Thursday, August 1, 2013

မ မျိုးငါးဆက်နဲ့ ကျွန်တော်


မျိုးဆက် ငါးဆက်ကို ထဲထဲဝင်ဝင် ထိတွေ့နိုင်ဖို့ဆိုတာ နည်းနည်းတော့ ခက်နိုင်ပါတယ်၊ ကျွန်တော်ကတော့ ကံကောင်းတော့ ထိတွေ့ခွင့် ရခဲ့တာ ရနေတာကို သွားတွေ့ရတယ်။ အဲဒီမျိုးဆက် ငါးဆက်ကလည်း အမျိုးသမီးတွေချည်း ဖြစ်နေပါတယ်။ ကျွန်တော့်အဘွား (အဖွားရဲ့အမေ)၊ ကျွန်တော့်အဖွား၊ ကျွန်တော့်အမေ၊ ကျွန်တော့်နှမနဲ့ ကျွန်တော့်တူမတို့ ဖြစ်နေတာက တခြားသူတွေ အတွက်တော့ မသိ၊ ကျွန်တော်ကိုယ်တိုင်အတွက်က စိတ်ဝင်စားဖွယ် ဖြစ်နေတော့တယ်။


ကျွန်တော်ခုနစ်နှစ်၊ ရှစ်နှစ် ကောင်းကောင်း သိတတ်စအရွယ် အဘွားကို ကောင်းကောင် မှတ်မိနေပါတယ်။ အဘွားက အသက် ၈၀ ကျော်၊ ၉၀ ကပ်နေပါပြီ။ ကျိုက်ထိုဇာတိဖွား၊ မွန်နဲ့ ဆစ်ခ်ပန်ချာပီစပ်တဲ့ အဘွားက ပိန်ပိန်ပါးပါး အသားဖြူဖြူ၊ အရပ်က ငါးပေသာသာ ရှိပေမယ့် ခါးက အတော်ကိုင်းနေပါပြီ။ ခေါင်းမွှေး (ဆံပင်) ဖြူတွေက ပလူမွှေးပလူတောင်၊ ဒါပေမဲ့ သူ့ဆံပင် ဆွဲထုံးထားသေးတယ်။ ကွမ်းသီးလုံးလောက်ပဲ ရှိတော့တာကိုတော့ မှတ်မိတယ်။

အဘွားနဲ့ ပတ်သက်ပြီး မှတ်မှတ်ထင်ထင် နှစ်ခု ရှိတယ်။ တခုက အိမ်ကို ဆွမ်းခံကြွတဲ့ ကိုယ်တော်ကို ဆေးပြင်းလိပ် ကပ် (လောင်းလှူ) တတ်တယ်။ နဂါးနီတံဆိပ်လား၊ နဂါးတံဆိပ်လား မမှတ်မိတော့ဘူး။ ဆေးပြင်းလိပ်က ဆယ်လိပ်ပါ စက္ကူထုပ် တထုပ်ကို နှစ်ကျပ်ခွဲလား၊ သုံးကျပ်ခွဲလား ပေးရတယ်။ (၁၉၈၃-၈၄)။ ဘုန်းကြီးကို တပတ်တခါလောက် လောင်းလှူတယ် မှတ်ပါတယ်။ အဲဒါကို တညနေ ကြိုဝယ်ပေးထားရတယ်။ ကျွန်တော်ဖြစ်ဖြစ်၊ ညီငယ်ဖြစ်ဖြစ် သွားဝယ်ပေးရင် ၀ယ်တဲ့သူက မုန့်ဖိုး ငါးမူး (တကျပ်ရဲ့တ၀က်) ရပါတယ်။ အဲဒီတုန်းက ငါးမူးက တော်တော် တန်ကြေးရှိပါတယ်။ အပြင်မှာ မုန့်ဟင်းခါးတပွဲ စားလို့ ရတယ်၊ ကျောင်းက ရောင်းတဲ့ မုန့်ဟင်းခါးဆို တမတ် (တကျပ်ရဲ့ လေးပုံတပုံ) ပဲ ရှိတယ်။

