Sunday, August 4, 2013

၈.၈.၀၈ စစ်ပွဲ (အပိုင်း၁)

August 3, 2013 at 9:00am


လွန်ခဲ့သော ၅နှစ် မြန်မာပြည်မှာ ၈လေးလုံး အရေးတော်ပုံ အနှစ်၂၀ပြည့် ကျင်းပနေတုန်းမှာပဲ နိုင်ငံရေး အကဲဆတ်လှတဲ့ ဆိုဗီယက် အင်ပါယာပြိုကွဲပြီး ဖြစ်လာတဲ့ နယ်ဖျားဒေသတွေက တစ်ခုဖြစ်တဲ့ တောင်အော်ဆက်တီးယား နိုင်ငံလေးထဲမှာ ကမ္ဘာ့ခေတ်မှီ အင်အားကြီး စစ်တပ်၂ခု ရင်ဆိုင်တွေ့ခဲ့ကြပါတယ်။
၅ ရက်စစ်ပွဲ၊ တောင်အော်ဆက်တီးယားစစ်ပွဲ၊ ရုရှား-ဂျော်ဂျီယာစစ်ပွဲလို့ ၃မည်ရ၃ဘွဲ့ခံ ခေတ်မှီတပ်မတော် ၂ ခုရင်ဆိုင် တိုက်ကြတဲ့ပွဲပါ။ ၂ ဘက်စလုံးက အသုံးပြုတဲ့ စနစ်နဲ့ လက်နှက်တွေဟာ အမျိုးစားတူတွေ ဖြစ်ကြသလို ဘယ်ဘက်ကမှ အဆုံးဖြတ်ပေးနိုင်မယ့် လက်နှက်ကိုင်ထားနိုင်လောက်တဲ့ စစ်ရည်စစ်သွေးကွာခြားတာမဟုတ်ပါဘူး။ ဒါ့အပြင် စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ကြတဲ့ စစ်သားတွေကိုယ်တိုင် ဖုန်းကင်မရာတွေနဲ့ ရိုက်ပီး တိုက်ရိုက်အင်တာနက်ပေါ် တင်တာကအစ ရှုပ်ထွေးလှတဲ့ သံတမာန်ရေးလက်ဦးမှု၊ သတင်းမီဒီယာ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ အပါအဝင် ဝေဟင်၊ မြေပြင်သာမက ပင်လယ်နက်ရေပြင်မှာပါ ရင်ဆိုင်ကြတဲ့ပွဲဖြစ်ပြီး ဘယ်သူမှ ဘာမှမပြောလိုက်နိုင်ခင် မြန်မြန်ဆန်ဆန် အရှုံးအနိုင်ပေါ်သွားခဲ့တာကြောင့် အီရတ်ပီးရင် ထပ်မံသင်ခန်းစာယူရမယ့် ခေတ်မှီစစ်ပွဲတစ်ခုဖြစ်ပါတယ်။ သူများတွေ ငွေရတုမို့ မှိုင်းထတိုက်တယ်ထင်ထင် တန်အောင် ပေးနိုင်မယ့် မှိုင်းလေး ဖြစ်ဖို့ အားထုတ်ရာမှာ ရှုပ်ထွေးတဲ့ မြေအနေထားနဲ့ သမိုင်းကြောင်း၊ အော်စက်တီးယမ်းတွေ ရုစကီးတွေ ဂျော်ဂျီယာတွေရဲ့ လူမျိုးရေးပဋိပက္ခတွေ၊ ဘေးနားမလှမ်းမကမ်းက ချေကျင်းညှာရဲ့ အဖျားခတ်ပုံတွေ၊ နိုင်ငံရေး အားပြိုင်မှုတွေနဲ့ စပိုင်လုပ်ငန်းတွေ၊ ဖေါက်ခွဲရေးတွေ၊ လုပ်ကြံသတ်ဖြတ်တာတွေကိုပါ ထည့်ရေးဖို့ ကြိုးစားပေမယ့် အိုနာကျိုးကန်းဘိလပ်စာနဲ့ ဘယ်လိုမှ မခြုံငုံမိတာကြောင့် ကိုယ်တတ်နိုင်တဲ့ စစ်ပွဲအကြောင်းလေးကိုပဲ ရေးပါ့မယ်။ စစ်ပွဲမှာ မှားတာဘယ်ဘက် မှန်တာဘယ်ဘက် လို့ တပ်အပ်စွတ်ဆွဲနိုင်လောက်အောင် မရိုးရှင်းတာကြောင့် စစ်ပွဲမှာ ရှုံးသူနဲ့ နိုင်သူ၊ သေသူနဲ့ ရှင်သူသာ ခွဲခြားကြရစမြဲပါ။ ၂ဘက်၊ ၃ဘက်၊ နောက် အဘက်ဘက်ပါဝင်ကြတဲ့ စစ်သားတွေဟာ သူတို့မှားဖို့ တိုက်ကြတယ်လို့တော့ မယုံကြည်ပါဘူး။ သူတို့မှန်တယ်ထင်တာ သို့မဟုတ် သူတို့တာဝန်အတွက် တိုက်ကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် ၈-၈-၂၀၀၈ ခုနှစ်မှာတော့ စစ်ပွဲကြီးတစ်ပွဲဟာ တောင်အော်ဆက်တီးယားနယ်ထဲမှာ ဖြစ်ခဲ့ပါတယ်။

