Saturday, August 10, 2013

ဦးကြီးအကြောင်း...

August 10, 2013 at 7:07am
 
ငယ်ငယ်ကတော့ သားကြီး... သားကြီးနဲ့ ဖွားဖွားကြီး ခေါ်ခေါ်နေတဲ့ လူတယောက်ကို ကြားကြားဖူး နေခဲ့တာ တလောကမှ ရင်းရင်းနှီးနှီး ထိတွေ့ ပေါင်းသင်းခွင့် ရခဲ့ပါတယ်။

အဲဒီလူကတော့ ကျွန်မရဲ့ ဦးကြီးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ငယ်ငယ်ကထဲက ကွဲပြားတဲ့ အခေါ်အဝေါ်တွေကို ခွဲခွဲခြားခြား နားမလည်သလိုလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဇာတ်လမ်းက ဒီလိုပါ... ကျွန်မက အမေရဲ့ သမီးပါ၊ အမေက ဖွားဖွားကြီးရဲ့ သမီးပေါ့၊ ဦးကြီးကတော့ ဖွားဖွားကြီးရဲ့သား... အမေ့ရဲ့ အကိုကြီး ဖြစ်တာမို့ ကျွန်မရဲ့ ဦးကြီးပေါ့။ အဲဒီ ဦးကြီးနဲ့စပ်လို့ သူ့အကြောင်းတွေ သူ မသိအောင် ကြုံတုန်းလေး ပြောပြချင်လို့ပါ။

မြန်မာစကားမှာက ကွဲပြားတဲ့ အခေါ်အဝေါ်တွေနဲ့ ကိုယ့်ဆွေကိုယ့်မျိုးတွေကို ခွဲခြားပြီး သိစေတယ် မဟုတ်လား။ ဆိုပါစို့ရဲ့... တအူထုံဆင်း မွေးချင်းတွေကို ညီအကို၊ ညီအမ၊ မောင်နှမတွေလို့ ခေါ်ဆိုကြပြီး၊ အဖေ့ဘက်က အဖေ့ထက်ကြီးတဲ့ ယောက်ျားတွေဆို ဘကြီး၊ အဖေ့အောက်က ယောက်ျားလေးတွေ ကိုတော့ ဘထွေး (ဘလေး) လို့ ခေါ်ကြပါတယ်။ အဖေ့ရဲ့အထက်က အမကြီးဖြစ်ဖြစ်၊ အဖေ့အောက် နှမလေးတွေဖြစ်ဖြစ် အရီးလို့ ခေါ်ကြပါတယ်။

တခါ အမေ့ဘက်က အမေ့အထက်က အကိုကြီးကိုတော့ ဦးကြီး၊ ဦးရီး စသဖြင့် ခေါ်ကြရပြီး၊ အမေ့အောက် သူ့မောင်တွေကိုတော့ ဦးလေးလို့ ခေါ်ရပြန်ပါတယ်။ အမေ့အထက်က အမကိုတော့ ဒေါ်ကြီးလို့ ခေါ်ရသလို အမေ့အောက် အမေ့ညီမတွေကိုတော့ ဒေါ်လေးလို့ ခေါ်ကြရပါတယ်။ ဒါဟာ မြန်မာစကားရဲ့ ကြွယ်ဝမှု ပါပဲ၊ ခေါ်လိုက်တာနဲ့ အမျိုးဘယ်လို ဆက်စပ်တယ်ဆိုတာ ဖော်ပြပြီးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီခေတ်ကတော့ သိတဲ့အတိုင်း အလွယ်လိုက်ပြီး အမျိုးအရင်းဖြစ်ဖြစ်၊ အမျိုးမတော်ဘဲဖြစ်ဖြစ် ကိုယ့်အဖေအမေနဲ့ အသက်ကွာခြားမှုကို မှန်းဆ တွက်ချက်ပြီးတော့

အမျိုးသားတွေဆို... အန်ကယ်လ်ကြီး၊ အန်ကယ်လ်လေး၊ (ကယ်လ်ကြီး၊ ကယ်လ်လေး)၊ အမျိုးသမီးတွေဆို... အန်တီကြီး၊ အန်တီလေး (တီကြီး၊ တီလေး) လုပ်လိုက်ကြတာ (ခေါ်လိုက်ကြတာ) များပါတယ်။

ငယ်ငယ်က ဖွားဖွားကြီးနဲ့ ဦးကြီးတို့ အွန်လိုင်းမှာ စကားပြောကြတဲ့အခါ ဖွားဖွားကြီးက နင့်ဦးကြီးကို နှုတ်ဆက်လိုက်ဦးဆို နှုတ်ဆက်လိုက်တာပါပဲ၊ သေချာလည်း မသိပါဘူး။