နောက်တခုက အဘွားက ထမင်းစောစော စားတတ်တယ်။ ကြွေးပန်းကန်နဲ့ အဘွားကို ထမင်းထည့်ကျွေးရတယ်။ ကျွန်တော့်အဖွား သူ့သမီးက ထမင်းကျက်တာနဲ့ ဘုရားဆွမ်းကပ်ပြီးတာနဲ့ အမေဖြစ်သူကို ထမင်းကျွေးရတယ်။ ထမင်းကျွေးတာလည်း ဟင်းက များသောအားဖြင့် တမျိုးတည်းပါပဲ။ အဲဒါက ငါးပုဏားကြော်ကြွပ်ကြွပ် (ရဲနေအောင်ကြော်ထားသော ငါး) ဖြစ်ပါတယ်။ ကြွပ်အောင် ကြော်ရတဲ့အတွက် အဖွားကို လုပ်ကျွေးနေတဲ့ ကျွန်တော့်အမေက ဈေးဝယ်ရတဲ့ သူ့အမေဖြစ်သူ ကျွန်တော့်အဖွားကို ငါးအကောင်ကြီးကြီးမျိုး ၀ယ်စေတတ်တယ်လို့ ထင်ပါတယ်။ ကြွပ်အောင်ကြော်ရတော့ ငါးက အကောင်ကြီးမှ ဖြစ်မှာကိုး။

အဲဒါ ထမင်းကျက်တာနဲ့ အဖွားက သူ့အမေ ကျွန်တော့်အဘွားအတွက် ကြွေပန်းကန်နဲ့ ထမင်းတပန်းကန်ခူး၊ ငါးကြော်ဆီဆမ်း၊ ငါးပုဏားကြော် သုံးကောင်လောက်ကို ပန်းကန်တခုမှာထည့်ပြီး ထမင်းပွဲပြင် ကျွေးရပါတယ်။ အမေ... စားလို့ ရပြီလို့ ပြောတာနဲ့ အဘွားက ထလာ၊ လက်ဆေးဇလုံမှာ လက်ဆေးပြီး အရင်ဆုံး ထမင်းပန်းကန်ထဲ လက်ညှိုးလေး ထိုးကြည့်တယ်။ မပူဘူး၊ လက်ကို ချက်ချင်းမရုတ်လိုက်ရဘူးဆိုရင် ရစ်တတ်ပါတယ်။ သူ့ကို ထမင်းကြမ်းတွေ ကျွေးတယ်၊ ဒါမှမဟုတ် ထမင်းကလည်း မပူဘူးလို့ ပြောတတ်ပါတယ်။

အဲဒါကို သမီးဖြစ်သူနဲ့ မြေးဖြစ်သူ (ကျွန်တော့်အဖွားနဲ့ ကျွန်တော့်အမေ) က စိတ်ရှည် သည်းခံလို့ ဖျောင်းဖျ ကျွေးရတယ်။ တခါတလေ ပူတဲ့ ထမင်း တခါ ပြန်ခူးရပါတယ်။ ဒါပေမဲ့ အဖွားရော အမေပါ အဘွားဖြစ်သူကို ပျော်ပျော်ရွှင်ရွှင် ကျေးဇူးဆပ်ကြတာ၊ ပြုစုလုပ်ကျွေးကြတာကို တွေ့ခဲ့ရပါတယ်။ တခါတလေ အဘွားက ဂျီပြန်ပါတယ်။ ဘာလဲဆိုတော့ အဲဒီလို ထမင်းပူပူကို စားပြီး ခဏနေတော့ (နာရီဝက်၊ တနာရီ ကြာပြန်တော့) သိန်းသိန်း (ကျွန်တော့်အဖွားအမည်က ဒေါ်သိန်းရီ) ငါ ထမင်းစားမယ်လေ လို့ လုပ်ပြန်ပါတယ်။ အဖွားနဲ့ အမေက ပြုံးတတ်ကြတယ်။ တခါတလေတော့ အဘွား သူငယ်ပြန်လေသလားလို့ အမေတို့က တွေးဆတတ်ကြတယ်။

