Wednesday, August 7, 2013

သစ္စာဖောက်ခံလိုက်ရတဲ့ အရေးတော်ပုံ (၂)

August 4, 2013 at 11:26pm
အမှားအမှန်ကို ခွဲခြားမသိလို့မဟုတ်။ မှားမှန်းသိလျှက်နဲ့ ရှေ့ဆက်တိုးကြလေပြီ။ ဖောက်ပြန်တဲ့ ဒီလုပ် ရပ်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က တိုင်းပြည်နဲ့ ပြည်သူအတွက် ဘယ်နည်းနဲ့မှ မဖြစ်နိုင်။ ပြည်သူ သုံးထောင်ကျော် ကျဆုံးခဲ့ရတဲ့ သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံဟာ လူတစု လက်ထဲမှာ ဂီလာန ဖြစ် သွား ခဲ့ပြီ။


၈၈၈၈ အခမ်းအနားဟာ မင်္ဂလာဆောင်အခမ်းအနား၊ အလှူရေစက်ချ အခမ်းအနား မဟုတ်။ စစ်အာ ဏာရှင်ဖျက်သိမ်းရေး၊ ဒီမိုကရေစီအရေးတိုက်ပွဲမှာ ကျဆုံးသွားတဲ့ တိုက်ပွဲဝင် သူရဲကောင်း အပေါင်းကို ဦးညွတ်ဂုဏ်ပြုတဲ့ သမိုင်းဝင် ဂုဏ်ပြုပွဲ အခမ်းအနားဖြစ်တယ်။ သေသူတွေကို ဂုဏ်ပြုတဲ့အခမ်းအနား မှာ သတ်သူတွေကို တရားဝင် ဖိတ်ကြားခြင်းဟာ နိုင်ငံရေးအမျှော်အမြင်ကြီးစွာနဲ့ လုပ်တဲ့လုပ်ရပ် မဟုတ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအမြင်နဲ့ လုပ်တဲ့အလုပ်မဟုတ်။ သဘောထားကြီးခြင်း မဟုတ်။ ကျဆုံး သွားခဲ့တဲ့ တိုက်ပွဲဝင်သူ အပေါင်းကို သစ္စာဖောက်ခြင်းသာ ဖြစ်တယ်။

ရန်သူတောင် လက်နက်ချရင် ကြေအေးကြရသေးတယ် ဆိုပေမဲ့၊ စစ်ဗိုလ်ချုပ်တွေက လက်နက်လည်း မချသလို၊ အလံဖြူလည်း မပြပါ။ သိပ်မကြာသေးခင်က ရွှေဝါရောင်တော်လှန်ရေးကို ရက်ရက် စက်စက် ဖြိုခွင်းခဲ့တဲ့၊ လူနှစ်သိန်းကျော် သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းမှာ ကိုယ်တိုင်လည်း မကူညီ၊ နိုင်ငံခြားက ကူညီ မယ်ဆိုတာကိုလည်း လက်မခံ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုသာ မုန်တိုင်း ကြားထဲ အတင်းပြဌာန်း ခဲ့တဲ့၊ ၂၀၁၂ လက်ပတောင်းသပိတ်စခမ်းတွေကို မီးလောင်ဗုံး တိုက်သွင်းခဲ့တဲ့ ဗိုလ်ချုပ်တွေ အခုကျတော့ သဘောထား တကယ်ပြောင်းသွားပြီလား။ နိုး။ နိုး။ မပြောင်း၊ လုံးဝ မပြောင်း။

ဒီနေ့ အသွင်ကူးပြောင်းရေးဆိုတာ စစ်ပွဲသဘောအရပြောရရင် စစ်တပ်က ဆုတ် (ခွါ) စစ်ကို ဆင်နွှဲ နေ တာ ဖြစ်တယ်။ စစ်ပွဲတစ်ပွဲမှာ ခွါစစ် (ဆုတ်စစ်) က အရေအကြီးဆုံးလို့ ပြောလို့ရတယ်။ အဆုတ် မတတ် ရင် အထိအခိုက်အကျအဆုံး အရမ်းများတယ်။ ဒီကနေ့ ဗိုလ်ချုပ်တွေဟာ အထိအခိုက် အကျ အဆုံး မရှိအောင်မြင်စွာ ဆုတ်ခွာဖို့ ကြိုးစားနေခြင်းဖြစ်တယ်။ ဒီဆုတ်စစ်ရဲ့ ရည်မှန်းချက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နောက်လိုက်နောက်ပါ စစ်ဗိုလ်ချုပ်တွေ၊ ၄င်းတို့ မိသားစုအသိုင်းအ၀ိုင်းနဲ့ ၄င်းတို့ အုပ်ချုပ်ရေးကို တလျှောက်လုံးကျားကန်ပေးခဲ့တဲ့ ခေတ်ပျက်သူဌေး ခရိုနီတွေရဲ့ အသက်နဲ့ စည်းစိမ်ကို ရာသက်ပန် ကာကွယ်ဖို့ ဖြစ်တယ်။ ဒီဗိုလ်ချုပ်တွေ မိသားစုအသိုင်းအ၀ိုင်းတွေနဲ့ ၄င်းတို့ရဲ့ ကပ်ပါး ပိုးလိုဖြစ်တဲ့ ခရိုနီတွေ ဟာ မြန်မာ့ မြေပေါ်မြေအောက် သယံဇာတ အရင်းအမြစ်တွေကို  အလွဲသုံးစား လုပ်ကာ အဆမတန် ကြွယ်ဝ ချမ်းသာနေသူများဖြစ်တယ်။