ပြီးတော့ ဖွားဖွားကြီးက အဲဒီ ဦးကြီး ဓာတ်ပုံတပုံကို ဗီနိုင်းနဲ့ အကြီးကြီး ထုတ်လို့ အိမ်မှာ ချိတ်ထားပြီး အဲဒါ နင့်ဦးကြီးလို့ ကျွန်မကို မိတ်ဆက်ပေးထားပါတယ်။ တကယ်တော့

ဖွားဖွားကြီးက ဦးကြီးရယ်လို့ မိတ်ဆက်ပေးတာ မဟုတ်ပါဘူး။ အန်ကယ်လ်ကြီးတဲ့...၊ ဟဲ ဟဲ... ဖွားဖွားကြီးလည်း ခုန ပြောခဲ့သလို အလွယ်လမ်း လိုက်ထားတာ ထင်ပါ့ရှင်...။

အန်ကယ်လ်ကြီးဆိုလို့ အဲဒီ အန်ကယ်လ်ကြီးအောက်မှာ သူ့ရဲ့ ညီ၊ ကျွန်မရဲ့ နောက်ထပ် ဦးကြီးတယောက် ရှိပြန်ပါသေးတယ်။ သူ့ကျတော့ ကျွန်မ ငယ်ငယ်ကထဲက သိနေ၊

ခင်နေခဲ့ပြီး ``ဘလေး`` လို့ ခေါ်မိပါတယ်။ ဘယ်လိုကနေ ဘယ်လိုခေါ်ဖြစ်သွားတယ် မသိပါဘူး၊ တကယ်တော့ ကျွန်မအဖေ့ဘက်က အဖေ့ညီကိုမှ ဘလေး ဒါမှမဟုတ်

ဘထွေးလို့ ခေါ်ရမှာ မဟုတ်လား။ ရန်ကုန်သူ ကျွန်မမှာ အဲဒီလို အခေါ်အဝေါ်တွေ ကပြောင်းကပြန် ဖြစ်နေရပါတယ်။

ဖွားဖွားကြီးက ဒီတခါတော့ ကျွန်မခေါ်ခေါ်နေတဲ့ သူ့သားငယ် ကျွန်မ ဘလေးကို အန်ကယ်လ်လေးလို့ မခေါ်ဝေါ်ခိုင်းပြန်ပါဘူး။ ကြည့်ရတာ ဒီကနေ့ ရုပ်ရှင်လောကမှာ အန်ကယ်လ်လေးလို့ နာမည်ကြီးနေတဲ့ အခုဆို... ရုပ်ရှင်အစည်းအရုံး ဥက္ကဌတောင် ဖြစ်နေတဲ့ အကယ်ဒမီ လူမင်းနဲ့ သူ့သားက နည်းနည်းလေးမှ မတူလို့လား မသိပါဘူး။

ထားပါတော့... အခေါ်အဝေါ်ကိစ္စတွေ ရှင်းပြနေရတာနဲ့ အကြောင်းရင်း ပျောက်တော့မယ်၊ ပြောချင်တာက ဦးကြီးအကြောင်းပါလေ...။ ဦးကြီးက ကြားဖူး၊ ဓာတ်ပုံမြင်ဖူးနေရာကနေ တလောက ကျွန်မတို့ အိမ်ကို နိုင်ငံခြားကနေဆိုလား ပေါက်ချလာပါလေရော... ဖွားဖွားကြီးနဲ့ အမေက ခေါ်လို့ လေယာဉ်ကွင်း

တောင် သွားကြိုလိုက်ရပါရောလား။ ဖွားဖွားကြီး ပြပြထားတဲ့ အိမ်မှာရှိတဲ့ ဗီနီုင်းပုံတခုထဲက လူကြီးနဲ့ တူတာကလွဲလို့ ခပ်တန်းတန်းပါပဲ။ အမေတို့က နှုတ်ဆက်ဆိုလို့ နှုတ်ဆက်လိုက်တာလောက်ပဲ ရှိပါတယ်လေ။

ပြီးတော့ အဲဒီ ဦးကြီးက အိမ်မှာ တပတ်၊ ၁၀ ရက်လောက်ပဲ နေပြီး ခင်မလို့ ကြံကာမှ တရားစခန်းဆိုလား ၀င်သွားပြန်ရော...။ ကျွန်မ မေ့လောက်မှ တခါ အိမ်ပြန်ရောက်လာ ပြန်တယ်။ ဒီတခါတော့ မှတ်မိသွားပြီဆိုတော့ ရယ်မောပြလို့ စကားပြောကြည့်မလို့ ကြိုးစားတုန်းမှာတခါ... တရားစခန်း ထပ်ဝင်ပြန်ပါရော...၊ ဒီလိုပဲ ၁၀ ရက်လောက် ပျောက်သွားပြန်ပါတယ်။ နောက် အိမ်တခါ ရောက်လာပြန်ရော... အဲဒီလိုပါပဲ... လေးငါးရက်လောက် အိမ်မှာနေပြီး တရားစခန်း တခါ ၀င်ပြန်ပါသတဲ့။ တော်တော် အကုသိုလ်