ဒါက ကျွန်တော့်အဘွားပါ၊ အဘွားနဲ့ ပတ်သက်ပြီး မုန့်ဖိုး ငါးမူးလေး တခါတခါ ရခဲ့ရတာကို ကျေးဇူးတင်ရသလို အတုမြင် အတတ်သင်မှုကြောင့်ပဲ ကျွန်တော်လည်း ထမင်းပူပူဆီဆမ်းနဲ့ ငါးကြော်ကို ကြိုက်သွားခဲ့တာ အခုထိပါပဲ။ ငယ်ငယ်ကဆို ငါးဟင်းဆို လုံးဝ မစားသလောက် ဖြစ်သွားခဲ့ပြီး ကောလိပ်ရောက်ကာမှ ဟင်းချက်ကောင်းတဲ့ သူငယ်ချင်းတွေ ထမင်းချိုင့် နှိုက်နှိုက်စားရာကနေ ငါးဟင်းကို ပြန်စားတတ်လာတာပါ။

ကျွန်တော့်အဖွားအကြောင်းကတော့ ရေးရင် စာတအုပ်လောက် ရပါတယ်။ မြေးဦးမို့ အဖွားဟာ ကျွန်တော့်ကို အချစ်ဆုံးပါ။ အမေကတောင် သူ့အမေကို အမေ့ကြောင့် ကျွန်မသားကို ပြောဆို ဆုံးမရ ခက်မယ်လို့ ပြောယူရတဲ့ အထိပါပဲ။ အဖွားဟာ ကျွန်တော့်ကို အထိမခံ ရွှေပန်းကန်လို့ ပြောရလောက်အောင် ရှေ့ကနေ မားမားရပ်လို့ အကာအကွယ်ပေး၊ အလိုလိုက် အကြိုက်ဆောင် အခွင့်အရေးပေးသူပါ။

အဖွားခွံ့လို့ ကျွေးခဲ့တဲ့ ထမင်းလုပ်တွေက အခု ပြန်နှိုက်ထုတ်မယ် ဆိုရင်တောင် ရှိလောက်ပါသေးတယ်။ အမေက ရိုက်နှက် ဆုံးမမယ်ဆိုရင်လည်း အဖွားက ကျွန်တော့်ကို ကာထား၊ ကွယ်ထားတတ်သူပါ။ အမေက တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်၊ စတုတ္ထနှစ် ကလေးတွေ ဆက်တိုက် မွေးခဲ့သူမို့ ကျွန်တော်ဟာ ၄၅ ရက်မှာပဲ အဖိုး၊ အဖွားနဲ့ နေခဲ့ရပါတယ်။ နွားတွေ အများကြီး မွေးထားတဲ့ အဖိုးနဲ့ အဖွားက နွားနို့တွေ တိုက်ရင်း လူဖြစ်အောင် မွေးခဲ့တာမို့ အဖွားလက်ပေါ် ကြီးလာတယ်လို့ ရာခိုင်နှုန်းပြည့် ပြောလို့ ရပါတယ်။

အဖွားဟာ ကျွန်တော် ကောလိပ် ပထမနှစ် အသက် ၆၈ နှစ် အရွယ်မှာပဲ သွားလာ၊ လှုပ်ရှားနေရက်ကနေ ရုတ်တရက် သွေးတိုးပြီး ဆုံးပါးပါတယ်။ ဆေးကု၊ ဆေးသောက်၊ ဆေးထိုးမှားတာတွေလည်း ပါပါတယ်။ ကျွန်တော်တို့ မိသားစုဝင်တွေရဲ့ အပြစ်မကင်းသလို ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပေါ့လျော့မှုတွေလည်း ပါတာကို ဒီမှာ အကျယ် မရေးလိုတော့ပါဘူး။ တခုပဲ စိတ်မကောင်း ဖြစ်တာက အဖွား မဆုံးပါးခင် တပတ်လောက်က အဖွားက ရေခဲမုန့် စားချင်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။

အမှန်တော့ ကျွန်တော်က သွားဝယ်ကျွေးလိုက်ရုံပါပဲ။ ဒါပေမဲ့ အဖိုးဆုံးလို့ မြို့ထဲကို ပြောင်းရွှေ့ နေလာတာ ရက်ပိုင်းပဲ ရှိသေးတဲ့ တာမွေ၊ ကျောက်မြောင်းဇာတိ ကျွန်တော်က လမ်းထိပ်မှာ ရေခဲမုန့် သွားဝယ်ဖို့ကို ရှက်နေခဲ့ပါတယ်။ အဖွားကလည်း ကိုယ် စားချင်တာများ... လမ်းထိပ်လေး ထွက်၊ ၀ယ်စားလိုက်ပေါ့လို့ ပြန်ပြောမိပါတယ်။ အဖွားကလည်း ငါ မ၀ယ်ချင်လို့ပါ၊ သားက သွားဝယ်ပေးပါလို့ ပြောပါတယ်။