တောင်အော်ဆက်တီးယား ဆိုတဲ့နိုင်ငံလေးဟာ ရုရှား၊ဂျော်ဂျီယာ နယ်စပ်မှာရှိပြီး မဝေးတဲ့ တစ်နေရာမှာ နာမည်ကျော် ချေကျင်းညာဒေသကြီးရှိပါတယ်။ တောင်အော်ဆက်တီးယားဆိုတဲ့ အတွက် မြောက်အော်ဆက်တီးယားလဲရှိပြီး မြောက်အော်ဆက်တီးယားကတော့ ရုရှားနယ်ထဲမှာပါ။ အော်ဆက်တီးယားဒေသ အနေနဲ့တည်ရှိခဲ့ပြီး ဆိုဗီယက် အင်ပါယာ ပြိုကွဲတဲ့အခါ ရုရှားထဲနေလိုသူ မြောက်နဲ့ ရုရှားကနေ ခွဲထွက်ချင်သူ(ဂျော်ဂျီဂျာအတော်များများရှိပြီး ရောထွေးနေထိုင်တဲ့) တောင်ဆိုပြီး ၂ပိုင်းကွဲရာက တောင်အော်ဆက်တီးယားဟာ ဂျော်ဂျီယာ နိုင်ငံထဲမှာ ပါဝင်လာခဲ့တာပါ။ သို့သော် လူမျိုးရေးဆန်ပြီး သီးသန့် အစိုးရ သီးသန့်လက်နှက်ကိုင်တပ်၊ သီးသန့်နိုင်ငံရေး အမြင်တွေနဲ့ ရပ်တည်ခဲ့ပြီး ၁၉၉၀မှာ ဂျော်ဂျီယာထဲကနေ ခွဲထွက် လွတ်လပ်ရေးကြေငြာခဲ့ပါတယ်။ ၁၉၉၁-၂မှာ ဂျော်ဂျီယာ-အော်ဆက်တီးယား စစ်ပွဲဖြစ်ပွားခဲ့ပြီး ဂျော်ဂျီယာဟာ အော်ဆက်တီးယားရဲ့ ခွဲထွက်တာကို လက်မခံခဲ့ပါဘူး။ ဂျော်ဂျီယာသာမက UN အပါအဝင် EU နိုင်ငံတွေကလဲ လက်မခံခဲ့ပဲ နိုင်ငံစုံကနေ ငြိမ်းချမ်းရေး ဝင်ထိမ်းသိမ်းပေးခဲ့ရတာဖြစ်ပါတယ်။ တောင်အော်ဆက်တီးယားလို့ ဆိုပေမယ့် အော်ဆက်တီးယမ်း လူမျိုးတွေသာ နေထိုင်တာ မဟုတ်ပဲ ဂျော်ဂျီယမ်တွေ အပါအဝင် အနီးနားက ရုရှား၊ အာမေးနီးယန်းနဲ့ ဂျူးလူမျိုးစုတွေပါ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ခရစ်ရှန်နဲ့ အစ္စလမ်မစ်တွေ ရောထွေးနေထိုင်ကြပြီး ဘာသာရေးပြဿနာ နဲပါးပေမယ့် လူမျိုးရေးပြဿနာ လေးတွေရှိပါတယ်။

ကျနော်တို့ဆီမှာ သာကီမျိုးဟေ့ တို့ဗမာ ရှိသလို အော်ဆက်တီးယားတွေဟာလဲ အာလေနီးယမ်း(Alania) နိုင်ငံသားတွေလို့ သူတို့ကိုယ်သူတို့ ယုံကြည်ပါတယ်။ မြောက်အော်ဆက်တီးယားတွေဟာ ရုရှားပက်စပို့ကိုင်ထားပြီး ရုရှားထဲမှာရော တောင်အော်ဆက်တီးယားထဲမှာရော နေကြသလို တောင်အော်ဆက်တီးယားတွေဟာလဲ ရုရှားရော ဂျော်ဂျီယာ ပက်စပို့ပါ ကိုင်ထားနေနိုင်ကြပါတယ်။ တောင်ရယ် မြောက်ရယ် ပြောကြပေမယ့် အော်ဆက်တီးယားတွေကတော့ သူတို့ဟာ အာလေနီးယမ်းတွေပါပဲလို့ ဆိုပါတယ်။ ဂျော်ဂျီယာကတော့ တောင်အော်ဆက်တီးယားဟာ သူ့ပြည်နယ်လို့ ယူဆပြီး တောင်အော်ဆက်တီးယားတွေကတော့ သီးသန့်ဒေသလို့ ယူဆတာပါ။ တစ်ခါ မြောက်အော်ဆက်တီးယားနိုင်ငံရဲ့လို့ ဆိုဗီယက်နယ်ထဲမှာ နေနိုင်သလို သူတို့လဲ ဂျော်ဂျီယာနယ်ထဲမှာ သီးသန့်နေလိုတာပါ။ တောင်အော်ဆက်တီးယားထဲမှာတင် နိုင်ငံရေးပါတီတွေရှိလာပြီး ရွေးကောက်ပွဲတွေလုပ် ပြည်သူ့ဆန္ဒခံယူတာတွေပါ လုပ်ဆောင်လာကြတဲ့အခါ တောင်အော်ဆက်တီးယားတွေသာမက ဒေသတွင်းနေကြတဲ့ ဂျော်ဂျီတွေအပါအဝင် အားလုံးဟာ ခွဲထွက်သင့်တယ်လို့ ၉၉% မဲပေးကြပါသတဲ့။ ဒါပေမယ့်မယ့်လဲ လူမျိုးရေးတင်းမာမှုတွေ အပြန်အလှန် မီးရှို့သတ်ဖြတ်မှုတွေကြောင့် ဂျော်ဂျီယာတွေနေတဲ့မြို့ရွာ၊ အော်ဆက်တီးယားတွေ နေတဲ့မြို့ရွာရယ်လို့ သီးခြားစီ ဖြစ်လာပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေကိုတော့ အာမေးနီးယန်းတွေ ရုရှားတွေက လာအလုပ်လုပ်ကြတာပါ။