ဆိုတော့ ထိုသူတွေရဲ့ အသက်နဲ့ စည်းစိမ်ကို မည်သူတဦးတစ်ယောက်ကမှ ခြိမ်းခြောက်နှောက်ယှက် ဖျက်စီးနိုင်မှာ မဟုတ်ဘူးလို့ ရဲရဲကြီး အာမ မခံနိုင်မခြင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စစ်တပ်၊ ပြီးတော့ လွှတ်တော်ထဲက ၂၅ ရာနူန်းသော စစ်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီဟာ  ပြင်ဆင်မှာ မဟုတ်ဘူး။ Legal status မှာ ၄င်းတို့ အသက်နဲ့ စည်းစိမ်ကို ကာကွယ်ပေးမှာက ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပြီး၊ Illegal status အရ စစ်တပ်နဲ့စစ်သားတွေ ကိုင်ဆောင်ထားတဲ့ လူသတ် လက်နက် တွေက ၄င်းတို့ အသက်နဲ့ စည်းစိမ်ကို ကာကွယ်ပေးမှာ ဖြစ်တယ်။ ဆိုလိုတာက ၄င်းတို့ ဆုတ်စစ်ရဲ့ အန္တိမရည်မှန်းချက်ကို ဘယ်နည်းနဲ့မှ အထိခိုက် အပွန်းပဲ့ခံမှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ အနု နည်းနဲ့ ကာကွယ်လို့ မရရင်၊ စစ်တပ်သုံးပြီး ကြမ်းတမ်းစွာ ကာကွယ်မှာ ဖြစ်တယ်။ ဒါပေမဲ့ ၄င်းတို့ လက်ရှိသဘောထားကို ကြည့်ရတာ ညင်သာစွာနဲ့ ၄င်းတို့ ဆုတ်စစ် (ရည်မှန်းချက်) ကိုအောင်မြင်စွာ အကောင်အထည်ဖော်ချင်ပုံရတယ်။ လုံးဝ မတတ်သာတဲ့ အခြေအနေကျမှသာ ဘီလူးခေါင်း ပြန် ဆောင်းမှာ ဖြစ်တယ်။ ၄င်းတို့ အသက်နဲ့ စည်းစိမ်ကို မည်သူတဦးတယောက်ကမှ လုမယူနိုင်ဘူးလို့ ၄င်းတို့ ယူဆတဲ့နေ့ဟာ လျှဉ်လျှဉ်မြန်မြန်ရောက်လာဦးမှာ မဟုတ်ဘူး။

သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနဲ့ အစိုးရထဲက ဗိုလ်ချုပ်ဟောင်းတွေကို အကောင်း မြင် လွန်းသူများ၊ ဦးသိန်းစိန်ဟာ (စစ်) အစိုးရနဲ့ စစ်တပ်ရဲ့ ခွာစစ်ကစားမှုမှာ လူရှေ့ထုတ်ပြ ထားတဲ့ ရှေ့တန်း တိုက်စစ်မှူးသာ ဖြစ်တယ်။ စစ်ဦးစီးချုပ်မဟုတ်။ သူ့နောက်မှာ စစ်ဦးစီး ချုပ် တွေ၊ နောက်တန်း တပ်မှူးတွေ ရှိနေ သေးတယ်ဆိုတာ မမေ့ပါနဲ့။