ကျွန်တော်က ကောလိပ်ကျောင်းသားပီပီ အကြောင်းပြချက်နဲ့ ထပ်ငြင်းပယ်တာပါပဲ၊ အဖွား... ကျွန်တော် သွားဝယ်ရင် ရပါတယ်၊ ဒါပေမဲ့ ၀ယ်ပြီး ပြန်လာရင် ပြေးလာဦးတော့... လေတိုက်ပြီး အရည်ပျော်ကုန်ပါ့မယ်။ အဖွား ကိုယ်တိုင် လမ်းထိပ်လေး ထွက်... ၀ယ်စားလိုက်တာက ဘာမှ မဖြစ်ပါဘူးလို့ တင်းခံပြီး ပြောပါတယ်။

အဖွားက တဆင့် တက်ပြန်ပါတယ်။ ကိစ္စမရှိဘူး၊ မင်း ၀ယ်ပြီးတာနဲ့ စားလာခဲ့ (အဖွား ပြောသလိုဆို လျက်လာခဲ့ပါ) ကျန်တာကိုပဲ သူ စားမယ်လို့ ပြောပြန်ပါတယ်။ ကျွန်တော်ကလည်း ဆက်ပြီး ငြင်းဆိုပါတယ်၊ ဘာကြောင့်မှန်း မသိပါဘူး၊ ခေါင်းမာတဲ့ စိတ်လား၊ ပျင်းတဲ့ စိတ်လား မသိပါဘူး (နှစ်ခုစလုံး ကျွန်တော့်မှာ ရှိပါတယ်)၊ ကျွန်တော်ဟာ လုံးဝ ငြင်းဆန်ခဲ့ပါတယ်။ နောက်ဆုံးတော့ အဖွားဟာ သူ သိပ်ချစ်တဲ့ မြေးကြီးက သွား မ၀ယ်ချင်ပါလားလို့ သိသွားပြီးနောက်မှာ ထပ် မပြောတော့ပါဘူး။ ကျွန်တော်လည်း တကယ်ကိုပဲ သွားမ၀ယ်ပေးခဲ့ပါဘူး။

နောက်တော့ ရက်ပိုင်းအတွင်း အဖွား ဆုံးပါးသွားခဲ့ပါတယ် (အဖိုးဖြစ်သူဆုံးပြီး တလနဲ့ တပတ်အကြာမှာ ဖြစ်ပါတယ်)။ အခုတော့... တခါတခါ အဖွားကို သတိရတဲ့အခါ ရေခဲမုန့်ကိုလည်း သတိရတတ်ပါတယ်။ သူ သိပ်ချစ်ရတဲ့ မြေးကြီးဟာ သူ့ကျတော့ တကယ် မချစ်ပါလားလို့ အဖွားဟာ ကျွန်တော့်ကို စိတ်ကွက်ခဲ့လေမလား။ ကျွန်တော် မစဉ်းစားတတ်ပါဘူး။

အမေ၊ ညီမငယ်နဲ့ တူမငယ်တို့ အကြောင်း... အလျဉ်းသင့်တော့ ဆက်ရေးကြည့်ပါဦးမယ်။ အလျဉ်းသိပ်သင့်လို့များလို့ကတော့... အခု နှစ်နှစ်၊ ကိုးလ အရွယ်ရောက်နေတဲ့  တူမငယ် ပိစိမက နောင် အနှစ် ၂၀ မှာ အိမ်ထောင်ကျလို့ ကလေးရခဲ့ရင် နောင်အနှစ် အစိတ်၊ ကျွန်တော့်အသက် ၆၀ လောက်မှာ (မသေ သေးဘူးဆိုရင်ပေါ့) နောက်မျိုးဆက်တခု (မြေးတူမငယ်) အကြောင်းလေးပါ ရေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဆို မျိုးဆက် ခြောက်ဆက်နဲ့ ကျွန်တော် ဖြစ်သွားမှာပေါ့။ မဟုတ်ဘူးလားဗျာ။

ရန်ကုန်။
၂၀၁၃၊ သြဂုတ် ၁။ ည ၉ နာရီခွဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...