အော်ဆက်တီးယမ်းဒေသမှာ သူတို့ဥပဒေသူတို့လုပ် သူတို့သမ္မတသူတို့ရွေးပြီး ဒါကိုလဲ ဂျော်ဂျီယာသမ္မတက လူမျိုးစုခေါင်းဆောင်မက၊ အိမ်နည်းချင်းနိုင်ငံသမ္မတမကျ အဆင်ပြေသလို ဆက်ဆံပြီး နေနေခဲ့ကြတာပါ။ တောင်အော်ဆက်တီးယားမှာ လက်နှက်ကိုင်တပ်ရှိပြီး ရုရှားတွေက သင်တန်းပေးထောက်ပံ့ပါတယ်။ တစ်ဖန် အော်ဆက်တီးယားဒေသမှာလဲ ဂျော်ဂျီယာဘက်ကရော ဥရောပနိုင်ငံတွေက အလှည့်ကျရော ရုရှားကပါ ငြိမ်းချမ်းရေးထိမ်းသိမ်းတဲ့ တပ်တွေ ချထားပြီး နေနေကြတာပါ။ လူ့အခွင့်အရေးတွေ ဆိုတာပြောချင်ဟောချင်ရင် လက်နှက်ကိုင် အစောင့် ၂၀လောက်နဲ့ ရံပြီးဟောရပြောရသလို၊ အော်ဆက်တီးယားနိုင်ငံရဲ့ ကောင်းကင်ဟာ ရုရှားနဲ့ ဂျော်ဂျီယာတို့ရဲ့ ဦးသူဝင်ပြီး စိုးမိုးကင်းလှည့်ရာလဲဖြစ်ပါတယ်။ အစကတော့ မြောက်အော်ဆက်တီးယားဟာ ရုရှားနဲ့ငါနဲ့ကြား ခိုင်းစားရမလားလို့တွေးမိရာက ကိုယ်ထဲက တောင်အော်ဆက်တီယားကပါ ရုရှားဘက်ယိမ်းလာတဲ့အခါ ဂျော်ဂျီယာအဖို့လဲ အင်မတန်နင့်နာဆုံးရှုံးစရာတွေ ဖြစ်လာပါတယ်။ ရုရှားရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ လက်နှက်နဲ့ ဓါတ်ငွေ့ဟာ သည်ဒေသတွေ အတွက်ဈေးကွက်တစ်ခုပါပဲ။ ဒါ့ကြောင့် လက်နှက်ကိုင် တောင်အော်ဆက်တီးယားတပ်တွေနဲ့ ၁၉၉၁-၂ စစ်ပွဲကို ဆက်ရန်လိုလားဟန်ရှိတဲ့ေ၈ျာ်ဂျီယာဟာ သူ့လူမျိုး ဂျော်ဂျီယာတွေ လူနဲစုဖြစ်နေတဲ့ အော်ဆက်တီးယမ်းနယ်ထဲကို တန်ပြန်အကြမ်းဖက် ချေမှုန်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ CAT(central anti-terrorist) အဖွဲ့စည်းတွေကို ဖွဲ့စည်းခဲ့တဲ့အပြင် တောင်အော်ဆက်တီးယား သမ္မတနဲ့ အဖွဲ့ရဲ့ အတိုက်အခံဖြစ်လာတဲ့ ဂျော်ဂျီယာလူမျိုးစုတွေအများဆုံးပါတဲ့ လူမျိုးစုအဖွဲ့တစ်ခုကိုလဲ လက်သိပ်ထိုးထောက်ပံ့နေခဲ့တာပါ။ပါတီ၂ခုကြား အပြိုင်ဆိုင်တွေ များလာခဲ့သလို လက်ဦးရင် ဦးသလို လုပ်ကြံမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ဂျော်ဂျီယာပြည်မရဲ့ သြဇာလွှမ်းမိုးမှုကို သိသိသာသာ ဆန့်ကျင်နေခဲ့တာပါ။ ဒါပေမယ့် တောင်အော်ဆက်တီးယားဟာ သီးခြားနိုင်ငံဖြစ်ခဲ့ရင်တောင် ဂျော်ဂျီယာပါပဲလို့ သူတို့ သမ္မတကိုယ်တိုင် ပြောဆိုနေခဲ့ပေမယ့် အောက်ခြေတင်းမာမှုတွေကတော့ တစ်ရက်မှ လျော့မသွားခဲ့ပါဘူး။


၁၉၉၀ ကစခဲ့တဲ့ ကြိမ်မီးအုံးသလိုဖြစ်နေတဲ့ တောင်အော်ဆက်တီးယား ဒေသဟာ ၂၀၀၃ခုနှစ် ဂျော်ဂျီယာမှာ မီရှေးစာကာစာဗီ သမ္မတဖြစ်လာချိန်မှာတော့ သမ္မတရဲ့ မျက်စိထဲက အမှိုက်တစ်စဖြစ်လာခဲ့ပါတယ်။ သူဟာ သူ့နိုင်ငံစစ်တပ်ကို ခေတ်မှီစေချင်ပြီး ဂျော်ဂျီယာကို NATO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်အောင် ကြိုးစားရာကနေ ရုရှားနဲ့ ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။ ရုရှားကလဲ တန်ပြန်အနေနဲ့ ပင်လယ်နက်ဆိပ်ကမ်း အမြောက်မြားရှိတဲ့ အာ့ဖ်ကာဇီးယျ (Abkhazia) နယ်စပ်နဲ့ တောင်အော်ဆက်တီးယားနယ်စပ်မှာ တပ်တွေတိုးချတာ ဂျော်ဂျီယာ ဆန့်ကျင်ခွဲထွက်ရေးတွေကို အားပေးတာတွေကို ပြောင်ပြောင်တင်းတင်းပဲ ပြုလုပ်လိုက်ပါတယ်။ ဒေသ၂ခုလုံးဟာ နိုင်ငံတကာ စောင့်ကြည့်ရေးတပ်တွေနဲ့ ရုရှား ဂျော်ဂျီယာ ငြိမ်းချမ်းရေးထိမ်းသိမ်းရေး တပ်တွေနဲ့ စောင့်ကြည့်ထားတဲ့ ဒေသတွေပါ။ ဒေသ၂ခုပေါင်းဟာ ဂျော်ဂျီယာရဲ့ ၃ပုံ၁ပုံလောက် နီးနီး နေရာကျယ်ဝန်းပါတယ်။ သမ္မတဟာ ဂျော်ဂျီယာ တောင်ဘက်က Adjara ဒေသကို ဂျော်ဂျီဂျာ အစိုးရရဲ့ သြဇာအာဏာအောက် ပြန်ရောက်အောင် ဆောင်ရွက်ပြီးချိန်မှာတော့ သူ့ရဲ့ အင်အားဖြည့်တင်းထားတဲ့ တပ်တွေကို တောင်အော်ဆက်တီးယားနဲ့ အာ့ဖ်ကာဇီးယျ နယ်ဘက်ကို ရွှေ့ပြောင်းစေခဲ့ပါတော့တယ်။

၂၀၀၄ခု သြဂုတ်လ၈ရက်(၈ရက်ပဲနော်) ကနေ ၁၉ရက်အတွင်းမှာတော့ ၁၉၉၁-၂ စစ်ပွဲအပြီးကတည်းက တောင်အော်ဆက်တီးယား လက်နှက်ကိုင်တွေ နေရာယူထားတဲ့ ဂျော်ဂျီယာနဲ့ တောင်အော်ဆက်တီးယား နယ်ခြားနေရာတွေကို ဂျော်ဂျီယာတပ်တွေ နေရာဝင်ယူခဲ့ပြီး ငြိမ်းချမ်းရေးထိမ်းသိမ်းရေး တပ်တွေအဖြစ် နာမည်ပြောင်းကာ လက်နှက်များကိုလဲ တိုးချဲ့လိုက်ပါတော့တယ်။ ဒေသတွင်းမှာလဲ အော်ဆက်တီးယားတွေနေတဲ့ရွာ ဝန်းကျင်လောက်သာ တောင်အော်ဆက်တီးယားတွေကို လက်နှက်ကိုင်လှုပ်ရှားခွင့်ပေးပြီး ဂျော်ဂျီယာတွေနေတဲ့ ရွာတွေနားကိုတော့ ဂျော်ဂျီယာတပ်ဖွဲ့တွေ နေရာယူလိုက်ပါတော့တယ်။ နီးကပ်လှတဲ့ လက်နှက်ကိုင်တပ်တွေဟာ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ကြပြီး များလှတဲ့ တပ်ဖွဲ့တွေရှိနေတာကြောင့် ငြိမ်းချမ်းရေးထိမ်းတဲ့ ရုရှားနဲ့ အခြားတပ်တွေလား၊ ဂျော်ဂျီယာတွေလား၊ တောင်အော်ဆက်တီးယားတပ်တွေလားဆိုတာ မဝေခွဲနိုင်ကြတော့ပါဘူး။ ဒါ့အပြင် ၂ဘက် လက်ဖြောင့်တပ်သားတွေရဲ့ လက်သံပြောင်မှုတွေကြောင့် အော်ဆက်တီးယား တော်တော်များများဟာ မြောက်ဘက်ကို ပြေးသွားကြပြီး ရုရှားပက်စပို့ကိုင်ထားရတဲ့ အခြေနေကို ရောက်လာပါတယ်။ ၈၇%သော အော်ဆက်တီးယားတွေ ဟာ ရုရှားပက်စပို့ကိုင်ထားရပြီး သူတို့နဲ့အတူ အခြေချလာနေတဲ့ထဲမှာ ရုရှားစီးပွားရေးသမားတွေ ရုရှားလူမျိုးတွေနဲ့ ရုရှားငြိမ်းအဖွဲ့တွေပါ ရောက်နေတာမို့ ဂျော်ဂျီယာတွေအဖို့ ပိုလို့ပိုလို့ မျက်စိနောက်စရာဖြစ်လာနေပါတော့တယ်။
တောင်အော်ဆက်တီးယားခေါင်းဆောင် ဒီမီထွီ စန်နာကော့ရ်Dmitry Sanakoyev နဲ့ ဂျော်ဂျီယာ သမ္မတမှီရှေးစကာစဗီ တို့ဟာ ခွဲမထွက်ရေး ငြိမ်းချမ်းရေးကို တွင်တွင်ပြောနေရင်းနဲ့ အောက်ခြေမှာတော့ တစ်ဖြေးဖြေး အနေဝေးသထက် ဝေးလို့လာနေပါတယ်။

ဂျော်ဂျီယာဟာ ရေနံထွက်တဲ့ နိုင်ငံမဟုတ်ပေမယ့် သူ့အရှေ့ဘက် အာ့ဘာဂျန် Azerbaijan နိုင်ငံကနေ ပင်လယ်နက်ဆီကို ထုတ်ထားတဲ့ ရေနံပိုက်လိုင်းဟာ သူ့နိုင်ငံထဲမှာရှိတာကြောင့် အမေရိကန်ဟာ သိသိသာသာ ထောက်ပံ့သလို နေတိုးနဲ့လဲ ပိုမိုရင်းနှီးလာနေတာဖြစ်ပါတယ်။ ယူကရိန်း၊နေတိုး၊တူရကီ၊ အမေရိကန်တို့က ဝိုင်းဝန်းထောက်ပံ့လိုက်တဲ့အခါ ၂၀၀၃ကနေ ၂၀၀၆-၇ အတွင်းမှာ ဂျော်ဂျီယာ စစ်တပ်ဟာ ကြည်း၊ရေ၊လေ အင်အားအပြင် လက်ဖြောင့်စစ်သည်တွေ အထူးတပ်တွေနဲ့ အင်အားပြည့်ဝ လာပါတော့တယ်။ ဒါ့အပြင် အမေရိကန်နဲ့ နေတိုးက အနီးကပ်သင်ကြားပေးတာတွေကြောင့် မြို့တွင်းတိုက်ပွဲနဲ့ တန်ပြန်ပျောက်ကြား တိုက်ပွဲတွေ အတွက် ဂျော်ဂျီယာ တပ်တွေဟာ အဆင်သင့်ဖြစ်နေပါပြီ။ ၂၀၀၈ခုနှစ် အစပိုင်းမှာ မချစ်သော်လည်း အောင့်ကာနမ်းလာရတာ ကြာတဲ့ ဆွေမကင်းမျိုးမကင်း ရုရှားကြီးကို ကာပြန်ဖို့ ဂျော်ဂျီယာဟာ အင်ပြည့်အားပြည့်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ရုရှားတွေ အင်မတန်ခြေရှုပ်တဲ့ အာ့ဖ်ကာဇီးယျ ဒေသနားနဲ့ ပင်လယ်နက်ထဲမှာ အမေရိကန်နဲ့ ဂျော်ဂျီယာပူးပေါင်းပြီး ကြည်းရေလေ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်သလို တောင်အော်ဆက်တီးယား နယ်စပ်မှာလဲ တန်ပြန်အကြမ်းဖက်ဆန့်ကျင်ရေး စစ်ရေးလေ့ကျင့်မှုတွေ တိုးလုပ်လာသလို မူလရှိရင်းစွဲ ယန္တယားတပ်တွေအင်အားနဲ့ အမြှောက် လေကာ တပ်တွေကို တိုးမြင့်လာပါတော့တယ်။ တန်ပြန်အနေနဲ့ ရုရှားကလဲ ကမ်းတပ်စစ်ဆင်ရေးတွေ လေကြောင်းချီစစ်ဆင်ရေးတွေ လေ့ကျင့်ပြလိုက်ပြီး ငြိမ်းချမ်းရေး ထိမ်းသိမ်းရေးအဖွဲ့တွေ အင်အားတိုးမြင့်တာနဲ့ တောင်အော်ဆက်တီးယား စစ်သားတွေကို လက်နှက်ထောက်ပံ့လေ့ကျင့်ပေးတာတွေ လုပ်ပါတယ်။ တစ်ဆက်တည်းမှာ အာ့ဖ်ကာဇီးယျ၊ တောင်အော်ဆက်တီးယားနဲ့ ဗလာဒီမာပူတင်တို့ဟာ ရုရှားအစိုးရနဲ့တရားဝင် ဆက်ဆံရေးအဆင့် တိုးမြင့်လိုက်တာကြောင့် ခွဲထွက်တာကို မထောက်ခံတဲ့ ဂျော်ဂျီယာအသဲကို ဆားနဲ့ပက်သလိုဖြစ်စေပါတော့တယ်။

၂၀၀၈ခုနှစ် အေပရယ်၂၀ရက်နေ့မှာတော့ ပင်လယ်နက်ဆိပ်ကမ်းမှာ ကင်းလှည့်နေတဲ့ ဂျော်ဂျီယာရဲ့ မောင်းသူမဲ့လေယာဉ်ကို ရုရှားလေတပ် Mig29 တိုက်လေယာဉ်ကနေ ပစ်ချလိုက်ပါတယ်။ မီဒီယာတွေကနေ အသဲသန် အော်ဟစ်ကြပေမယ့် ရုရှားဟာ သူ့ငြိမ်းထိမ်း အဖွဲ့တွေအစား နယ်စပ်မှာ ကြိုချထားတဲ့ လေကြောင်းချီတပ်ဖွဲ့တွေနဲ့ အစားထိုးလဲလှယ်လိုက်ပါတော့တယ်။ အာ့ဖ်ကာဇီးယျ ဒေသနယ်စပ်ကို ဂျော်ဂျီယာ တပ်ဖွဲ့ဝင် တစ်သောင်းကျော် ချက်ချင်းနေရာယူခဲ့သလို ဝေဟင်မှာလဲ ရုရှားနဲ့ ဂျော်ဂျီယာ တိုက်လေယာဉ်တွေ အပြိုင်ဆိုင်ကင်းလှည့်နေကြပါတော့တယ်။ ဒီကာလအတွင်း ဂျူလိုင်လအတွင်းမှာတော့ ရုရှားနဲ့ ဂျော်ဂျီယာဟာ ၂ဘက်အပြိုင် စစ်ရေးလေ့ကျင့်မှုကြီးကို ပြုလုပ်ခဲ့ကြပြီး ၂ဘက်စလုံးက အကောင်းဆုံးလေ့ကျင့်နိုင်ခဲ့ကြပါတယ်။ ကျနော်တော်နိုင်ငံဟာ စစ်ကိုရည်ရွယ်လေ့ကျင့်တာမဟုတ်ပါဘူး။ တိုက်ခိုက်လာမယ့် ဘယ်ရန်သူမျိုးမဆို ကာကွယ်ဖို့ပါလို့ မီဒီယာတွေကို ထုတ်ဖေါ်ပြောခဲ့ကြပါတယ်။ ရုရှားကလုပ်တဲ့ Caucasus Frontier 2008 ဟာ နယ်ခြားစောင့်တပ်တွေနဲ့ ရုရှားစစ်တပ်တွေကို ပူးတွဲလေ့ကျင့်စေတာဖြစ်ပြီး လေကြောင်းချီစစ်ဆင်ရေးကြီးကို လေ့ကျင့်ကြတာပါ။ လူ၈ထောင်၊ တင့်၊သံချပ်ကာ၇၀၀ လေယာဉ်၃၀ပါတဲ့ လေ့ကျင့်မှုကြီး အပြီးမှာတော့ အမှတ်၇၆ လေကြောင်းချီတပ်မဟာ သက်       ဆိုင်ရာ တပ်စခန်းတွေကို မပြန်တော့ပဲ နယ်စပ်မှာပဲ တပ်စွဲထားလိုက်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဂျော်ဂျီယာရဲ့ အမေရိကန်စစ်သား တစ်ထောင်ပါဝင်လေ့ကျင့်တဲ့ Immediate Response 2008 ကြီးကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါဟာ မကြာခင်မှာ ဂျော်ဂျီယာဟာ အာ့ဖ်ကာဇီးယျ ကိုတိုက်တော့မယ်လို့ ရုရှားက နားလည်လိုက်လို့ပဲဖြစ်ပါတယ်။ ဂျော်ဂျီယာဟာလဲ သူ့ရဲ့ ၁၅၅မမ နဲ့ MRLS တွေကို မူလတပ်စွဲရာရဲ့ ရှေ့ ၂၅ကီလိုမီတာထိ တိုးချဲ့တပ်စွဲစေပါတော့တယ်။
သည့်နောက်မှာတော့ တောင်အော်ဆက်တီးယားတွေရဲ့ နယ်စပ်မှာ ခိုးတူးထားတဲ့ ဘန်ကာတွေကို တင့်ကားတွေနဲ့ ဖျက်ပစ်ခဲ့တာအပြင် ရွာအချို့ကို ဂျော်ဂျီယာတပ်တွေက မော်တာတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဖွဲ့ငယ်လေးတွေအချင်းချင်း စတင်ပစ်ခတ်နေကြပြီဖြစ်ပြီး ၂ဘက် စစ်ရေးပြင်ဆင် နယ်မြေဦးရင်း တောင်အော်ဆက်တီးယားနဲ့ ဂျော်ဂျီယာတပ်တွေ ကြားထဲမှာ ရုရှားငြိမ်းချမ်းရေးအဖွဲ့တွေလဲ ထိခိုက်ကုန်ပါတော့တယ်။ တောင်အော်ဆက်တီးယားခေါင်းဆောင်ကို လုပ်ကြံတာ၊ ဂျော်ဂျီယာ ရဲတပ်ဖွဲ့အကြီးကဲကို အဝင်မခံပဲ ပြန်အသွားမှာ ဗုံးခွဲလုပ်ကြံတာ တွေဟာ မအောင်မြင်ခဲ့သော်လည်း စစ်ရေးတင်းမာမှုတွေအတွက်တော့ သိပ်အကြောင်းပြကောင်းတဲ့ ဇာတ်ရှိန်မြင့်တီးလုံးတွေ ဖြစ်လာခဲ့ပါတယ်။ တောင်နဲ့မြောက် အော်ဆက်တီးယမ်းကို ဆက်ထားတဲ့ Rokie Tunnel လှိုင်ခေါင်းကို ဖေါက်ခွဲဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တောင်အော်ဆက်တီးယားတပ်ဖွဲ့တွေနဲ့ ဂျော်ဂျီရာ တပ်တွေနဲ့ စတင်ပစ်ခတ်နေကြပေမယ့် ဂျော်ဂျီယာတွေဟာ ဒဿမ၅ လက်ဖြောင့်တပ်ဖွဲ့တွေကို အမြောက်များသုံးပြီး ခြုံခိုတာ၊ နေ့ရောညပါ ပစ်ခတ်နေတာကြောင့် တောင်အော်ဆက်တီးယားနယ်အတွင်းမှာ လမ်းတွေပေါ် မထွက်ရဲကြတော့ပဲ အသွားအလာတွေ ပြတ်တောက်ကုန်ပါတော့တယ်။ ဒီစနိုက်ပါတွေ လက်ချက်နဲ့ ရုရှားတွေ အများအပြားလဲ အသက်ဆုံးကုန်ပါတယ်။ ရုရှားဘက်ကလဲ ဂျော်ဂျီယာ ရဲစခန်းနဲ့ ရေဒါတစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ပစ်ခဲ့ပါတယ်။ ထိုနည်းတူစွာ လမ်းဘေးဗုံးတွေ မော်တာတွေ အသုံးပြုပြီး တောင်အော်ဆက်တီးယားတွေ တိုက်ခိုက်တာကြောင့် ဂျော်ဂျီယာ ရဲနဲ့ စစ်ယာဉ်အချို့ပျက်စီးခဲ့ပါတယ်။ ဂျော်ဂျီယာ ထောက်ပံ့ထားတဲ့ CAT အဖွဲ့ကလဲ လက်မြန်ခြေမြန်လှုပ်ရှားနေပြီး ကောင်းကင်ယံမှာ ရုရှားနဲ့ ဂျော်ဂျီယာ လေယာဉ်တွေ ပျံသန်းနေပါတော့တယ်။ ဂျော်ဂျီယာ၏ ၁၅၂မမ အလျိုလျောက်ကြည်ဖြည့်ပါ ဟောင်ဝစ်ဇာD-20