များတဲ့ လူကြီး ထင်ပါရဲ့လို့ ကျွန်မတော့ တွေးလိုက်မိတယ်၊ ကုသိုလ်တွေချည်း အတင်းလုပ်နေတာကိုးရှင်...။

အဲဒီလို တရားစခန်းတွေ ဆက်တိုက် ၀င်ပြီးနောက်မှာ ပြီးခဲ့တဲ့ တလလောက်ကတော့ ဦးကြီးဟာ အိမ်ပြန်ရောက်လာပါတယ်။ ဒီတခါတော့ ကျွန်မ သိပ် အချိန်မဆွဲတော့ဘဲ နောက်တရက်မှာပဲ ပြုံးပြပြီး စကားနည်းနည်း ပြောကြည့်ပါတယ်။ မနက်မိုးလင်းပြီးနောက် သတင်းစာ လာတဲ့အခါ သူ့ဆီ ယူသွားပေးလိုက်တယ်။ ဖွားဖွားကြီးနဲ့ ဦးကြီးတို့ အပြင်သွားကြတဲ့အခါ တခါတလေ လိုက်သွားကြည့်တယ်၊ ရင်းနှီးအောင် လုပ်ကြည့်တာပေါ့လေ။ ``လူ့အကြောင်းသိချင်ရင် ခရီးအတူသွား`` လို့ ဆိုတယ် မဟုတ်လား။

အဲဒီမှာ သိလာရတာက ကျွန်မ ဦးကြီးက လူ့ဂွစာကြီး၊ လူကြမ်းကြီး၊ လုံးဝကို အကြင်နာ မရှိ၊ အပျော့အပြောင်း မရှိ၊ သည်းခံမှု မရှိတဲ့ လူကြီးဆိုတာ သွားတွေ့ ရပါတယ်။ ဥပမာ လမ်းသွားလို့ ကျွန်မက ညောင်းတဲ့အခါ၊ လမ်းမလျှောက်ချင်တဲ့အခါ ချီခိုင်းရင် ဦးကြီးက မချီဘူး၊ သူက လမ်းလျှောက်ဖို့ပဲ ပြောပါတယ်။ ဒီတော့ ကျွန်မက အသံထွက်အောင် ငိုပြီး ဖွားဖွားကြီး ဒါမှမဟုတ် အမေ့ကို ချီခိုင်းရတယ်။

အိမ်မှာဆို ထမင်းစားတဲ့အခါ၊ လက်ဖက်ရည် သောက်ကြတဲ့အခါဆိုရင် ဖွားဖွားကြီးက သူ့သားကြီးဖြစ်တဲ့ ဦးကြီးကို ဦးစားပေးသလို အမေ့ကလည်း သူ့သမီးဖြစ်တဲ့ ကျွန်မကို ဦးစားပေးတာပေါ့လေ...၊ အဲဒါကို ဦးကြီးက ကျွန်မအမေ သူ့နှမက သူ့ကို ဦးစားမပေးတာကို သိပ်ကြိုက်ပုံ မရပါဘူး။ ကျွန်မကို အကောင်သေးသလောက် သိပ်ရှုပ်တယ်လို့ မြင်နေပုံ ရပါတယ်။ အင်းလေ... အသည်းနှလုံး မရှိလို့ အခုထက်ထိ တကိုယ်တည်း လူပျိုကြီး ဖြစ်နေတော့ မိဘမေတ္တာတွေ၊ စေတနာတွေ ဘာဆိုဘာမှ နားလည်ပုံလည်း မရပါဘူး။ အတ္တကြီးတဲ့သူကြီး၊ လူ့ဂွစာကြီးပါဆို...။

ဦးကြီးကို ဖွားဖွားကြီးရဲ့ သားကြီးလည်းဖြစ်၊ အမေ့အကိုကြီးလည်း ဖြစ်တာမို့ (ဆွေမျိုးအရင်းကြီးမို့) ကျွန်မက မမုန်းပေမယ့် သိပ်တော့လည်း မကြိုက်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးကြီးက ကျွန်မ ချစ်ရတဲ့ ``ဘလေး`` လောက် စေတနာ မကောင်းတဲ့သူ ဖြစ်သလို လူမှုရေးလည်း မရှိလှသူ ဖြစ်လို့ပါပဲ။ ဘလေးဆို သူ အပြင်သွားလို့ ပြန်လာရင် ကျွန်မအတွက် မုန့်တခုခု ၀ယ်လာတတ်ပါတယ်။ ရေခဲ မုန့်လေးဖြစ်ဖြစ်၊ တခြား စားကောင်းမယ့် ဟာလေးတခုခုဖြစ်ဖြစ် ၀ယ်လာတတ်ပါတယ်။ ကျွန်မလို ချစ်စရာ ကလေးလေးတယောက် ဘာကြိုက်တတ်တယ်ဆိုတာ သူ နားလည်တယ်လေ။

ဦးကြီးကတော့ အလကားပါပဲ၊ ဘလေးရဲ့ အကိုမို့ သူလည်း နည်းနည်းပါးပါး ဒါမျိုး နားလည်မလားဆိုပြီး သူ အပြင်သွားတဲ့အခါ ပြန်လာချိန်မျိုးမှာ တခါနှစ်ခါ ခိုးမျှော်ဖူးပါရဲ့...။

အချိန်တွေ ကုန်၊ မျှော်လင့်ချက်မဲ့တာပဲ အဖတ်တင်ပါတယ်။ နည်းနည်းပါးပါး ပိုက်ဆံလေး ကုန်ဖို့တောင် ဆန္ဒမရှိလောက်အောင် စေးနှဲတဲ့ လူကြီးပါပဲ။ မိန်းကလေးတွေ ဘာကြိုက်တတ်တယ် ဆိုတာလောက်မှ မသိတဲ့ လူမျိုးဆိုတော့ သူတယောက်ထဲ အထီးကျန် နေရတဲ့ဘ၀ နည်းတောင် နည်းသေးလို့ ကျွန်မ တခါတခါ မဲ့ပြုံးရင်း တွေးမိတယ်။

အဲ... ဦးကြီးအကြောင်းကတော့ အကောင်း ပြောစရာ မရှိသလောက်ပါပဲလေ...၊ အခု တလလောက် ရင်းရင်းနှီးနှီး အနီးကပ်နေပြီး လေ့လာရလေ... အမြင်ကတ်ပြီး မကြိုက်လေ ဖြစ်ရတာပါပဲ။ ဦးကြီးက စိတ်ပုပ်ပြီး ကျွန်မကို ချစ်ချစ်ခင်ခင် မရှိပေမယ့် သူ့အသက်နဲ့ မမျှအောင်ဘဲ အင်မတန်ကို စတတ်၊ နောက်တတ်ပါတယ်။ ကျွန်မကိုဆို ကျွန်မအမေ သူ့နှမ မမြင်ရင် မမြင်သလို (လစ်ရင် လစ်သလို) စတာ နောက်တာများ တခါတခါ လူကိုသတ်လေသလား အောက်မေ့ရအောင် ကြောက် ဖို့တောင် ကောင်းလှပါတယ်။

တီဗီ ကြည့်နေတဲ့ သူ့နားကို ဖြတ်သွားမိရင် တီဗီရီမုတ်နဲ့ ဒေါက်... ဒေါက်... ဆိုပြီး နှစ်ချက်လောက် ဦးကြီးက ကျွန်မခေါင်းကို ခေါက်ထည့်လိုက်ပါတယ်။ သူက မနာလောက်ဘူးလို့ ထင်ချင်ထင်မှာပေါ့၊ ဒါပေမဲ့ ကျွန်မက ငယ်ကလည်းငယ် အသားအရေကလည်း နုနုဖတ်ဖတ် ချောချောမွတ်မွတ်လေးဆိုတော့ နာတာပေါ့။ ပြီးတော့ ကျွန်မက ကျွန်မကို နည်းနည်းလေးမှ ထိတာ မကြိုက်ဘူးလေ၊ ဒီတော့ ဒေါသထွက်ပြီး သူ့လက်ကို ပြန်ရိုက်တော့ သူက လက်ကို ရုတ်လိုက်တယ်လေ။ ကျွန်မလက်ပဲ ထိုင်ခုံ လက်ရမ်းကို ရိုက်မိပြီး နာသွားပြန်တယ်။ ဦးကြီးကတော့ သူ့ပါးစပ်ကြီး ဖြဲပြီး ရယ်လို့... တစက်မှကို ကြည့်မရပါဘူး။ မုန်းဖို့ ကောင်းလိုက်တာ...။

``ဘလေး`` လို မုန့်လေး၊ ဘာလေး ကျွေးထားလို့...၊ ချီပိုး သယ်မပြီး တီတီတာတာ ကျွန်မနဲ့ နေထားလို့ အခုလို စနောက် ခံရတယ်ဆိုရင် ဖြေသာပါသေးတယ်၊ သည်းခံနိုင်ပါသေးတယ်။ အခုဟာက ဘလိုင်းကြီး အလုပ်ခံရတာဆိုတော့ ကျွန်မက လုံးဝ မကြိုက်ပါဘူး။ ဒါပေမဲ့ ကျွန်မမှာလည်း ကျွန်မ ပြဿနာနဲ့ ကျွန်မ... အမေက အိမ်အပြင် လမ်းပေါ် ပေးမထွက်တော့ ဆော့စရာ အဖော်က မရှိဘူးလေ၊ ဒီတော့ အိမ်ထဲမှာ ပဲနေ... အမေ့နား ကပ်၊ ဖွားဖွားကြီးနား ကပ်နဲ့ပဲ အချိန်ကုန်နေရတာ... ခက်တာက အမေတို့ကလည်း အိမ်အလုပ်တွေ၊ တခြားအလုပ်တွေနဲ့ဆိုတော့ အမြဲတမ်း (အချိန်ပြည့်) ကျွန်မကို အလို မဖြည့်ပေးနိုင်ပြန်ဘူး၊ ကျွန်မနဲ့ မဆော့နိုင်ဘူး။

