ။ အတိတ်ကာလက လက်တွဲခဲ့သူတွေအနက် တေးသံရှင် အေမီလီးနံဘေးမှာ တစ်ယောက်မှ မရှိကြတော့ပါဘူး။ အေမီလီးဟာ လူသစ်တွေဖြစ်တဲ့ တယ်လီဘယ်လ်ဆာမို၊ တင်မ်မက်ကော့ဒ်၊ ၀ီလ်ဟန့်တ်၊ မက်လော်ဟွန်းတို့နဲ့ လက်တွဲပြီး သူတည်ဆောက်ခဲ့တဲ့ Evanescene ကမ္ဘာလေးကို ထိန်းသိမ်းထားရတာပါ။ နောက်ဆုံးထွက်ခဲ့တဲ့ အယ်လ်ဘမ် Evanescene ကို ဒီလူသစ်တွေနဲ့ တွဲပြီး အေမီလီးက သီဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီအယ်လ်ဘမ်ထဲက Say what you want ဆိုတဲ့သီချင်းက ဘီလ်ဘုတ်စာရင်းတွေဆီ ကာလအတန်ကြာ နံပါတ်(၁)နေရာ ရယူသွားခဲ့တာကိုကြည့်ရင် လူတွေဘယ်လိုပြောင်းပြောင်း Evanescenceရဲ့ အရှိန်အ၀ါက လျော့ပါးမသွားသေးဘူးလို့ ပြောရမှာပါပဲ။

Evanescence အဖွဲ့ဟာ ဂီတလောကဆီကို ၂၀၀၃ ခုနှစ်မှာ ထုတ်ဝေဖြန့်ချီတဲ့ Fallen အယ်လ်ဘမ်နဲ့ ၀င်ရောက်လို့လာခဲ့တာပါ။ Fallen အယ်လ်ဘမ်ရဲ့ အကြီးမားဆုံး ထူးခြားချက်က My Immortal သီချင်းပဲ ဖြစ်ပါတယ်။ ရော့ခ်ဆန်ဆန်နဲ့ ဂေါသစ်ဆန်ဆန် သီချင်းတွေကို သီဆိုတဲ့ အေမီလီးဟာ My Immortal မှာ သူ့ရဲ့ အနုပညာပါရမီရင့်သန်မှုတွေကို ထုတ်ဖော်ပြသသွားခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ဟာ အေးအေးချိုချိုလေးနဲ့ လူတိုင်း နားဝင်လွယ်ကူတဲ့ သီချင်းလေးပါ။ ဆိုဟန် ဆိုပေါက်ကစလို့ အမ်တီဗွီ သရုပ်ဆောင်ပုံအဆုံး Evanescene ရဲ့ ဘယ်သီချင်းနဲ့ပဲယှဉ်ယှဉ် My Immortal က ကွဲပြားမှုရှိနေတာကို မြင်တွေ့ရပါလိမ့်မယ်။ နောက်တစ်ချက်က My Immortal ဖြစ်တည်လာမှုဆီမှာ ရှိနေတဲ့ နောက်ခံအကြောင်းရင်းပါပဲ။ ဒီအကြောင်းရင်းကို သိရှိလိုက်မယ်ဆိုရင် သီချင်းကို နားထောင်ရတာက ပိုပြီး အဓိပ္ပါယ် ရှိလို့သွားမှာပါ။

အယ်လ်ဘမ် မထွက်လာခင်မှာ Evanescene အဖွဲ့နဲ့ပတ်သက်ပြီး အလှုပ်သတင်းတစ်ခုက ဂီတလောကထဲကို ၀င်ရောက်လို့ လာခဲ့ပါတယ်။ အဲဒါကတော့ တည်ထောင်သူ နှစ်ဦးဖြစ်တဲ့ အဆိုတော် အေမီလီးနဲ့ ဂစ်တာသမား ဘင်မူဒီတို့ဟာ မေတ္တာမျှလို့ နေကြပြီ ဆိုတာပါပဲ။ ဒါပေမယ့် တေးစီးရီး မဖြန့်ခင်လေးတင်မှာ နောက်ထပ်သတင်းတစ်ပုဒ်က ရှေ့သတင်းကို ချေဖျက်ဖို့ ဆိုက်ရောက်လို့ လာခဲ့ပါတယ်။ အဲဒါကတော့ အေမီးလီးနဲ့ ဘင်မူဒီတို့ ပြတ်စဲသွားပြီ ဆိုတာပါပဲ။ သူတို့နှစ်ယောက် တွဲသွားတွဲလာခဲ့တယ်ဆိုတဲ့ ဓါတ်ပုံတွေကို မမြင်ရလို့ မဟုတ်မှန်နိုင်လောက်ပါဘူးဆိုပြိး အသံတွေ ထွက်ခဲ့သေးပေမယ့် အယ်လ်ဘမ်ထွက်ရှိချိန်မှာ ဘင်မူဒီရေးထားတဲ့ My Immortal က စာသားတွေဟာ သူတို့နှစ်ဦးအကြား ချစ်ခြင်းတရားတွေ ရှိခဲ့တယ်ဆိုတာ ဟုတ်ယောင်ဝါးဝါး ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်လို့ ဒီနေ့ဒီအချိန်အထိ သူတို့နှစ်ဦးက ၀န်လည်းမခံငြင်းလည်းမငြင်းတာကြောင့် အမှန်တရားကို သိချင်သူတွေအဖို့ အခက်တွေ့ရပါတယ်။