သြဂုတ်လ၃ရက်နေ့မှာတော့ ရုရှားကကြားဝင် ညှိနိုင်းပေးမှုနဲ့ အော်ဆက်တီးယား ၃သောင်းခွဲဟာ ရော့ကီးလှိုင်ခေါင်းကို ဖြတ်ပြီး မြောက်ဘက်ကို ထွက်ခွာလာခဲ့ပါတယ်။ ဂျော်ဂျီယာတွေကိုလဲ ဂျော်ဂျီယာတပ်တွေ အကူအညီနဲ့ ထွက်ခွာစေခဲ့ပါတယ်။ သို့သော် ပေးထားတဲ့ အချိန်ထက် အနည်းငယ် စောပြီး တောင်မြောက် ဆက်ထားတဲ့ လမ်းမပေါ်က ဆုတ်ခွာနေတဲ့ ယာဉ်မှန်သမျှကို ဂျော်ဂျီယာနဲ့ CAT အဖွဲ့တွေ ခြုံခိုပစ်ခတ်တာကြောင့် အရပ်သားများစွာ သေဆုံးခဲ့သလို ကျန်ရှိနေတဲ့ သောင်းနဲ့ချီတဲ့ အော်ဆက်တီးယားတွေဟာ ရွာတွေထဲမှာ ပိတ်မိနေပါတော့တယ်။ တောင်နဲ့မြောက် အော်ဆက်တီးယားဟာ အဆက်သွယ်ပျက်တောက်သွားပြီး မြောက်ဘက်က စစ်ကူ၃၀၀လောက် တောင်အော်ဆက်တီးယားကို ရောက်လာပါတော့တယ်။ သြဂုတ်လ ၇ရက်၊ မနက်၂နာရီ ဂျော်ဂျီယာ အော်ဆက်တီးယားနယ်ခြားက ငြိမ်းချမ်းရေးရုံးကို အော်ဆက်တီးယားတွေ ဝင်တိုက်လို့ ဂျော်ဂျီယာ စစ်သား၂ယောက် ကျဆုံးသွားချိန်မှာတော့ ၂ဘက် အမြှောက်တပ်တွေ အပြန်လှန်ပစ်ခတ်ကြပါတော့တယ်။ မနက် ၄နာရီမှာ ဂျော်ဂျီယာ ဝန်ကြီးချုပ်ဟာ တောင်အော်ဆက်တီးယား မြို့တော် Tskhinvali ကိုရောက်လာပြီး ရုရှား ငြိမ်းထိမ်းအဖွဲ့ဗိုလ်ချုပ်နဲ့ရော တောင်အော်ဆက်တီးယား အစိုးရအဖွဲ့တွေနဲ့ရော လက်နှက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ပါ ပြောဆိုညှိနိုင်းပေမယ့် အောင်မြင်မှုရပုံတော့ မရှိပါဘူး။ အင်္ဂလန်ကလဲ မော်စကိုကို သွားပြီး ပြောဆိုခဲ့ပါသေးတယ်။ သို့သော် အဖြစ်အပျက်အရာရာဟာ အောက်ခြေမှာတော့ စစ်ကိုသာဦးတည်လို့ မြန်မြန်ဆန်ဆန်ကြီးဖြစ်ပွားလာပါတော့တယ်။


ဘယ်မှာနေရာယူထားမှန်းလဲမသိတဲ့ ဂျော်ဂျီယာတပ်တွေဟာ တစ်နေကုန် တိတ်ဆိတ်နေသလို၊ လမ်းမတွေပေါ်မှာ ကားမရှိ၊ မြို့ရွာတွေထဲမှာ လူတွေ အသံမထွက်ရဲပဲ ပုန်းအောင်းနေကြရပြီး အော်ဆက်တီးယား တပ်တွေနဲ့ ဂျော်ဂျီယာ တပ်တွေကတော့ မကြာခင်ဖြစ်လာတော့မယ့် အရာရာအတွက် ပြင်ဆင်ပုန်းကွယ် နေရာယူနေကြရင်း ပေါက်ကွဲလုဆဲဆဲ မီးတောင်ကြီးတစ်လုံးလို မုန်တိုင်းလာခါနီးပင်လယ်လို တိတ်ဆိတ်နေတော့တာပါပဲ။ သြဂုတ်လ၇က် ည၇နာရီမှာ ဂျော်ဂျီယာ သမ္မတဟာ သူ့တပ်တွေကို အပစ်ရပ်ဖို့နဲ့ တပ်တွေပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်တယ်လို့ ကြေငြာပါတယ်။ ဒါ့အပြင် တောင်အောင်ဆက်တီးယား ပြည်သူတွေ အတွက်ရယ်လို့ရည်ရွယ်ပြီးမိန့်ခွန်းခြွေပါတယ်။

“ကျနော်ဟာ သမ္မတအနေနဲ့ရော ဂျော်ဂျီယာ သာမန်ပြည်သူတစ်ယောက် အနေနဲ့ပါ တောင်အော်ဆက်တီးယားပြည်သူတွေကို ပြောပါရစေ” အစချီ လေးစားကြောင်း၊ ချစ်ခင်ကြောင်း၊ ငြိမ်းချမ်းလိုကြောင်းတွေ ပါပြီး “ဂျော်ဂျီယာထဲက ဂျော်ဂျီယာပြည်သူပြည်သူတွေအဖြစ် ဘုံအနာဂါတ်တွေကို အတူတူတည်ဆောက်ဖို့ တောင်အောင်ဆက်တီးယားပြည်သူတွေကို ကမ်းလှမ်းပါရစေ” လို့ အဆုံးသတ်ထားတဲ့ မိန့်ခွန်းဟာ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ တောင်အော်ဆက်တီးယား အတွက် မျော်လင့်စရာ သက်ပြင်းချစရာ အသံတစ်ခုဖြစ်လာပါတယ်။ တစ်နေကုန် ပင်ပန်းထိတ်လန့်ထားတဲ့ စိတ်တွေကို လျော့ချလို့ သာမန်ပြည်သူတွေ အိပ်မောကျသွားပါတယ်။