(မဲလိမ်တယ်၊ မဲခိုးတယ်၊ ကြိုတင်မဲတွေနဲ့ မသမာနည်းလမ်းကို သုံးပြီး အနိုင်ရအောင် လုပ်တယ်လို့ ဝေဖန် ခဲ့ကြတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့၊ ၂၀၁၂ ကြားဖြတ်ရွှေးကောက်ပွဲ ၀င်ခဲ့သူတွေကို စစ်တပ်က ဖြစ်စေ၊  ကြံ့ခိုင်ရေး ပါတီကဖြစ်စေ၊ လက်ရှိ သမ္မတ လုပ်နေတဲ့ ဦးသိန်းစိန်ကဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥ ပဒေကို ပြင်ဆင်ပေးပါမယ်လို့ ကတိပေးထားတာ မရှိဘူး၊ ကိုယ့်သဘောနဲ့ ကိုယ် ကျေနပ်လို့ ရွေးကောက်ပွဲ ၀င်ခဲ့ကြ တာဆိုတာ ဒီနေရာမှာ သတိချပ်ဖို့ လိုပါတယ်)။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ မှာ သမ္မတ ဖြစ်ချင်တယ်လို့ ၄င်းဆန္ဒကို ထုတ်ပြောထားတာ ရှိတယ်။ ဒါပေမဲ့ မြန်မာပြည် ဒီမိုကရေစီဖြစ်ထွန်းမှုဟာ ထင်တာထက် ပိုမိုခက်ခဲနေဦးမှာ ဖြစ်တယ်။ ဗိုလ်ချုပ်တွေရဲ့ ခွါစစ်ကြောင်းကို ဗဟိုပြုပြီး ဖြစ်ပေါ်နေတဲ့ မြန်မာပြည် နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုအရ ၂၀၁၅
ရွေးကောက်ပွဲအပြီးမှာ အတိုက်အခံဖက်က သမ္မတ ရာထူးရဖို့ မဖြစ်နိုင်သေးဘူး။ ဒေါ်အောင်ဆန်းစု ကြည် နိုင်ငံရေး လုပ်နိုင်ကိုင်နိုင်စဉ်ကာလမှာ သမ္မတ ဖြစ်လာမှာလား၊ ဖြစ်မလာနိုင်ဘူးလား (တနည်း မြန် မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်လာမှာလား၊ ဖြစ်မလာဘူးလား)ဆိုပြီး လောင်းကြေးထပ်မယ် ဆိုရင် ဖြစ်မလာနိုင်ဘူးဆိုတဲ့ဖက်က ကျနော်နေဖို့ ရှိတယ်။

၈၈၈၈ အရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင် (တပါတီအာဏာရှင်စနစ်) အမြစ်ပြတ် ဖျက်သိမ်းရေးနဲ့၊ ဒီမိုကရေစီစနစ်ထွန်းကားလာရေးတွေဟာ ကျွနင်္ုပ်တို့ တိုင်းပြည်မှာ တခုမှ ဒီကနေ့ အကောင် အထည်ပေါ်မလာသေးဘူး။

ဒီကနေ့ (စစ်)အစိုးရက ဖြေလျှော့ပေးမှုဟာ ၁၉၇၄ တုံးက ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်မယ်လို့ မစားရ၀ခမန်း တွေပြောပြီး လူထုကို အယုံသွင်းခဲ့တဲ့ ဦးနေ၀င်းဖြေလျှော့ပေးမှုကို မမီသေးဘူး။ နိုင်ငံရေးပါရဂူလို့ ပြောလို့ရတဲ့ ဦးသိန်းဖေမြင့်လို ၀ါရင့် နိုင်ငံရေးသမားတွေတောင် အဲဒီ တုန်း က ဦးနေ ၀င်းလေ မှာ မျောပြီး တကယ်ယုံကြည်ခဲ့ဖူးတယ်။ ဒီကနေ့ အတိုက်အခံတွေက ကိုယ်လုပ်သင့်တဲ့ အလုပ်ကို မလုပ်ပဲ၊ (စစ်) အစိုးရလေမိပြီး မျှောလိုက်နေကြရင်ဖြင့် ကျနော်တို့ဟာ နောင်နှစ်များစွာ ကြာမှ ငါတို့ အလိမ်ခံရပြန်ပြီဆိုတဲ့ သမိုင်းတပတ်လည် အဖြစ်တွေကြုံရနိုင်တယ်။ ကိုယ်အာဏာရဖို့၊ ပါတီ အာ ဏာရဖို့ထက် ပြည်သူလူထုလက်ထဲ အာဏာရောက်ဖို့ ရည်ရွယ်လုပ်ကြဖို့ လိုအပ်နေတယ်။ ပါ တီ နိုင် ငံရေးထက်၊ အမျိုးသားနိုင်ငံရေးလုပ်ဖို့ လိုအပ်နေတဲ့ အချိန်ဖြစ်တယ်။

ဒီကနေ့ (စစ်) အစိုးရဟာ တိုင်းရင်းသားတပ်တွေအပေါ် အတုအယောင်ရွှေရည်စိမ် ငြိမ်းချမ်း ရေး စာ ချုပ်တွေ ချုပ်နေဆဲဖြစ်တယ်။ မြေယာသိမ်းမှုတွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်မှုတွေ၊ တရားစီရင်ရေးမှာ မတရားမှုတွေ ရှိနေဆဲဖြစ်တယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး၊ မြေပေါ်မြေအောက် သယံ ဇာတတွေကို စိတ်တိုင်းကျ လက်ဝါးကြီးအုပ် ရောင်းချနေဆဲဖြစ်တယ်။ အစိုးရတခုရဲ့ အနိမ့်ဆုံး ဖြည့်ဆည်းပေးရမဲ့ တာ ၀န်ဖြစ်တဲ့ ရေနဲ့မီးတောင် ပြည်သူကို လုံလောက်စွာ ဖြည့်ဆည်း မပေးနိုင်သေးဘူး။

ဆင်းရဲလှတဲ့ အဖိနှိပ်ခံ နင်းပြားပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်ကြရဦးမယ်။ ရုန်းထွက် ကြရဦးမယ်။ ဒီကနေ့ မြန်မာပြည်မှာ တိုက်ပွဲတွေ မပြီးသေးဘူး။

ကိုထွဋ်
သြဂုတ် ၅၊ ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...