(((((``` ပန်းပွင့် ပုံပြင်´´´)))))
Cloud Cuckoo Land and အမျိုးကောင်းသား shared ကွန်ဆူး မား's photo.

ကောင်းမွန်တဲ့ မြေဆီမြေနှစ်တွေရယ်....
သင့်တင့်မျှတပြီး လိုက်ဖက်တဲ့ ရာသီဥတုရယ်....
ပြုစုပျိုးထောင်သူရဲ့ ဂရုတစိုက် လုံ့လ စိုက်ထုတ်မှုရယ်....
ပိုးမွှားကင်းစင်ခြင်းတွေရယ်....
လောင်းရိပ်တွေရယ် ကင်းစင်နေရင်တော့....
သန်စွမ်းတဲ့ ပန်းပင်လေးမှာ အချိန်တန်တဲ့အခါ လှပ နူးညံ့ပြီး မွှေးရနံ့လေးတွေ သင်းပျံ့ နေတဲ့ ပန်းကလေးတွေ ပွင့်လာကြမှာပေါ့နော်...။
ပန်းကလေးတွေ ပွင့်လန်းလာတဲ့အခါ စိုက်ပျိုးတဲ့သူရဲ့ ရင်ထဲမှာ ကျေနပ်ခြင်းတွေရယ်...
ပိုးမွှားတွေအန္တရာယ်တွေအတွက် စိုးရိမ်ခြင်းတွေရယ်....
နောက်ပြီး ဒီထက်ပိုပြီး မွှေးပျံ့ ခြင်း၊ လှပခြင်းနဲ့ တာရှည်ခံစေခြင်းဆိုတဲ့ စေတနာတွေလည်း ရှိနေတတ်ကြပါတယ်...။
တကယ်တော့ ပန်းကို ချစ်ခြင်းကြောင့် စိုက်ပျိုးဖြစ်ခဲ့တဲ့ ပန်းစိုက်သူဟာ ဒီပန်းကလေးဆီက ကိုယ့်အတွက် လှပခြင်းတွေကိုလည်း မလိုချင်ခဲ့ပါဘူး...၊
နောက်ပြီး ရက်ရက်စက်စက် ဖြတ်တောက်လို့ တစ်နေရာရာကို ပို့ဆောင်ဖို့....၊
တစ်စုံတစ်ခုသော တန်ဘိုးနဲ့ ရောင်းချဖို့နဲ့ ပန်းကလေးကို ကိုယ်တိုင် နမ်းရှိုက်လိုခြင်းတွေ ရှိမနေခဲ့ဘူးဆိုတာတော့ ပန်းကလေးတွေကို ချစ်မြတ်နိုးစွာ စိုက်ပျိုးဘူးသူတိုင်း နားလည်တတ်မှာပါ....။
ပန်းကလေး သူ့နေရာမှာ ပွင့်လန်းလှပနေရင် မြင်နေရယုံနဲ့ ကျေနပ်တတ်ကြသလို....
သင်းသင်းလေး မွှေးပျံ့ နေတတ်တဲ့ ပန်းရနံ့လေးတွေကိုလည်း ကိုယ့်ဆီကို လွင့်မျောရောက်ရှိလာမှသာ တရှိုက်မက်မက် ရှူရှိုက်ရင်း ကျေနပ်နေတတ်ကြတာပါ....။
ပန်းပင်လေး စိုက်ရင်း ပန်းကလေး ပွင့်လာတာကို မျှော်လင့်ခြင်းအပြည့်နဲ့ အဆင့်လိုက် စောင့်ကြည့်နေရတဲ့ ခံစားမှုတွေကလည်း အမြဲ လှပနေတတ်တယ်နော်....။
ပန်းကလေး ဖူးလာတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ခံစားမှု....၊ ပန်းကလေး ငုံလာတဲ့ အခါမှာလည်း ကျေနပ်နေတတ်တဲ့ ခံစားမှုနဲ့ ပန်းကလေး တဖြည်းဖြည်းချင်းပွင့်လာတာကို စောင့်ကြည့်နေရင်းနဲ့ ငံ့လင့်နေတတ်တဲ့ စိတ်ဇောတွေကလည်း မြတ်နိုးခြင်းတွေကို ဖော်ကျူးနေခဲ့တာပါ။
ပန်းကလေး အစွမ်းကုန် ပွင့်လန်းလာတဲ့အခါမှာလည်း ပြည့်စုံတဲ့ အလှတရားတွေကို ခံစားရင်း ပျော်ရွှင်နေတတ်ကြပါတယ်။
နောက်... အိုမင်းရင့်ရော်ခြင်းတွေကို ပန်းပွင့်လေး ဖြတ်သန်းနေတဲ့ အခါမှာလည်း... တစ်လွှာချင်း ကြွေကျသွားတာကိုပဲ တရားသဘောဆောင်တဲ့ နားလည်ခြင်းတွေနဲ့ စောင့်ကြည့်နေတတ်ခဲ့တယ်....။
အောက်ဆုံးပွင့်လွှာလေးကနေ သဘာဝကျကျ နွမ်းကြွေသွားတာကိုပဲ လက်ခံချင်နေမိတဲ့ အခါတွေရယ်... အစီအစဉ်အတိုင်း မဖြစ်တဲ့ ကြွေကျမှုတွေအတွက်လည်း မကျေမနပ်ဖြစ်ခဲ့တဲ့ အခါတွေရယ်က ပန်းကလေးရဲ့ ဖြစ်စဉ်တွေကို ဆုပ်ကိုင်ထားတတ်တဲ့ ပန်းပျိုးသူရဲ့ နားလည်တတ်ခြင်းတွေပါပဲ...။
ကြွေကျသွားတဲ့ ပွင့်ဖတ်လေးတွေကိုလည်း ပန်းပင်လေးရဲ့ ခြေရင်းကနေ ဖယ်ရှားဖို့ အင်အား မရှိတတ်တာဟာလည်း ပန်းပျိုးသူရဲ့ အားနည်းချက်တွေထဲက တစ်ခုဖြစ်မှာပါ....။
ပြောပြချင်တယ် ပန်းကလေးရေ..... ပန်းကလေးနဲ့ ပတ်သက်သမျှ ကိုယ်ပြောခဲ့ပါရစေ....
