Tuesday, August 20, 2013

စိတ်ဖိစီးမှု နည်းသော သူတို့၏ အမူအကျင့် (၁၀) ခု

 Maukkha Education Magazine's photo.



စိတ်ဖိစီးမှုတွေ ကင်းဝေးဖို့ဆိုတာဟာ သင့်ရဲ့ အလုပ်အကိုင်၊ လူမှုရေး၊ ငွေကြေးကိစ္စတွေလိုပဲ ကြီးမားတဲ့ ဘ၀စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒါတင်မကပါဘူး၊ သင်နေ့စဉ် အပတ်စဉ် ပြုလုပ်တဲ့ ကိစ္စတိုင်းအပေါ် မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ သင် မေ့နေတဲ့၊ ဒါမှမဟုတ် လျစ်လျူရှုထားတဲ့ အမူအ ကျင့်သေးသေးလေးတွေက ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။


ဒါတွေကတော့ ဘ၀မှာ စိတ်ဖိစီးမှု နည်းတဲ့သူတွေရဲ့ အမူအကျင့် သေးသေးလေး (၁၀)ခုပါပဲ။

၁။ အားလုံးကို ချရေးပါ

သင့်ရဲ့စိတ်ကို အချက်အလက်တွေမှတ်သားဖို့ထက် ပိုပြီးကောင်းတဲ့ အရာတွေအတွက် အသုံးချပါ။ ပြီးတော့ တစ်ခါတစ်လေမှာ စိတ်ဟာ အပေါက်ပါတဲ့ ရေပုံးတစ်ပုံးနဲ့ တူတတ်တယ်။ ဒီတော့ သင့်ရဲ့ အကြံဥာဏ်ကောင်းတွေ၊ စိတ်ကူးတွေ၊ အတွေးတွေအားလုံးကို တစ်နေရာရာ ပျောက်မသွားခင် ချရေးပါ၊ ပြီးတော့ သင် လုပ်ရမယ့်အရာတွေကို ” လုပ်စရာ စာရင်း” (To-Do List) ထဲမှာ မှတ်ထားပါ။


၂။ တစ်ကြိမ်မှာ တစ်ခု

တစ်ကြိမ်မှာ အလုပ်တစ်ခုကိုပဲ လုပ်မယ်ဆိုရင် သင်ဟာ ပိုပြီးကောင်းတဲ့ ရလဒ်တွေကို ရရှိမှာဖြစ်ပါတယ်၊ ပြီးတော့ စိတ်ဖိစီးမှုတွေလည်း ပို နည်းပါလိမ့်မယ်။ ဒီတော့ တစ်ပြိုင်နက်တည်းမှာ အလုပ်တွေ အများကြီးလုပ်မယ့်အစား သင့်ရဲ့တစ်နေ့တာကို အရေးအကြီးဆုံး အလုပ်တွေကို အရင်ဆုံးပြုလုပ်ခြင်းဖြင့် စတင်လိုက်ပါ။

၃။ မခန့်မှန်းပါနဲ့၊ မေးပါ

စိတ်တွေကို ဖတ်ခြင်းဟာ ခက်ခဲပါတယ်။ ဒီတော့ အဲဒီအစား မေးခွန်းတွေ ထုတ်ပါ၊ ဆက်သွယ်ပါ။ ဒီဟာက သင့်ကို မလိုအပ်တဲ့ ငြင်းခုန်ရမှုတွေ၊ နားလည်မှုလွဲတာတွေ၊ အဆိုးမြင်တာတွေ၊ အချိန်နဲ့ စွမ်းအင်ကုန်ဆုံးမှုတွေကို သက်သာစေပါတယ်။

၎။ အရေးမကြီးတာတွေကို အရေးတကြီး မလုပ်ပါနဲ့

သင်ဟာ တစ်ခုခုကို အများကြီးတွေးတော့မယ်၊ ဒါမှမဟုတ် သင့်စိတ်ထဲမှာ ကြီးကြီးမားမားတစ်ခုခုကို စဉ်းစားတော့မယ်ဆိုရင် သင့်ကိုယ်သင် မေးပါ ” ငါဟာ အရေးမကြီးတာတွေကို အရေးတကြီးလုပ်နေသလား? ”

၅။ အိပ်ရာမ၀င်ခင် သင့်ရဲ့အိတ်ကို ပြင်ဆင်ထားပါ

ဒီတော့ မနက်ခင်းမှာ ပျာယာမခတ်ရတော့ဘူးပေါ့။ ပြီးတော့ ပစ္စည်းတစ်ခုခု မေ့ကျန်ခဲ့တာမျိုးလည်း မဖြစ်တော့ပါဘူး။

၆။ သင့်ရဲ့ နေ့ရက်တွေနဲ့ ရက်သတ္တပတ်တွေကို နယ်နိမိတ် ကန့်သတ်ထားပါ

အလုပ်အတွက် စလုပ်ရမယ့်အချိန်နဲ့ ရပ်ရမယ့်အချိန်တွေကို သတ်မှတ်ပါ။ ကျနော်ဟာ ညနေခင်းမှာဆိုရင် ၇ နာရီနောက်ပိုင်းမှာ အလုပ်တွေကို ရပ်လိုက်တယ်။