My Immortal နဲ့ပတ်သက်ပြီး ဘင်မူဒီပြောကြားခဲ့တာ တစ်ခုက ဒီသီချင်း မရေးခင် သူ့အဖိုး ဆုံးသွားတာကြောင့် သူ့အဖိုးကို သတိရပြီး ရေးဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်ဆိုတာလောက် ပါပဲ။ သီချင်းရေးစဉ်ကာလတစ်လျှောက်လုံး စိတ်ထိခိုက်မှုတွေ ပြည့်နှက်နေတာကို သူ့စကားလုံးတွေထဲမှာ တွေ့ကြရမှာပါဆိုတဲ့ ဘင်မူဒီ အသံက စာနာသက်ဝင်စရာပါပဲ။ ခပ်ကြမ်းကြမ်း သီချင်းပုံစံတွေနဲ့ ပရိသတ်ကို ဖမ်းစားတတ်တဲ့ Evanescene ဟာ My Immortal ကိုတော့ စန္ဒယားသံ ချိုချိုလေးနဲ့ ပုံစံခွဲထွက်ပြီး Intro ၀င်ထားတာပါ။ အသံပြင်းပြင်းနဲ့ ဆိုတတ်တဲ့ အေမီလီးဟာလည်း သူ့ရဲ့ Vocal Tone ကို တော်တော်လေး လျော့ပြီး ၀င်ထားတာမြင်ခဲ့ရပါတယ်။ အမ်တီဗွီရိုက်ချိန်မှာ အဖြူ အမည်းကိုသာ အသုံးပြု ထားတာကလည်း My Immortal ရဲ့ ဖန်တီးမှု အသစ်တစ်ရပ်ပါပဲ။ My Immortal အမ်တီဗွီ ရိုက်ကွင်း တည်ထားတာက ဘာစီလိုနာမြို့မှာ ရှိတဲ့ ဂေါသစ် ရပ်ကွက်တစ်ခုမှာ ဖြစ်ပါတယ်။ အမ်တီဗွီထဲမှာ ဂစ်တာသမားဖြစ်တဲ့ တေးရေး ဘင်မူဒီကို သူ့အဖွဲ့နဲ့ တွဲဖက်သရုပ်ဆောင်ခြင်း မတွေ့ခဲ့ရတာက ဒါရိုက်တာရဲ့ စိတ်ကူးစိတ်သန်းလား ဒါမှမဟုတ် ကာယကံရှင် ကိုယ်တိုင်ရဲ့ သဘောဆန္ဒလား ဆိုတာ ဒီကနေ့အထိ ဘယ်သူမှ မသိနိုင်ခဲ့ကြတာဟာလည်း My Immortal ကပေးခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ ဘာကြောင့်လဲဆိုတော့ ဘင်မူဒီဟာ ဒီအယ်လ်ဘမ် အပြီးမှာတင် အဖွဲ့နဲ့ လက်တွဲဖြုတ်သွားခဲ့လို့  ဖြစ်ပါတယ်။ အမ်တီဗွီ သရုပ်ဆောင်ကွက်ထဲမှာ အေမီလီးရဲ့ ခြေထောက်တွေ မြေကြီးနဲ့ လုံးဝထိခဲ့ခြင်း မရှိတာကလည်း ဆန်းပြားမှု တစ်ခုပါ။ အေမီလီးဟာ ကားစက်ဖုံးမှာ အိပ်ရင်း... အိမ်ခေါင်မိုးပေါ်မှာ... တက်ထိုင်ရင်း...သစ်ပင်ပေါ်မှာ သီချင်းဆိုရင်း..ရေပန်းဝတ်ဝန်းကျင်မှာ လမ်းလျှောက်ရင်းနဲ့ My Immortal ကို သရုပ်ဆောင်သွားတာ ဖြစ်ပါတယ်။ မြန်မာလို ပြန်ဆိုလိုက်တဲ့ အချိန်မှာတော့ My Immortal ဟာ ဖြူဖြူကျော်သိန်းရဲ့ အဆုံးမဲ့ချစ်ခြင်း ဖြစ်ခဲ့ရပါပြီ။ ချစ်သူနဲ့ ဝေးနေသူတွေ.. အသည်းကွဲနေရတဲ့ သူတွေ နားထောင်မယ် ဆိုရင်တော့ My Immortal ဟာတကယ့်ကို မျက်ရည်ကျသွားလောက်စေတဲ့ သီချင်းပါပဲ။ ဒီသီချင်းရဲ့ ပုံစံဟာ ဓာတ်ပြားအယ်လ်ဘမ်နဲ့ အမ်တီဗွီရိုက်ကူးမှုအကြား ဂီတပိုင်းဆိုင်ရာ တည်ဆောက်ပုံ ကွဲပြားလို့ နေတာကိုလည်း မြင်တွေ့ကြရပါတယ်။ သီချင်းကြမ်းကြမ်းတွေ ကို ငြီးငွေ့နေပြီ ဆိုသူတွေအတွက် My Immortal ဟာထွက်ပေါက်တစ်ခု ဖြစ်စေမှာ အသေအချာပါပဲ။
http://www.youtube.com/watch?v=5anLPw0Efmo