သမ္မတ မိန့်ခွန်းပြီးသွားလို့ ၄နာရီကြာတဲ့အခါ အိပ်မောကျနေတဲ့ တောင်အော်ဆက်တီးယားရဲ့ ရွာတွေရဲ့ အဆောက်အဦးတွေပေါ်ကို ဥက္ကပျံလို အရာဝထ္ထုတွေအများအပြား ကျရောက်ပေါက်ကွဲပါတော့တယ်။ ပေါက်ကွဲမှုအသံကြောင့် မီဒီယာတွေ သတင်းပို့ကြပေမယ့် ဂျော်ဂျီယာရွာကို တောင်အော်ဆက်တီးယားလက်နှက်ကိုင်တွေ မော်တာနဲ့ပစ်တာ၊ လမ်းဘေးဗုံးပေါက်တာ၊ ထိုသတင်းမဟုတ်ပါ စသည်ဖြင့် အမျိုးစုံထုတ်လွှင့်ခဲ့ကြပေမယ့် တကယ်ကတော့ တောင်အော်ဆက်တီးယားရဲ့ ရွာတွေဆီကို ဂျော်ဂျီယာရဲ့ ၁၂၂မမ အတွဲလိုက် ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲတော့တာပဲဖြစ်ပါတယ်။ တပြိုင်တည်းမှာ ဂျော်ဂျီယာရဲ့  တင့်ကားတပ်မဟာ ရှေ့ကို ချီတက်သွားပြီး လေယာဉ်တွေဟာ တောင်နဲ့မြောက် အော်ဆက်တီးယား ဆက်သွယ်ရေးလမ်းမရဲ့ ဝေဟင်ကို စိုးမိုးလိုက်ပါတော့တယ်။ မရှေးမနှောင်းမှာပဲ တောင်အော်ဆက်တီးယားရဲ့ ရွာတွေ ဂိတ်စခန်းတွေကို ၁၅၂မမ အမြှောက်တွေ ကလက်စတာ ဗုံးတွဲတွေ၊ အတွဲလိုက်ပစ်ရော့ကတ်တွေ ၁၂၂မမ အမြှောက်တွေနဲ့ ညက်ညက်ချေပစ်ခတ်လိုက်ပြီး ၄၅မိနစ်အကြာမှာတော့ အပစ်ခံရတဲ့ ရွာတွေဟာ မြေပေါ်မှာ ပြားပြားဝပ်သွားခဲ့ပြီး operation clean field အတွက် တင့်ကားတွေ၊ သံချပ်ကာ လူသယ်ယာဉ်တွေ၊ စစ်သုံးဂျစ်ကားတွေ၊ ရဟာတ်ယာဉ်တွေ၊ အမြှောက်တွေဟာ တောင်အော်ဆက်တီးယားနယ်ထဲကို အခုခံမဲ့စွာပဲ ဝင်ရောက်နေရာယူကြပါတော့တယ်။ အလျင်အမြန် နေရာယူထားပြီးတဲ့ အလျိုလျောက်ကြည်ဖြည့်စနစ်ပါ ၁၅၂မမ အမြှောက်တွေနဲ့ ၁၂၂မမ ရော့ကတ်တွေဟာ Tskhinvali မြို့ထဲကို ၁၅စက္ကန့် တစ်ခါ ကျရောက်ပေါက်ကွဲနေပါတော့တယ်။ရော့ကီးလှိုငိခေါင်းဖြတ်လာသော ရုရှားတပ်များ

ဒီသတင်းဟာ ချက်ချင်းပဲ မော်စကိုကိုရောက်သွားပြီး တစ်နေကုန်အစည်းဝေးထိုင်နေရာက ရုံးမဆင်းသေး အဖြေမရသေး ဖြစ်နေတဲ့ ကရင်မလင်ထဲက ထိပ်သီးအစီးဝေးကြီးကနေ အဖြေတစ်ခုကို ထုတ်ပေးလိုက်ပါတော့တယ်။ ရော့ကီးလှိုင်ခေါင်ကြီးရဲ့ တစ်ဘက်မှာ အသင့်စောင့်နေတဲ့ ရုရှားရဲ့ အမှတ်၅၈ ခြေလျင်တပ်မကြီးရဲ့ သံချပ်ကာလူသယ်ယာဉ်တွေနဲ့ ကွန်မင်ဒိုတပ်တွေကို သြဂုတ်လ၇ရက် ည၁၂နာရီတိတိမှာ ဖြတ်သန်းခွင့်ပေးလိုက်ပါတော့တယ်။ ဂျော်ဂျီယာ ထောက်လှမ်းရေးကတော့ ရုရှားတွေဟာ ဂျော်ဂျီယာတပ်တွေ မပစ်ခတ်ခင်ကတည်းက လှိုင်ခေါင်းကို ဖြတ်လာခဲ့တာဖြစ်ပြီး ရုရှားတပ်တွေ ရောက်နေပြီဖြစ်လို့ ခုလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ရုရှားရဲ့ အထူးကွန်မင်ဒိုတပ်အချို့ စောစီးစွာ ဝင်ရောက်ခဲ့တယ်လို့ ပြောဆိုတာတွေရှိခဲ့ပြီး ရုရှား ငြိမ်းထိမ်းအဖွဲ့တွေကို အကာကွယ်ပေးဖို့လို့ဆိုပါတယ်။ နောက်ရင် သြဂုတ်လ၈ရက်နေ့ဟာ ဘေဂျင်းအိုလံပစ်ပွဲအတွက် ဖွင့်ပွဲကြီးကျင်းပမှာဖြစ်ပြီး၊ မြန်မာပြည်မှာတော့ နှစ်၂၀ပြည့် အခမ်းနားတွေနဲ့ ပြည့်နှက်နေမှာ ဖြစ်သလို တောင်အော်ဆက်တီးယား မှာလဲ ပွဲကြီးပွဲကောင်း နွဲကြတော့မှာ ဖြစ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။ ကျနော်မောင်ဟန်ပါ။ အချက်လက်မှားယွင်းပါက ကျနော် မောင်ဟန်တာဝန်သာဖြစ်ကြောင်းခင်ဗျား။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...