ဒီတော့ မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို ဦးကြီးနဲ့ တခါတလေ အိမ်ထဲမှာပဲ ဘောလုံးကန်မိတယ်။ ဦးကြီးလေ... လုံးဝကို မညှာပါဘူး၊ ကျွန်မ မျက်နှာ၊ လက်နဲ့ ခြေထောက်ကို နာအောင် တည့်တည့်မှန်အောင် ချိန်ပြီး ကန်ပါတယ်။ မျက်နှာထိတာဆို အညိုကွက်လေး ဖြစ်သွားလို့ ဖွားဖွားကြီးကတောင် မျက်နှာတော့ မကန်ပါနဲ့လေလို့ ပြောယူရပါတယ်။ ဘောလုံးကန်နေရတုန်း ကတော့ ပျော်နေတုန်းမို့ နာလို့ နာမှန်းလည်း မသိလိုက်ဘူးလေရှင်...၊ အဲဒီလို ညစ်ပတ်တဲ့ ဦးကြီးပါ။

တခါကလည်း ကုတင်ပေါ်မှာ အိပ်နေတဲ့ ဖွားဖွားကြီးဆီသွားဖို့ လုပ်တဲ့ ကျွန်မကို ဦးကြီးက သူ့ခြေထောက်နဲ့တားထားပြီး လမ်းပိတ်ထားတယ်။ ဖြတ်ချင်ရင် သူ့ခြေထောက်အောက်က ငုံ့ဝင်တဲ့လေ...။ ဒါ တော်တော်ဆိုးတာပဲ၊ အနိုင်ကျင့်တာပဲ မဟုတ်လား။ ကျွန်မက ဘယ်ဝင်လိမ့်မလဲ၊ လက်နဲ့ သူ့ခြေထောက်ကို ဆွဲပြီး ဖယ်ခိုင်းတယ်။ သူ့ခြေထောက်တွေက အလေးကြီးတွေဆိုတော့ ဘယ် မနိုင်မလဲလေ၊ နောက်ဆုံး မရတော့... အော်ငိုလိုက်တာပေါ့။

ဖွားဖွားကြီးကတော့ သူ့သားဘက်ကပဲ ဘာမှ ၀င်မပြောပေးဘူး၊ အဲဒီမှာ ကျွန်မ အမေ ရောက် လာပြီး ခြေထောက် ဖယ်ပေးလိုက်ပါ၊ ကလေး မငိုပါစေနဲ့လို့ သူ့အကိုကို ပြောလိုက်မှ ဖယ်ပေးတယ်လေ။ ဒါတောင် ခြေထောက်ကို မကျေမနပ်နဲ့ ဖယ်ပေး လိုက်ရတဲ့ ဦးကြီးက သူ့ရှေ့က ဖြတ်သွားတဲ့ ကျွန်မ ဆံပင်ကို လှမ်းဆွဲလိုက်လို့ နာသွားသေးတယ်၊ ဘယ်ရမလဲ... မျက်စောင်းတချက် ထိုးလိုက်တာပေါ့။ အဲဒီလို လူကြီးပါဆို...။

အဲဒီ ဦးကြီးက တနေ့တနေ့ ဘာမှလည်း မလုပ်ဘူး၊ အေးဆေးပဲ...။ သူ့ကို ကျွန်မ သဘောကျတာကတော့ သတင်းစာဖတ်လိုက်၊ စာအုပ်တွေ ဖတ်လိုက်၊ တခါတခါ စာရေးလိုက်နဲ့ အေးအေးဆေးဆေး နေတာပါပဲ။ သူက အပြင်လည်း သိပ်မသွားဘူး၊ အိမ်ထဲမှာပဲ နေတယ်လေ။ တခါတခါ ဘုရားရှိခိုး၊ တရားထိုင်တာကိုလည်း တွေ့ရတတ်တယ်။

``ဘလေး`` နဲ့တော့ ပြောင်းပြန်။ ဘလေးကတော့ တနေကုန်ရော၊ တညလုံးရော အပြင်မှာပဲ နေတယ်။ အိမ်မှာ မတွေ့ရသလောက်ပဲ...၊ သူ့တွေ့ချင်ရင် ညကို ကျွန်မက မအိပ်ဘဲ သန်းခေါင်လောက် အထိ စောင့်မှ တွေ့ရတတ်တယ်။

ဘလေးကတော့ ကျွန်မကို သိပ်ချစ်တာပါပဲ...၊ သူ ညဘက် မိုးချုပ်မှ ရုံးက ပြန်လာရင်လည်း ကျွန်မ နာမည်ကို အရင်ဆုံး ခေါ်တာပါပဲ။ အင်း... အဲဒါကလည်း အလုပ်တခု၊

အချစ်ခံရတာလည်း ကောင်းလည်းကောင်းတယ်၊ မကောင်းလည်း မကောင်းဘူးလို့ ဆိုရမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဘလေးက မိုးချုပ်မှ ပြန်လာပြီး အဲဒီလို ခေါ်လိုက်ရင် သူ

အမောပြေသွားအောင် ပြေးသွားရတာ၊ လူလုံး ထွက်ပြရတာဆိုတော့ ညဘက် အိပ်ရေးပျက်ခံပြီး စောင့်စောင့်နေရတာပေါ့။ အခုတော့ အသက်လေး နည်းနည်းရလာ၊ တခါ

အတွေ့အကြုံက သင်တယ်လို့ပဲ ပြောရမလား...။ ညနေစောင်းရင်း ကျွန်မက တရေး အိပ်ထားရတယ်လေ...၊ ဒါမှ ညသန်းခေါင်အထိ ဘလေးကို စောင့်နေနိုင်မှာကိုး...။

အင်း... ``ဘလေး`` အကြောင်းကတော့ ပြောရရင် စာတအုပ်လောက် ရပါလိမ့်မယ်။ ထားပါတော့... ကိုယ် ချစ်တဲ့သူအကြောင်းကျတော့ ပြောရင်လည်း အကောင်းချည်း ဖြစ်တယ်၊ ဘက်လိုက်တယ် ဘာညာနဲ့ ဖြစ်နေဦးမယ်။ အင်မတန် ဆိုးရွားတဲ့ လူဆိုးကြီး အကြောင်းပဲ ဆက်ပြောတာ ကောင်းပါ လိမ့်မယ်။

ဦးကြီးဟာ တအိမ်လုံးဟာ ဦးစားပေး အခံရဆုံး ဖြစ်သလို ကျွန်မကို သူ့ထက် ဦးစားပေးတာကိုလည်း မကြိုက်တဲ့သူ ဖြစ်ပါတယ်။ စားတာသောက်တာပဲဖြစ်ဖြစ်၊ အိမ်မှာ မိသားစု စကားပြောတာပဲဖြစ်ဖြစ်၊ သူကသာ အသိဆုံး အတတ်ဆုံးပုံစံနဲ့ ဆရာကြီး သိပ်လုပ်တာပါပဲ။ ကျွန်မက အသံစာစာ စာစာနဲ့ ၀င်ပြောရင်လည်း မကြိုက်တတ်ပါဘူး။ ကျွန်မကိုလည်း ဦးကြီးက သိပ်မချစ်ဘူးလို့ ထင်ပါတယ်။ ကျွန်မကတော့ ကျွန်မက ရုပ်လည်း လှတယ်၊ စကားလည်း တတ်တယ်၊ ဒါကြောင့် ဦးကြီးဟာ ကျွန်မကို မနာလို ဖြစ်နေတာလို့ ထင်တာပါပဲ။

ဟိုတရက်ကတော့ ကျွန်မကို စကားမပြောတော့ပြန်ဘူး၊ လုံးဝလည်း ပြုံးမပြတော့ဘဲ မျက်နှာကို ခပ်တည်တည် လုပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မခေါင်းကို ဦးကြီးက လာရိုက်လို့ ကျွန်မက သူ့မျက်နှာကို လက်သည်းနဲ့ ကုတ်ဖဲ့ပစ်လိုက်လို့လေ...၊ သူက အိမ်ရာထဲမှာ စာဖတ်နေရင်းကနေ လှမ်းလုပ်တာကို ကျွန်မက ရုတ်တရက်

တိုက်ကွက်နဲ့ တုန့်ပြန်လိုက်တဲ့အတွက် ဦးကြီး အငိုက်မိပြီး ခံလိုက်ရပါတယ်။ ကျွန်မလည်း အရင် အခေါက်တွေက ခံထားရတာတွေကို စိတ်ထဲထည့်ပြီး အားကိုလည်း သေချာသုံး၊ ကျွန်မလက်ကိုလည်း သူ့လက်ကြီးနဲ့ ဆွဲဖယ်တာတောင် အနာခံပြီး ဖြုတ်မပေးလိုက်ဘဲ ကုတ်ထည့်လိုက်တော့ ဦးကြီးမျက်လုံးအောက်မှာ ပေါက်ပြဲပြီး သွေးတောင် ထွက်သွားပါတယ်။

ဦးကြီးကို လက်စားချေသလိုမျိုး ပြန်လုပ်ထည့်လိုက်တာကို ခဏနေမှ စိတ်မကောင်း ဖြစ်ခဲ့ပေမယ့် ခံရတာတွေက များနေတော့ စိတ်က ဘယ်ကနေ ဘယ်လို ဖြစ်သွားတယ်

