Friday, August 9, 2013

ဘ၀ထဲကလာတဲ့ စကားသံတွေ

အထင်ကရ's status.
မန်းလေးမြို့ရဲ့ နာမည်ကြီး အကင်ဆိုင်တဆိုင်မှာပေါ့ ။မှာထားတဲ့ အကင်တွေ မလာသေးတော့ လမ်းမတန်းကိုပဲ ငေးနေသလို၊ ဘီယာမယ်ကိုပဲ ကြည့်နေသလိုလိုနဲ့ အချိန်ဖြုန်းနေမိရဲ့။ မိုးကဖွဲဖွဲလေးကျနေသည်။ မိုးနည်းနည်း သဲလာတော့ ဆိုင်ထဲကို ကလေးတယောက်ဝင်လာသည်။ ၈နှစ်လောက်ပဲ ရှိလိမ့်မည်ထင်သည်။ ဦးထုပ်၁လုံးကို ခပ်ငိုက်ငိုက်စောင်းထားပြီး လူကြီးတွေလွယ်တဲ့ လွယ်အိတ်ကို ဘုထုံးထုံးပြီး လွယ်ထားလေရဲ့။ မိုးခိုရုံသက်သက်လို့ ထင်မိပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲခဲ့ပြီလေ။ လွယ်အိတ်ထဲက ထုတ်လိုက်တော့ ထီလက်မှတ်အချို့နဲ့ ဗလာစာအုပ်တအုပ်ရေးဖို့ ဘောပင်တချောင်း။ ဒေါင့်ဆုံးခုံကစလို့ စပြီး သူ့အလုပ်ကို စတော့သည်။ လိုက်ရောင်းသည်။ ခေါင်းခါသူက ခပ်များများ။ တဖြည်းဖြည်းနဲ့ သူလျှောက်လာလိုက်တာ ကျွန်တော့်ဘေးခုံကို ရောက်လာသည်။ သူရောက်သွားတဲ့ ၀ိုင်းက အမျိုးသားများကြည့် ထိုင်သောက်နေတဲ့ဝိုင်း။ သည်ကလေး ဘာများလုပ်မလဲ တွေးကြည့်သည်။ ရေးရေးမှမပေါ်။ အံကျတာတခုက ဘေးဝိုင်းဆိုတော့ ပြောတာ အကုန်ကြားရသည်။

"အစ်ကိုကြီး ထီလက်မှတ်လေး အားပေးပါဦးတဲ့" အနိမ့်သံတလုံးမှမပါ။ ကြောက်ရွံ့ခြင်းတွေ ကင်းလို့ပေါ့။

လူတွေကြည့်လိုက်တော့လည်း အဆီတထပ်၊ အသားတထပ်နဲ့ မျက်လုံးတွေမှာလည်း ယမကာ အခိုးတွေ သီလိုပေါ့။ တကယ့် လူဂုဏ်တန်တွေ။ လူကြီးတယောက်ကစလို့" အေးကွာ ထိုင်ပါဦး မင်းကို နည်းနည်းလေး မေးပါဦမယ်" ဆိုပြီး ထိုင်ခုံကို ပုတ်ပြလေရဲ့။

ကလေးက နည်းနည်းစဉ်းစားဟန်နဲ့ အပြင်ကို လှမ်းကြည့်လိုက်သည်။ မိုးကတော့ ရွာနေဆဲ။ ရောင်းစရာဆိုလိုလည်း တ၀ိုင်းသာ ကျန်တော့သည့်အဆုံး ထိုင်နေဖို့ပဲ ဆုံးဖြတ်လိုက်ပုံရသည်။ ထိုင်ခုံကို ယူလို့ထိုင်လိုက်သည်။ အော် ကျွန်တော့်စိတ်ထဲတော့ သည်ကလေးနှယ် အရက်နဲ့မြည်းခံရတော့မှာပဲ။

"မင်းက ထီရောင်းတာဆိုတော့ မင်းဆီက၀ယ်ရင် ငါ့အတွက် ဘာအကျိုးမြတ် ကျန်မလဲ" စီးပွားရေးဆန်သော တိုက်ကွက် သည်ကလေးဘယ်လိုများ ခုခံလိမ့်မလဲ။

ကလေးက" ဦးလေးအတွက်တော့ မသိဘူး ကျွန်တော့်အတွက်တော့ ထီရောင်းလို့ ပိုက်ဆံရရင် အမေ့အတွက် ဈေးဖိုး အဖေ့အတွက် အရက်ဖိုး ဖြစ်နိုင်တာပေါ့" စားပွဲပေါ်က ထောင်ထားတဲ့ အရက်ပုလင်းကို ရဲရဲကြီးကြည့်လို့။"ထီကိုယ်စားလှယ်ကြီး ပြောသလို ဦးလေးကြီး ကံစပ်ရင် စာရွက်တရွက်ကနေ ကားလည်း ဖြစ်သွားနိုင်တယ်။ တိုက်လည်းဖြစ်သွားနိုင်တယ်။" ထီအကြောင်းမသိတဲ့ သူကို ရှင်းပြနေသလိုလို။လူကြီးတွေကတော့ ခပ်ပြုံးပြုံး ကျွန်တော်ကတော့ စိတ်ထဲကနေ တမှတ်စပေးလိုက်ပြီ။

"ဒါဆိုမင်း ပန်းရောင်းပါလား။ ပိုတောင်လွယ်လိမ့်ဦးမယ်" ဘေးကထိုင်နေတဲ့ လူကြီးရဲ့ တန်ပြန်မေးခွန်း။

"အော် ဦးလေးရယ် ပန်းဝယ်တဲ့သူက တခဏပဲ သုံးလို့ရမှာပေါ့။ ကုသိုလ်ဆိုတာလည်းဝေးစွ ။ အရက်ဆိုင် ဘီယာဆိုင်က ၀ယ်လာတဲ့ပန်း ဘယ်အိမ်ရှင်မက ဘုရားတင်ချင်မှာလဲ။ အလွန်ဆုံး ကားထဲချိတ်ရုံလောက်ပေါ့။ ထီရောင်းတယ်ဆိုတာ ဘယ်ကထိုးလာလာ အနည်းဆုံးတော့ ပေါက်လိမ့်နိုးနဲ့ ဘုရားစင်ပေါ် တင်ထားကြတာပါ။ ကိုယ့်အလုပ်ကို တန်ဖိုးထားပုံချင်းမှ မတူတာ။ ပိုက်ဆံ ၃၀၀လောက်နဲ့ မျှော်လင့်ချက်တွေ တပွေ့တပိုက်ကြီး ၀ယ်သွားတာလေဗျာ။ ရောင်းရတဲ့ လူလည်းတန်ပါတယ်။ ၀ယ်ရတဲ့ လူလည်း တန်ပါတယ်။ " ကျွန်တော်ကိုယ်တိုင် အ သွားသည်။ ပေးစရာ အမှတ်လည်းကုန်ပြီ။

အော် ဘ၀ထဲက လာတဲ့ စကားသံတွေလား ကလေးရယ်။ ရင့်ကျက်မှုတွေ အပြည့်နဲ့ပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...