ပန်းကလေးရေ....
ကိုယ့် ဆန္ဒ အစစ်အမှန်က
မင်းရဲ့ ဘ၀ကြီးတစ်ခုလုံးကို
မင်း ပွင့်လန်းခဲ့တဲ့ မူလပိုင်ရှင်
ပန်းပင်လေးရဲ့ သဘောအတိုင်း
ဖူးလိုရာဖူး... ငုံလိုရာငုံ.... ပွင့်လိုရာပွင့်
ကြွေလွင့် ချင်တိုင်း
ကြွေလွင့်နေစေချင်တာပါ.....။
မင်းရဲ့ ပြောင်းလဲမှုတွေအတွက်လည်း
ကျေနပ် ရဲခဲ့ပါတယ်။
မင်းရဲ့ လှပခြင်းတွေအတွက်လည်း
ဝမ်းမြောက် ရဲခဲ့ပါတယ်။
မင်းရဲ့ မွှေးပျံ့ ခြင်းတွေအတွက်လည်း
အသိအမှတ်ပြုရဲခဲ့ပါတယ်။
မင်းကြွေကျတဲ့အခါ
ပွင့်လွှာ ပွင့်ချပ်လေးတွေ
မြေပေါ်ကို
ရောက်ရောက် မရောက်ရောက်
ဘယ်တော့မှ မကောက်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့
မင်းရဲ့ ပိုင်ရှင်
အပင်လေးရဲ့
ထွေးပွေ့ထားနိုင်ခြင်းတွေက
အဆုံးထိ အလှတရား ဖြစ်ကြောင်းကို
ကိုယ်ကောင်းကောင်း နားလည်ထားပါတယ်....။
ဒါပေမဲ့ ပန်းကလေးရေ....
အပြစ်အနာတွေ မဖြစ်စေဖို့
ပိုးမွှား အန္တရာယ်ကင်းစေဖို့နဲ့
မင်းရဲ့ အပင်လေး ရှင်သန် ဖွံ့ ထွားစေဖို့
ကိုယ်ကြိုးစားခဲ့ပါတယ်....။
တကယ်ကလေ....
အတ္တတွေမပါတဲ့ အားထုတ်မှုတွေနဲ့
မင်းကို လှပစေချင်လို့ပါ...။
မင်းရဲ့ ဖြစ်တည် ပြောင်းလဲခြင်းကို
တွေ့မြင်ရင်းနဲ့ ခံစား
ကိုယ့်နှလုံးသားလေးထဲမှာတော့
မင်းထာဝရလန်းဆန်း
အမြဲ ပွင့်လန်းနေတယ်ကွယ်....။
ပန်းကလေးရေ....
ကိုယ်လေ တစ်ခါတစ်ခါ အရမ်း ကျေနပ်နေတဲ့ အချိန်လေးတွေလည်း ရှိခဲ့တယ်...၊ ဘယ်အချိန်တွေလည်း သိလား... ကိုယ့်ရဲ့ ကြမ်းတမ်းတဲ့ လက်အစုံက လှပပြီး မွှေးပျံ့ နေတတ်တဲ့ ပန်းကလေးတွေကို ပွင့်လန်းစေတတ်တယ်လို့ တွေးမိတဲ့ အချိန်တိုင်းပေါ့... ပန်းကလေးရော သိလားဟင်......။
(ကွန်ဆူးမား)(၆-၈-၂၀၁၃)
0 comments:
Post a Comment