မသိပါဘူး၊ အလျှော့မပေးချင်ဘူး ဖြစ်သွားခဲ့တယ်လေ။ လက်သည်းတွေကလည်း အမေ ညှပ်မပေးတာ ကြာနေတော့ တော်တော် ရှည်နေပြီး သန်မာနေတာကိုး...။ အဲဒီမှာ ဦးကြီးဟာ ကျွန်မကို စကားတောင် မပြောနိုင်တော့ဘဲ မျက်နှာကလည်း ဘုရင်လက်ထက်က အာဏာသား၊ ပါးကွက်သားတွေလို တည်တည်ကြီးနဲ့ ကျောက်ရုပ်ကြီးလို ဖြစ်သွားတော့တာပါပဲ။ ကျွန်မကတော့ စိတ်ထဲကနေ ခဏခဏကို မှတ်ပြီလားကွ... ဆိုပြီး ကြုံးဝါးနေမိတော့တယ်။

ဒါပေမဲ့လေ... ကျွန်မက မိန်းကလေးဆိုတော့ အကြာကြီးလည်း အနိုင်ယူလိုစိတ် မရှိပါဘူး၊ နိုင်နိုင်/ ရှုံးရှုံး အဆုံးမတော့ စိတ်မကောင်းဖြစ်ပြီး ၀မ်းနည်း ခံစားရတာက ကျွန်မတို့ မိန်းကလေး သဘာဝပဲ မဟုတ်လား။ ဒီတော့ ဦးကြီး နာသွားတာကိုလည်း သနားနေမိပြန်ပါတယ်။ အဲဒီမှာ နောက်တရက် သူ တရားထိုင်နေ တုန်း ပြန်ချော့တဲ့ အနေနဲ့ သူ့ကျောကုန်းကို ကျွန်မလက်နဲ့ သွားပွတ်ပေးလိုက်ပါတယ်။

အင်း... ကျွန်မ လက်ကလေးတွေက နုနုလေးတွေမို့ ဦးကြီးတော့ ယားများ ယားနေမလားတော့ မသိပါဘူး။ တော်ကြာ... လူ့ဂွစာကြီးက ကျွန်မ ပြန်ချော့တာကိုတောင် သူ တရားထိုင်နေတာကို အနှောင့်အယှက် ပေးတယ်ဆိုပြီး စိတ်ဆိုးနေဦးမလား မသိပါဘူး။ အဲ... ဒါပေမဲ့ ကျွန်မ သူ့ကျောဘက် ကနေ ကျော်ကြည့်လိုက်တော့ ဦးကြီးမျက်နှာ ပြုံးချင်သလိုလို ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒါဆို ပိစ် (ငြိမ်းချမ်းရေး) ပေါ့။

ကျွန်မကသာ မိန်းကလေးမို့ စိတ်နုပြီး ချော့လိုက်ရတာ၊ စိတ်ပြေလိုက်ရတာပါ။ ဦးကြီးကတော့ ကျွန်မကို ပြန်ချော့တယ်ဆိုတာ ဒီတလအတွင်းမှာ တခါဆို တခါမှတောင် မရှိ

သေးပါဘူး။ တကယ်တမ်း ပြောကြကြေးဆိုရင် ဦးကြီးက ကျွန်မကို စတာ၊ နောက်တာ၊ ချစ်တာတွေက အင်မတန်မှကို ကြမ်းလှ၊ ရမ်းလှပါတယ်။ ပြောရရင် နိုင်ငံခြားမှာဆို

ကလေးသူငယ် ညှင်းပန်း နှိပ်စက်မှုနဲ့တောင် ဦးကြီးကို အရေးယူလို့ ရနိုင်ပါတယ်။

ဟိုတပတ်ကဆို ကုတင်ပေါ်မှာ ရှိနေတဲ့ ကျွန်မကို ဦးကြီးက လာစလို့ ကျွန်မက အော်ငိုတဲ့အခါ ဦးကြီးက သူ့ညာဘက်လက်နဲ့ ကျွန်မကို ခြေထောက် နှစ်ချောင်းကို ကိုင်မပြီး

လေထဲ ဇောက်ထိုး မြှောက်ထားလိုက်ပါတယ်။ အသည်းတွေ အေးပြီး၊ ကမ္ဘာကြီး ပြောင်းပြန် ဖြစ်သွားတာပါပဲ။ အောက်လည်း ပြန်ချပေးရော... ကျွန်မလေ... အမေ့ဆီပြေးပြီး

ရှိုက်ကြီးတငင် ငိုမိတာပါပဲ။ ကြောက်လိုက်တာလည်း မပြောပါနဲ့တော့...။

ဦးကြီးကတော့ စတာလေ... ဒါပေမဲ့ ကျွန်မမှာ ခံရတာ... လုံးဝ မသက်သာပါဘူး။ အဲဒီ အရှေ့ကလည်း ကျွန်မကို ချစ်လို့ စတာ ဆိုပြီး ကျွန်မခေါင်းကို သူ့လက်နှစ်ဘက်နဲ့