“အမြုတေ”

-ကိုယ်ဒီနေရာမှာ စောင့်နေရတာ မောပန်းနေလှပါပြီကွယ်
-ကိုယ့်ဆီမှာ ကလေးဘ၀တုန်းက ကြောက်လန့်မှုတွေကလည်း ဖိစီးလို့ပေါ့
-မင်းထွက်သွားချင်တယ်ဆိုရင် ထွက်သွားပါလို့ပဲ ကိုယ်ဆန္ဒပြုလိုက်ပါရစေလား
-ဒါပေမယ့် မင်းကိုယ့်အနားမှာ ရှိနေတယ် လို့ ခံစားနေရဖို့အတွက် အထီးကျန်ခြင်း တရားကိုတော့ ချန်မထားခဲ့ပါနဲ့ကွယ် ဒဏ်ရာတွေက သွေးထွက်တာကို မင်းမြင်ရမှာ မဟုတ်ပါဘူး
-ဒါပေမယ့် နာကျင်မှုတွေက အမှန်တကယ်ပါပဲ
-အခွင့်ရှိမယ်ဆိုရင် အဲဒီအချိန်ဆိုတဲ့ အရာကြီးကို ဖျက်ပစ်လိုက်ချင်ပါရဲ့ကွယ်
-မင်းငိုရင် ကိုယ်ကမင်းမျက်ရည်တွေကို ဖယ်ထုတ်ပေးချင်ပါတယ်
-မင်းထိတ်လန့်စွာ ဟစ်ကြွေးလိုက်ရင် အဲဒီကြောက်လန့်မှုတွေကို ကိုယ်မောင်းထုတ်ပေးချင်ပါတယ
-ကိုယ်မင်းလက်ကိုကိုင်ပြီး နှစ်တွေ အများကြီး ရှိနေချင်ခဲ့တယ်
-မင်းထွက်သွားပေမယ့် ကိုယ်ဟာမင်းနဲ့အတူတူရှိနေတယ်လို့ ခံစားနေရဆဲပါ
-မင်းကကိုယ့်ကိုမင်းရဲ့ အလင်းတွေနဲ့အတူ ပဲ့ပြင်ပေးခဲ့တယ်
-ကိုယ်ကလည်း ကိုယ့်ဘ၀ကို မင်းဆီမှာ မြုပ်နှံရင်း ခရီးသွားချင်နေတော့တာပါပဲ
-မင်းမျက်နှာကို တွေ့ရတဲ့ အချိန်တွေဟာ ကြည်နူးစရာ အိပ်မက်တွေပဲပေါ့
-မင်းအသံတွေကလည်း ကိုယ့်နောက်ကို ပြေးလွှားလိုက်လို့နေပြန်တယ်ကွယ်
အရာရာဟာကိုယ့်အတွက်တော့ မှတ်ရစရာတွေချည်းပါပဲလား.....
http://www.youtube.com/watch?v=f2vscR6T9W8

(၀န်ခံချက်- ဒီဆောင်းပါးကို ပြည်ပမှာ ဖြန့်ချီတဲ့ မြန်မာ ဂျာနယ်ဟောင်းတစ်စောင်မှ ရရှိတာပါ။ ရေးသားသူ အမည်မသိပါဘူး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...