Tuesday, August 13, 2013

ထောပတ်ကြိုက်သော ယင်ကောင်များ

August 12, 2013 at 5:27pm

    သူ သစ်သီးစားနေသည်။ သစ်သီးသည် သူတို့လမ်းထိပ်ရှိ ကိုတိုးကြီးအိမ်မှဖြစ်ပြီး၊ သူသည် ဦးခင်သိန်းအိမ်မှ ဖြစ်သည်။ ဦးခင်သိန်းနှင့် သူ သားအဖတော်စပ်သည်။ သစ်သီးနှင့်တော့ ဘာမျှမတော်ချေ။ သူ သစ်သီးကို အားပါးတရ ကိုက်လိုက်ချိန်တွင် စူးစူးဝါးဝါး အော်ဟစ်သံကို ကြားရ၏။ လိပ်ပြာတစ်ကောင်ထံမှ ဖြစ်သည်။ လိပ်ပြာသည် ပဒုမ္မာအင်္ကျီနှင့် ပွင့်ရိုက်ထမီနှင့် အတော်လှနေ၏။ သူ သစ်သီးကို ဆက်မစားတော့ဘဲ သီချင်းတစ်ပုဒ် အော်ဆိုလိုက်သည်။ MLTR ၏ Sleeping Child ။ လိပ်ပြာသည် အိပ်ပျော်နေသော ကလေးငယ်နှင့် အတော်တူလေ၏။


    ကိုချောရဲ့ လက်တွေဟာ သိပ်နူးညံ့တာပဲ ဟု ကဗျာဆရာတစ်ဦးက ပြောသည်။ သူ့လက်တွေကတော့ ခပ်ကြမ်းကြမ်း။ သူက အလုပ်ကြမ်းသမား ဖြစ်၏။ သူ့မိန်းမက အပြောကြမ်းသမား။ သူတို့ လင်မယားမဖြစ်ခင်တုန်းကတော့ သမီးရည်းစားဖြစ်သည်။ သမီးရည်းစားမဖြစ်ခင်က မိတ်ဆွေသူငယ်ချင်း။ အဲ့သည့် မတိုင်ခင်ကတော့ သူတို့ လိပ်ပြာနှစ်ကောင်ဖြစ်ခဲ့ကြသည်။ ဝတ်ရည်တွေလည်း မချိုတော့။ သူ အရက်ခါးခါးတွေကို သောက်ဖြစ်ခဲ့၏။ သူ/တို့ ဘဝခါးခါးတွေကို လျှောက်ဖြစ်ခဲ့၏။ ကံကြမ္မာသည် အရောဝင်၍မကောင်းသော ခွေးတစ်ကောင်ဖြစ်သည်။

    စဉ်ဆက်မပြတ် လည်ပတ်နေသောအရာကို အချိန်ဟုခေါ်သည်။ အချိန်သည် လိပ်ပြာကဲ့သို့ အရောင်အသွေးမရှိ။ အချိန်သည် သစ်သီးတစ်လုံးလို မချိုမြ။ အချိန်၏လက်တွေသည် မောင်ချောနွယ်လို မနူးညံ့။ အချိန်သည် ခွေးတစ်ကောင်လို ညဥ့်နက်သန်းကောင် အူလေ့မရှိ။ အချိန်သည် အိပ်ရေးပျက်နေသော ကလေးငယ်တစ်ဦးသာဖြစ်၏။ အို .. လိပ်ပြာ ..၊ သင်၏ တောင်ပံတစ်ချက်ခတ်တိုင်း အချိန်တို့ ပြိုလဲပျက်စီးပါစေသား !!!

    သူသည် မျက်လှည့်ဆရာတစ်ဦးဖြစ်သည်။ သူနေထိုင်ရာမြို့ကလေးတွင် မျက်လှည့်ပြရသည်ကို ငြီးငွေ့လာသည့်အခါ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်ပြီး မျက်လှည့်ပြ၏။ ပြကွက်အသစ်အဆန်းများ တီထွင်ကြံဆ၏။ ရောက်လေရာနေရာတိုင်းတွင် ပြသမျှပြကွက်တိုင်း အောင်မြင်၏။ မြို့ပေါင်းများစွာ၊ ပြကွက်ပေါင်းများစွာ။ မရောက်ဖူးသောနေရာမရှိသလောက်၊ မပြဖူးသောပြကွက်မရှိသလောက် ဖြစ်လာသည်။ သူ ငြီးငွေ့လာ၏။ သူ့ဘဝအတွက် နောက်ဆုံးပြကွက်ကို တင်ဆက်သည်။ ပရိသတ် ထောင်သောင်းများစွာ၏ ရှေ့မှောက်တွင် သူ့ကိုယ်သူ ကြိုးဆွဲချသတ်သေပြ၏။ သူ အမှန်တကယ် သေဆုံးသွားခဲ့သည်။