ညှပ်ပြီး အပေါ်ကို (လေထဲကို) တည့်တည့်မြှင့်လို့ ဆွဲမလိုက်တယ်။ ကျွန်မလေ လေထဲမှာ မျက်လုံးကြီး ပြူးပြီး ကြယ်တွေ၊ လတွေ မြင်သလို ဖြစ်သွားပါတယ်၊ အရမ်းလည်း

ကြောက်ဖို့ ကောင်းတာပါပဲ။ အောက်လည်း ပြန်ချပေးရော... အမေ့ဆီ ပြေးရတာပါပဲ။ ဒါတောင် နောက်တခါ ထပ်လုပ်ဖို့လား မသိပါဘူး၊ နောက်ကနေ လိုက်လာသေးလို့...

အော်ငိုလိုက်ရပါသေးတယ်။

နောက်ပြီးတခါ ကျွန်မလက်နှစ်ဘက်ကို ကိုင်ပြီး သူ့ကိုယ်ကို လှည့်ကာလှည့်ကာနဲ့ လေထဲမှာ ကျွန်မကို ပတ်ချာလှည့်တာမျိုး လုပ်တတ်သေးတယ်။ အဲဒါကတော့ အသည်း

တွေတုန်၊ ရင်တွေခုန်ရပေမယ့် ကျွန်မက နည်းနည်း ကြိုက်တတ်သေးတယ်။ ချားရဟတ်ကြီး စီးရသလို၊ လေယာဉ်ပျံကြီး စီးရသလိုမျိုးလေ...။ အောက်ချပေးလိုက်ရင် ခေါင်

းက မိုက်ကနဲ မူးသွားတတ်ပေမယ့် ကျွန်မက ခစ်... ခစ်... ခစ်နဲ့ ရယ်နေပြီး သဘောကျတတ်တယ်။ ဒါပေမဲ့ ဖွားဖွားကြီးက ဦးကြီးကို မလုပ်ဖို့ ပြောပါတယ်။ ကလေးလေးမို့

လက်တွေ၊ ဘာတွေ ပြုတ်ထွက်သွား တတ်တယ်တဲ့။ အဲဒီလို ကြမ်းတမ်းတဲ့ လူကြီးပါ။

တကယ်တော့ ကျွန်မကလည်း အရုပ်တရုပ် မဟုတ်ပါဘူး၊ ကော်ပတ်ရုပ် မဟုတ်ပါဘူး။ ပစ်ချင်သလို ပစ်၊ မြှောက်ချင်ရာ မြှောက်၊ မှောက်လို မှောက်၊ သွန်လို သွန် လုပ်လို့

မရဘူးလေ။ လူလေ...၊ ခံစားချက် ရှိတယ်၊ နာတတ်တယ်၊ ငိုတတ်တယ် မဟုတ်ဘူးလား။ ဦးကြီးလို စိတ်ကြမ်း၊ ရုပ်ကြမ်း၊ ရုပ်ဆိုးကြီးမှ မဟုတ်တာဘဲ။ ဒါကို သူ နားလည်ဖို့

ကောင်းပါတယ်။ ဘာတဲ့... ``ဆင် ကျီစားရာ ဆိတ် မခံသာ`` ဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်လား။ ပြောရရင် ဦးကြီးနဲ့ ကျွန်မက ဆင်နဲ့ ဆိတ်တောင် မဟုတ်ပါဘူး။ ဆင်နဲ့

ယုန်ကလေးလို့တောင် ပြောလို့ ရပါတယ်။

ဟုတ်တယ်လေ... ကျွန်မက ဦးကြီးလို မည်းမည်းသည်းသည်း ကြမ်းကြမ်းတမ်းတမ်း ထိုးထိုးထောင်ထောင်ကြီး မဟုတ်တဲ့ ဖြူဖြူဖွေးဖွေး နုနုထွတ်ထွတ် သေးသေးလှလှလေး

မဟုတ်လား။ ပြီးတော့ ငယ်ပေမယ့် ပညာက အပြည့်...၊ ဦးကြီးလောက်တော့ အေးဆေး...၊ စာရင်းထဲတောင် ထည့်စရာမလို...။ အင်း... ငရဲတွေတော့ ကြီးကုန်တော့မှာပါပဲ၊

ဒါပေမဲ့ မှန်ကန်တယ်လို့ ကိုယ်ယုံကြည်တာ၊ စိတ်ထဲရှိတာ၊ ပြောစရာရှိတာတော့ ပြောရမှာပဲ မဟုတ်လား။ ခက်တာက စကားကို လိပ်ပတ်လည်အောင် ကျွန်မက မပြောတ

တ်သေးဘူးလေ...၊ အခုမှ ၂ နှစ်နဲ့ ၁၀ လ ရှိသေးတာကိုး။

ရန်ကုန်။
၂၀၁၃ သြဂုတ် ၁၀၊ ည ၇ နာရီခွဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...