နေ့စဉ်နေ့တိုင်း နားချိန်လေးတွေ ထားပါ။ ညနေခင်းတွေနဲ့ ရက်သတ္တပတ် နောက်ဆုံးရက်တွေမှာ လန်းဆန်းနေစေဖို့၊ စွမ်းအင်တွေ ရှိနေစေဖို့ တစ်နေ့တာမှာ နားချိန်လေးတွေ သတ်မှတ်ထားပါ။ ကျနော်ဟာ ပုံမှန်အားဖြင့် ၄၅ မိနစ်လောက် အလုပ်လုပ်ပြီးတိုင်း ၁၅ မိနစ် နားပါတယ်။ အဲဒီ နားချိန်မှာဆိုရင် ကျနော်ဟာ ကွန်ပျူတာရှေ့ကနေ ထလိုက်တယ်။ ပြီးတော့ အပြင်မှာ လေကောင်းလေသန့်ရှူတယ်၊ တစ်ခုခုစားတယ်၊ ဒါမှမဟုတ်ရင်လည်း Simpsons ဇာတ်လမ်းတွဲ အခန်းတစ်ခန်းကို တစ်ဝက်ကြည့်တယ်။

အလုပ်နားရက်တွေမှာ အလုပ်မလုပ်ပါနဲ့။ စနေ၊ တနင်္ဂနွေနေ့တွေမှာဆိုရင် ကျနော်ဟာ အလုပ်တွေကနေ ဝေးဝေးနေပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်ထဲက တစ်ရက်ကို မီဒီယာနဲ့ အင်တာနက်ကနေလည်း ဝေးဝေးနေပါတယ်။ ကျနော်ဟာ အဲဒီနေ့တွေမှာဆိုရင် မေးလ်တွေ မစစ်ဘူး။ အဲဒီအစား ကျနော့်ရဲ့ ချစ်သူနဲ့ အချိန်ကုန်လွန်စေတယ်၊ ဒါမှမဟုတ် ကျနော့်ရဲ့ မိတ်ဆွေတွေ၊ မိသားစု၊ စာအုပ်ကောင်းတစ်အုပ်ဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း ကျနော့်ကို ပျော်ရွှင်စေမယ့်အရာတစ်ခုခုကို လုပ်တယ်။

၇။ အရာရာတိုင်းကို နေရာတကျ ထားပါ

အရာအားလုံးဟာ သူ့နေရာနဲ့သူ ရှိနေမယ်ဆိုရင် သင့်ရဲ့အိမ်ကို နေ့စဉ်နေ့တိုင်း အစီအစဉ်တကျဖြစ်အောင်၊ မရှုပ်ပွနေအောင် ထိန်းသိမ်းရာမှာ အများကြီး လွယ်ကူစေပါတယ်။ ပြီးတော့ အပြင်ထွက်ခါနီး သော့တွေ၊ ပိုက်ဆံအိတ်နဲ့ ဖုန်း ရှာမတွေ့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။

၈။ ဆယ်မိနစ် စောပါစေ

ဒီရိုးရှင်းတဲ့နည်းလေးဟာလည်း စိတ်ဖိစီးမှုတွေကို အတော်လည်း လျော့နည်းစေပါတယ်။ ပြီးတော့ ဒီနည်းလမ်းလေးက ခရီးသွားရာမှာလည်း သင့်ကို သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

၉။ အလုပ်စားပွဲကို ရိုးရှင်းအောင် ထားပါ

သင်အလုပ်လုပ်တဲ့ နေရာကို ရိုးရှင်းအောင် ထားခြင်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေတာတွေ၊ ရှုပ်ပွနေတာမျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ စိတ်ဟာလည်း အရေးအကြီးဆုံးအလုပ်အပေါ်မှာ ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ ဒီတော့ သင်အလုပ်လုပ်မယ့်နေရာကို အဲဒီလိုမျိုးဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာ စဉ်းစားကြည့်ပါ။

အကြံဥာဏ်တစ်ခုကတော့ အလုပ်စားပွဲမှာ အလုပ်အတွက် အလိုအပ်ဆုံးအရာများကိုသာ ထားဖို့ပါပဲ။ နံရံတွေပေါ်မှာတော့ သင့်ရဲ့အရေးအကြီးဆုံးလုပ်စရာတွေ၊ ဒါမှမဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို ရေးပြီး ကပ်ထားနိုင်ပါတယ်။ သင်အကြိုက်ဆုံး စကားတစ်ခွန်းခွန်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်သင့်ကို စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ဖြစ် ကပ်ထားနိုင်ပါတယ်။

၁၀။ အသက်ရှူရုံလေးပါ

စိတ်ဖိစီးမှုတွေ များတဲ့အခါ၊ ပြဿနာတစ်ခုခုနဲ့ ကြုံတဲ့အခါ၊ ဒါမှမဟုတ် သင့်ရဲ့စိတ်ဟာ အတိတ် သို့မဟုတ် အနာဂတ်မှာ ရောက်နေတဲ့အခါ၊ သင့်ရဲ့ ၀မ်းဗိုက်ကြွက်သားတွေကို အသုံးပြုပြီး အသက်ရှုပါ။ ပြီးတော့ သင့်နှာခေါင်းထဲကို လေ၀င်လာတာ၊ လေ ပြန်ထွက်သွားတာတွေကို အာရုံစူးစိုက်ပါ။ ဒီနည်းလမ်းက သင့်ရဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်လာစေပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ စိတ်ကိုလည်း ပစ္စုပ္ပန်ဆီ ပြန်ခေါ်ပေးပါလိမ့်မယ်။

Ref: 10 Small Habits of Less Stressed People by Henrik Edberg — with Phyoe Phyoe Khine and 3 others.

မူရင်းဆောင်းပါး--Nyi Linn

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...