    နေဝင်လုပြီ။ အဘိုးအိုတစ်ယောက် တယောအိုတစ်လက်ကို ထိုးနေ၏။ တယောသံက ချိုအီနူးညံ့နေသည်။ အဘိုးအိုက တယောကို ဘေးနားချပြီး ဆေးလိပ်တိုကို မီးညှိဖွာရှိုက်လိုက်သည်။ တယောသံက ထွက်ပေါ်နေဆဲ။ တယောဘိုးတံကို တယောပေါ်မှ ဖယ်လိုက်၏။ တယောသံက ဆက်လက်ထွက်ပေါ်နေဆဲ။ အဘိုးအို နားမခံမရပ်နိုင်ဖြစ်ဟန်တူသည်။ တယောကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်ပင် ရိုက်ချိုးလိုက်၏။ တယောသံက အဆက်မပြတ်ထွက်ပေါ်နေဆဲ။ သူကိုယ်တိုင်သည် တယောတစ်လက်ဖြစ်နေကြောင်း အဘိုးအို သိရှိလိုက်ရသည်။ နေဝင်လုပြီ။

    မပြောသင့်တော့သော စကားများကို ပြောနေရခြင်းသည် အ,မင်္ဂလာတစ်ပါးပင်။ ယဉ်ကျေးမှုရဲ့ဖြစ်နိုင်ခြေအလားအလာတွေကို ကြိုတင်ခန့်မှန်းထားသင့်သည်။ ဒါမှ အရွေ့တိုင်းတွင် လူအ ဖြစ်မနေမည်ဟု သင်မထင်ဘူးလား။ နံရံတိုင်းတွင် နားများရှိ၏။ အချို့က နားများကို နံရံများဖြင့် ပိတ်ကာထားတတ်ကြသည်။ နားများစွင့်ဖို့လိုသည်။ မျက်လုံးများဖွင့်ဖို့လိုသည်။ လိပ်ပြာတစ်ကောင် ပျံဝဲလာ၏။ တယောသံသဲ့သဲ့ကြားရသည်။ နာရီစက်သံ တချက်ချက်ကို ပိတ်ထားပေးပါ။ လူတိုင်း တစ်နေ့ထမင်းနှစ်နပ်စားသည်။ လူတိုင်း တစ်နေ့ကဗျာနှစ်ပုဒ်မဖတ်သင့်ဘူးလား။

    ရနံ့တချို့ ဖိတ်ခေါ်နေသည်။ ထိုရနံ့သည် သူ့အား မူးယစ်စေ၏။ သူသွားမည့်လမ်းတွင် တိမ်မျှင်တချို့ ကာဆီးထားသည်။ လိပ်ပြာတစ်ကောင် ပုန်းကွယ်နေ၏။ ခန်းဆီးစကို ဖယ်ကြည့်လိုက်သောအခါ ဝင်္ကဘာတစ်ခုကို တွေ့ရသည်။ ဝင်္ကဘာ၏အလယ်တွင် နှင်းဆီပျိုတစ်ပွင့်။ သွားရန်လမ်းကြောင်း မှန်ကန်ဖို့ လိုအပ်သည်။ ဘဝကူးကောင်းပါစေ လိပ်ပြာ။

    သူ့တွင် ကိုယ်ပိုင်လေဆိပ်တစ်ခုရှိသည်။ သူ့တွင် လေယာဉ်ပျံမြင်တိုင်း လွမ်းတတ်သော မိတ်ဆွေတစ်ဦးရှိသည်။ ထိုမိတ်ဆွေအတွက် သူ့ကိုယ်ပိုင်လေဆိပ်ထဲတွင် လေယာဉ်တစ်စင်းထားပေး၏။ ထိုမိတ်ဆွေ သူ့ထံ မကြာခဏလာရောက်ကာ လေယာဉ်ကိုယ်ထည်တွင် ကာလာစပရေးဖြင့် ကဗျာများရေးသည်။ ထိုအရာကို “ပျံသန်းခွင့်မဲ့ ကဗျာလေယာဉ်” ဟု သူ အမည်ပေးထား၏။

    လေယာဉ်ကိုယ်ထည်တွင် နေရာလွတ်မကျန်တော့အောင် ကဗျာများဖြင့် ပြည့်နေသည်။ သူ့မိတ်ဆွေက ထိုလေယာဉ်ဖြင့် ကမ္ဘာအနှံ့တစ်ပတ်ပတ်မည်။ လေထုထဲတွင် ကဗျာရနံ့များ လွင့်ပျံ့စေမည် ဟု ပြောသည်။ လိပ်ပြာတစ်ကောင် လေယာဉ်တွင် လာနား၏။ အရောင်အဆင်းမရှိသော လိပ်ပြာဖြစ်သည်။ ထိုလိပ်ပြာ ပျံသွားသောအခါ လေယာဉ်ကိုယ်ထည်ရှိ အရောင်အမျိုးမျိုးဖြင့် ရေးထားသော ကဗျာများအား စုပ်ယူသွား၏။ အရောင်အသွေးစုံလင်သော လိပ်ပြာအဖြစ် ကောင်းကင်ထဲ ပျံဝဲသွားသည်။ သူ့မိတ်ဆွေ ရူးသွပ်သွား၏။

    ထိုနေ့မှစ၍ သူ လိပ်ပြာတွေကို မုန်းတီးသွားသည်။

- ဆူး ခ က် မ င်း -

16-7-2013

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...